အခန်း (၇) ရတနာများ ဆက်သခြင်း
ကျန်းယဲ့က အလျင်အမြန် ပြောလိုက်၏။ “အရာရှိမင်း... မလန့်ပါနဲ့။ ရတနာကို အသက်သွင်းဖို့ ခလုတ်ကို လူတစ်ယောက်ယောက် ထိလိုက်တာနဲ့ အလိုအလျောက် လင်းလာတာပါ.. ”
ထောင်စောင့်များသည် မြေပြင်ပေါ်တွင် ကျနေသော ဖုန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြလေသည်။
နောက်ခဏ၌ ထောင်စောင့်တစ်ဦးက ရဲရင့်စွာ ရှေ့ထွက်လာပြီး တောက်ပနေသော ဖုန်းကို ကောက်ယူလိုက်သည်။ ရတနာမှာ အန္တရာယ်မရှိဘဲ မည်သူ့ကိုမျှ မထိခိုက်စေနိုင်ကြောင်း မြင်သောအခါ စိတ်အေးချမ်းသာစွာဖြင့် လက်ထဲတွင် ကိုင်ထားလိုက်၏။
“ဆီမီးခွက်လို အလင်းရောင်ပေးတဲ့ဟာမျိုးလား” ထောင်မှူးတစ်ဦးက မေးလိုက်သည်။
“မဟုတ်ပါဘူး.. မဟုတ်ပါဘူး။ ဒါက ရတနာကို အသက်သွင်းရုံ သက်သက်ပါ။ အမှန်တကယ် ဖွင့်ဖို့အတွက် ရတနာပိုင်ရှင် လိုအပ်ပါတယ်။ သူဖွင့်မှ ရမှာပါ... သာမန်လူတစ်ယောက်က ဖွင့်လို့မရပါဘူး” ဟု ကျန်းယဲ့က ရိုးသားစွာ ပြောလိုက်ချေသည်။
ကျန်းယဲ့နှင့် လီကျန့်ကော်ကို အကဲခတ်ကြည့်ပြီးနောက် နောက်ဆုံးတွင် ထောင်စောင့်က လီကျန့်ကော်ထံ ဖုန်းကို ကမ်းပေးလိုက်လေသည်။
“မင်း ဖွင့်ပြစမ်း...” ထောင်မှူးက ဖုန်းကို လီကျန့်ကော်ထံ ကမ်းပေးရင်း တင်းကျပ်စွာ သတိပေးလိုက်၏။ “ဉာဏ်များဖို့ မကြိုးစားနဲ့နော်... မဟုတ်ရင် ငါ့ဓားက နောက်နေမှာ မဟုတ်ဘူး”
ခြိမ်းခြောက်ခံရမှုအောက်တွင် လီကျန့်ကော်က ခေါင်းတဆတ်ဆတ် ညိတ်ကာ “မလုပ်ပါဘူး... မလုပ်ပါဘူး” ဟု အားလုံးကို အာမခံလိုက်၏။
ကျန်းယဲ့က လီကျန့်ကော်ကို သတိပေးလိုက်လေသည်။ “အစ်ကိုလီ... ရတနာက ညဘက်ကို နေ့ခင်းလို ‘မြန်မြန်’ ဘယ်လို လင်းထိန်စေလဲဆိုတာ အရာရှိတွေကို အရင်ပြလိုက်ပါ”
ကျန်းယဲ့က ‘မြန်မြန်’ဟူသော စကားလုံးကို ဖိပြောလိုက်သည်။
လီကျန့်ကော်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ကျန်းယဲ့၏ သတိပေးချက်ကို လျင်မြန်စွာ နားလည်သွားချေသည်။
သူက နာခံစွာ မီးဖွင့်လိုက်ရာ ဖုန်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်နှင့် ထောင်စောင့်အားလုံး၏ အာရုံစိုက်မှုက ထိုအလင်းတန်းဆီသို့ ရောက်သွားခဲ့ကြသည်။
ဤခေတ္တခဏအတွင်း ကျန်းယဲ့က အခြားသူများဘက်သို့ ကိုင်းညွတ်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ ကျန်းထောင်နှင့် အခြားသူများမှာ ချက်ချင်းနားလည်နိုင်လောက်အောင် လည်ပတ်ကြသဖြင့် သူတို့၏ ဖုန်းများကို ကျန်းယဲ့ထံ တိတ်တဆိတ် ကမ်းပေးလိုက်ကြသည်။
ကျန်းယဲ့က ဖုန်းများကို စနစ်ထဲတွင် အလျင်အမြန် သိမ်းဆည်းလိုက်ရာ ကျန်းမင်ဟွေနှင့် အခြားသူများ သက်ပြင်းချနိုင်သွားလေသည်။
နောက်ဆုံးတော့ ဖုန်းတွေ လုံခြုံသွားချေပြီ။
ဤအချိန်တွင် ထောင်စောင့်များက ဖုန်းကို စိုက်ကြည့်ရင်း အံ့ဩတကြီး အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။
“အရမ်း လင်းတာပဲ”
“တကယ်ပဲ လင်းနေတာ”
“အံ့ဩစရာပဲ...”
ထောင်စောင့်များ အံ့ဩသွားပြီးနောက် ထောင်မှူးခေါင်းဆောင်က စပ်စုစွာ မေးလိုက်၏။ “အစစ်နဲ့ ခွဲမရအောင် အသက်ဝင်တယ်ဆိုတဲ့ သူ ခုနကပြောတဲ့ ပုံတူဆိုတာကို ငါတို့ကို ပြစမ်း”
လီကျန့်ကော်က ကင်မရာကို ဖွင့်လိုက်ရာ ဗီဒီယို ပေါ်လာသည်နှင့် သူ၏ဘေးရှိ ထောင်စောင့်က အံ့အားသင့်စွာ အော်ဟစ်လိုက်ချေသည်။
“ဘုရားရေ...”
“ငါ...ငါ...ငါ အထဲရောက်နေတယ်ဟ” ထောင်မှူးသည် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုတို့ ရောနှောနေလျက် မျက်နှာပြင်ကို လက်ညှိုးထိုးပြလိုက်လေသည်။
မျက်နှာပြင်ပေါ်ရှိ လူက သူ၏ လက်ဟန်အမူအရာအတိုင်း လိုက်လုပ်နေသည်ကို မြင်သောအခါ သူဟာ ပို၍ပင် အံ့ဩသွားရတော့သည်။
ယင်းကို မြင်သောအခါ အခြားထောင်စောင့်များအားလုံး ရှေ့သို့ တိုးလာကြပြီး ထိုမြင်ကွင်းကို မြင်ပြီးနောက် အားလုံး အံ့ဩသွားကြ၏။
“မှန်နဲ့ တစ်ပုံစံတည်းပဲ..”
သူတို့ ထိုမြင်ကွင်းကို အံ့ဩနေကြစဉ် လီကျန့်ကော်က “အရာရှိမင်းတို့ရဲ့ ပုံကို ကျွန်တော် ရိုက်ပေးပါရစေ” ဟု အကြံပြုလိုက်လေသည်။
“ကောင်းပြီ... ကောင်းပြီ”
ထောင်မှူးက သတိထားလျက် နောက်ဆုတ်လိုက်ပြီး သူ၏ လက်အောက်ငယ်သားများကို အရင် စမ်းသပ်ခိုင်းလိုက်လေသည်။
လီကျန့်ကော်က ပထမဆုံး ထောင်စောင့်ကို ဓာတ်ပုံရိုက်ပေးပြီးနောက် သူ့ကို ပြသလိုက်သည်။
“တစ်ပုံစံတည်းပဲ... အံ့ဩစရာကောင်းလိုက်တာ... ” ထောင်မှူးက အကြိမ်ကြိမ် အော်ဟစ်လိုက်ချေသည်။
အခြားထောင်မှူးများအားလုံးကလည်း ချီးကျူးလိုက်ကြ၏။
“အပြင်က ပန်းချီဆရာတွေ ဆွဲတဲ့ ပန်းချီကားတွေထက် အများကြီး ပိုကောင်းတယ်ကွ..”
“ဒီရတနာက အရမ်း ထူးဆန်းတာပဲ။ ခလုတ်တစ်ချက် နှိပ်ရုံနဲ့ ပုံဖော်ပေးနိုင်တယ်။ တကယ့်ကို အံ့ဖွယ်ပဲ”
ထောင်စောင့်များ အံ့ဩပြီးသွားသောအခါ ထောင်မှူးက မျက်စိမှေးကြည့်ကာ “ဒီဟာတွေ အားလုံး လန်ယာကို ယူလာပြီး မင်းတို့ ဘာလာလုပ်တာလဲ” ဟု မေးလိုက်လေသည်။
“အရာရှိမင်း... ကျွန်တော်တို့က ဒီရတနာကို အရှင်မင်းကြီးထံ ဆက်သဖို့ လာခဲ့တာပါ။ ခုနက လမ်းပေါ်မှာ ကျွန်တော့်ညီက အရမ်း စိတ်လှုပ်ရှားသွားပြီး အလင်းရောင်ကို မတော်တဆ ဖွင့်လိုက်မိလို့ ဒီလို နားလည်မှုလွဲမှားတာတွေ ဖြစ်သွားတာပါ” ဟု ကျန်းယဲ့က အချိန်ကိုက် ဝင်ပြောလိုက်၏။
“ဒီရတနာအပြင် အရှင်မင်းကြီးထံ ဆက်သဖို့ နောက်ထပ် ရတနာတစ်ခုလည်း ပါပါသေးတယ်”
ထောင်မှူးက ကျန်းယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ ရှာဖွေတွေ့ရှိခဲ့သော အခြား ရေသန့်ဘူးတစ်ခုဆီသို့ အကြည့်လွှဲလိုက်ချေသည်။ ထို့နောက် ပုလင်းကို မြှောက်ပြကာ “ဒါလား” ဟု မေးလိုက်သည်။
“အသေအချာပါပဲ”
“ဒါက ဘယ်လို ရတနာမျိုးလဲ”
ကျန်းယဲ့က ပြုံးကာ မိတ်ဆက်လိုက်သည်။ “ဒါက လုံးဝ ရေမယိုစိမ့်တဲ့ သယ်ဆောင်ရလွယ်ကူတဲ့ ရေအိတ်ပါ”
“အို” ထောင်မှူးသည် အပေါ်ဘက်ရှိ ချောမွေ့သော ပလတ်စတစ်ပုလင်းကို ကြည့်ကာ ၎င်း၏ အထိအတွေ့ကို ခံစားကြည့်လိုက်လေသည်။
လန်ယာသို့ မထွက်ခွာမီ ကျန်းယဲ့သည် ရေသန့်ဘူးများမှ ကြော်ငြာစာရွက်များကို ကြိုတင်ဖယ်ရှားခိုင်းခဲ့သည်မှာ ကံကောင်းသွားပေသည်။ မဟုတ်ပါက ယခုအခြေအနေတွင် ရှင်းပြရန် ခက်ခဲပေလိမ့်မည်။
“အရာရှိမင်း.. ကျွန်တော် ပြပေးပါရစေ”
ထောင်မှူးက သူ၏ လက်အောက်ငယ်သားကို မျက်ရိပ်ပြလိုက်ရာ ထောင်စောင့်တစ်ဦးက ရေသန့်ဘူးကို ကျန်းယဲ့ထံ ကမ်းပေးလိုက်၏။
ကျန်းယဲ့က လက်ခံယူပြီးနောက် စိတ်ရှည်လက်ရှည် ပြသကာ သေချာစွာ ရှင်းပြလိုက်သည်။ “အရာရှိမင်း... သေချာကြည့်ပါ။ ဒီအနီရောင်အဖုံးကို ညာဘက်ကို ညင်သာစွာ လှည့်လိုက်ရုံနဲ့ အဖုံးပွင့်သွားပါပြီ”
သူက ပုလင်းအဖုံးကို လက်ထဲတွင် ကိုင်ထားပြီးနောက် ပုလင်းထဲမှ ရေများကို သူတို့ရှေ့တွင် သွန်ချလိုက်လေသည်။
“အဖုံးပြန်ပိတ်ရတာလည်း လွယ်ကူပါတယ်။ အဖုံးကို ပြန်စွပ်ပြီး ပြောင်းပြန်လှည့်လိုက်ရုံနဲ့ အဖုံးက လုံးဝ လုံသွားပါပြီ”
ထိုသို့ပြောရင်း ပုလင်းအဖုံးကို ဇောက်ထိုးလှည့်ကာ ပြသလိုက်သည်။
ထောင်စောင့်များက အံ့ဩတကြီး ကြည့်နေခဲ့ကြသည်။
“ဒီပစ္စည်းက ရေဘူးနဲ့လုပ်ဆောင်ချက်ချင်း အတူတူလောက်ပါပဲ။ ဒါပေမဲ့... ပေါ့ပါးတယ်... ကြည့်ကောင်းတယ်.... ပြီးတော့ ထူးခြားတယ်ဆိုတဲ့ အချက်တွေက ပိုသာပါတယ်”
ထောင်မှူးက ရေသန့်ဘူးကို ကျန်းယဲ့၏ လက်ထဲမှ ယူလိုက်ပြီး ကျန်းယဲ့ သင်ပေးသည့်အတိုင်း အဖုံးကို ဖွင့်လိုက် ပိတ်လိုက် လုပ်ကြည့်၏။ ထိုသို့ လုပ်ကြည့်တိုင်း ပတ်ဝန်းကျင်ရှိ ထောင်မှူးများက အံ့အားသင့်စွာ အာမေဍိတ်သံများ ထွက်ပေါ်လာရသည်။
“ဒီရတနာနှစ်ခုက ဧကရာဇ်မင်းမြတ်ထံ ဆက်သဖို့အတွက် ကျွန်တော်မျိုးက ဂရုတစိုက် ပြင်ဆင်ထားတာပါ။ အရာရှိမင်းတို့ ဂရုစိုက်ပေးမယ်လို့ မျှော်လင့်ပါတယ်”
ထောင်မှူးက သူ၏ လက်အောက်ငယ်သားကို အချက်ပြလိုက်ရာ ထောင်စောင့်က လက်ကိုင်ဖုန်းနှင့် ရေသန့်ဘူးကို ဂရုတစိုက် ယူဆောင်သွားလေသည်။
ထို့နောက် ထောင်မှူးသည် ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို အကဲခတ်ကြည့်လိုက်သည်။ သူတို့၏ ရုပ်ရည်နှင့် အမူအရာများအရ တစ်နှစ်ပတ်လုံး အလုပ်ကြမ်းလုပ်နေရသူများပုံ မပေါက်ချေ။
အသားမည်းသော တစ်ယောက်မှလွဲ၍ ကျန်ငါးယောက်လုံးက ဇိမ်ကျကျ နေထိုင်နေကြပုံရပြီး စားဝတ်နေရေးအတွက် ပူပန်နေရသူများပုံ မပေါ်ပေ။
သို့သော်လည်း ထိုလူခြောက်ယောက်၏ ဝတ်စားဆင်ယင်မှုမှာ သူတို့၏ အမူအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေပြီး ဆင်းရဲကာ လှည့်လည်သွားလာနေသော ဓားပြများပုံစံ ပေါက်နေချေသည်။
ဒီလူတွေက ရှေ့နောက်မညီဘူး... ဒါပေမဲ့ ဒီလို အံ့ဩဖွယ်ကောင်းတဲ့ ရတနာတွေကို ထုတ်ပြနိုင်တယ်ဆိုတာက သူတို့ဟာ သာမန်လူတွေ မဟုတ်ဘူးဆိုတာကို ပြသနေတယ်။
“ရှာဖွေစမ်း...”
ထောင်မှူး၏ အမိန့်အရ ခုနကတင် သူတို့အပေါ် ဖော်ရွေခဲ့သော ထောင်စောင့်များဟာ ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို စတင်၍ ပြင်းပြင်းထန်ထန် ရှာဖွေကြလေတော့သည်။
ထောင်စောင့်များက လက်ဖြန့်ပြကာ “အစ်ကိုကြီး... သူတို့ဆီမှာ ဘာမှမရှိတော့ဘူး”
သူတို့ဆီတွင် လက်နက်များ မပါသဖြင့် ထောင်မှူးက သူတို့ကို အတိုင်းအတာတစ်ခုအထိ ယုံကြည်သွားချေသည်။
သို့သော် သူ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရေးမကြီးပေ။ ဤကိစ္စကို အထက်အရာရှိများထံ တင်ပြရမည်ဖြစ်ပြီး အရေးကြီးဆုံးအရာမှာ အရာရှိကြီးများက ယုံကြည်ရန်ပင်။
ထောင်မှူးက သူတို့ကို သိပ်ပြီး မစော်ကားချင်ချေ။ အကယ်၍ ဤလူများက ရတနာဆက်သသည့်အတွက် အထက်အရာရှိများ၏ မျက်နှာသာပေးမှုကို ရရှိသွားပါက သူတို့က ရာထူးတက်သွားမည်မှာ သေချာလေသည်။
ထို့ကြောင့် ယခု သူတို့ကို စော်ကားခြင်းက မတန်ပေ။
ဆုံးဖြတ်ချက် ချပြီးနောက် ထောင်မှူးက သူ၏ လက်အောက်ငယ်သားများကို “သူတို့ကို အခန်းအမှတ်သုံးဆီ ပြောင်းလိုက်” ဟု ပြောလိုက်သည်။
ထို့နောက် ချက်ချင်းပင် ထောင်မှူးက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ပြောလိုက်၏။ “ငါတို့ ဒီကိစ္စကို အမှန်အတိုင်း တင်ပြပေးမယ်။ အထက်က ဘယ်လို အရေးယူမလဲဆိုတာကတော့ မင်းတို့ စောင့်ကြည့်ရမှာပေါ့”
ကျန်းယဲ့က ခေါင်းတဆတ်ဆတ် ညိတ်ကာ “ဟုတ်ကဲ့... ဟုတ်ကဲ့.. ဟုတ်ကဲ့ပါ”
လူခြောက်ယောက် အကျဉ်းချခံရပြီးနောက် ထောင်မှူး ထွက်သွားချိန်တွင် သူတို့ အတူတကွ စုဝေးလိုက်ကြလေသည်။
လီကျန့်ကော်က မျက်လုံးများ နီရဲလျက် ပထမဆုံး စကားစပြောလာပြီး လူငါးယောက်ကို အကြိမ်ကြိမ် တောင်းပန်လိုက်၏။ “တောင်းပန်ပါတယ်။ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော့်ဖုန်းက ဖလက်ရှ် ဖွင့်ထားမှန်း မသိလိုက်ဘူး။ ကျွန်တော်... ပိတ်ထားတယ်လို့ပဲ အမြဲထင်ခဲ့တာ”
လျိုကျန်တုန်းက “အစ်ကိုလီ... အခုက ဒါတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူးလေ”
ကျန်းမင်ဟွေက ကျန်းယဲ့ကို ကြည့်ကာ “ဒါရိုက်တာ ကျန်း... အခု ကျွန်တော်တို့ ဒီမှာ အပိတ်ခံထားရပြီ... ကျွန်တော်တို့ ပြန်သွားလို့ရမယ့် နည်းလမ်း ရှိသေးလား” ဟု မေးလိုက်သည်။
ကျန်းထောင်က ဆက်၍ “ဒါရိုက်တာကျန်း... ကျွန်တော်တို့ ပြန်ဖို့အတွက် ရောက်လာတဲ့နေရာကို ပြန်သွားဖို့ မလိုဘူးမလား” ဟု မေးလိုက်ပြန်သည်။