အခန်း (၇၂) ခွဲခွာခြင်း
ယန်ဖန်ဟာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အဖျားလုံးဝကျသွားပြီဖြစ်ကြောင်း အတည်ပြုရန် ကလေး၏နဖူးကို ညင်သာစွာ စမ်းကြည့်လိုက်၏။
ထို့နောက် သူမက စွန်ပလွံသီးခြောက်များကို ယူလိုက်လေသည်။ “လိမ္မာလိုက်တဲ့ ကလေးလေး... သမီး မေမေ့စကားကို နားထောင်ရမယ်နော်...”
ကျန်းယဲ့က အမျိုးသမီးပေးသော နံပြားနှင့် စွန်ပလွံသီးခြောက်များကို လက်ခံယူလိုက်ပြီး သူမက ကလေးကိုပွေ့ချီကာ ပျော်ရွှင်စွာ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်လေသည်။
အမျိုးသမီး၏ ပုံရိပ် ခြံတံခါးအပြင်ဘက်သို့ ပျောက်ကွယ်သွားပြီးနောက် သူက ကောရှင်းဘက်သို့ လှည့်ကာ အလွန်တိုးညင်းသော အသံဖြင့် ပြောလိုက်၏။ “ဗိုလ်ချုပ်ကြီး... ကျွန်တော် ခင်ဗျားကို သီးသန့် သတင်းပို့စရာ ကိစ္စတစ်ခု ကျန်ပါသေးတယ်”
ကျန်းယဲ့၏ မျက်လုံးများထဲမှ ပုံမှန်မဟုတ်သော လေးနက်မှုကို မြင်သောအခါ ဤကိစ္စက အလွန်အရေးကြီးကြောင်း ကောရှင်း သိလိုက်ပြီး ချက်ချင်း ခေါင်းညိတ်လိုက်၏။ “ငါ့နောက် လိုက်ခဲ့ပါ...”
ထိုသို့ပြောပြီးနောက် သူက လှည့်ကာ ဦးဆောင်သွားလိုက်သည်။ သူတို့နှစ်ဦးဟာ အနီးဆုံး အခန်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြပြီး သူတို့နောက်ရှိ သစ်သားတံခါးက ညင်သာစွာ ပိတ်သွားခဲ့သည်။
ထိုအခါမှ ကျန်းယဲ့က စကားစလိုက်၏။ “ဗိုလ်ချုပ်ကြီး... ထန်စစ်သည်တွေရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်နေတဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်။ ပေထင်အစောင့်အရှောက်နယ်မြေနဲ့ ဆက်သွယ်ဖို့ လူတစ်ယောက်ကို အမြန်ဆုံး စေလွှတ်ပေးပါ။ ကာလွတ် မျိုးနွယ်စုက နောက်နှစ်မှာ တိဗက်တွေနဲ့ လျှို့ဝှက်ပူးပေါင်းလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ အချိန်မီ ကြိုတင်ကာကွယ်မှုတွေ မလုပ်ဘူးဆိုရင် ပေထင်က နောက်နှစ်ဆောင်းရာသီမှာ သေချာပေါက် ကျဆုံးသွားလိမ့်မယ်။ ပြီးတော့...”
ကျန်းယဲ့က စကားရပ်လိုက်ပြီး သူ၏လေသံက လေးလံသွားကာ စကားလုံးများကို ခက်ခက်ခဲခဲ ထုတ်ဖော်ပြောဆိုလိုက်ချေသည်။ “လုံးဝ အမြစ်ပြတ် သုတ်သင်ခံရလိမ့်မယ်...”
ကောရှင်း၏ မျက်စိသူငယ်အိမ်က ရုတ်တရက် ကျုံ့သွားရသည်။
ကျန်းယဲ့က သူ၏အိတ်ကပ်ထဲမှ ချုပ်ထားသော စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူလိုက်၏။ “ဘိလပ်မြေ ဖော်စပ်နည်း၊ ယမ်းမှုန့်ပြုလုပ်နည်း၊ မိုးခေါင်ရေရှားဒဏ်ခံနိုင်တဲ့ သီးနှံတွေ စိုက်ပျိုးဖို့ အဓိကအချက်တွေ၊ ရိုးရှင်းတဲ့ ဆေးပညာလက်စွဲစာအုပ်... သိမ်းထားသင့်တဲ့ အရာအားလုံးကို ဒီထဲမှာ မှတ်တမ်းတင်ထားပါတယ်...”
ထို့နောက် သူက သူ၏အတွင်းအိတ်ကပ်ထဲမှ နောက်ထပ် စာအုပ်ငယ်တစ်အုပ်နှင့် အသစ်စက်စက် လက်ကိုင်ဖုန်းတစ်လုံးကို ထုတ်ယူကာ ကောရှင်းထံသို့ ကမ်းပေးရင်း ပြောလိုက်၏။ “ဒါတွေက ဗိုလ်ချုပ်ကြီးအတွက် အထူးပြင်ဆင်ထားတာပါ...”
ကောရှင်းက ပေါ့ပါးပုံရသော်လည်း အမှန်တကယ် လေးလံသော ထိုအရာကို လေးနက်စွာ လက်ခံယူလိုက်လေသည်။
“နှစ်တစ်ထောင်ကြာပြီးတဲ့နောက် ထန်မင်းဆက်က ဘယ်လိုအခြေအနေမျိုး ဖြစ်နေလဲဆိုတာကို ဗိုလ်ချုပ်ကြီး ဘယ်တုန်းကမှ မမေးခဲ့ဘူးနော်”
ဗိုလ်ချုပ်ကြီးကော၏ စိုးရိမ်ပူပန်မှုများကို ကျန်းယဲ့ နားလည်ပြီး ယမန်နေ့ညက ဤကိစ္စကို ထုတ်ဖော်ပြောဆိုရန် မသင့်တော်ခဲ့ချေ။
တကယ်တော့ အမှန်တရားကို လူတိုင်း သိကြသော်လည်း မည်သူကမျှ ထုတ်ဖော်မပြောကြခြင်းသာ ဖြစ်သည်။
ကျန်းယဲ့က ပစ္စည်းနှစ်ခုကို စတင်မိတ်ဆက်ပေးရင်း ပြောလိုက်၏။ “ဒီစာအုပ်ငယ်မှာ နှစ်ထောင်ပေါင်းများစွာရဲ့ အပြောင်းအလဲတွေကို မှတ်တမ်းတင်ထားပါတယ်”
ဗိုလ်ချုပ်ကြီးကော ဖတ်ရှုရလွယ်ကူစေရန် ကျန်းယဲ့ဟာ စာသားများကို တရားဝင် ထန်မင်းဆက်သုံး စံစာလုံးများအဖြစ် အထူးပြောင်းလဲပေးထားချေသည်။
ထိုစာအုပ်ငယ်ထဲတွင် လာမည့်နှစ်တစ်ထောင်အတွင်း ဖြစ်ပေါ်လာမည့် ကြီးမားလှသော အပြောင်းအလဲများ၊ ဒေသခံစစ်ဘုရင်များ၏ ခွဲထွက်အုပ်ချုပ်မှုမှသည် ဟွမ်ချောင်းပုန်ကန်မှုအထိ၊ မင်းဆက်ငါးခုနှင့် တိုင်းပြည်ဆယ်ခုခေတ်မှသည် ဆုန့်မင်းဆက်မှ ယွမ်မင်းဆက်သို့ အကူးအပြောင်းကာလအထိ သိပ်သည်းစွာ မှတ်တမ်းတင်ထားချေသည်။
ဖုန်းထဲတွင် ဒေါင်းလုဒ်လုပ်ထားပြီးဖြစ်သော အချက်အလက်များတွင် ထန်မင်းဆက်၏ အတက်အကျများသာမက ဘိလပ်မြေထုတ်လုပ်ခြင်းနှင့် အခြားအကြောင်းအရာများဆိုင်ရာ ဗီဒီယိုလမ်းညွှန်များ၊ ဤဂိုဘီသဲကန္တာရအတွင်းရှိ အန်းရှီးတပ်မတော်၏ နောက်ဆုံးတိုက်ပွဲအကြောင်း အသေးစိတ် မှတ်တမ်းများလည်း ပါဝင်၏။
အေဒီ ၇၉၀ ဆောင်းရာသီတွင် ပေထင် ကျဆုံးခဲ့သည်။ အေဒီ ၈၀၈ ခုနှစ်တွင် တိဗက်တပ်မတော်က ဝင်ရောက်ဖိအားပေးလာပြီး ဆံပင်ဖြူနေသော ဝါရင့်စစ်သည်များက ခူချာမြို့နှင့်အတူ ပျက်စီးဆုံးရှုံးခဲ့ရသည်...
“ဒီအရာက အလုပ်လုပ်ဖို့ လျှပ်စစ်လိုအပ်တယ်။ အဲဒါကို အားသွင်းတယ်လို့ ခေါ်တယ်။ ဒီတစ်ခေါက် ကျွန်တော်တို့က အလျင်စလို လာခဲ့ရလို့ နေရာအခက်အခဲ ရှိတယ်။ နောက်တစ်ခေါက်ကျရင် ဗိုလ်ချုပ်ကြီးအတွက် အားသွင်းကိရိယာ အစုံအလင်ကို ယူလာခဲ့ပေးမယ်။ အခု ဖုန်းအားကုန်သွားရင် ဒီအားသွင်းဘဏ်တွေကို ယာယီသုံးလို့ရပါတယ်”
ကျန်းယဲ့က သူ၏ ကျောပိုးအိတ်ထဲမှ ပမာဏအလွန်ကြီးမားသော အားသွင်းဘဏ်ငါးခုကို ထုတ်ယူလိုက်၏။
ကောရှင်းက အသေအချာ နားထောင်ပြီး မှတ်သားထားလိုက်ရာ သူ၏ရင်ထဲတွင် ဖော်ပြ၍မရသော သက်သာရာရမှုတစ်ခု ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရလေသည်။
ကောရှင်း၏ အသားမာတက်နေသော လက်များက နှစ်တစ်ထောင် အတက်အကျများကို သက်သေခံမည့် ပစ္စည်းကို ကိုင်ဆောင်ထားခဲ့သည်။ နံနက်ခင်း အလင်းရောင်က ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာပြီး အရေးအကြောင်းများ ပြည့်နှက်နေသော သူ၏မျက်နှာပေါ်တွင် အနိမ့်အမြင့် အရိပ်များကို ထိုးကျစေခဲ့သည်။
စစ်သူကြီးအိုသည် သူ၏မျက်ခွံများကို ဖြည်းညှင်းစွာ ပင့်တင်လိုက်ရာ ရေတွက်မရနိုင်သော သေဆုံးမှုများကို မြင်တွေ့ခဲ့ရသည့် သူ၏ ထက်မြက်သော မျက်လုံးများတွင် ယခုအခါ ရှားပါးသော လှိုင်းဂယက်တစ်ခု ပေါ်လွင်နေချေသည်။ သူ၏ အက်ကွဲနေသော အသံက တိတ်ဆိတ်နေသော အခန်းထဲတွင် အထူးပင် ရှင်းလင်းနေလေသည်။
“သခင်လေးကျန်း... ငါတို့ရဲ့ ချို့ယွင်းနေတဲ့ ခန္ဓာကိုယ်တွေနဲ့ ကံကြမ္မာကို တကယ်ပဲ အာခံနိုင်ပါ့မလား။ ထန်မင်းဆက်ရဲ့ ကံကြမ္မာကို ငါတို့... ပြန်လည်ရေးဆွဲနိုင်ပါ့မလား...”
ကျန်းယဲ့က ဆံပင်ဖြူနေသော စစ်သူကြီး၏ ရာသီဥတုဒဏ်ခံထားရသော မျက်နှာကို စိုက်ကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေလေသည်။
အပြင်ဘက်မှ ငှက်များ၏ တေးဆိုသံများ ထွက်ပေါ်လာပြီး နေရောင်ခြည်တစ်တန်းက သူ၏ ဆုပ်ကိုင်ထားသော လက်သီးပေါ်သို့ တည့်မတ်စွာ ကျရောက်လာခဲ့သည်။
“ရနိုင်ပါတယ်”
ထိုစကားလုံးက အားကောင်းစွာ ဟိန်းထွက်သွားပြီး ကျဉ်းမြောင်းသော အခန်းထဲတွင် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေခဲ့သည်။
သူတို့ခြောက်ဦး ဤအချိန်နှင့် နေရာသို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် ကံကြမ္မာ၏ လမ်းကြောင်းများသည် တိတ်တဆိတ် လမ်းခွဲသွားခဲ့ပြီဖြစ်သည်။
ရွေးချယ်မှုတိုင်း၊ ဝင်ရောက်စွက်ဖက်မှုတိုင်းက အချိန်ကာလ၏ မြစ်ပြင်ပေါ်တွင် လှိုင်းဂယက်အသစ်များကို ဖြစ်ပေါ်စေပြီး လုံးဝကွဲပြားခြားနားသော သမိုင်းဝင် ပန်းချီကားတစ်ချပ်ကို ရက်လုပ်နေခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်ရှိ တဖြည်းဖြည်း လင်းထိန်လာသော နံနက်ခင်းအလင်းရောင်ကို ကျန်းယဲ့ စိုက်ကြည့်နေစဉ် ယခုသူတို့ ရောက်ရှိနေသော အန်းရှီးနယ်မြေက ရေတွက်မရနိုင်သော အပြိုင်ကမ္ဘာများကြားတွင် ထူးခြားသော နယ်ပယ်တစ်ခု ဖြစ်လာပြီဖြစ်ကြောင်း သူ နားလည်လိုက်၏။
ဤနေရာတွင် ဆံပင်ဖြူနေသော ဝါရင့်စစ်သည်များက ကွဲပြားခြားနားသော နိဂုံးချုပ်တစ်ခုကို စောင့်ဆိုင်းနေကောင်း စောင့်ဆိုင်းနေနိုင်ပေသည်။ ခူချာ၏ မြို့ရိုးများပေါ်ရှိ ထန်မင်းဆက်၏ အလံများက အခြားဖြစ်နိုင်ခြေတစ်ခုကို သက်သေခံကောင်း သက်သေခံနိုင်ပေသည်။
အပြောင်းအလဲဖြစ်ပေါ်သည့် အခိုက်အတန့်တိုင်းက လေဟာနယ်ထဲတွင် အသစ်စက်စက် အချိန်မျဉ်းတစ်ခုကို မွေးဖွားပေးနိုင်သည်။
ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့သော ထန်မင်းဆက်၊ ဘယ်သောအခါမှ မကျဆုံးခဲ့သော အန်းရှီး သို့မဟုတ် လုံးဝကွဲပြားခြားနားသော ယဉ်ကျေးမှုလမ်းကြောင်းတစ်ခု ရှိကောင်းရှိလာနိုင်ပေမည်။
သူတို့နှစ်ဦး အခန်းထဲမှ ထွက်လာချိန်တွင် ကောင်းကင်မှာ လင်းထိန်နေပြီဖြစ်ပြီး နေရောင်ခြည်က တိမ်တိုက်များကို ထိုးဖောက်ကာ မြို့ရိုးပေါ်ရှိ ထန်အလံများပေါ်သို့ ဖြာကျနေခဲ့သည်။
ကျန်းယဲ့က အချိန်ကို စစ်ဆေးလိုက်ပြီး အသက်ပြင်းပြင်းရှူကာ “ဗိုလ်ချုပ်ကြီးနဲ့ လူကြီးမင်းတို့... ကျွန်တော်တို့ သွားသင့်ပြီ”
သူ စကားပြောပြီးသည်နှင့် ခြံဝင်းအတွင်း ရုတ်တရက် ထူးဆန်းသော လှိုင်းထမှုတစ်ခု ပေါ်ပေါက်လာခေသည်။
လေထု တွန့်လိမ်သွားသည်နှင့်အမျှ အဝါရောင်သန်းနေသော ကောစတာကားတစ်စီးက ခြံဝင်းအတွင်း၌ ဘာမှမရှိသော နေရာမှနေ၍ ပေါ်ထွက်လာခဲ့သည်။ ၎င်း၏ သတ္တုကိုယ်ထည်က နံနက်ခင်း နေရောင်ကို ရောင်ပြန်ဟပ်နေပြီး ခြံဝင်းတစ်ခုလုံးအပေါ် အဝါဖျော့ရောင် အလင်းစက်ဝိုင်းတစ်ခု လွှမ်းခြုံသွားစေခဲ့သည်။
“ဒါ... ဒါက...”
ကျန်းချန်နှင့် အခြား ဗိုလ်ချုပ်များ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် တုန်လှုပ်မှုများ ရှိနေလေသည်။
ရဲရင့်သော ဝါရင့်စစ်သည်အချို့က သိချင်စိတ်ဖြင့် စုရုံးလာကြပြီး သူတို့၏ ကြမ်းတမ်းသော လက်များဖြင့် အေးစက်နေသော ကားကိုယ်ထည်ကို ဂရုတစိုက် ထိတွေ့ကြည့်ကြ၏။
“ဒါ သံလှည်းကြီးပဲ... ဗီဒီယိုထဲကလို သူ့ဟာသူ ပြေးနိုင်တဲ့ သံလှည်းကြီးဟေ့...” လူငယ်စစ်သည်တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်ချေသည်။
ကောရှင်းသည် မတ်တပ်ရပ်နေသော်လည်း သူ၏မျက်လုံးထဲမှ အံ့အားသင့်မှုကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။
အရင်က အဝေးမှသာ လှမ်းမြင်ခဲ့ရသော်လည်း ယခု အနီးကပ် မြင်တွေ့ရသောအခါ အံ့အားသင့်မှုမှာ ဖော်ပြ၍မရနိုင်အောင်ပင်။
သူ၏ အိုမင်းနေသော မျက်နှာက ကားပေါ်တွင် ထင်ဟပ်နေသည်ကို သူမြင်လိုက်ရသလို သူ့နောက်သို့ ဆယ်စုနှစ်များစွာ လိုက်ပါလာခဲ့ကြသော ဝါရင့်စစ်သည်များသည်လည်း ယခုအခါ ဤသံမဏိဘီလူးကြီးကို သိချင်စိတ်ဖြင့် အံ့သြနေကြသည်ကို မြင်တွေ့လိုက်ရသည်။
အချို့က ကားပြတင်းပေါက်များမှတစ်ဆင့် ချောင်းကြည့်ကြပြီး အချို့က ဘေးကြည့်မှန်များကို သိချင်စိတ်ဖြင့် ပွတ်သပ်ကြည့်ကြကာ အချို့ကမူ ကားတာယာ အရာများကို လေ့လာရန် မြေပြင်ပေါ်တွင် ဒူးထောက်နေကြချေသည်။
ကား၏ လက်မတိုင်း၊ အရာတိုင်းက သူတို့အတွက် အသစ်အဆန်းဖြစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့သည်။
“ဒါ မှန်လား.... အရမ်းကို ကြည်လင်တာပဲ”
မှန်များအကြောင်း ပြောသည်ကို ကြားသောအခါ ကျန်းယဲ့က သူ၏နဖူးကို ရိုက်လိုက်မိပြီး မှန်အချို့ ယူလာရန် မေ့သွားကြောင်း သတိပြုမိသွားလေသည်။
‘ဒီအရာကို ယူလာရင် သေချာပေါက် ဈေးကောင်းရမှာပဲ..’
‘နောက်တစ်ခေါက် မလာခင် ဘာတွေ ယူလာသင့်လဲဆိုတာကို သေချာ စဉ်းစားရမယ်...’
“ဒါ တစ်နေ့ကို မိုင်တစ်ထောင် ခရီးနှင်နိုင်တဲ့ နတ်ရထားပဲ...” ကျောက်ချီက သူ၏ အက်ကွဲနေသော လက်ကို ဆန့်ထုတ်ကာ ကားတံခါးလက်ကိုင်ကို ဂရုတစိုက် ထိတွေ့လိုက်သည်။ “အနာဂတ် နှစ်တစ်ထောင်က လူတွေက ဒီလို နတ်ရထားမျိုးနဲ့ ခရီးသွားနိုင်တာ အရမ်းကို အံ့သြစရာကောင်းတာပဲ....”
ကျန်းယဲ့က သူ၏ နာရီကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အဖော်များကို လှမ်းခေါ်လိုက်၏။ “အချိန်ကျပြီ... ကားပေါ်တက်ကြစို့”
ထိုစကားကို ကြားသောအခါ ချန်ရွှဲလင်းနှင့် အခြားသူများuက နှစ်တစ်ထောင် ကြေကွဲဖွယ်သမိုင်းကို သက်သေခံခဲ့သော အထီးကျန် မြို့လေးကို လွမ်းဆွတ်စွာ စိုက်ကြည့်လိုက်ကြသည်။
မထွက်ခွာမီ ကျန်းယဲ့သည် ကောရှင်းကို တင်းကျပ်စွာ ဖက်လိုက်ရာ စစ်သူကြီးအို၏ သံချပ်ကာအောက်ရှိ ပိန်ချုံးနေသော ခန္ဓာကိုယ်ကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။
“ဂရုစိုက်ပါ ဗိုလ်ချုပ်ကြီး။ စစ်သည်တော်ကြီးတို့ အားလုံးပဲ ဂရုစိုက်ကြပါ...”
ကားတံခါး ပိတ်သွားသော တုံးတိတိအသံနှင့်အတူ လူငယ်မျက်နှာ ခြောက်ခုက ကားပြတင်းပေါက်ကို ကပ်လျက် ရှိနေခဲ့ကြသည်။
ကားပြတင်းပေါက် အပြင်ဘက်တွင် နားထင်၌ ဆံပင်ဖြူနေသော ဝါရင့်စစ်သည်များက သပ်ရပ်စွာ တန်းစီရပ်နေကြပြီး သူတို့၏ သံချေးတက်နေသော သံချပ်ကာများက နံနက်ခင်း နေရောင်ကို ရောင်ပြန်ဟပ်နေကာ သူတို့က လက်အုပ်ချီ၍ အရိုအသေပေးနေကြလေသည်။
ကောရှင်းသည် ရှေ့ဆုံးတွင် ရပ်နေပြီး သူ၏ ဆံပင်ဖြူများနှင့် မုတ်ဆိတ်မွေးများက နံနက်ခင်း လေညင်းတွင် လွင့်ပျံနေခဲ့သည်။ “အန်းရှီးတပ်မတော်က ကျေးဇူးရှင်တို့ကို ရိုသေလေးစားစွာနဲ့ နှုတ်ဆက်ပါတယ်...”
“ကျေးဇူးရှင်တိုါကို ရိုသေလေးစားစွာ နှုတ်ဆက်ပါတယ်” ကျယ်လောင်သော အသံကြီးက ခြံဝင်းအတွင်း၌ ပဲ့တင်ထပ်သွားချေသည်။
ကျန်းယဲ့နှင့် သူ၏ အဖော်ခြောက်ဦးတို့ဟာ အထီးကျန်မြို့လေး၊ ဆယ်စုနှစ်များစွာ တောင့်ခံခဲ့သော စစ်သည်များ နှင့် လွင့်ပျံနေသော ထန်မင်းဆက်၏ အလံကို နောက်ဆုံးအကြိမ်အဖြစ် ကြည့်ရှုလိုက်ကြ၏။
နောက်ခဏ၌ အဖြူရောင်အလင်းတန်းတစ်ခုက သူတို့ကို လွှမ်းခြုံသွားသည်နှင့်အမျှ သူတို့၏ ပုံရိပ်များက ကားနှင့်အတူ နံနက်ခင်း အလင်းရောင်ထဲသို့ ပျောက်ကွယ်သွားချေသည်။
တစ်ပြိုင်နက် သိမ်းငှက်တစ်ကောင်က မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်ကာ ထွက်ပေါ်လာသော နေမင်းဆီသို့ ပျံသန်းသွားပြီး သူ၏ တောင်ပံများကို ခတ်လျက် အရှေ့ဘက်ဆီသို့ မြင့်မားစွာ ပျံသန်းသွားလေသည်။