အခန်း (၆၉) နှစ်တစ်ထောင် ကြာမြင့်သော စောင့်ဆိုင်းမှု
နေဝင်ဆည်းဆာက သွေးကဲ့သို့ နီရဲနေပြီး နောက်ဆုံးရွှေရောင်အလင်းတန်းများက မြို့အနောက်ဘက်ရှိ အပျက်အစီးများပေါ်သို့ ဖြာကျနေကာ လူတိုင်း၏ ပုံရိပ်များကို ကြေကွဲဖွယ်ရာ နီရွှေရောင်အဖြစ် လွှမ်းခြုံပေးထားခဲ့သည်။
ကောရှင်းသည် ရုတ်တရက် ရှေ့သို့ ထွက်လာပြီး သူ၏ သံခမောက်ကို ချွတ်လိုက်၏။
သူ၏ ဆံပင်ဖြူများက ညနေခင်းလေညင်းတွင် လွင့်ပျံနေလေသည်။ ထို့နောက် အနောက်ဘက်ဒေသများကို နှစ်ဆယ့်ငါးနှစ်တိုင်တိုင် စောင့်ကြပ်ခဲ့သော စစ်သူကြီးအိုသည် လူအများရှေ့တွင် ကျန်းယဲ့နှင့် သူ၏အဖော်ခြောက်ဦးကို သူ၏ခါးကို အလွန်နိမ့်ကျစွာ ကိုင်းညွတ်လျက် နက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။
"အန်းရှီးတပ်မတော်တစ်ခုလုံးကိုယ်စား ကျုပ် ကောရှင်းက မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်။" သူ၏အသံသည် တိုးလျပြီး လေးနက်နေခဲ့သည်။
"ကျုပ် ကိုယ်တိုင် မျက်မြင်မတွေ့ရဘူးဆိုရင် နှစ်တစ်ထောင်ကို ဖြတ်ကျော်လာနိုင်တယ်ဆိုတဲ့ကိစ္စမျိုးကို ကျုပ် ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့... ဒီမိုးကြိုးလို အစွမ်းထက်တဲ့ စွမ်းအားတွေ၊ ဒီအရင်က မကြုံဖူးတဲ့ လက်နက်တွေနဲ့ မင်းတို့ရဲ့ မျက်လုံးထဲက နာကျင်မှုတွေက အတုအယောင် မဖြစ်နိုင်ဘူး"
"ငါတို့ကို လာကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"နှစ်တစ်ထောင်အကြာက ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေ... အထီးကျန်နေတဲ့ ငါတို့စစ်သည်တွေကို မမေ့လျော့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဤအရိုအသေပေးမှုက ပေါင်တစ်ထောင်မျှ လေးလံနေချေသည်။
ကျန်းချန်က ပထမဆုံး တုံ့ပြန်လိုက်၏။ သူက သံခမောက်ကို ချွတ်လိုက်ပြီး သံချပ်ကာချင်း ရိုက်ခတ်သံနှင့်အတူ ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်လေသည်။ "ဖြောင့်မတ်တဲ့ စစ်သည်တော်တို့... အားလုံးကို ကျေးဇူးတင်ပါတယ်"
ထို့နောက် ဒုတိယမြောက်လူ၊ တတိယမြောက်လူ... ပို၍များပြားလာသော ဝါရင့်စစ်သည်များက သူတို့၏ သံခမောက်များကို ချွတ်လိုက်ကြပြီး သူတို့၏ ဗိုလ်ချုပ်များနှင့်အတူ နက်ရှိုင်းစွာ အရိုအသေပေးလိုက်ကြရာ သံချပ်ကာချင်း ရိုက်ခတ်သံများသည် လှိုင်းတံပိုးများကဲ့သို့ နိမ့်ချည်မြင့်ချည် ထွက်ပေါ်လာချေသည်။
ရာသီဥတုဒဏ်ခံထားရသော ဝါရင့်စစ်သည်များက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို မော့ကြည့်လိုက်ကြရာ သူတို့၏ သံသယများက ပြင်းပြသော မျှော်လင့်ချက်များဖြင့် အစားထိုးခံလိုက်ရလေပြီ။
"ဗိုလ်ချုပ်ကြီး... ကျေးဇူးပြုပြီး ထပါတော့... ကျွန်တော်တို့က လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါ။" ကျန်းယဲ့က ကောရှင်းအား ထူရန် ကပျာကယာ ရှေ့သို့ တိုးသွားသော်လည်း စစ်သူကြီးအို၏ သံမဏိကဲ့သို့သော လက်ဖြင့် ဖိထားခြင်းကို ခံလိုက်ရလေသည်။
"မင်းတို့က ဒီလို အရိုအသေပေးခံရဖို့ ထိုက်တန်ပါတယ်" ကောရှင်းက မတ်တပ်ရပ်လိုက်ရာ သူ၏မျက်လုံးများတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေလေသည်။ "ကောင်းကင်ဘုံက မင်းတို့ကို ဒီကို ခေါ်ဆောင်လာပေးကတည်းက ကျုပ် ကောရှင်းက ဒီနှစ်တစ်ထောင် ကြာမြင့်တဲ့ စောင့်ကြပ်မှုကို အချည်းနှီး မဖြစ်စေရဘူးလို့ ဒီနေရာ.... ဒီအချိန်မှာပဲ ကျိန်ဆိုပါတယ်..."
"ငါတို့ရဲ့ ကတိစကားအတိုင်း နေထိုင်သွားပါ့မယ်။" ဝါရင့်စစ်သည်များ၏ အက်ကွဲနေသော အသံများကလည်း တညီတညွတ်တည်း ထွက်ပေါ်လာပြီး အနောက်ဘက်ဒေသ၏ ခြောက်ကပ်နေသော နေဝင်ဆည်းဆာ အလင်းရောင်ထဲတွင် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေချေသည်။
ယန်ဖန်က သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်ပြီး ချန်ရွှဲလင်း၏ နေကာမျက်မှန်များပေါ်တွင် နောက်ဆုံးကျန်ရှိနေသော နေရောင်ခြည်က ထင်ဟပ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ထုံယီနှင့် ဟယ်ရွှိတို့ဟာ တစ်စုံတစ်ခုကို ရုတ်တရက် အလွန်ရှင်းလင်းစွာ သဘောပေါက်သွားကြခေသည်။
ဤသည်မှာ ရိုးရှင်းသော အချိန်ခရီးသွားခြင်းတစ်ခု မဟုတ်သလို လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ပျောက်ကွယ်သွားခဲ့သော ရှေးဟောင်းမြို့တော်တစ်ခုဆီသို့ အလည်အပတ်သွားရောက်ခြင်း သက်သက်လည်း မဟုတ်ချေ။
ယင်းအစား ၎င်းက နှစ်တစ်ထောင်ကို ဖြတ်ကျော်လာသော အပြန်အလှန် ကူညီဖေးမမှုတစ်ခုပင်။
နောက်ဆုံး နေရောင်ခြည်က မိုးကုတ်စက်ဝိုင်းအောက်သို့ ပျောက်ကွယ်သွားသည်နှင့်အမျှ လူအုပ်စုက နူးညံ့သော လရောင်အောက်တွင် အစောင့်အရှောက်ဗိုလ်ချုပ်ကြီး၏ အိမ်တော်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
လမ်းတစ်ဖက်တစ်ချက်ရှိ မြေသားအိမ်များကလည်း မှေးမှိန်သော မီးရောင်များဖြင့် တဖြည်းဖြည်း လင်းထိန်လာခဲ့ကြသည်။ ခြေသံများကို ကြားသောအခါ အချို့လူများက ပြတင်းပေါက်များကို သတိကြီးစွာဖြင့် ဖွင့်ကာ ချောင်းကြည့်ကြ၏။
"ဗိုလ်ချုပ်ကြီးကော..." အရောင်လွင့်နေသော ခေါင်းစီးပုဝါကို ပတ်ထားသည့် အဘွားအိုတစ်ဦးက မြေသားနံရံကို မှီလျက် တုန်ယင်နေသော အသံဖြင့် လှမ်းခေါ်လိုက်၏။
သူမ၏ ခြောက်သွေ့နေသော လက်ချောင်းများက တံခါးဘောင်ကို ဆုပ်ကိုင်ထားလေသည်။ "ခုနက အသံကျယ်ကြီးက... တိဗက်တွေဆီကများလား..."
ကောရှင်း လှည့်ကြည့်လိုက်သောအခါ သံချပ်ကာက မီးရှူးတိုင်အလင်းရောင်အောက်တွင် နွေးထွေးသော အရောင်ဖြင့် တောက်ပသွားလေသည်။ "အဘွား... စိတ်မပူပါနဲ့..."
စစ်သူကြီးအို၏ အသံမှာ ပုံမှန်မဟုတ်ဘဲ နူးညံ့သွားပြီး သူ၏မျက်လုံးထောင့်ရှိ အရေးအကြောင်းများမှာလည်း ပြေလျော့သွားခေသည်။ "တိဗက်ဓားပြတွေ တိုက်ခိုက်တာ မဟုတ်ပါဘူး..."
အဘွားအိုက သက်ပြင်းချလိုက်ရာ သူမ၏ တင်းမာနေသော အာရုံကြောများ ပြေလျော့သွားချေသည်။
ပတ်ဝန်းကျင်ရှိ မြေသားအိမ်များ၏ ပြတင်းပေါက်အဟနေသော နေရာများမှတစ်ဆင့် ရာသီဥတုဒဏ်ခံထားရသော မျက်နှာများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တင်းမာနေသော ပခုံးများ တဖြည်းဖြည်း ပြေလျော့သွားကြသည်။
သို့သော် သူတို့၏ အကြည့်များက ကျန်းယဲ့နှင့် သူ၏အဖွဲ့အပေါ်သို့ ကျရောက်သွားသောအခါ သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် သံသယဖြစ်မှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
သူတို့ မြို့ထဲသို့ ဝင်လာချိန်က အန်းရှီးစစ်သည်များက ဤလူခြောက်ဦးကို သတိထားခဲ့ကြသော်လည်း အချိန်တိုအတွင်းမှာပင် ထူးဆန်းစွာ ဝတ်ဆင်ထားသော ဤပြင်ပလူများအပေါ် သူတို့၏ သဘောထား ပြောင်းလဲသွားခဲ့ချေသည်။
သူတို့နှင့်အတူ ယှဉ်လျှောက်သောအခါ သူတို့က အထူးကို နှိမ့်ချနေကြပြီး ဗိုလ်ချုပ်ကြီးကော သူနှင့် စကားပြောသောအခါ၌ပင် နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။
လူများက နားမလည်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း မည်သူကမျှ အသံထွက်၍ မမေးမြန်းကြချေ။ သူတို့၏ မျက်လုံးများက စစ်သည်များနှင့် ဧည့်သည်များကြားတွင် အပြန်အလှန် လူးလာခေါက်တုံ့ ဖြစ်နေခဲ့သည်။
ညလေပြင်းက သဲနုများကို မြို့ရိုးတစ်လျှောက် လွှင့်စင်သွားစေပြီး တိုးညင်းကာ ကြေကွဲဖွယ်ကောင်းသော အသံတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
အိမ်တော်အတွင်း၌ မီးရှူးတိုင်များကို ထွန်းညှိထားပြီးဖြစ်ကာ တဖျပ်ဖျပ် လင်းလက်နေသော မီးတောက်များက လူတိုင်း၏ အရိပ်များကို ရှည်လျားစွာ ထိုးကျစေလေသည်။
"ဗိုလ်ချုပ်ကြီး... မလုပ်ရသေးတဲ့ ပစ္စည်းအချို့ ကျန်နေသေး..." ကျန်းယဲ့ စကားစပြောလိုက်ချိန်မှာပင် ကောရှင်းက သူ့ကို တားဆီးရန် လက်ကို မြှောက်လိုက်၏။
စစ်သူကြီးအို၏ မျက်လုံးများတွင် ရှားပါးသော နူးညံ့မှုတစ်ခု ပါဝင်နေလေသည်။ "အလျင်စလို မလိုပါဘူး။ မင်းတို့ တစ်နေ့လုံး ခရီးပန်းလာတာဆိုတော့ ပူပူနွေးနွေး ထမင်းတစ်နပ်တောင် မစားရသေးဘူးမလား..."
သူက သူ၏ ကိုယ်ရံတော်များဘက်သို့ လှည့်ကာ "သွားပြီး အစားအသောက်တွေ ပြင်ဆင်ချေ။ ပြီးတော့ မြေအောက်ခန်းထဲက ခူချာဝိုင်အိုးကိုလည်း ယူခဲ့" ဟု အမိန့်ပေးလိုက်၏။
ထိုအခါမှသာ သူ အလွန်ဆာလောင်နေပြီဖြစ်ကြောင်း ကျန်းယဲ့ သတိပြုမိသွားရသည်။
ဝမ်ကျန့်ချင်၏ ဗိုက်ကပင် အချိန်ကိုက် မြည်လာရာ လူငယ်စစ်သည်အချို့က ပါးစပ်ကိုအုပ်၍ တခစ်ခစ် ရယ်မောလိုက်ကြလေသည်။
မကြာမီ ကိုယ်ရံတော်များက စားပွဲပုအချို့ကို သယ်လာပြီး ခြံဝင်းထဲတွင် ချထားလိုက်ကြသည်။
အငွေ့တထောင်းထောင်း ထနေသော ပေါင်မုန့်ပြားများ၊ ရွှေအိုရောင်သိုးသားကင်များနှင့် ဆီးသီး၏ ချိုမြိန်သော ရနံ့များသင်းနေသည့် ထမင်းကြော်တို့ကို တစ်ခုပြီးတစ်ခု တည်ခင်းလိုက်ကြသည်။
နှစ်ပေါင်းများစွာ ပိတ်လှောင်ထားသော ဝိုင်အိုးကို ဖွင့်လိုက်သောအခါ ၎င်း၏ ပြင်းရှသော ရနံ့က လေထဲတွင် ချက်ချင်း ပြည့်နှက်သွားချေသည်။
ဤကဲ့သို့ ခမ်းနားသော အစားအစာမျိုးကို အစောင့်အရှောက်ဗိုလ်ချုပ်ကြီး အိမ်တော်တွင် မမြင်တွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်၏။ သို့သော် ယနေ့တွင် ကျန်းယဲ့နှင့် သူ၏အဖွဲ့ ရောက်ရှိလာမှုကြောင့် နှစ်တစ်ထောင်အကြာ အနာဂတ်မှ သူတို့၏ ရဲဘော်ရဲဘက်များကို ဧည့်ခံရန် အကောင်းဆုံး ဟင်းလျာများနှင့် ဝိုင်များကို သူတို့ ထုတ်ယူလာခဲ့ကြလေသည်။
ကောရှင်းက လူတစ်ယောက်စီအတွက် ဝိုင်တစ်ခွက်စီကို ကိုယ်တိုင် ငဲ့ပေးလိုက်၏။ "ဒါက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ခူချာကနေ အခွန်ဆက်သထားတဲ့ ဝိုင်ကောင်းတစ်မျိုးပါ။ ကျုပ် ဘယ်တုန်းကမှ မသောက်ရက်ခဲ့ဘူး.."
ခရမ်းရောင်သန်းနေသော အနီရောင်ဝိုင်က မြေပန်းကန်လုံးထဲတွင် လှိုင်းထနေပြီး တဖျပ်ဖျပ် လင်းလက်နေသော မီးရောင်ကို ရောင်ပြန်ဟပ်နေခဲ့သည်။
"ဒီနေ့က တန်ပါတယ်..."
ဝိုင်အချို့ သောက်ပြီးနောက် လေထုမှာ တဖြည်းဖြည်း နွေးထွေးလာလေသည်။
ဝါရင့်စစ်သည်များက ကျန်းယဲ့နှင့် အခြားသူများကို ဝိုင်းရံထားပြီး နှစ်တစ်ထောင်အကြာမှ ဇာတ်လမ်းများနှင့် ပတ်သက်သည့် မေးခွန်းများဖြင့် ဆက်တိုက် မေးမြန်းနေကြ၏။
ချန်ရွှဲလင်းက လူငယ်စစ်သည်အချို့၏ အမေးခံနေရစဉ် ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "မင်းတို့ကို ပစ္စည်းကောင်းတစ်ခု ပြမယ်" ဟု ပြောလိုက်လေသည်။
ထို့နောက် စကားပြောနေရင်း သူ၏ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ရာ ပတ်ဝန်းကျင်ရှိ စစ်သည်များက စူးစမ်းချင်စိတ်ဖြင့် ကြည့်နေခဲ့ကြသည်။
"ဒါက ဘာလဲ..." မုတ်ဆိတ်မွေးနှင့် တပ်မှူးတစ်ဦးက အနီးသို့ ချဉ်းကပ်လာပြီး သူ၏လက်ချောင်းဖြင့် ချောမွေ့နေသော ဖန်သားပြင်ကို ဂရုတစိုက် ထိုးကြည့်လိုက်လေသည်။
ချန်ရွှဲလင်းက ပါဝါခလုတ်ကို နှိပ်လိုက်ရာ ဖန်သားပြင်မှာ ရုတ်တရက် လင်းလတ်လာသဖြင့် ပတ်ဝန်းကျင်ရှိ လူများထံမှ အံ့အားသင့်သံများ ထွက်ပေါ်လာခဲ့ကြသည်။
"ဒါက ညဘက်လင်းတဲ့ ပုလဲများလား..." စစ်သည်အိုတစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်၏။
"ဒါက ညဘက်လင်းတဲ့ ပုလဲထက် အများကြီး ပိုအစွမ်းထက်တယ်" ချန်ရွှဲလင်းက ပြုံးလိုက်ပြီး သူ၏ ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ကာ သူ အားလပ်ချိန်တွင် ဒေါင်းလုဒ်ဆွဲထားသော ဗီဒီယိုတစ်ခုကို ရှာဖွေလိုက်လေသည်။
ထိုအထဲတွင် မိုးမျှော်တိုက်များနှင့် စည်ကားနေသော ခေတ်သစ်မြို့ပြများ၏ ပုံရိပ်များက ဖန်သားပြင်ပေါ်တွင် ပေါ်လာသောအခါ ကြည့်ရှုနေသော စစ်သည်များမှာ အံ့သြမှုကြောင့် အသက်ရှူမှားသွားကြ၏။
"ဘုရားရေ... အဲဒီအဆောက်အအုံက ဘယ်လိုလုပ် အဲဒီလောက် မြင့်နေရတာလဲ။ အဲဒါ နတ်တမန်တွေ နေတဲ့နေရာလား..."
"အဲဒီအရာက ဘာလဲ... မျက်တောင်တစ်ခတ်အတွင်း ဖြတ်ပြေးသွားလောက်အောင် အရမ်းမြန်တာပဲ..."
"လမ်းပေါ်က လူတွေက ဘယ်လို အဝတ်အစားတွေ ဝတ်ထားတာလဲ။ အားလုံးက အရောင်အသွေး စုံလင်နေတာပဲ... ပြီးတော့ အဲဒီအမျိုးသမီးက ငါတို့ ထန်မင်းဆက်က အမျိုးသမီးတွေထက်တောင် အဝတ်အစားဝတ်တာ နည်းသေးတယ်..."
ကျန်းယဲ့သည် ဗိုလ်ချုပ်ကြီးကော၏ စူးစမ်းချင်စိတ်ပြင်းပြနေသော အကြည့်ကို သတိပြုမိသွားသဖြင့် ဖုန်းကို ထုတ်ယူကာ ထိပ်ဆုံးခုံတွင် မတ်မတ်ထိုင်နေသော ကောရှင်းထံသို့ ကမ်းပေးလိုက်၏။ "ဗိုလ်ချုပ်ကြီး... ခင်ဗျား ကြည့်ချင်လား..."
ကောရှင်းက ချောမွေ့နေသော သံတုံးကို ယူလိုက်ပြီး ၎င်း၏ အေးစက်ကာ ပိုးသားကဲ့သို့သော အထိအတွေ့ကို ခံစားလိုက်ရသည်။ ၎င်းက အကောင်းဆုံး ပိုးသားထက်ပင် ပို၍ ချောမွေ့နေခဲ့သည်။
ကျန်းချန်နှင့် အခြား ဗိုလ်ချုပ်အချို့ကလည်း သိချင်စိတ်ပြင်းပြလာသဖြင့် အနီးသို့ စုရုံးရောက်ရှိလာကြပြီး ခေါင်းချင်းဆိုင်ကာ ဖန်သားပြင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြလေသည်။
ကျန်းယဲ့က ကောင်းကင်ယံမှ ရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို နှိပ်လိုက်၏။
အထက်မှ မြို့၏ မြင်ကွင်းကျယ်ပေါ်လာသောအခါ စစ်ပွဲအတွေ့အကြုံများစွာရှိသော ဗိုလ်ချုပ်အချို့မှာ အံ့အားသင့်မှုကြောင့် တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြရသည်။
မြင်ကွင်းက ထန်မင်းဆက်၏ ဘယ်သောအခါမှ မအိပ်စက်သော မြို့တော်ဆီသို့ ရွှေ့သွားသောအခါ ကျန်းချန်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။ "ဒါ... ဒါက ချန်အန်းလား... အနည်းငယ်တော့ တူပေမယ့် မတူဘူးနော်။"
"ဟုတ်လည်း ဟုတ်တယ်... မဟုတ်လည်း မဟုတ်ဘူး။" ကျန်းယဲ့က ခပ်တိုးတိုး ပြောလိုက်၏။ "ဒါက ချန်အန်းပဲ... နှစ်တစ်ထောင်အကြာက ခေတ်သစ်လူသားတွေဖြစ်တဲ့ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ မြို့တစ်မြို့ပါ...."
မြင်ကွင်းက ပြောင်းလဲသွားပြီး ခုံးကျော်တံတားက နဂါးကြီးတစ်ကောင်ကဲ့သို့ လှည့်ပတ်နေကာ နီယွန်မီးရောင်များက ညကောင်းကင်ယံကို အရောင်များဖြင့် ဆေးခြယ်ထားပြီး ကျည်ဆန်ရထားက ငွေရောင်လျှပ်စီးကြောင်းတစ်ခုကဲ့သို့ လယ်ကွင်းများကို ဖြတ်သန်းသွားနေလေသည်။