အခန်း (၇၈) လှည့်စားထားသော တုပမှု
ဆယ့်ငါးမိနစ်အကြာတွင် ဆက်သွယ်ရေးဌာန၏ အကြီးအကဲ လီကျန်းကျွင်းသည် ပြေးလာပြီး သပ်ရပ်သော စစ်ဝတ်စုံဖြင့် ဗိုလ်ချုပ်ကြီးကျန်း၏ ရှေ့တွင် ရပ်လိုက်၏။
“တတိယနဲ့ စတုတ္ထတပ်ရင်းက တပ်ခွဲတွေ အားလုံးကို အကြောင်းကြားလိုက်ပါ... မနက်ဖြန်ည ၁၀ နာရီခွဲမှာ တပ်ဖွဲ့ဝင်အားလုံး အထူးတာဝန်တစ်ခုမှာ ပါဝင်ရမယ်”
လီကျန်းကျွင်းက လေးနက်သော မျက်နှာထားဖြင့် “ကျေးဇူးပြုပြီး တိကျတဲ့ ညွှန်ကြားချက်တွေ ပေးပါ အရာရှိမင်း”
ဗိုလ်ချုပ်ကြီးကျန်းက တိုရင်ဆိုင်၏ လင့်ခ်ပါသော စာရွက်ပိုင်းလေးတစ်ခုကို ကမ်းပေးကာ “ငါတို့ ခရီးသွားအဖွဲ့က နေရာတွေကို လူတိုင်း လုဝယ်ကြပါစေ” ဟု ပြောလိုက်လေသည်။
ခရီးသွားပက်ကေ့ချ်တွေကို ဝယ်ရမယ်...
လီကျန်းကျွင်းမှာ သူ အကြားအာရုံ မှားသွားသည်ဟုပင် ထင်လိုက်မိလေသည်။ သူက သူ့ဘာသာ ရေရွတ်လိုက်သော်လည်း သူ၏လက်များကမူ ရပ်တန့်မသွားချေ။
သူက စာရွက်ပိုင်းလေးကို ယူလိုက်ပြီး သံသယများကို မျိုသိပ်ကာ “နေရာဘယ်လောက် ဝယ်ဖို့ လိုအပ်ပါသလဲ”
“များများရလေ ကောင်းလေပဲ... ”
“ဟုတ်ကဲ့ပါ အရာရှိမင်း... တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်” လီကျန်းကျွင်းက စံပြစစ်အလေးပြုမှုတစ်ခု ပြုလုပ်လိုက်၏။
ဆက်သွယ်ရေးဌာနသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လီကျန်းကျွင်းက ချက်ချင်း အမိန့်ပေးလိုက်လေသည်။
တပ်ရင်းမှူး ဝမ်ထျယ် ဖုန်းလက်ခံရရှိချိန်တွင် သူက ညလေ့ကျင့်ရေးအစီရင်ခံစာကို စစ်ဆေးနေခဲ့သည်။
“အကိုဝမ်... တပ်ရင်းတစ်ရင်းလုံး မနက်ဖြန်ည ၁၀ နာရီခွဲမှာ အသင့်အနေအထား ရှိနေရမယ်” လီကျန်းကျွင်း၏အသံက မိုက်ခရိုဖုန်းမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။ “လူတိုင်းဆီမှာ စက်ကိရိယာတစ်လုံးစီ ရှိရမယ်... သီးသန့် စစ်ဘက်လိုင်းကို သုံးရမယ်... ပြီးတော့ တာဝန်က ခရီးသွားအဖွဲ့မှာ နေရာတစ်နေရာရအောင် ယူဖို့ပဲ...”
ဝမ်ထျယ်မှာ လုံးဝကို အူကြောင်ကြောင် ဖြစ်သွားရသည်။ “ခရီးသွားအဖွဲ့ရဲ့ နေရာတွေကို ဝယ်ရမယ်... ဟုတ်လား..”
‘ဒါက ဘယ်လို ထူးဆန်းတဲ့ တာဝန်မျိုးလဲဟ’
“ဒါက တပ်မှူးကြီးဆီက တိုက်ရိုက်လာတဲ့ အမိန့်ပဲ” လီကျန်းကျွင်းက လေးနက်စွာ ပြောလိုက်၏။ “ပစ်မှတ်ထားရမယ့် လင့်ခ်ကို မင်းရဲ့ အီးမေးလ်ဆီ ပို့ပေးလိုက်ပြီ။ မှတ်ထား... မင်းတို့ရဲ့ အင်တာနက်အမြန်နှုန်းက သေချာပေါက် ကောင်းနေရမယ်..”
ထိုအချိန်မှာပင် စတုတ္ထတပ်ရင်း၏ တပ်ခွဲမှူးများနှင့် တပ်စုမှူးများသည်လည်း အလားတူ အကြောင်းကြားစာများကို လက်ခံရရှိခဲ့ကြသည်။
တာဝန်ကျအခန်းထဲတွင် လူငယ်တပ်မှူးအချို့က အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။
“ငါကြားတာ မှန်ရဲ့လား... ခရီးသွားအဖွဲ့ရဲ့ နေရာကို လုရမယ်တဲ့လား”
“ဒီခရီးသွားအဖွဲ့က အာရုံလွှဲဖို့ တစ်ခုခုများလား.... ”
“အထက်ကလာတဲ့ ဒီအမိန့်ရဲ့ နက်နဲတဲ့ အဓိပ္ပာယ်က ဘာဖြစ်မလဲ...”
“မေးခွန်းတွေ မမေးနဲ့... ခိုင်းတဲ့အတိုင်းသာ လုပ်”
ညဘက်ရောက်သောအခါ စစ်တန်းလျားအတော်များများတွင် မီးရောင်များ တစ်ခုပြီးတစ်ခု လင်းထိန်လာပြီး ဆက်သွယ်ရေးစစ်သည်များက စက်ကိရိယာများကို စတင်စမ်းသပ်ကြတော့သည်။
နံနက် ၇ နာရီတွင် ဗိုလ်ချုပ်ကြီးကျန်းက သူ၏စားပွဲတွင် ထိုင်နေပြီဖြစ်သည်။ သူက အချိန်ကို တစ်ချက်ကြည့်ပြီး သူ၏ ပထမဆုံး ဖုန်းကို ခေါ်လိုက်လေသည်။
“အဘိုးကြီးလီ... ငါပါ။” သူ၏ အသံမှာ တည်ငြိမ်ပြီး အားကောင်းကာ ပင်ပန်းနေဟန် လုံးဝမပေါ်ချေ။ “ငါ မင်းကို အခွင့်အရေးကောင်းတစ်ခု ပေးမလို့... မင်း လက်ခံမလား”
ဖုန်း၏ အခြားတစ်ဖက်တွင် အမျိုးသားရှေးဟောင်းသုတေသနသိပ္ပံမှ ပရော်ဖက်ဆာလီက ရင်းနှီးနေသော အသံကို ကြားလိုက်ရ၏။ အသံက မှန်ကန်သော်လည်း ပြောဆိုသော စကားလုံးများမှာ စိတ်ဝင်စားဖွယ် ကောင်းနေပေသည်။
“ဒါဆို မင်းဆီမှာ ဘယ်လို ကံကောင်းမှုမျိုး ရှိနေလဲဆိုတာ ငါ့ကို ပြောပြရမှာပေါ့... ”
“ငါ အသေးစိတ် မပြောတော့ဘူး... မင်းဘာသာ သွားကြည့်လိုက်ပါ။ မင်းက လူကြီးပဲ... ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ လိုတယ်။ ဒီနေ့ည ၁၀ နာရီခွဲကျရင် တိုရင်မှာ ရီယဲ့ခရီးသွားအေဂျင်စီဆိုတဲ့ အကောင့်တစ်ခုက အထူးခရီးသွားအဖွဲ့ စာရင်းသွင်းတဲ့ ချန်နယ်တစ်ခု ဖွင့်လိမ့်မယ်။ မင်းနဲ့ မင်းရဲ့ တပည့်တွေ နေရာတစ်နေရာရအောင် ဝင်လုကြ” ဗိုလ်ချုပ်ကြီးကျန်းက တိုက်ရိုက်ပင် ပြောချလိုက်၏။
“ခရီးသွားအဖွဲ့... ဟုတ်လား” ပရော်ဖက်ဆာလီမှာ မေးခွန်းများဖြင့် ပြည့်နှက်သွားရသည်။ “မင်း ဆိုလိုတာက ငါ့ကို ခရီးသွားအဖွဲ့မှာ နေရာတစ်နေရာ ဝင်လုခိုင်းတာလား... ”
“ဟုတ်တယ်။ မင်းလူတွေ နေရာတစ်နေရာ ရသွားတာနဲ့ ဒါ ဘာကြောင့်လဲဆိုတာကို သူတို့ သိသွားလိမ့်မယ်။ မှတ်ထား... စာရင်းသွင်းတာကို ၁၀ နာရီခွဲ တိတိမှာ စဖွင့်မယ်... နေရာ ဆယ်နေရာပဲ ရှိတယ်။ နေရာရတယ်ဆိုတာ ကံအရမ်းကောင်းမှပဲ...”
ဖုန်းချပြီးနောက် ဗိုလ်ချုပ်ကြီးကျန်းက နောက်ထပ် ဖုန်းသုံးကြိမ် ခေါ်လိုက်၏။
ဒွန်ဟွမ်အကယ်ဒမီမှ ညွှန်ကြားရေးမှူးကျောက်၊ အနောက်ဘက်ဒေသ ယဉ်ကျေးမှုအင်စတီကျုမှ ပရော်ဖက်ဆာချန်နှင့် စစ်ဘက်ဆိုင်ရာ သမိုင်းပြတိုက်မှ ညွှန်ကြားရေးမှူးဆွန်း...
လူတိုင်း၏ တုံ့ပြန်မှုမှာ အတူတူပင်။
ပထမတော့ ဇဝေဇဝါဖြစ်သွားကြပြီး ထို့နောက် အံ့သြသွားကြကာ နောက်ဆုံးတွင် သဘောတူလိုက်ကြလေသည်။
“အဘိုးကြီကျန်း...” နောက်ဆုံး ဖုန်းဖြေသူ ညွှန်ကြားရေးမှူးဆွန်းက မနေနိုင်ဘဲ မေးလိုက်၏။ “ဒါက မင်းကိုယ်တိုင် ဖုန်းဆက်ရလောက်အောင်ကို ဘယ်လို ခရီးသွားအဖွဲ့မျိုးမို့လို့လဲ...”
ဗိုလ်ချုပ်ကြီးကျန်းက သူ၏စကားကို ဖြတ်ပြောလိုက်လေသည်။ “အဘိုးကြီးဆွန်း... မင်းက အန်းရှီးတပ်မတော်အကြောင်း တစ်သက်လုံး လေ့လာခဲ့တာပဲ... ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့”
ဖုန်း၏ အခြားတစ်ဖက်တွင် ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ “ကောင်းပြီ.... ငါ ချက်ချင်း စလုပ်လိုက်မယ်”
“မှတ်ထား... ည ၁၀ နာရီခွဲနော်” ညွှန်ကြားချက်များ ပေးပြီးနောက် ဗိုလ်ချုပ်ကြီးကျန်းက ဖုန်းချလိုက်၏။
ထိုအချိန်တွင် ကျိုတိုမြို့ရှိ လူနေအိမ်ရာဝင်းတစ်ခုအတွင်း၌ ပရော်ဖက်ဆာလီက တိုရင်ကို ဒေါင်းလုဒ်ဆွဲနေလေသည်။
သူ၏ ဇနီးဖြစ်သူက နံနက်စာ ယူလာပြီး ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အတော်လေး အံ့အားသင့်သွားရသည်။ “အဘိုးကြီး... ရှင် ဒါကို ဘယ်တုန်းက စကစားနေတာလဲ”
ပရော်ဖက်ဆာလီက ခေါင်းတောင် မမော့လာချေ။ “ဒီနေ့ည ၁၀ နာရီခွဲမှာ ငါ လုပ်စရာ အရေးကြီးကိစ္စတစ်ခု ရှိတယ်။ လွတ်သွားလို့ မဖြစ်ဘူး...”
“ဘာဖြစ်လို့လဲ... သားတွေကို လာကူညီခိုင်းဖို့ လိုသေးလား”
“ဒီလောက်ကိစ္စလေးနဲ့ သူတို့ကို မနှောင့်ယှက်ပါနဲ့။ သူတို့လည်း အလုပ်များနေတာပဲ” ပရော်ဖက်ဆာလီက တိုက်ရိုက်ပင် ငြင်းဆိုလိုက်လေသည်။
ပရော်ဖက်ဆာလီ၏ လက်ချောင်းများက ဖုန်းမျက်နှာပြင်ပေါ်တွင် အချိုးမကျစွာ ပွတ်ဆွဲနေပြီး စာဖတ်မျက်မှန်အနောက်မှ မျက်လုံးများက မှေးကျဉ်းနေခဲ့သည်။
သူ၏ဇနီးဖြစ်သူမှာ ဆက်ကြည့်မနေနိုင်တော့ဘဲ ဖုန်းကို လုယူလိုက်၏။ “ဒီအဘိုးကြီးရယ်... ရှင် ရှာနေတာကို ကျွန်မ ကူရှာပေးမယ်”
သူမက ရီယဲ့ခရီးသွားအေဂျင်စီဟု ကျွမ်းကျင်စွာ ရိုက်ထည့်လိုက်ပြီး အကောင့်၏ ပင်မစာမျက်နှာကို ဖွင့်လိုက်ရာ သူမ၏လက်က အကောင့်အသွင်အပြင်ရှိ နောက်ဆုံးတင်ထားသော ဗီဒီယိုကို မတော်တဆ ထိမိသွားလေသည်။
ဗီဒီယို စတင်ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ခူချာမြို့ရိုး၏ မြေသားအလွှာများ အနီးကပ်ပုံရိပ်က ပရော်ဖက်ဆာလီကို ချက်ချင်း ဆွဲဆောင်သွားတော့သည်။
သူက ဖုန်းကို ယူလိုက်ပြီး မျက်လုံးကို မှေးကာ ကန့်လန့်ဖြတ်ဖြစ်နေသော မြေသားကျင်းများကို စူးစိုက်ကြည့်နေခဲ့သည်။ ထိုအရာများက ထန်မင်းဆက်၏ အနောက်ဘက်ဒေသရှိ တပ်စခန်းများက အသုံးပြုခဲ့သော ထူးခြားသည့် မြေဖို့နည်းစနစ်များပင်။
မြို့ရိုးထက်ရှိ ထန်မင်းဆက်အလံဆီသို့ ကင်မရာ ရွေ့သွားသောအခါ အဘိုးအိုဟာ အလံပေါ်ရှိ အန်းရှီးဟူသော စာလုံးနှစ်လုံး၏ ပိုးသားပုံစံကို ချက်ချင်း သတိထားမိသွား၏။
ဤသည်မှာ တာပန်ရှိ သင်္ချိုင်းဂူများမှ သူတွေ့ရှိခဲ့သော အပိုင်းအစများနှင့် လုံးဝကို ထပ်တူကျနေချေသည်။
ဖရိန်တစ်ခုစီ ပေါ်လာသည်နှင့်အမျှ ပရော်ဖက်ဆာလီသည် ဗီဒီယို၏ အကြောင်းအရာကို လုံးဝ စွဲလမ်းသွားတော့သည်။
“အဘိုးကြီး” ပရော်ဖက်ဆာလီ၏ ဇနီးဖြစ်သူက သူဟာ ဖန်သားပြင်ကို မလှုပ်မယှက် အချိန်အတော်ကြာ စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ မနေနိုင်တော့ဘဲ နာမည်ကို အကြိမ်အနည်းငယ် ခေါ်လိုက်ခေသည်။
ပရော်ဖက်ဆာလီက မကြားသလိုပင်။ သူ၏ အကြည့်များက ဗီဒီယို၏ စာသားများပေါ်တွင် စူးစိုက်နေခဲ့သည်။
‘ဒီစာသားတွေက...’
‘ဒါက အေဒီ ၇၈၉ ခုနှစ် အန်းရှီးအစောင့်အရှောက်နယ်မြေဆီ သွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတာပဲ...’
‘ဗိုလ်ချုပ်ကြီးကျန်း ဖုန်းထဲမှာ ပြောသွားတဲ့ ကံကောင်းမှုဆိုတာက...’
အဓိပ္ပာယ်မရှိသော်လည်း ကြက်သီးထဖွယ်ကောင်းသော ခန့်မှန်းမှုတစ်ခုက သူ၏စိတ်ထဲတွင် ပေါ်လာလေသည်။
‘အချိန်ခရီးသွားခြင်း...’
ပရော်ဖက်ဆာလီဟာ ငေးမောနေရာမှ သတိပြန်ဝင်လာပြီး တိုရင်အက်ပလီကေးရှင်းမှ ထွက်လိုက်ကာ သူ၏ ဖုန်းအဆက်အသွယ်များထဲတွင် အခက်အခဲဖြင့် ပွတ်ဆွဲရှာဖွေပြီးနောက် နောက်ဆုံးတွင် သူ၏သားဖြစ်သူ၏ နံပါတ်ကို ခေါ်လိုက်၏။
ဖုန်းမြည်နေသော်လည်း မည်သူမျှ မဖြေသောကြောင့် ပရော်ဖက်ဆာလီမှာ အလိုအလျောက် မျက်မှောင်ကြုတ်သွားရသည်။
သူ့သား၏ အသံထွက်လာသောအခါ ပရော်ဖက်ဆာလီ၏ အသံတွင် ထိန်းချုပ်ထားသော စိတ်လှုပ်ရှားမှုများ ရောယှက်နေခေသည်။ “လီချန်... သုတေသနအဖွဲ့က လူတိုင်းကို တိုရင်ကို ဒေါင်းလုဒ်ဆွဲခိုင်းပြီး ရီယဲ့ခရီးသွားအေဂျင်စီဆိုတဲ့ အကောင့်ကို အမြန်ရှာခိုင်းလိုက်။ ဒီနေ့ည ၁၀ နာရီခွဲကျရင် ထန်မင်းဆက်ဆီသွားမယ့် လက်မှတ်တွေကို ကြိုးစားပြီး ဝယ်ကြ”
လီချန်မှာ သူ အကြားအာရုံ မှားသွားသည်ဟုပင် ထင်လိုက်မိ၏။ “အဖေ... အဖေ ဘာပြောလိုက်တာလဲ။ ခရီးသွားအဖွဲ့မှာ နေရာလုရမယ်... ဟုတ်လား”
“ဟုတ်တယ်” ပရော်ဖက်ဆာလီ၏ အသံက ခိုင်မာပြီး လေးနက်နေခဲ့သည်။ “သူ့အကောင့်က ဗီဒီယိုတွေကို သွားကြည့်လိုက်... အဲဒီအခါကျရင် မင်း နားလည်သွားလိမ့်မယ်”
လီချန်က တိုရင်ကို သံသယများဖြင့် ဖွင့်လိုက်ပြီး ခရီးသွားအေဂျင်စီ၏ တရားဝင်အကောင့်ကို ရှာတွေ့သွားခဲ့သည်။
ပထမဆုံး ဗီဒီယို စတင်ဖွင့်လိုက်ချိန်တွင် သူ၏ မျက်လုံးများက ပြင်းထန်စွာ ကျုံ့သွားရလေသည်။
ရုပ်ပုံထဲရှိ ရှေးဟောင်းမြို့ရိုး၏ အုတ်မြစ်နှင့် ကျောက်တုံးတိုင်းတွင် အချိန်ကာလ၏ အမှတ်အသားများ ရှိနေပြီး လမ်းများနှင့် လမ်းသွယ်များ၏ အပြင်အဆင်က သမိုင်းမှတ်တမ်းများနှင့် လုံးဝကို ထပ်တူကျနေခဲ့သည်။
ဇာတ်ပို့သရုပ်ဆောင်များက မယုံနိုင်လောက်အောင် အသက်ဝင်လွန်း၏။ သူတို့၏ အက်ကွဲနေသော လက်ချောင်းများ၊ ကိုင်းညွတ်နေသော ကျောပြင်များနှင့် လူများကို ကြည့်ရန် အလိုအလျောက် ရှောင်ဖယ်နေပုံများကပင် သရုပ်ဆောင်နေသည်ဟု မထင်ရလောက်အောင် အလွန်တကယ့်ကို လက်တွေ့ကျလွန်းလှ၏။
ဤဗီဒီယိုက အရည်အသွေး အလွန်မြင့်မားပြီး အစစ်အမှန်နှင့် ခွဲခြား၍မရလောက်အောင်ပင် မြင့်မားလွန်းလှပေသည်။
‘အဖေက ဒီရှုခင်းဆီကို သွားလည်ချင်တာလား...’
လီချန်သည် စာသားကို မြင်လိုက်သောအခါ သူ၏ ဇဝေဇဝါဖြစ်နေသော အမူအရာက သံသယအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခေသည်။
‘အဖေ... ကျွန်တော်တို့တွေ အလိမ်ခံနေရတာများလား...’
လီချန်က အဘိုးအိုထံ ချက်ချင်း ဖုန်းပြန်ခေါ်လိုက်ရာ ချက်ချင်းပင် အဖြေရသည်။ အဘိုးအိုက စောင့်နေခဲ့သည်မှာ ထင်ရှားပေသည်။
“ကြည့်ပြီးတော့ မင်း ဘယ်လိုထင်လဲ” ပရော်ဖက်ဆာလီက တည်ငြိမ်စွာ မေးလိုက်၏။
လီချန်က မျှတသော အကဲဖြတ်မှုတစ်ခုကို ပေးလိုက်သည်။ “အရမ်းကို လက်တွေ့ကျတယ်... တကယ့် မြင်ကွင်းနဲ့တူတယ်။ ထုတ်လုပ်ရေးအဖွဲ့က ဒီဗီဒီယိုအတွက် အားထုတ်မှု အများကြီး လုပ်ထားတယ်ဆိုတာ သိသာတယ်။ သူတို့ သုတေသန အများကြီး လုပ်ထားရမယ်... ဒါက ဒီတိုင်း ဖြစ်သလို လုပ်ထားတာ မဟုတ်ဘူး”
ပရော်ဖက်ဆာလီက တိတ်ဆိတ်စွာ ပြောလိုက်၏။ “ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ က အစစ်မှန်မြင်ကွင်းတစ်ခုလို့ မင်း တစ်ခါမှ မတွေးဖူးဘူးလား..”