အခန်း (၇၄) အင်တာနက်ပေါ်က အရှုပ်အထွေး
ဝမ်ကျန့်ချင်က စစ်ဒေသရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ရာ သူ၏ စစ်ဖိနပ်သံက ကြမ်းပြင်ပေါ်တွင် ပြတ်သားစွာ ထွက်ပေါ်လာလေသည်။
သူက လက်ကိုမြှောက်ကာ ပြတ်သားစွာ အလေးပြုလိုက်ပြီး အသံကျယ်ကျယ်ဖြင့် “သတင်းပို့ပါတယ် အရာရှိမင်း... ဝမ်ကျန့်ချင် တပ်ဖွဲ့ကို ပြန်လည်ရောက်ရှိလာပါပြီ”
ဗိုလ်ချုပ်ကြီးကျန်းက စာရွက်စာတမ်းပုံများကြားမှ မော့ကြည့်လိုက်ပြီး သူ၏ ထက်မြက်သော အကြည့်များက လူငယ်စစ်သားလေးအပေါ်သို့ ကျရောက်သွားချေသည်။
“ပစ္စည်းတွေ ပြန်ယူလာခဲ့လား” ဗိုလ်ချုပ်ကြီးကျန်းက တိုက်ရိုက်ပင် မေးလိုက်၏။
ဝမ်ကျန့်ချင်က သူ၏အိတ်ကပ်ထဲမှ စစ်သုံး အဆင့်မြင့် လျှို့ဝှက်ကုဒ်တပ်ဆင်ထားသော USB drive တစ်ခုကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ချေသည်။ “အန်းရှီးတပ်မတော်ရဲ့ အခြေအနေ၊ မြို့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ဒေသခံတွေရဲ့ ဓလေ့ထုံးစံတွေအပါအဝင် ဗီဒီယိုနဲ့ အသံဖိုင် အချက်အလက်အားလုံး ဒီထဲမှာ ပါပါတယ်...”
အန်းရှီးတပ်မတော်၏ သံချပ်ကာပုံစံများမှသည် မြို့ရိုးများ၏ မြေသားအလွှာအထူအထိ၊ စျေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သည့် အသေးစိတ်အချက်အလက်များမှသည် ပြည်သူသုံး ရှေးဟောင်းပစ္စည်းများ၏ ပုံသဏ္ဍာန်များအထိ...
ဤလက်တွေ့ဘဝ မှတ်တမ်းများက မည်သည့် သမိုင်းစာအုပ် သို့မဟုတ် ဂန္ထဝင်ကျမ်းများထက်မဆို ပို၍ စစ်မှန်ပြီး ယုံကြည်စိတ်ချရပေသည်။
ဗိုလ်ချုပ်ကြီးကျန်းက USB drive ကို ယူလိုက်၏။
ဤပုံရိပ်များက သမိုင်းပညာရှင်များ အသိုင်းအဝိုင်းအတွက် မည်သည့်အဓိပ္ပာယ်သက်ရောက်ကြောင်းကို သူက မည်သူ့ထက်မဆို ပိုသိနေပေသည်။
ယင်းက ထန်မင်းဆက်၏ စစ်ရေးကိစ္စများ၊ ဗိသုကာပညာနှင့် ရိုးရာဓလေ့ထုံးစံများကို လေ့လာရန်အတွက် ကြီးမားလှသော အချိုးအကွေ့ဖြစ်စေမည့် အထောက်အထားများ ဖြစ်လာပေလိမ့်မည်။
ရှေးဟောင်းသုတေသနပညာရှင်များက သူတို့၏ တူးဖော်မှုအစီအစဉ်များကို ပြင်ဆင်ရန် ဤအချက်အလက်များကို အသုံးပြုနိုင်ပြီး သမိုင်းပညာရှင်များကလည်း သမိုင်းမှတ်တမ်းများကို အတည်ပြုနိုင်ကာ ရှေးဟောင်းလက်နက်များကို သုတေသနပြုသူများပင်လျှင် အတိကျဆုံးသော ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကိုးအကားများကို ရရှိနိုင်ပေသည်။
ဤအရာများက သမိုင်းမှတ်တမ်းများထက်ပင် ပို၍ အခိုင်အမာဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သော သယံဇာတများပင်။
ဗိုလ်ချုပ်ကြီးကျန်းက USB driveကို လုံခြုံရေးအဆင့်မြင့်သော ကွန်ပျူတာထဲသို့ ထည့်လိုက်ရာ ကြည်လင်ပြတ်သားသော ပုံရိပ်တစ်ခုက ဖန်သားပြင်ပေါ်တွင် ချက်ချင်း ပေါ်လာလေသည်။
ရာသီဥတုဒဏ်ခံထားရသော ထန်မင်းဆက်၏ မြို့ရိုးများ၊ ဆံပင်ဖြူနေသော အန်းရှီးဝါရင့်စစ်သည်များ၊ ကမ္ဘာမြေကို တုန်လှုပ်စေသော ပေါက်ကွဲမှုနှင့် အန်းရှီးတပ်မတော်၏ တုံ့ပြန်မှုများ...
“မြို့ရိုးရဲ့ အထူကို ကျွန်တော်တို့ တိုင်းတာခဲ့ပြီးပါပြီ.. သမိုင်းမှတ်တမ်းတွေနဲ့ လုံးဝကိုက်ညီပါတယ်”
သူက ဗီဒီယိုတစ်ခုကို နှိပ်လိုက်ရာ အန်းရှီးစစ်သည်များက ထန်ဒူးလေးများကို မည်သို့ အသုံးပြုရကြောင်း သရုပ်ပြနေသည်ကို မြင်တွေ့ရ၏။
ရုတ်တရက် ဗိုလ်ချုပ်ကြီးကျန်းက ဗီဒီယိုကို ခဏရပ်လိုက်ပြီး ဖန်သားပြင်၏ ထောင့်တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။ “အဲဒါ ထန်ခေတ် ရေပြင်ညီဓားလား...”
“ဟုတ်ပါတယ်”
“အသေးစိတ် အစီရင်ခံစာ ရေးပြီးပြီလား”
“အားလုံး စီစဉ်ပြီးပါပြီ....” ဝမ်ကျန့်ချင်က သူ၏ လက်ဆွဲအိတ်ထဲမှ ထူထဲသော စာရွက်စာတမ်းအထပ်ကို ထုတ်ယူလိုက်လေသည်။
ဗိုလ်ချုပ်ကြီးကျန်း စာရွက်စာတမ်းများကို ယူလိုက်ချိန်တွင် ဝမ်ကျန့်ချင်၏ လက်ကောက်ဝတ်ရှိ ရှေးဟောင်း ကြေးဒင်္ဂါးပြားကြိုးလေးကို ရုတ်တရက် သတိပြုမိသွား၏။
ဝမ်ကျန့်ချင်က ခေါင်းဆောင်၏ အကြည့်နောက်သို့ လိုက်ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်လေသည်။ “ဒါက ကျွန်တော်တို့ မထွက်ခွာခင်မှာ ဗိုလ်ချုပ်ကြီးကောက လက်ဆောင်ပေးလိုက်တဲ့ ခိုင်ယွမ်ထုံပေါက် ဒင်္ဂါးပြားလေးပါ...”
သူက ကြေးဒင်္ဂါးပြားကို ဖြုတ်ရန် ပြင်လိုက်ချိန်တွင် ဗိုလ်ချုပ်ကြီးကျန်းက သူ့ကို တားဆီးရန် လက်ကို မြှောက်လိုက်၏။
“ဗိုလ်ချုပ်ကြီးကောက မင်းကို ပေးလိုက်တာဆိုမှတော့ သေချာဝတ်ထားလိုက်ပါ။ ဒါက မျိုးဆက်တစ်ဆက်ကနေ တစ်ဆက်ကို လက်ဆင့်ကမ်းပေးလို့ရတဲ့ ပစ္စည်းကောင်းတစ်ခုပဲ...”
ဝမ်ကျန့်ချင်က ခြေဖနောင့်ကို စုကာ သတိဆွဲပြီး အလေးပြုလိုက်၏။ “ဟုတ်ကဲ့ပါ”
ယွင်ရှန်ရွှဲ့-ချောင်အိမ်တော်
သခင်ကြီးချောင်သည် အိမ်ထဲသို့ ဝင်ဝင်ချင်း သူ၏ လက်ဆွဲအိတ်ကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်ပြီး ဒုတိယထပ်သို့ အပြေးအလွှား တက်သွားကာ ချောင်ဝမ်ပေါ်၏ အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်လေသည်။
“မင်း ကောင်စုတ်လေး” သခင်ကြီးချောင်က သားဖြစ်သူ၏ နားကြပ်ကို ဆွဲချွတ်လိုက်၏။ “ကျန်းယဲ့က နောက်ထပ် အဖွဲ့လိုက်ခရီးစဉ်တစ်ခု စီစဉ်နေတယ်လို့ ဦးလေးကျန်းက ငါ့ကို ပြောတယ်။ ပြီးတော့ ထန်မင်းဆက်ကို ထပ်သွားမှာဆို...”
ချောင်ဝမ်ပေါ်၏ လက်များ တုန်သွားပြီး ဂိမ်းထဲရှိ ဇာတ်ကောင်မှာ ချက်ချင်း သေဆုံးသွားလေသည်။
သူက ကျုံ့ကျုံ့လေး ဖြစ်သွားရသည်။ “အဖေ... သိသွားပြီလား..”
“ငါ သိသလား ဟုတ်လား။ သေချာပေါက် သိတာပေါ့ကွ” သခင်ကြီးချောင်က ဒေါသတကြီးဖြင့် သူ့နဖူးကို လက်ညှိုးထိုးလိုက်၏။ “ကျန်းယဲ့က အဖွဲ့လိုက်ခရီးစဉ် စတာနဲ့ ငါ့ကို ချက်ချင်း အသိပေးရမယ်လို့ အရင်က မင်းကို ပြောထားတယ်မဟုတ်လား”
“ကျွန်တော် သိပါတယ်...” ချောင်ဝမ်ပေါ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါပေမဲ့ ပြောလည်း အလကားပါပဲ။ ဒီတစ်ခေါက် လိုအပ်ချက်က နန်ဟူဟင်းသီးဟင်းရွက်စျေးက စျေးသည်တွေဖြစ်ရမယ်တဲ့...”
“မင်းကတော့လေ” သခင်ကြီးချောင်က ဒေါသထွက်စွာဖြင့် အနီးရှိ ဆိုဖာကူရှင်ကို ယူကာ သားဖြစ်သူအား ရိုက်နှက်တော့သည်။ “မင်း လူအ... အဲဒီအခြေအနေတွေ အားလုံးက လူတွေ ဖန်တီးထားတာပဲ။ လူတွေ ဖန်တီးထားတာဆိုရင် ပြောင်းလဲလို့ရတယ်ဆိုတာ မင်း နားမလည်ဘူးလား...”
ချောင်ဝမ်ပေါ်က ခေါင်းကို ကာကွယ်ပြီး ထွက်ပြေးလေသည်။ “အဖေ... မရိုက်ပါနဲ့။ အဖေပြောတဲ့ ကိစ္စကို မေ့လိုက်ပါ။ ဦးလေးကျိုးနဲ့ တခြားလူတွေက ဟင်းသီးဟင်းရွက်စျေးကို သွားဝယ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးဆိုတာ အဖေ့ကို မပြောဘူးလား....”
သခင်ကြီးချောင်က သူလုပ်နေသည်များကို ရပ်တန့်လိုက်သည်။ ယင်းမှာ ကျန်းဟွိုင်မင်က သူ့ကို မပြောခဲ့သော ကိစ္စပင်။
ဖခင်ဖြစ်သူ ရပ်သွားသည်ကို မြင်သောအခါ ချောင်ဝမ်ပေါ်က သက်ပြင်းချလိုက်၏။
“ပြောစမ်း... ဘာတွေ ဖြစ်နေတာလဲ”
ချောင်ဝမ်ပေါ်က သူသိထားသည်များကို ပြန်လည်ပြောပြလိုက်လေသည်။
“မင်းဆိုလိုတာက အဲဒီစျေးကို သွားဝယ်ဖို့ ညှိနှိုင်းတဲ့လူတွေ အားလုံး မျှော်လင့်မထားတဲ့ ကိစ္စအမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတယ်ပေါ့လေ” သခင်ကြီးချောင်၏ မျက်လုံးများက အနည်းငယ် မှေးစင်းသွားရသည်။
“ဟုတ်တယ်” ချောင်ဝမ်ပေါ်က ခေါင်းဆက်တိုက် ညိတ်လိုက်သည်။ “အာ... ဟုတ်သားပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က စစ်တပ်ကလည်း ကျွန်တော်တို့ဆီက ဗီလာတွေကို လာဝယ်ခဲ့တယ်မဟုတ်လား... ပြီးတော့ ဘာဖြစ်ခဲ့လဲဆိုရင်...”
ထိုဖြစ်ရပ်နှစ်ခုကို ဆက်စပ်ကြည့်ပြီးနောက် သခင်ကြီးချောင်မှာ အကြမ်းဖျင်း နားလည်သွားလေသည်။
ယင်းက ဤလူများက ငွေကြေးကို အားကိုး၍ မရဘဲ ကံတရားအပေါ်၌သာ မူတည်နေရကြောင်း ဆိုလိုခြင်းပင်။
ဖခင်ဖြစ်သူ တည်ငြိမ်သွားသည်ကို မြင်သောအခါ ချောင်ဝမ်ပေါ်က ချက်ချင်း ခါးမတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားလာခဲ့သည်။ “အဲဒါကြောင့် ကျွန်တော် အဖေ့ကို မပြောခဲ့တာပါ။ အားလုံးက အဖေ့ကောင်းကျိုးအတွက်ပါပဲ... အဖေ သိပြီး မသွားနိုင်ရင် စိတ်မကောင်းဖြစ်နေမှာစိုးလို့ပါ...”
သခင်ကြီးချောင်က သူ့ကို မျက်စောင်းထိုးလိုက်၏။ “အဲဒီလိုဆိုရင်တောင်မှ နောက်တစ်ခေါက် သူ အဖွဲ့လိုက်ခရီးစဉ် စီစဉ်တဲ့အခါ မင်း ငါ့ကို သေချာပေါက် ပြောရမယ်..”
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ.... နောက်တစ်ခေါက်ကျရင် သေချာပေါက် ပြောပါ့မယ်လို့ ကတိပေးပါတယ်”
ချင်မင်းဆက် ခရီးသွားအဖွဲ့ ဝီချက်ဂရု
ကျန်းထောင် - [အားလုံးပဲ ကူညီကြပါဦး... ပြဿနာကြီးတစ်ခု ဖြစ်နေပြီ] ထို့နောက် ငိုနေသော အီမိုဂျီ သုံးခုကို ဆက်တိုက် ပို့လိုက်လေသည်။
ဖုန်းယီမင် - [......]
ဖန်ကောင်းချန် - [ဘာဖြစ်လို့လဲ...]
ကျန်းမင်ဟွေ့ - [ဖြည်းဖြည်းချင်း ပြောပါဦး.... ဘာဖြစ်တာလဲ]
တုံ့ပြန်မှုများကို လက်ခံရရှိသောအခါ ကျန်းထောင်က ချက်ချင်းပင် ရှည်လျားသော အသံမက်ဆေ့ချ်တစ်ခုကို ပို့လိုက်ရာ သူ၏အသံတွင် အရေးတကြီးဖြစ်နေမှုများ ရောယှက်နေချေသည်။
“အရင်က ခင်ဗျားတို့ဆီကနေ ချင်မင်းဆက် ဗီဒီယိုဖိုင်တချို့ကို ကျွန်တော် ဝယ်ခဲ့တယ်လေ။ အဲဒါတွေကို ဇာတ်လမ်းတွဲတစ်ခုအနေနဲ့ တည်းဖြတ်ပြီး နာမည်ကြီးနေအောင် အင်တာနက်ပေါ် တင်မလို့ စဉ်းစားထားတာ။ ပထမအပိုင်း နည်းနည်းက အရမ်းကို အောင်မြင်ခဲ့ပြီး followers သုံးသိန်းကျော်တောင် တက်လာခဲ့တာ”
“ဒါပေမဲ့ ဒီနေ့ အင်တာနက်ပေါ်က ဆဲဆိုတတ်တဲ့ အဖွဲ့တစ်ဖွဲ့ ရုတ်တရက် ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူတို့က ကျွန်တော့် ဗီဒီယိုတွေထဲကနေ ညွှန်ကြားရေးမှူးကျန်းရဲ့ ပုံရိပ်တွေကို ရှာဖွေပြီး အခု ရီယဲ့ခရီးသွားအေဂျင်စီရဲ့ တိုရင်အကောင့်ကို သွားပြီး ဆဲဆိုနေကြတယ်ဗျ...”
ထို့နောက် သူက စခရင်ရှော့ပုံ အများအပြားကို တင်လိုက်လေသည်။
ဗီဒီယိုတစ်ခုတွင် မားကတ်တင်း အကောင့်တစ်ခု၏ ကွန်မန့်ကဏ္ဍ၌ ရီယဲ့ခရီးသွားအေဂျင်စီ၏ လင့်ခ်ကို ထိပ်ဆုံးတွင် တင်ထားပြီး “ဒါက တရားဝင် ခရီးသွားအေဂျင်စီ မဟုတ်မှန်း သေချာနေတာပဲ”
“မင်းတို့ ခရီးသွားအေဂျင်စီက ဘလော့ဂါတစ်ယောက်နဲ့ ပေါင်းပြီး လူတွေကို လိမ်ညာပြီး မြန်မာနိုင်ငံ မြောက်ပိုင်းက ကာယောင်ဇီဆီကို ခေါ်သွားဖို့ ဇာတ်လမ်းဆင်ထားတာလို့ ကြားတယ်”
“အကြင်နာတရားကင်းမဲ့တဲ့ ခရီးသွားအေဂျင်စီ” စသည့် သရော်လှောင်ပြောင်သော ကွမန့်များ ပြည့်နှက်နေချေသည်။
ပို၍ ဆိုးရွားသည်မှာ အချို့လူများက ကျန်းယဲ့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုပင် တူးဖော်လာကြခြင်းပင်။
ကျန်းထောင်က နောက်ထပ် မက်ဆေ့ချ်တစ်ခုကို ထပ်ပို့လိုက်၏။ [ကျွန်တော် စစ်ကြည့်လိုက်တော့ အဲဒီကိစ္စကို ဦးဆောင်နေတာက လူတွေကို တိုက်ခိုက်ဖို့ အထူးပြုလုပ်ထားတဲ့ မားကတ်တင်း အကောင့်တစ်ခုပဲ.... တစ်ယောက်ယောက်က သူတို့ကို ပိုက်ဆံပေးပြီး လုပ်ခိုင်းထားတာ သေချာတယ်...]
ဂရုချက်အတွင်း၌ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
အင်တာနက်ပေါ်ရှိ လူများက ဝိုင်းဝန်းတိုက်ခိုက်ခံနေရသော အကောင့်ထဲသို့ ဝင်ကြည့်လိုက်ရာ နောက်ဆုံးတင်ထားသော ဗီဒီယို၏ ကွန်မန့်ကဏ္ဍတွင် ရှုပ်ပွနေပြီး နောက်ဆုံး ကြော်ငြာ၏ ကွမန့်ကဏ္ဍမှာလည်း လုံးဝ သိမ်းပိုက်ခံထားရသည်ကို သေချာစွာ မြင်တွေ့လိုက်ရသည်။
ကျိန့်ချန် - [အကိုကျန်း... မင်း မကြာသေးခင်က တစ်ယောက်ယောက်ကိုများ သွားစော်ကားမိသေးလား။ ဒါက တစ်ယောက်ယောက်က တမင်သက်သက် ပြဿနာရှာနေတာ သေချာတယ်...]
ဖန်ကောင်းချန်သည် မားကတ်တင်း အကောင့်၏ ပင်မစာမျက်နှာကို ဖွင့်ကြည့်လိုက်ပြီး ပြဿနာကို ထက်မြက်စွာ ရှာဖွေတွေ့ရှိသွားလေသည်။
[နေဦး... ဒီ ဖျော်ဖြေရေး အတင်းအဖျင်းဘုရင်ဆိုတာက အင်တာနက်နာမည်ကြီးတွေကို အသရေဖျက်ဖို့ အထူးပြုလုပ်ထားတဲ့ စတူဒီယိုတစ်ခုပဲ... သူ့နောက်ကွယ်မှာ အင်အားကြီးတဲ့ ကျောထောက်နောက်ခံ ရှိရမယ်... ]
ဖုန်းယီမင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားချေသည်။ [ဟုတ်သားပဲ။ မင်းရဲ့ ဗီဒီယို မူပိုင်ခွင့်တွေကို MCN အေဂျင်စီတစ်ခုက ဝယ်ချင်တယ်ဆိုပြီး အရင်က မင်းပြောဖူးတယ်မဟုတ်လား။ သူတို့များ လုပ်တာလား...]
ကျန်းထောင်က ‘အခုမှ သဘောပေါက်သွားတယ်’ ဟူသော အီမိုဂျီတစ်ခုကို ပို့လိုက်၏။ [သောက်ကျိုးနည်း... အခုမှ ကျွန်တော် သတိရတော့တယ်။ အဲဒီ ကုမ္ပဏီက ကျွန်တော့်ရဲ့ ဗီဒီယိုတွေ အားလုံးကို ယွမ်နှစ်သောင်းနဲ့ ဝယ်ချင်တာ... ကျွန်တော်က ငြင်းလိုက်တော့ ဒီနယ်ပယ်မှာ ကျွန်တော့်ကို အလုပ်လုပ်လို့ မရအောင် လုပ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတာ...]
လီကျွင်းက ဒေါသထွက်နေသော အီမိုဂျီတစ်ခုကို ချက်ချင်း ပို့လိုက်လေသည်။ [ယုတ်မာတဲ့နည်းလမ်းတွေ သုံးချင်တာပေါ့လေ။ ညီအစ်ကိုတွေက ဒီတိုင်း လက်ပိုက်ကြည့်နေလို့ မရဘူး...]
ကန်ချန်က အမြန်အကြံပြုလိုက်၏။ [ပြည်သူ့ဆက်ဆံရေးလုပ်ငန်းလုပ်တဲ့ သူငယ်ချင်းတချို့ကို ငါသိတယ်။ အရင်ဆုံး သတင်းပေးတိုင်ကြားတဲ့ လှိုင်းတစ်ခုကို ငါတို့ စီစဉ်လိုက်ရင်ရော....]
ဤအချိန်တွင် အမြဲတမ်း တိတ်ဆိတ်နေခဲ့သော ကျိုးရှင်းဖူက ရုတ်တရက် စကားဆိုလာသည်။ [အလျင်စလို မလှုပ်ရှားကြနဲ့။ ရှောင်ကျန်း... အဲဒီ MCN အေဂျင်စီနဲ့ မင်း ညှိနှိုင်းခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို စုစည်းထားလိုက်ပါ @ကျန်းထောင်]