အခန်း (၇၃) အိပ်မက်တစ်ခုကဲ့သို့
ကားလေးက အပြန်ခရီးတွင် မြို့၏ နီယွန်မီးရောင်များကြားမှ ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ စည်ကားနေသော ယာဉ်ကြောပိတ်ဆို့မှုများက သူတို့မှတ်ဉာဏ်ထဲရှိ ခြောက်ကပ်နေသော ဂိုဘီမြို့နှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
(NT- ဒီနေရာမှာ Gobiဆိုပြီး သုံးထားလို့ ဂိုဘီဆိုပြီး သုံးထားပါတယ်)
လူငါးယောက်က လမ်းမပေါ်ရှိ စည်ကားနေသော မြင်ကွင်းကို စိုက်ကြည့်နေကြပြီး နှစ်တစ်ထောင်ကြာမြင့်သော အိပ်မက်ရှည်ကြီးတစ်ခုမှ နိုးထလာသကဲ့သို့ ခံစားနေကြရလေသည်။
ချန်ရွှဲလင်းအပါအဝင် နောက်ခန်းရှိ လူသုံးယောက်မှာ ကြောင်အမ်းအမ်း ဖြစ်နေကြဆဲပင်။ အချိန်အတော်ကြာပြီးနောက်မှ သူတို့ဟာ ကိုယ့်ဘာသာ တီးတိုးရေရွတ်လာခဲ့ကြသည်။
“အစ်ကိုချန်... ကျွန်တော်တို့ တကယ်ပဲ ထန်မင်းဆက်ကို ရောက်ခဲ့တာဗျ” ထုံယီက ရှေ့ခုံကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ပြီး သူ၏မျက်လုံးများက လမ်းတစ်ဖက်ရှိ လူများဆီသို့ စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
“ကျွန်တော်တို့ အန်းရှီးတပ်မတော်ကို တကယ်တွေ့ခဲ့တာပဲ” ဟယ်ရွှိက အရူးတစ်ယောက်လို ပြုံးဖြီးဖြီး လုပ်လိုက်၏။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ဆီကို ခရီးသွားရတာ တကယ်ကို မယုံနိုင်စရာပဲ...”
သူတို့ကိုယ်ပေါ်မှ သင်းပျံ့နေသော အရက်နံ့လေးသာ မရှိလျှင် ညွှန်ကြားရေးမှူးကျန်းက သူတို့ကို မျက်လှည့်ပြသွားသည်ဟုပင် ထင်မှတ်မိကြမည်ဖြစ်သည်။
ရှေ့ဆုံးတန်းတွင် ထိုင်နေသော ယန်ဖန်သည် သူမ၏အဝတ်အစားထဲတွင် ဝှက်ထားသော ကြေးဒင်္ဂါးပြားကို လက်ချောင်းထိပ်များဖြင့် ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။
၎င်းက သူတို့ခွဲခွာချိန်တွင် စစ်သည်အိုတစ်ဦးက လက်ဆောင်ပေးလိုက်ခြင်းပင်။
သူမ၏ဝမ်းကွဲအစ်ကို ပြောတာ မှန်ပေသည်။ အခုမှ အချိန်ခရီးသွားခြင်းဆိုတဲ့ စကားလုံးရဲ့ အလေးချိန်ကို သူမ တကယ်နားလည်သွားပြီဖြစ်၏။
လူငါးယောက်အနက် ဝမ်ကျန့်ချင်တစ်ယောက်တည်းသာ တည်ငြိမ်နေပြီး ဖုန်းကိုကိုင်ကာ မက်ဆေ့ချ်ပို့နေသကဲ့သို့ ရှိနေလေသည်။
ကျန်းယဲ့၏ အကြည့်က လူအုပ်စုအပေါ်သို့ ဖြတ်ပြေးသွားပြီး ဝမ်ကျန့်ချင်ပေါ်သို့ ရောက်သောအခါ ခဏတာ ရပ်တန့်သွားရသည်။
ပြည်သူ့ရင်ပြင်တွင် လူငါးယောက်ကို အတူတကွ ချပေးခဲ့ပြီးနောက် ကျန်းယဲ့က ရီယဲ့ခရီးသွားအေဂျင်စီသို့ တစ်ယောက်တည်း ပြန်လာခဲ့လိုက်သည်။
အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်သည့်အရာမှာ ရေနွေးနွေးလေးဖြင့် ရေချိုးခြင်းပင်။ ထို့နောက် ခေါင်းကို တဘက်ဖြင့် ပတ်ကာ ထမင်းစားစားပွဲဆီသို့ လျှောက်သွားပြီး ဆေးသောက်လိုက်ကာ ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး လှဲလျောင်းလိုက်ခေသည်။
“စနစ်... စာရင်းရှင်းဖို့ ပြင်ဆင်ပါ...”
ပုံမှန်အားဖြင့် ချက်ချင်းတုံ့ပြန်လေ့ရှိသော စက်ရုပ်သံသည် ဤတစ်ကြိမ်တွင် မထင်မှတ်ဘဲ ကြန့်ကြာနေသဖြင့် ကျန်းယဲ့မှာ အံ့အားသင့်နေစဉ်မှာပင်။
[ဒင်... စနစ်က အဆင့်မြှင့်တင်နေပါတယ်။ ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးပါ...]
‘အဆင့်မြှင့်တင်တယ်’
ကျန်းယဲ့သည် ဆံပင်သုတ်နေသော အပြုအမူကို ရပ်တန့်လိုက်၏။
‘အဆင့်မြှင့်တင်ပြီးရင် စနစ်က ဘယ်လိုပုံစံဖြစ်သွားမလဲ... နောက်ပိုင်းတာဝန်တွေကိုရော ထိခိုက်မှုရှိနိုင်မလား’ သူတွေးလိုက်မိ၏။
တစ်ချိန်တည်းမှာပင် ချန်ရွှဲလင်းသည် အိမ်သို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာပြီး ဗီလာရှေ့တွင် သူ၏ကားတာယာများ ပွတ်တိုက်သံ ထွက်ပေါ်လာလေသည်။
ထို့နောက် အိမ်ထဲသို့ အပြေးအလွှား ဝင်သွားပြီး ဖိနပ်ပင်မချွတ်ဘဲ လှေကားသုံးထစ်ကို တစ်ခါတည်း လှမ်းတက်ကာ သူ၏ဖခင် စာကြည့်ခန်းထဲသို့ တန်းခနဲ ဝင်သွားလ်ုက်လေသည်။
“အဖေ... ကျွန်တော် ထန်မင်းဆက်ကနေ ပြန်ရောက်လာပြီ” သူက မောကြီးပန်းကြီးဖြင့် ဖုန်းကို မြှောက်ပြလိုက်၏။
ဗီဒီယိုအစည်းအဝေး လုပ်နေသော ချန်မင်က မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်လေသည်။ ဖန်သားပြင်ပေါ်ရှိ အမှုဆောင်အရာရှိ အများအပြားမှာလည်း တစ်ပြိုင်နက်တည်း အံ့အားသင့်သွားသော အမူအရာများကို ပြသလာခဲ့ကြသည်။
ချန်ရွှဲလင်းသည် ဖခင်၏ မျက်နှာပြင်ကျယ် အစည်းအဝေးကို အမြန်တစ်ချက် ကြည့်လိုက်၏။ ပုံမှန်အားဖြင့်ဆိုလျှင် ဤကဲ့သို့သောအချိန်မျိုးတွင် သူ ဘယ်သောအခါမှ ဝင်ရောက်နှောင့်ယှက်မည် မဟုတ်သော်လည်း ယခုအခါ ထိုစီးပွားရေး အစည်းအဝေးများက သူ့အတွက် ပြောပလောက်စရာ မဟုတ်တော့ပေ။
“အဖေ... ကျွန်တော် အရေးကြီးတာတစ်ခု ပြောစရာရှိတယ်” သူက စားပွဲဆီသို့ အမြန်လျှောက်သွားလိုက်သည်။
ချန်မင်က သူ၏သားကို အလွန်သိပေသည်။ ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါးနေတတ်သော ဤကောင်လေး ဤမျှလောက် တည်ငြိမ်မှု ပျက်ပြားသွားရသည်ဆိုလျှင် ထူးခြားသည့် တစ်စုံတစ်ရာ ဖြစ်ရမည်ဟု ယူဆလိုက်၏။
ထို့နောက် သူက ဖန်သားပြင်ဆီသို့ အေးစက်စွာ ပြောလိုက်သည်။ “အစည်းအဝေးကို ရပ်နားထားလိုက်မယ်...”
သူက ဗီဒီယိုချိတ်ဆက်မှုကို ချက်ချင်း ဖြတ်တောက်လိုက်ပြီး ခေါင်းလှည့်လိုက်သည့်အခါ ရွှေရောင်ဘောင်ကွပ် မျက်မှန်အောက်ရှိ သူ၏ ထက်မြက်သော အကြည့်များက သားဖြစ်သူ၏ မျက်နှာပေါ်ရှိ သဲပွင့်အချို့ပေါ်သို့ ကျရောက်သွားလေသည်။
“မင်းဆီမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိနေတာ ပိုကောင်းလိမ့်မယ်...”
ချန်ရွှဲလင်းသည် ဖခင်၏ ပေါက်ကွဲတော့မည့် ဒေါသကို လုံးဝသတိမထားမိချေ။ “အဖေ... အဖေက ကျွန်တော့်ကို ထန်မင်းဆက်ဆီ ပြန်ခေါ်သွားမယ့် အဲဒီခရီးသွားအဖွဲ့ထဲ ဝင်ခိုင်းခဲ့တာမလား..”
“အင်း” ချန်မင်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။
သူက ဖခင်၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်၏။ “အဖေ... အဖေက တကယ့်ကို ကျွန်တော့်အဖေပဲ။ အဖေ့ကျေးဇူးကြောင့် အဖေ့သားက အချိန်ခရီးသွားတာကို တွေ့ကြုံခံစားခွင့် ရခဲ့ပြီ။ အဖေ့ကို ကျွန်တော် ပြောပြမယ်... ကျွန်တော်တို့ တကယ်ပဲ ထန်မင်းဆက်ကို ခရီးသွားခဲ့တာ။ ကျွန်တော် အန်းရှီးတပ်မတော်နဲ့တောင် တွေ့ခဲ့သေးတယ်”
“အန်းရှီးတပ်မတော်အကြောင်း အဖေ သိလား”
ချန်ရွှဲလင်းသည် ဖခင်ကို စကားဖြတ်ပြောရန် အခွင့်အရေး မပေးဘဲ ဆက်တိုက်ပြောနေခဲ့သည်။ “အဲဒါက ထန်မင်းဆက် ပြည်တွင်းရေး ရှုပ်ထွေးနေချိန်နဲ့ ထန်မင်းဆက်က အနောက်ဘက်ဒေသတွေကို စွန့်လွှတ်လိုက်ချိန်မှာ အဲဒီနေရာမှာ တပ်စွဲထားတဲ့ ထန်တပ်မတော်လေ။ အဲဒါက ဘာအကူအညီ... ဘာစစ်ကူမှ မပါဘဲ လေးဆယ့်နှစ်နှစ်တိုင်တိုင် ရုန်းကန်ခဲ့ရတဲ့ တပ်စခန်းတစ်ခုပဲ”
“လေးဆယ့်နှစ်နှစ်တိုင်တိုင် သူတို့ ဘယ်တော့မှ အရှုံးမပေးခဲ့ဘဲ သူတို့ရဲ့ တပ်မတော်တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရတဲ့အထိ တိဗက်မျိုးနွယ်စု အမျိုးမျိုးရဲ့ ဝိုင်းရံပိတ်ဆို့မှုတွေကို တွန်းလှန်ခဲ့ကြတာ...”
“မိုင်တစ်သောင်းအကွာက အထီးကျန်မြို့လေးမှာ ဆံပင်ဖြူနေတဲ့ စစ်သည်တွေနဲ့ ပြည့်နှက်နေတယ်... အဲဒါက သူတို့ကို ဖော်ပြတဲ့ စကားပဲ”
ချန်မင်က လက်ကို မြှောက်လိုက်၏။ “တော်တော့... တော်တော့... တော်ပါတော့။ မင်း ငါ့ကို ရှင်းပြနေစရာ မလိုဘူး။ မင်းအဖေ့ရဲ့ သမိုင်းပညာက အန်းရှီးတပ်မတော်အကြောင်းတောင် မသိလောက်အောင်အထိ ဆိုးရွားမနေပါဘူးဟ”
ချန်မင်၏ သွယ်လျသော လက်ချောင်းများက သစ်သားစားပွဲမျက်နှာပြင်ကို ခပ်ဖွဖွ ခေါက်လိုက်ပြီး ရွှေရောင်ဘောင်ကွပ် မျက်မှန်အောက်ရှိ သူ၏အကြည့်များက သားဖြစ်သူကို အကဲခတ်နေချေသည်။
“မင်းက တကယ်ပဲ အချိန်ခရီးသွားခဲ့တယ်လို့ ပြောနေတာလား...”
“ဒါ လုံးဝ အမှန်ပဲ” ချန်ရွှဲလင်းက ဖုန်း၏ ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်လိုက်လေသည်။ “အဖေ... ကြည့်လိုက်”
ဖန်သားပြင်ပေါ်တွင် မြင်ကွင်းကျယ် ဓာတ်ပုံတစ်ပုံ ပေါ်လာခဲ့သည်။
နေဝင်ဆည်းဆာက သွေးကဲ့သို့ နီရဲနေပြီး မြေဝါရောင် မြို့ရိုးတစ်ခုက ခမ်းနားစွာ တည်ရှိနေခဲ့သည်။ မြို့ရိုးပေါ်တွင် လွင့်ပျံနေသော ထန်မင်းဆက်အလံက အရောင်လွင့်နေပြီဖြစ်သော်လည်း ခေါင်းမာစွာ လွင့်ထူထားဆဲပင်။
မြို့ရိုးပေါ်ရှိ စစ်သည်အိုက နားထင်တွင် ဆံပင်များဖြူနေပြီး ထင်းရှူးပင်ကဲ့သို့ မတ်မတ်ရပ်နေကာ သူ၏ တောက်ပနေသော သံချပ်ကာပေါ်တွင် ဓားရာများ ပြည့်နှက်နေခဲ့သည်။
ချန်မင်၏ မျက်စိသူငယ်အိမ်က အနည်းငယ် ကျုံ့သွားရလေသည်။ ရှေးဟောင်းပစ္စည်း စုဆောင်းသူတစ်ဦးအနေဖြင့် ဤကဲ့သို့သောအရာများကို သူ အထိခိုက်မခံဆုံးဖြစ်သည်။
“ဒီသံချပ်ကာက... သူ့ရဲ့ ဒီဇိုင်းက ထန်မင်းဆက်ရဲ့ စည်းမျဉ်းတွေနဲ့ လုံးဝကိုက်ညီနေတယ်... ပြီးတော့ သူ့ပေါ်က ပွတ်တိုက်မိတဲ့ အရာတွေက...”
“ဒီဓားရာတွေက သူတို့ တိဗက်တွေနဲ့ တိုက်ပွဲဝင်ခဲ့တုန်းက အရာတွေလေ။ ညွှန်ကြားရေးမှူးကျန်းက ဒီတစ်ခေါက် သံချပ်ကာတချို့ ယူသွားပေမယ့် အများကြီး လိုနေသေးတယ်။ နောက်တစ်ခေါက် ကျွန်တော်သွားရင် သူတို့တစ်ယောက်ချင်းစီအတွက် တစ်စုံစီ ပြင်ဆင်သွားဖို့ စီစဉ်ထားတယ်...”
သားဖြစ်သူက ထပ်ပြီး အရည်မရ အဖတ်မရတွေ ဆက်တိုက်ပြောတော့မည်ကို မြင်သောအခါ ချန်မင်က သူ့ကို အမြန်ရပ်ခိုင်းလိုက်ရသည်။
“တော်တော့... တော်တော့... တော်တော့”
ရုတ်တရက် အရက်နံ့တစ်ခုက သူ၏နှာခေါင်းဝသို့ ဖြတ်သန်းသွားလေသည်။
သူ အနည်းငယ် ရှေ့တိုးလိုက်ရာ သားဖြစ်သူထံမှ အရက်နံ့ ထွက်ပေါ်နေခဲါသည်။ “မင်း အရက်သောက်ထားတာလား...”
ချန်ရွှဲလင်းက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ခူချာဝိုင်လေ.. အစောင့်အရှောက်ဗိုလ်ချုပ်ကြီး အိမ်တော်မှာ ကျွန်တော်တို့ သောက်ခဲ့တာ။ အဲဒါက ဗိုလ်ချုပ်ကြီးကော အနှစ်နှစ်ဆယ်ကြာ သိမ်းဆည်းထားပြီး ကျွန်တော်တို့ကို ဧည့်ခံဖို့ အထူးထုတ်လာတဲ့ ဝိုင်ကောင်းတစ်မျိုးပဲ... ”
“ဒါနဲ့ ပြောရရင် ညွှန်ကြားရေးမှူးကျန်းရဲ့ စေတနာကြောင့် ကျွန်တော်တို့ အကျိုးအမြတ် ရခဲ့သေးတယ်။ သူသာ ထောက်ပံ့ရေးပစ္စည်းတွေ အများကြီး မပို့ခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဘာမှရခဲ့မှာ မဟုတ်ဘူး။ နေဦး... ကျွန်တော် ညွှန်ကြားရေးမှူးကျန်းဆီကို ပိုက်ဆံနည်းနည်း ပို့ပေးရဦးမယ်... မဟုတ်ရင် အဖေ့သားက အလကားလိုက်စားတဲ့လူလို့ အထင်ခံရလိမ့်မယ်”
ချန်မင်က ငွေကြေးအတွက် ဂရုမစိုက်ချေ။
“မင်းဖုန်းကို ပြစမ်း”
သူက ဓာတ်ပုံထဲရှိ အသေးစိတ်တိုင်းကို ဂရုတစိုက် လေ့လာလိုက်၏။
ဝါရင့်စစ်သည်၏ လက်ပေါ်ရှိ အသားမာများ၊ သံချပ်ကာ အဆစ်များရှိ နှစ်ကာလ၏ အရိပ်အယောင်များ၊ မြို့ရိုးရှိ မြေသားကျစ်ကျစ်လစ်လစ် အသွင်အပြင်များ... ပိုကြည့်လေလေ သူ၏အမူအရာက ပိုမိုလေးနက်လာလေလေပင်။
“အရမ်းကို အစစ်နဲ့တူတာပဲ” သူက ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ရုတ်တရက် မော့ကြည့်လာခဲ့သည်။ “မင်း တစ်ခုခုများ ပြန်ယူလာသေးလား...”
ချန်ရွှဲလင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး သူ၏အိတ်ကပ်ထဲမှ သားရေရေဘူးတစ်ခုကို ဆွဲထုတ်လိုက်လေသည်။ “ဒါပဲ...”
ရေဘူးပေါ်ရှိ အန်းရှီးဟူသော စာလုံးများu အရောင်လွင့်နေပြီဖြစ်သော်လည်း ရှင်းလင်းစွာ ဖတ်ရှုနိုင်ဆဲဖြစ်ပြီး အနောက်ဘက်တွင်လည်း ကျန်းယွမ်ခေတ် စတုတ္ထနှစ်တွင် ပြုလုပ်သည်ဟူသော စာလုံးငယ်လေးများကို ရိုက်နှိပ်ထားချေသည်။
ချန်မင်က ရေဘူးကို ယူလိုက်၏။ ရှေးဟောင်းပစ္စည်း စုဆောင်းသူတစ်ဦးအနေဖြင့် ဤကဲ့သို့ ကောင်းမွန်စွာ ထိန်းသိမ်းထားသော ထန်မင်းဆက်မှ သားရေပစ္စည်းများက မည်သည့်အဓိပ္ပါယ်ကို ဆောင်သည်ကို သူ အလွန်ကောင်းစွာ သိထားပေသည်။
ရေဘူးထဲတွင် ဝိုင်အနည်းငယ် ကျန်ရှိနေသေးပြီး သူ၏သားဖြစ်သူထံမှ ရရှိသော ဝိုင်အဟောင်း ရနံ့မျိုး ထွက်ပေါ်နေခဲ့သည်။
အရာအားလုံးက သူ၏သားသည် ထန်မင်းဆက်ဆီသို့ တကယ်ပဲ အချိန်ခရီးသွားခဲ့ကြောင်း ညွှန်ပြနေချေသည်။
ယခင်က သားဖြစ်သူကို ထန်မင်းဆက် ခရီးသွားအဖွဲ့ထဲ ဝင်ခိုင်းခဲ့သည်မှာ သူ၏ယောက်ဖဝမ်းကွဲကြောင့်သာ ဖြစ်၏။
အခု ပြန်တွေးကြည့်တော့...
‘ဟူး... ငါ ယောက်ဖဝမ်းကွဲကို ကျေးဇူးတင်ရတော့မယ်...’
ချန်မိသားစုဘက်တွင် ချန်၏ဖခင်က သားဖြစ်သူ၏ စကားများကို ယုံကြည်ခဲ့သော်လည်း ထုံယီနှင့် ဟယ်ရွှိတို့၏ မိသားစုများရှိ မိဘများကမူ သားဖြစ်သူ၏ စကားများကို ကြားပြီးနောက် လုံးဝမယုံကြည်ကြချေ။
သူတို့က ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပြသခဲ့လျှင်ပင် သူတို့၏သားဖြစ်သူ ဖန်တီးထားသော ကလေးဆန်သည့် လုပ်ရပ်များအဖြစ်သာ သတ်မှတ်ပယ်ချခဲ့ကြ၏။
“ချန်မိသားစုက အဲဒီကောင်လေးနဲ့ ခရီးသွားဖို့ ငါပြောလိုက်တာကို မင်းက ဒီလိုလာလုပ်ရသလား။ မင်းအဖေကို အရူးလာလုပ်နေတာလား” ထုံယီ၏ဖခင်က သူ၏နဖူးကို ပြင်းပြင်းထန်ထန် ခေါက်လိုက်ရာ နာကျင်မှုကြောင့် ထုံယီတစ်ယောက် တိတ်သွားခဲ့ရခေသည်။
“ယုံတာ မယုံတာ အဖေ့သဘောပဲ...” ထုံယီက မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။
“မင်း အရိုက်ခံချင်နေတာပဲ”
ဖခင်ဖြစ်သူ လက်ထပ်မရွယ်လာမီ ထုံယီက အမြန်ထွက်ပြေးသွားခေသည်။
ဟယ်ရွှိ၏ အခြေအနေမှာလည်း ထုံယီနှင့် အတူတူလောက်နီးပါးပင်။