အခန်း (၇၇) အဖွဲ့အသီးသီးမှ ပြင်ဆင်မှုများ
ထိုအချိန်တွင် ထန်သမိုင်းလေ့လာသူဟူသော အမည်ဖြင့် အသုံးပြုသူတစ်ဦးက ရုတ်တရက် ခွဲခြမ်းစိတ်ဖြာမှု အရှည်ကြီးတစ်ခုကို တင်လိုက်လေသည်။
[ကျွန်တော်က အနောက်မြောက်တက္ကသိုလ် ရှေးဟောင်းသုတေသနဌာနက ဘွဲ့လွန်ကျောင်းသားတစ်ယောက်ပါ။ ဗီဒီယိုရဲ့ ၁ မိနစ် ၂၃ စက္ကန့်မှာ ပြထားတဲ့ မြို့ရိုးရဲ့ မြေသားတည်ဆောက်ပုံက ဒွန်ဟွမ်အကယ်ဒမီကနေ ပြုလုပ်ခဲ့တဲ့ ထန်မင်းဆက် မြို့ရိုးတွေအကြောင်း သုတေသနနဲ့ လုံးဝကိုက်ညီပါတယ်။ လက်တစ်ဖက်ပြတ် စစ်သည်အိုကြီး ကိုင်ဆောင်ထားတဲ့ ရေပြင်ညီဓားရဲ့ ပုံစံက ထျန်ပေါင်ခေတ်ရဲ့ ပုံစံအစစ်အမှန်ပါပဲ။ အံ့သြစရာအကောင်းဆုံးကတော့ ၃ မိနစ် ၁၂ စက္ကန့်မှာ ပေါ်လာတဲ့ အန်းရှီးအစောင့်အရှောက်နယ်မြေရဲ့ အလံမှာပါတဲ့ ပုံစံတွေက ရှိုဆိုအင်သိုလှောင်ရုံမှာ သိမ်းဆည်းထားတဲ့ ထန်မင်းဆက် အလံအပိုင်းအစတွေနဲ့ လုံးဝကို တူညီနေတာပါပဲ။ ဒါက ရိုက်ကွင်းအသုံးအဆောင်ပစ္စည်းနဲ့ လုံးဝမတူဘူး....]
ဤကျွမ်းကျင်ပညာရှင်၏ ခွဲခြမ်းစိတ်ဖြာမှုမှာ ချက်ချင်းပင် ထိပ်တန်းကွန်မန့် ဖြစ်လာပြီး ရာနှင့်ချီသော အကြောင်းပြန်မှုများ ဆက်တိုက်ဝင်လာတော့သည်။
[သောက်ကျိုးနည်း... ပညာရှင်တစ်ယောက် ပေါ်လာပြီဟေ့...]
[ဒါဆို ဒီဗီဒီယိုက အစစ်ပေါ့။ အချိန်ခရီးသွားတယ်ဆိုတာ တကယ်ဖြစ်နိုင်လို့လား...]
[နေဦး... ငါ့ဦးနှောက်တော့ လောင်သွားပြီ...]
ယင်းကို မြင်သောအခါ အွန်လိုင်းဆဲဆိုသူများက သူတို့၏ လားရာကို ချက်ချင်း ပြောင်းလဲလိုက်ကြ၏။
[နောက်ထပ် လူလိမ်တစ်ယောက် ထပ်ရောက်လာပြန်ပြီလား..]
[လိမ်လည်တဲ့အဖွဲ့တွေက အခုဆို ပညာရှင်တွေရဲ့ ထောက်ခံချက်ကိုတောင် ယူနေကြပြီလားကွာ... ]
[ရှေးဟောင်းသုတေသနဌာနတဲ့လား။ ငါထင်တာတော့ လိမ်လည်မှုဌာန ဖြစ်ဖို့များပါတယ်...]
သို့သော် ပို၍ပို၍များပြားသော အင်တာနက်အသုံးပြုသူများက ဗီဒီယိုအကြောင်းအရာကို အလေးအနက်ထား၍ စတင်ကြည့်ရှုလာခဲ့ကြသည်။
[စစ်သူကြီးအိုကြီး မြို့ရိုးကို ကိုင်နေတဲ့ အနီးကပ်ပုံရိပ်မှာ သူ့လက်သည်းခွံအောက်က ဖုန်မှုန့်တွေကိုတောင် မြင်နေရတယ်။ ဒါသာ အထူးပြုလုပ်ချက်တွေဆိုရင် ငါ့ဖုန်းကို လိုက်ဖ်လွှင့်ပြီး စားပြမယ်.... ]
[မင်းတို့ သတိထားမိကြလား။ သရုပ်ဆောင်တွေ အားလုံးရဲ့ မျက်လုံးတွေက နီရဲနေကြတာ။ အသေးစိတ် ဂရုစိုက်မှုက တကယ့်ကို အံ့သြစရာပဲ။ ခုနက ကြည့်နေတုန်းက ဒါကို သရုပ်ဆောင်နေတယ်လို့တောင် မထင်မိဘူး.... အစစ်နဲ့တူတယ်။ ဒါ တကယ်အစစ်များ ဖြစ်နိုင်မလားလို့ မင်းတို့ထင်လား...]
[လက်တစ်ဖက်ပြတ် စစ်သည်အိုကြီး သုံးသွားတဲ့ ဓားပြားကြီးက ဒွန်ဟွမ်နံရံဆေးရေးပန်းချီတွေထဲမှာ ရေးဆွဲထားတာနဲ့ လုံးဝကို အတူတူပဲ....]
နောက်ခဏ၌ ကွန်မန့်ကဏ္ဍက အုပ်စုနှစ်စုအဖြစ် လုံးဝ ကွဲပြားသွားတော့၏။
တစ်ဖက်က ၎င်းကို ယခုနှစ်၏ အကောင်းဆုံး သမိုင်းဝင် ဇာတ်လမ်းတိုဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြပြီး အခြားတစ်ဖက်ကမူ ၎င်းကို အသေးစိတ်ပြင်ဆင်ထားသော လိမ်လည်မှုကြီးအဖြစ် ယုံကြည်နေခဲ့ကြသည်။
ထိုအချိန်တွင် မုန်တိုင်း၏ ဗဟိုချက်ဖြစ်သော ရီယဲ့ခရီးသွားအေဂျင်စီအကောင့်က တစ်မိနစ်လျှင် follower ရာနှင့်ချီ၍ တိုးလာနေလေသည်။
ထိုစဉ် ချင်မင်းဆက် ခရီးသွားအဖွဲ့ ဝီချက်ဂရုချက်က စိတ်လှုပ်ရှားမှုများဖြင့် ဆူညံနေချေသည်။
ကျန်းထောင် - [ညွှန်ကြားရေးမှူးကျန်းရဲ့ ဗီဒီယိုက လူစိတ်ဝင်စားမှု အရမ်းရနေပြီဟေ့...]
အင်တာနက်ပေါ်မှ လာရောက်ကြည့်ရှုမှုများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ တစ်ယောက်အနေဖြင့်ရော ဤကိစ္စတွင် ပါဝင်ပတ်သက်နေသူ တစ်ယောက်အနေဖြင့်ပါ သူက ဤသတင်းကို သဘာဝကျကျပင် အနီးကပ် စောင့်ကြည့်နေခြင်းဖြစ်၏။
ကျန်းယဲ့ ဗီဒီယိုတင်လိုက်ပြီးနောက် လူသိများမှု အလွန်အမင်း မြင့်တက်လာသည်ကို သူ သတိထားမိလိုက်သည်။ ထိုအခြေအနေမှာ အတော်လေး လွန်ကဲနေပေသည်။
ယင်းကို ကြားသောအခါ အခြားသူများအားလုံးက တိုရင် appကို ဖွင့်လိုက်ကြလေသည်။
ဖန်ကောင်းချန် - [ဝိုး... ဒါက လူပြောများမှု အရမ်းရနေတာပဲ။ ပိုတောင် အားကောင်းလာသေးတယ်ဟ... ]
ကျောက်လဲ့ - [မနက်ဖြန်ညကျရင် သူတို့ လုဝယ်ကြမယ်... ကြိုးစားကြည့်ချင်တယ်လို့ ပြောနေတဲ့သူတွေ အများကြီးကို ငါ တွေ့ခဲ့တယ်။ သောက်ကျိုးနည်း... ဒီလူတွေက အဲဒီလောက်တောင် သတ္တိရှိကြတာလား။ သူတို့ရဲ့ ကျောက်ကပ်တွေ အထုတ်ခံရမှာကို မကြောက်ကြဘူးလား။ သူတို့က တကယ်ကို ဝင်ပြီး ပျော်ချင်နေကြတာ....]
ဝူရှောင်ရှီ - [ကျောက်လဲ့... မင်းက တော်တော် သတ္တိရှိတာပဲ...]
ကျောက်လဲ့က သူ၏ ဆန္ဒပြမှုကို ဖော်ပြရန် စကားမပြောနိုင်သော အီမိုဂျီတစ်ခုကိုသာ ပို့လိုက်လေသည်။
ကျန်းခိုင် - [ဟူး.... ဒီအချိန်မှာ အဲဒီ အွန်လိုင်းဆဲဆိုသူတွေ ပိုပြီး ကျွမ်းကျင်ခဲ့ရင် ကောင်းမယ်လို့ ငါ ဆုတောင်းမိတယ်။ ဒါမှ ဒီလူတွေ စာရင်းမသွင်းရဲအောင် သူတို့ လှည့်စားနိုင်မှာ.... အဲဒီလိုဆိုရင် ငါတို့နဲ့ ဘယ်သူမှ လာလုမှာမဟုတ်တော့ဘူး... ]
ဝူကျဲ - [သောက်ကျိုးနည်း... အဲဒါက လုံးဝ အဓိပ္ပာယ်ရှိတယ်။ အွန်လိုင်းဆဲဆိုသူတွေအတွက် ဒီလို အထောက်အပံ့မျိုးက သူတို့ကို ပိုက်ဆံတွေ ထပ်ပေးချင်စိတ် ပေါ်လာစေတယ်ကွ... ]
ကန်ချန် - [မင်းတို့ကောင်တွေ ဘယ်လိုထင်လဲ။ ငါတို့ အဲဒီအွန်လိုင်းဆဲဆိုသူတွေကို တိတ်တဆိတ် ပိုက်ဆံ ထပ်ပေးလိုက်ရင်ရော.... ]
ကျန်းခိုင် - [သေလမ်း မရှာဖို့ မင်းတို့ကို ငါ အကြံပေးပါရစေ...]
ဖန်ကောင်းချန် - [ဗီဒီယိုရဲ့ လူသိများမှုကို လျှော့ချဖို့ ငါတို့ ကြိုးစားသင့်တယ်လို့ ထင်တယ်]
ချောင်ဝမ်ပေါ် - [ဒါ အဓိပ္ပာယ်ရှိတယ်။ ငါ အခုချက်ချင်း ငါ့အဖေ့ကို သွားရှာလိုက်မယ်....]
ညနက်ပိုင်းတွင် သခင်ကြီးချောင်၏ အိပ်ခန်းတံခါးကို ခေါက်သံ ခပ်ဖွဖွတစ်ခု ထွက်ပေါ်လာချေသည်။
အစပိုင်းတွင် သူက စိတ်ထင်သည်ဟု ထင်ခဲ့သော်လည်း တံခါးခေါက်သံမှာ ပိုမို ရှင်းလင်းပြီး အရေးတကြီး ဖြစ်လာခဲ့သည်။
သခင်ကြီးချောင်က မျက်မှောင်ကြုတ်လိုက်ပြီး ကုတင်ဘေးရှိ နာရီကို တစ်ချက်ကြည့်ကာ ပိုးစောင်ကို ဖယ်ပြီး ထလာခဲ့လိုက်သည်။
သူ တံခါးကို ဖွင့်လိုက်ချိန်တွင် အနှောင့်အယှက်ပေးခံရသည့်အတွက် မကျေနပ်သော အမူအရာက သူ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေဆဲဖြစ်၏။
“အဖေ...” ချောင်ဝမ်ပေါ်က အိပ်ရာဝင်ဝတ်စုံအပေါ်တွင် အင်္ကျီကို ဖြစ်သလို ဝတ်ထားပြီး ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ တံခါးအပြင်ဘက်တွင် ရပ်နေခဲ့သည်။
“ဘယ်အချိန်ရှိနေပြီလဲဆိုတာ မင်းသိရဲ့လား” သခင်ကြီးချောင်က အိပ်မောကျနေသော မိန်းမဖြစ်သူကို မနှောင့်ယှက်မိစေရန် အသံကို တမင်နှိမ့်၍ ပြောလိုက်၏။
ချောင်ဝမ်ပေါ်က သူ၏ဖုန်းကို ကမ်းပေးလိုက်ရာ ဖန်သားပြင်ပေါ်တွင် ရီယဲ့ခရီးသွားအေဂျင်စီမှ အသစ်တင်ထားသော ဗီဒီယိုကို ပြသထားခဲ့သည်။
“ကျန်းယဲ့က နောက်ထပ် အဖွဲ့လိုက်ခရီးစဉ်တစ်ခု စတင်လိုက်ပြီ။ မနက်ဖြန်ည ၁၀ နာရီခွဲကျရင် နေရာလုလို့ရပြီ။ ထန်မင်းဆက်ကိုပဲ ထပ်သွားမှာ။ ကြည့်ကြည့်... ဗီဒီယိုတင်ထားပြီးပြီ... ရှင်းလင်းချက်ထဲမှာလည်း အားလုံး ရှင်းရှင်းလင်းလင်း ရေးထားတယ်”
ကျန်းယဲ့၏ ခရီးသွားအဖွဲ့အကြောင်း ကြားလိုက်ရသောအခါ သခင်ကြီးချောင်၏ မျက်လုံးများက ချက်ချင်း ရှင်းလင်းသွားရသည်။
သူက ဖုန်းကို ယူလိုက်ပြီး လက်မဖြင့် ဖန်သားပြင်ကို အမြန်ပွတ်ဆွဲကာ ဗီဒီယိုနှင့် စာသားကို သေချာစွာ ဖတ်ရှုလိုက်ရာ သူ၏ မျက်နှာပေါ်တွင် စဉ်းစားဟန် ပေါ်လာပြီး အိပ်ချင်မူးတူးဖြစ်နေပုံ ပျောက်ကွယ်သွားချေသည်။
“အသေးစိတ် အခြေအနေတွေက ဘာတွေလဲ... ” သခင်ကြီးချောင်က ဖုန်းကို ပြန်ပေးလိုက်ပြီး သူ၏အသံမှာ ပုံမှန်တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့သည်။
“တိုရင်ဆိုင်ကနေ အထူးအစီအစဉ်နဲ့ ရောင်းမှာ... နေရာ ဆယ်နေရာပဲ ရမယ်.... တစ်နေရာကို ယွမ် ၂၀၀၀.... စိတ်ဝင်စားတဲ့သူ ဘယ်သူမဆို ဝယ်လို့ရတယ်။ နေရာတစ်နေရာရဖို့ဆိုတာ အမြန်နှုန်းနဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ်” ချောင်ဝမ်ပေါ်က အသံကို နှိမ့်လိုက်၏။ “အဖေ... အခု ဒီဗီဒီယိုက အရမ်းကို လူသိများနေပြီ.... ဒီအတိုင်းဆက်သွားရင် အင်တာနက်ပေါ်မှာ ဟော့ဖြစ်သွားလိမ့်မယ်”
သခင်ကြီးချောင်က လှည့်ကာ စာကြည့်ခန်းဆီသို့ လျှောက်သွားရာ ချောင်ဝမ်ပေါ်လည်း အနောက်မှ ကပ်လျက် လိုက်ပါသွားခေသည်။
သခင်ကြီးချောင် ထိုင်ချလိုက်ချိန်တွင် သားရေထိုင်ခုံမှ တကျွိကျွိမြည်သံ ခပ်တိုးတိုး ထွက်ပေါ်လာပြီး သူက ကွန်မန့်ကဏ္ဍရှိ ကွမန့်များကို သေချာစွာ ဖတ်ရှုလိုက်၏။
“ဒီလောက် လူသိများနေတာက တကယ့်ကို အံ့သြစရာပဲ... ”
ချောင်ဝမ်ပေါ်က စားပွဲပေါ် လက်ထောက်ကာ စားပွဲရှေ့တွင် ရပ်နေချေသည်။ “အဖေ... ဒီလို လူပြောများနေတာ ဆက်ဖြစ်နေရင် ကျွန်တော်တို့နေရာကို ဝင်လုမယ့် စပ်စုချင်တဲ့သူတွေ ရောက်လာဖို့က ရှောင်လွှဲလို့ မရဘူး။ သူတို့က ဒီတိုင်း ဝင်လုကြမှာ ဖြစ်ပေမယ့် ကျွန်တော်တို့အတွက်တော့ မကောင်းဘူး။ နေရာ ဆယ်နေရာပဲ ရှိတာလေ.. လူတွေ ဝင်လုလေလေ ကျွန်တော်တို့ အခွင့်အရေး နည်းလေလေပဲ... ”
ချောင်ဝမ်ပေါ်က စကားပြောနေရင်း ကွန်မန့်ကဏ္ဍကို လက်ညှိုးထိုးပြလိုက်၏။
“အဖေ ကြည့်ဦး... ကွန်မန့်တွေထဲမှာ မနက်ဖြန်ကျရင် ဝင်လုဖို့ ကြိုးစားကြည့်မယ်... ဝင်ပြီး ပျော်ကြည့်မယ်လို့ ပြောနေတဲ့သူတွေ အများကြီးပဲ။ သူတို့ တကယ်လုပ်ချင်မှ လုပ်မှာဆိုပေမယ့် သူတို့ပြောတဲ့အတိုင်း တကယ်လုပ်ရင် ဘယ်လိုလုပ်မလဲ”
“ဒါကြောင့် ဒီဗီဒီယိုရဲ့ လူသိများမှုကို လျှော့ချသင့်တယ်လို့ ကျွန်တော် စဉ်းစားနေတာ” ချောင်ဝမ်ပေါ်က ဖခင်ဖြစ်သူကို မျှော်လင့်တကြီး ကြည့်လိုက်၏။
ခဏမျှ စဉ်းစားပြီးနောက် သခင်ကြီးချောင်က စားပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်ကာ သူ၏ အတွင်းရေးမှူးထံ ဖုန်းခေါ်လိုက်လေသည်။
“ရှောင်ကျိုး... မင်း အခုချက်ချင်း ဖြေရှင်းပေးရမယ့် ကိစ္စတစ်ခုရှိတယ်” သူက တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်၏။ “တိုရင်မှာ ရီယဲ့ခရီးသွားအေဂျင်စီဆိုတဲ့ အကောင့်တစ်ခုရှိတယ်။ အဲဒီအကောင့်ရဲ့ လူသိများမှုကို လျှော့ချဖို့ နည်းလမ်းရှာပါ။ အင်း... လူဝင်ကြည့်တာကို ကန့်သတ်လိုက်တာမျိုးပေါ့။ ဟုတ်တယ်... အခုချက်ချင်း... အရမ်းကြီး သိသာအောင် မလုပ်နဲ့... ဒေသတွင်း ချန်နယ်တွေထဲမှာပဲ... ထားထား”
ညနက်ချိန်တွင် စစ်ဒေသရုံးအဆောက်အအုံရှိ မီးရောင်များက လင်းထိန်နေဆဲဖြစ်၏။
ဗိုလ်ချုပ်ကြီးကျန်းက သူ၏ သစ်မာစားပွဲ၌ ထိုင်ကာ စာရွက်စာတမ်းများကို စစ်ဆေးနေစဉ် စားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် တုန်ခါသွားခေသည်။
သူက ဘောပင်ကို ချလိုက်ပြီး ဖုန်းခေါ်ဆိုသူ၏ အမည်ကို တစ်ချက်ကြည့်လိုက်ရာ ကျန်းမင်ဟွေ့ ဖြစ်နေခဲ့သည်။
ဤအချိန်မှ ဖုန်းခေါ်လာခြင်းမှာ အရေးကြီးသော ကိစ္စတစ်ခုခုကြောင့် ဖြစ်ရမည်။
“ဟယ်လို” ဗိုလ်ချုပ်ကြီးကျန်း၏ အသံမှာ တည်ငြိမ်ပြီး အားပါကာ တိတ်ဆိတ်နေသော ရုံးခန်းအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။
“အရာရှိမင်း... အနားယူနေတာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျန်းယဲ့က နောက်ထပ် ခရီးသွားအဖွဲ့တစ်ခု စတင်လိုက်ပါပြီ။ ဒီတစ်ခေါက်လည်း ထန်မင်းဆက်က အန်းရှီးအစောင့်အရှောက်နယ်မြေကိုပဲ သွားမှာပါ” ကျန်းမင်ဟွေ့၏ အသံက မိုက်ခရိုဖုန်းမှတစ်ဆင့် ထွက်ပေါ်လာခေသည်။
ဗိုလ်ချုပ်ကြီးကျန်းက သူ၏လက်ထဲရှိ စာရွက်စာတမ်းများကို ချလိုက်ပြီး ရှေ့သို့ အနည်းငယ် ကိုင်းလိုက်၏။ “ဒီတစ်ခေါက် အခြေအနေတွေက ဘာလဲ”
“မနက်ဖြန် ည ၁၀ နာရီခွဲကျရင် ရီယဲ့ခရီးသွားအေဂျင်စီရဲ့ တိုရင်ဆိုင်ကနေ အထူးအစီအစဉ်နဲ့ ရောင်းမှာပါ။ နေရာ ဆယ်နေရာပဲ ရနိုင်ပါတယ်” ကျန်းမင်ဟွေ့က အမြန်ပြောလိုက်၏။ “တစ်ယောက်ကို ယွမ် ၂၀၀၀ ပါ... ကံတရားအပေါ်မှာပဲ အပြည့်အဝ မူတည်ပါတယ်”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဗိုလ်ချုပ်ကြီးကျန်းက စားပွဲကို လက်ဆစ်များဖြင့် ခပ်ဖွဖွ ခေါက်လိုက်၏။ “အများပြည်သူ ချန်နယ်တွေကနေလား...”
“ဟုတ်ပါတယ်... အများပြည်သူအတွက် လုံးဝ ဖွင့်ပေးထားတာပါ။ ညွှန်ကြားရေးမှူးကျန်းက ခရီးသွားအေဂျင်စီရဲ့ အကောင့်မှာ အန်းရှီးတပ်မတော်အကြောင်း ဗီဒီယိုတစ်ခုကို တင်ထားပါတယ်။ အဲဒီဗီဒီယိုက လူတွေရဲ့ အာရုံစိုက်မှုကို အများကြီး ရနေတဲ့အတွက် ဒီတစ်ခေါက် နေရာရဖို့ ပြိုင်ဆိုင်မယ့်သူ တော်တော်လေး များလာမှာကို ကျွန်တော် စိုးရိမ်မိပါတယ်... ”
ကျန်းမင်ဟွေ့က နေရာဆယ်နေရာလုံးကို သူတို့ ရယူနိုင်ရန်အတွက် အရပ်ဘက် ကွန်ရက်များကို နှောင့်နှေးစေရန် နည်းလမ်းအချို့ကို အသုံးပြုသင့်မသင့် မူလက မေးချင်ခဲ့သော်လည်း နောက်ဆုံးတွင် စကားကို မျိုချလိုက်၏။
“ငါ နားလည်ပြီ... ” ဗိုလ်ချုပ်ကြီးကျန်းက တည်ငြိမ်စွာ ပြောလိုက်ခေသည်။ “သွားပြီး အနားယူလိုက်တော့...”
ဖုန်းချပြီးနောက် အနီရောင် အတွင်းလိုင်းဖုန်းကို ခေါ်လိုက်သည်။