အခန်း (၇၆) ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ
ပြင်းထန်သော ထိုးနှက်ချက်... ဤအရာက လုံးဝကို ပြင်းထန်သော ထိုးနှက်ချက်ပင်။
ယင်းက ဖန်ကောင်းချန်နှင့် သူ၏ လူငယ်အုပ်စုအတွက် တိုက်ရိုက် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး သူတို့၏ တာအိုနှလုံးသားကို မတည်မငြိမ် ဖြစ်သွားစေလေသည်။
ဖန်ကောင်းချန် - [သောက်ကျိုးနည်း... သောက်ကျိုးနည်း... သောက်ကျိုးနည်း... ငါ ဘယ်လိုလုပ် ဒါကို မစဉ်းစားမိလိုက်တာပါလိမ့်...]
ရှီရှောင်ယွီ - [အား... ဟင့်အင်း... လုံးဝ မဖြစ်ဘူး]
ဖုန်းယီမင် - [လူသိများတာကို လျှော့ချ... သူ့ရဲ့ လူသိများမှုကို ငါတို့ လုံးဝ လျှော့ချရမယ်...]
ဝူကျဲ - [ဒါပေါ့... လျှော့ချပစ်ရမယ်]
...
ဤတစ်ကြိမ်တွင် လီချင်းယီအပါအဝင် မည်သည့် CEO မှ စကားမပြောကြချေ။
ပြီးခဲ့သည့်တစ်ကြိမ်က သူတို့ ဝင်ရောက်စွက်ဖက်ခဲ့သော်လည်း ရလဒ်ကောင်းများ မရရှိခဲ့ပေ။
ဤတစ်ကြိမ်တွင်လည်း အခြေအနေများက ပို၍ကောင်းမွန်လာမည် မဟုတ်ဟု စိုးရိမ်မိပေသည်။
ဤအဘိုးကြီးများမှာ ပါးနပ်ကြသည်။ သူတို့က လူငယ်များ ကြိုးစားပြီး အလုပ်ဖြစ်မဖြစ်ကို စောင့်ကြည့်နေကြခြင်းဖြစ်၏။
ကျန်းယီကျွင်း - [ရှောင်ကျန်း... ဘယ်တော့ စရောင်းမှာလဲ...]
ကျန်းယဲ့ - [မနက်ဖြန် ည ၁၀ နာရီခွဲတိတိမှာ အွန်လိုင်းကနေ ရောင်းမယ်။ နေရာ ၁၀ နေရာပဲ ရှိပါတယ်။ ဒီမှာက မျက်မှန်းတန်းမိတဲ့သူတွေချည်းပဲဆိုတော့ နေရာရမရဆိုတာက ခင်ဗျားတို့ရဲ့ အမြန်နှုန်းအပေါ်မှာပဲ မူတည်တယ်...]
ကျန်းယဲ့ - [လူစိတ်ဝင်စားမှု ရအောင် အရင်ဆုံး ဗီဒီယိုတစ်ခု လုပ်ရဦးမယ်။ နောက်မှ တွေ့မယ်]
ကျန်းယဲ့သည် မက်ဆေ့ချ်ကို ပို့ပြီးနောက် အန်းရှီးတပ်မတော်အကြောင်း ဗီဒီယိုတစ်ခုကို စတင်တည်းဖြတ်လိုက်လေသည်။
ဗီဒီယိုအပိုင်းများကို ပေါင်းစပ်လိုက်သည်နှင့်အမျှ ဖန်သားပြင်ပေါ်ရှိ ပုံရိပ်များက တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။
ဗီဒီယိုက ရှုင်၏ ဝမ်းနည်းဖွယ် အသံဖြင့် စတင်ပြီး ကင်မရာသည် ခူချာ၏ အိုမင်းဟောင်းနွမ်းနေသော မြို့ရိုးများဆီသို့ ဖြည်းညှင်းစွာ ချဲ့ကြည့်လိုက်သည်။ မြေသားကျစ်ကျစ်လစ်လစ် မြို့ရိုးများပေါ်တွင် ဓားနှင့် ပုဆိန်ချက်များ ထင်ရှားစွာ မြင်တွေ့နေရပြီး အပျက်အစီးများဖြင့် မပြည့်မစုံ ဖြည့်တင်းထားသော ကွက်လပ်အချို့တွင် ခြောက်သွေ့နေသော သွေးကွက်များကိုပါ မြင်တွေ့ရလေသည်။
(NT- ရှုင်ဆိုတာ ရှေးဟောင်း တရုတ်လေမှုတ်တူရိယာ တစ်မျိုးပါ)
ထို့နောက် ကင်မရာက မြို့ရိုးထက်တွင် လေတိုက်တိုင်း လွင့်ပျံနေသော စုတ်ပြဲနေသည့် ထန်မင်းဆက်အလံဆီသို့ ရွေ့လျားသွားခဲ့သည်။ အလံပေါ်ရှိ အန်းရှီးဟူသော စာလုံးနှစ်လုံးမှာ အရောင်လွင့်နေပြီဖြစ်သော်လည်း အနောက်ဘက်ဒေသ၏ သဲမုန်တိုင်းများကြားတွင် ခေါင်းမာစွာ လွင့်ပျံနေဆဲပင်။
ရုတ်တရက် ကင်မရာက ကောရှင်း၏ အနီးကပ်ပုံရိပ်ဆီသို့ ရွှေ့သွားလေသည်။
စစ်သူကြီးအို၏ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများမှာ လေထဲတွင် တုန်ခါနေပြီး သူ၏သံချပ်ကာပေါ်ရှိ ခြစ်ရာတစ်ခုစီက နေဝင်ဆည်းဆာတွင် ဝမ်းနည်းဖွယ် အလင်းရောင်ဖြင့် တောက်ပနေချေသည်။
အသားမာတက်နေသော သူ၏လက်များက မြို့ရိုးကို ဖြည်းညှင်းစွာ ပွတ်သပ်နေပြီး ဖန်သားပြင်အပြင်ဘက်မှ အသံသြသြတစ်ခုက “ဒီမြို့ကို ငါကာကွယ်လာတာ နှစ်ဆယ့်ငါးနှစ်ရှိပြီ...” ဟု ပဲ့တင်ထပ်လာခဲ့သည်။
နောက်ခံတေးဂီတမှာ ရုတ်တရက် စိတ်လှုပ်ရှားဖွယ်ဖြစ်လာပြီး ကင်မရာက အန်းရှီးဝါရင့်စစ်သည်များ၏ တန်းစီနေမှုကို ဖြတ်ပြသွားခဲ့သည်။
သံချပ်ကာအောက်ရှိ သူတို့၏ ခန္ဓာကိုယ်များမှာ ပိန်ချုံးနေသော်လည်း ထင်းရှူးပင်များကဲ့သို့ မတ်မတ်ရပ်နေဆဲဖြစ်သည်။
အချို့မှာ လက်တစ်ဖက်ပြတ်နေပြီး အချို့မှာ မျက်လုံးကန်းနေသော်လည်း လူတိုင်း၏ အကြည့်များမှာ သံမဏိကဲ့သို့ ခိုင်မာနေချေသည်။
အရေးအကြောင်းများထင်နေသော ဝါရင့်စစ်သည်တစ်ဦးက သားရေသံချပ်ကာကို ဂရုတစိုက် ဖာထေးနေပြီး အပ်နှင့်ကြိုးပ တစ်သက်တာ သစ္စာစောင့်သိမှုကို ချုပ်လုပ်နေသကဲ့သို့ မှန်ဘီလူးကို ဖြတ်သန်းသွားခဲ့သည်။
ရုတ်တရက် မြင်ကွင်းက ညအချိန်သို့ ပြောင်းလဲသွားပြီး မှန်ပြောင်းထဲရှိ မီးရှူးတိုင်က လရောင်အောက်တွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေခဲ့သည်။
နောက်ခံအသံမှာ ဝမ်းနည်းဖွယ်ကောင်းနေချေသည်။
“သူတို့က ထန်မင်းဆက်ရဲ့ နောက်ဆုံးနယ်စပ်ကို ကာကွယ်ဖို့ သူတို့ရဲ့ အသားနဲ့ သွေးကို အသုံးပြုခဲ့ကြတယ်...”
နောက်မြင်ကွင်းမှာ နေဝင်ချိန်ကို နောက်ခံထား၍ ရိုက်ကူးထားသော ပေါက်ကွဲမှုတစ်ခုပင်။ နားကွဲမတတ် အသံများနှင့် လွင့်စင်နေသော သဲဝါများကြားတွင် အန်းရှီးစစ်သည်များ၏ အံ့အားသင့်နေသော မျက်နှာများကို အနှေးပြကွက်ဖြင့် ဖမ်းယူထားပြီး သူတို့၏ အရေးအကြောင်းများတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်များ ရောပြွမ်းနေသည်ကို တွေ့ရ၏။
ဗီဒီယိုက ဖရိန်တစ်ခုတည်းဖြင့် အဆုံးသတ်သွားလေသည်။
အသက် ဆယ်နှစ်အရွယ်ခန့်ရှိသော ကလေးစစ်သားလေးတစ်ဦးက သူ့အရွယ်ထက် ပိုကြီးသော သံချပ်ကာကို ဝတ်ဆင်ထားပြီး မြို့ရိုးပေါ်တွင် မြားပစ်လေ့ကျင့်နေခဲ့သည်။
ကင်မရာက အဝေးသို့ ဆုတ်သွားရာ သူ၏ သေးငယ်သော ပုံရိပ်လေးက ခမ်းနားသော မြို့ရိုးကြီးနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပြီး နောက်ခံမှ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ထန်လူမျိုး တစ်ယောက်ကျန်နေသေးသရွေ့ ဒီအလံကို... ဘယ်တော့မှ အကျမခံဘူး...”
ဗီဒီယိုအဆုံးတွင် အမည်းရောင် ဖန်သားပြင်ပေါ်၌ အဖြူရောင်စာတန်းတစ်ခု ဖြည်းညှင်းစွာ ပေါ်လာ၏။
“အေဒီ ၇၈၉ ခုနှစ်မှာ သူတို့တွေက ချန်အန်းကနေ စစ်ကူလာမယ့်အချိန်ကို စောင့်နေဆဲပါ...”
နောက်ခံတေးဂီတမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အနောက်ဘက်ဒေသမှ ရပ်တန့်ခြင်းမရှိသော လေသံများသာ ကျန်ရစ်တော့လေသည်။
ကျန်းယဲ့သည် ဗီဒီယိုကို စစ်ဆေးကြည့်ရာ ပြဿနာတစ်စုံတစ်ရာ မတွေ့ရသဖြင့် လွှင့်တင်သည့် ခလုတ်ကို နှိပ်ကာ ခရီးသွားအေဂျင်စီ၏ တိုရင်အကောင့်သို့ ဗီဒီယိုကို တင်လိုက်၏။
ကြေညာချက်တွင် ဤသို့ရေးသားထား၏။ [မနက်ဖြန် ည ၁၀ နာရီခွဲမှာ အေဒီ ၇၈၉ ခုနှစ် ခူချာရှေးဟောင်းမြို့တော်ဆီ ခရီးသွားဖို့ နေရာ ၁၀ နေရာ ရနိုင်ပါမယ်။ ဒါက သရုပ်ဆောင်ထားတာ မဟုတ်သလို ရုပ်ရှင်ရိုက်ကူးရေးစက်ကွင်းလည်း မဟုတ်ပါဘူး။ တကယ့် သမိုင်းဝင်မြင်ကွင်းပါ။ နှစ်တစ်ထောင်ကို ဖြတ်ကျော်ပြီး အနောက်ဘက်ဒေသကို ၄၂ နှစ်တိုင်တိုင် ကာကွယ်ခဲ့တဲ့ အန်းရှီးတပ်မတော်ကို ဂါရဝပြုဖို့ ခရီးသွားတစ်ယောက် ဖြစ်ချင်ပါသလား။ #သမိုင်းဝင်သရုပ်ဖော်မှု #အန်းရှီးအစောင့်အရှောက်နယ်မြေ #အချိန်ခရီးသွားခြင်း]
ကျန်းယဲ့သည် ဗီဒီယိုတင်ပြီးနောက် နာရီက ၁၂ နာရီထိုးနေသည်ကို ကြည့်ပြီး “ဘုရားရေ” ဟု ရေရွတ်လိုက်မိသည်။
ထို့နောက် ကွန်ပျူတာကို အမြန်ပိတ်၊ ကုတင်ပေါ်လှဲ၊ စောင်ခြုံပြီး အမြန်ဆုံး အိပ်လိုက်ခေသည်။
ကျန်းယဲ့ မသိခဲ့သည်မှာ သူ ဗီဒီယိုတင်ပြီးနောက် လူသိများမှု အလွန်တက်လာခြင်းပင်။
ဗီဒီယို ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဗြောင်လိမ်တတ်သည့် အွန်လိုင်းဆဲဆိုသူများက ဗီဒီယိုအကြောင်းအရာကိုပင် မကြည့်ဘဲ စတင်တိုက်ခိုက်ကြတော့သည်။
သူတို့၏ ဒေါသတကြီး တုံ့ပြန်မှုက ဗီဒီယို၏ လူသိများမှုကို သဘာဝကျကျ မြင့်တက်စေခဲ့လေသည်။
အွန်လိုင်းဆဲဆိုသူများ၏ မနားမနေ ကြိုးပမ်းအားထုတ်မှုကြောင့် စနစ်က ဤဗီဒီယိုကို အရည်အသွေးမြင့် နှင့် အလွန်ရေပန်းစားသော ဗီဒီယိုအဖြစ် တိတ်တဆိတ် သတ်မှတ်လိုက်ပြီး အသုံးပြုသူများထံသို့ အရူးအမူး တွန်းပို့ပေးလာတော့သည်။
ဤသို့ တွန်းပို့မှုက စိတ်အားထက်သန်သော အင်တာနက်အသုံးပြုသူ အများအပြားကို သဘာဝကျကျ ဆွဲဆောင်နိုင်ခဲ့လေသည်။
ဖိုရမ်ပေါ်မှ အင်တာနက်အသုံးပြုသူများပ ပိုက်ဆံပေးပြီး ငှားထားသော လူများမဟုတ်ကြချေ။ သူတို့ ပထမဆုံး မြင်လိုက်ရသည်မှာ ဗီဒီယိုပင်။
[သောက်ကျိုးနည်း... ငါက ယောကျ်ားကြီးဖြစ်ပြီးတော့တောင် ငိုလိုက်မိတယ်...] အနောက်ဘက်ဒေသက အထီးကျန်ဝံပုလွေဟူသော အင်တာနက်အသုံးပြုက သူ၏ ကွန်မန့်နောက်တွင် ငိုနေသော အီမိုဂျီ သုံးခု ပါလာလေသည်။
ထို့နောက် တကယ့်အသုံးပြုသူများ ပို၍ပို၍ ပေါ်ထွက်လာခဲ့ကြသည်။
[စစ်သည်အိုကြီး သံချပ်ကာဖာနေတဲ့ မြင်ကွင်းကို ငါ ဆယ်ခေါက်လောက် ကြည့်မိတယ်။ သူ့လက်တွေ အရမ်းတုန်နေပေမယ့် သူ ဆက်လုပ်နေတုန်းပဲကွာ... ]
[အဆုံးမှာ ကလေးလေးက လူကြီးသံချပ်ကာကို ဝတ်ထားတဲ့ မြင်ကွင်းက ငါ့နှလုံးသားကို လုံးဝကို ကွဲကြေသွားစေတယ်... ]
[ဝါး... ပုံရိပ်တွေက အရမ်းကို အသက်ဝင်တယ်။ တကယ့် ရှေးဟောင်းခူချာနဲ့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အန်းရှီးတပ်မတော်ကို မြင်တွေ့လိုက်ရသလိုပဲ]
[ဘယ်သူနားလည်ပေးနိုင်မလဲ။ ကိုယ့်လို ယောကျ်ားကြီးတစ်ယောက်က ဖုန်းကိုင်ပြီး မျက်ရည်တွေကျနေတဲ့ မြင်ကွင်းက တော်တော်ရှက်ဖို့ကောင်းတယ်။ ကောင်မလေးက ဘာလို့ငိုနေတာလဲ မေးတော့တောင် ပြောပြဖို့ ရှက်နေတာကွ... ]
[ဒီရှုခင်းက လှလိုက်တာ... ဘယ်မှာရှိတာလဲ]
[ဒီရှုခင်းက အရမ်းကောင်းပြီး ဆွဲဆောင်မှုအများကြီးရှိတယ်လို့ ငါထင်တယ်။ ဗီဒီယိုထဲက သရုပ်ဆောင်တွေတောင် သရုပ်ဆောင်အရမ်းကောင်းတယ်။ အရမ်းကြိုက်သွားပြီ။ ကျေးဇူးပြုပြီး ရှုခင်းရဲ့လိပ်စာလေး ပေးပါ...]
[ရှုခင်းရဲ့လိပ်စာကို ငါလည်း သိချင်တယ်... ငါ အဲဒီကို သွားချင်တယ်]
[ရုံးပိတ်ရက်တွေတောင် ရောက်တော့မယ်... ဘယ်သွားရမလဲလို့ စဉ်းစားနေတာ။ ဒီနေရာက တော်တော်ကောင်းမယ့်ပုံပဲ။ ကျေးဇူးပြုပြီး ဟော့စ်ရေ... ရှုခင်းရဲ့လိပ်စာကို အမြန်ချပေးပါ။ ငါ့ကို ဒူးထောက်ပြီး တောင်းဆိုရတဲ့အထိ မလုပ်ပါနဲ့.... ]
တကယ့်အသုံးပြုသူများ ဝင်ရောက်လာသည်နှင့်အမျှ ကွန်မန့်ကဏ္ဍတွင် သံသယများ စတင်ပေါ်ထွက်လာခဲ့ကြသည်။
[နေဦး... စာသားမှာ ဘာရေးထားတာလဲ။ အေဒီ ၇၈၉ ခုနှစ်ကို သွားမယ်ဆိုလား။ ငါ ဖတ်တာ မှန်ရဲ့လား...]
[စာသားကို နားလည်တာ မှန်မယ်ဆိုရင် သူတို့က ငါတို့ကို အေဒီ ၇၈၉ ခုနှစ်ကို ပြန်ခေါ်သွားမယ်လို့ ဆိုလိုတာလား။ တကယ့် အန်းရှီးတပ်မတော်နဲ့ သွားတွေ့ဖို့ဆိုလား... ]
[ဒီခရီးသွားအေဂျင်စီက တကယ်ပြောနေတာလား။ တကယ်ရော အချိန်ခရီးသွားလို့ ရလို့လား]
[ဟေ့လူတွေ ခင်ဗျားတို့ နားလည်မှုလွဲနေပြီ။ ဒါက ရုပ်ရှင်စတူဒီယိုတစ်ခု ဖြစ်ရမယ်။ အထူးသဖြင့် ခူချာရဲ့ အစစ်မှန်ဆုံး စတူဒီယိုပေါ့.. ]
[မဟုတ်ဘူး... မဟုတ်ဘူး... အနှစ်ချုပ်မှာက နှစ်တစ်ထောင်ကို ဖြတ်ကျော်မယ်လို့ ရေးထားတာ။ ငါ့ရဲ့ တရုတ်စာက ဒါကို နားမလည်နိုင်လောက်အောင်အထိ မဆိုးသေးပါဘူးကွ... ]
ဗီဒီယိုက လူသိများလာသည်နှင့်အမျှ သာမန်အင်တာနက်အသုံးပြုသူများ ဝင်ရောက်လာခြင်းက ပိုက်ဆံပေးပြီး ငှားထားသော လူများ၏ အသံကို တဖြည်းဖြည်း ဖုံးလွှမ်းသွားချေသည်။
အွန်လိုင်းဆဲဆိုသူများက တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းရှာဖွေနေချိန်မှာပင် အခြေအနေပြောင်းလဲသွားသည်ကို ချက်ချင်း သတိပြုမိသွားပြီး သူတို့၏ အင်အားများကို စတင်စုစည်းကြတော့သည်။
[မလှည့်စားခံကြနဲ့။ ဒါက အထူးပြုလုပ်ချက်တွေသုံးထားတဲ့ ဗီဒီယိုတစ်ခုပဲ...]
[ယွမ် ၂၀၀၀ တန် တစ်ရက်တာခရီးစဉ်တဲ့လား။ ဒါက သိသာထင်ရှားတဲ့ လိမ်လည်မှုကြီးပဲလေ...]
[တိုင်ထားတယ်... တိုင်ထားတယ်။ လိမ်လည်ကြော်ငြာတာပဲ။ အချိန်ခရီးသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး...]
[မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး။ ဒါက သိပ်သိသာလွန်းတဲ့ လိမ်လည်မှုပဲလေ.... သူတို့တွေ ဘယ်လိုလုပ် မမြင်ကြတာလဲ။ ငါမှတ်မိသလောက်ဆိုရင် ဒီအကောင့်က လိမ်လည်တယ်လို့ ဖော်ထုတ်ခံထားရပြီးသား။ ဘာလို့ သူတို့က ဒီမှာ လူတွေကို လိမ်နေသေးတာလဲ။ ပြီးတော့ လူတွေကလည်း သူတို့ကို ယုံနေကြတုန်းပဲလားဟ.. ]
[ဒီဗီဒီယိုဖန်တီးရှင်နဲ့ အင်တာနက်အသုံးပြုသူတစ်ယောက်က ပရိသတ်တွေကို ကျောက်ကပ်ကင်တဲ့ဆိုင်ကို သွားဖို့ ဖြားယောင်းဖို့ လျှို့ဝှက်အစီအစဉ်တစ်ခု ဆွဲထားတာကို ငါ မှတ်မိသေးတယ်။ မင်းတို့တွေ ဒါကို မသိကြဘူးမလား]
...