အခန်း (၆၈) ကျန်ရစ်နေဆဲဖြစ်သော ဆည်းဆာအလင်း
“မှတ်ထားပါ...” ကျန်းယဲ့က စိုစွတ်နေသော ကွန်ကရစ်မျက်နှာပြင်ကို လက်ညှိုးထိုးပြကာ အလေးအနက် ပြောလိုက်၏။ “ဒါက လုံးဝမခြောက်သွေ့သေးခင်မှာ ဘယ်တော့မှ မနင်းမိဖို့ လုံးဝအရေးကြီးပါတယ်။ အစပိုင်း ခဲသွားပြီးတာနဲ့ ရေလောင်းပြီး ပြုပြင်ထိန်းသိမ်းမှု စလုပ်ပါ။ မျက်နှာပြင်ကို စိုစွတ်နေတဲ့ ဂုန်နီအိတ်နဲ့ ဖုံးအုပ်ထားတာ အကောင်းဆုံးပါပဲ...”
ဘိလပ်မြေက ခဲရန် အချိန်ယူရသောကြောင့် အစပိုင်းခဲသွားသည့် လုပ်ငန်းစဉ်ကို သူတို့ ချက်ချင်း မမြင်တွေ့နိုင်ချေ။
နေဝင်ဆည်းဆာ၏ နောက်ဆုံးအလင်းရောင်များ ကျန်ရှိနေဆဲအချိန်တွင် ကျန်းယဲ့က သူတို့ယူဆောင်လာသော ထောက်ပံ့ရေးပစ္စည်းများထဲမှ အန္တရာယ်အရှိဆုံးအရာကို နောက်ဆုံး၌ ထုတ်ယူလိုက်လေသည်။
ဗိုလ်ချုပ်ကြီးကောက ဘိလပ်မြေများကို စောင့်ကြပ်ရန် လူများကို စီစဉ်နေချိန်တွင် ကျန်းယဲ့နှင့် ဝမ်ကျန့်ချင်တို့က မီးလောင်လွယ်ပြီး ပေါက်ကွဲနိုင်သည်ဟု စာတန်းထိုးထားသော သံသေတ္တာဆီသို့ ရောက်ရှိနေပြီဖြစ်သည်။
ထိုအရာကို မြင်လိုက်ရသောအခါ ယန်ဖန်၊ ချန်ရွှဲလင်း၊ ထုံယီနှင့် ဟယ်ရွှိတို့၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု ချက်ချင်း လင်းလက်သွားလေသည်။
ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်သည့် ဤလက်နက်ဖြင့်ဆိုလျှင် အန်းရှီးစစ်သည်များ၏ အသက်မည်မျှကို ကယ်တင်နိုင်ပြီး စစ်သည်တော်များ၏ သွေးမည်မျှကို သက်သာစေနိုင်မည်နည်း။
ကောရှင်း၏ အကြည့်က ထိုလူနှစ်ဦး၏ လှုပ်ရှားမှုနောက်သို့ လိုက်သွားပြီး သံသေတ္တာပေါ်တွင် ရပ်တန့်သွားချေသည်။
သယ်ဆောင်လာသော အန်းရှီးဝါရင့်စစ်သည်များက ဤအရာကို မြင်သောအခါ ဤအရာက အလွန်အန္တရာယ်များပြီး လူတစ်ယောက်၏ အသက်ကို မျက်တောင်တစ်ခတ်အတွင်း နုတ်ယူသွားနိုင်ကြောင်း အစောပိုင်းက လူငယ်လေး သတိပေးခဲ့သည်ကို ပြန်လည်သတိရသွားကြလေသည်။
သူတို့က ဤအရာကို အထူးစိတ်ဝင်စားနေကြပြီး ယခုအခါ ဤမျှသေးငယ်သော အရာလေးက အသက်တစ်ချောင်းကို မည်သို့နုတ်ယူသွားနိုင်မည်ကို နောက်ဆုံးတွင် သူတို့ မြင်တွေ့ရတော့မည်ဖြစ်၏။
ဝမ်ကျန့်ချင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခဲတံဆိပ်ကို ကျွမ်းကျင်စွာ ဖယ်ရှားလိုက်၏။ ထို့နောက် အဖုံးကို ပင့်တင်လိုက်သည့် အခိုက်အတန့်တွင် အထဲ၌ သပ်ရပ်စွာ စီစီရီရီ ထပ်ထားသော အတုံးပုံစံ အရာဝတ္ထုများကို မြင်တွေ့လိုက်ရလေသည်။ စစ်သုံး ပေါက်ကွဲရေးပစ္စည်းများကို ရေစိုခံစက္ကူဖြင့် တင်းကျပ်စွာ ထုပ်ပိုးထားပြီး စနက်တံများကို ဘေးတွင် သပ်ရပ်စွာ ခွေထားခဲ့သည်။
“ဗိုလ်ချုပ်ကြီးကော... ကျွန်တော် ခုနက ပြသခဲ့တာတွေက မြို့ကို ကာကွယ်ဖို့အတွက်ပါ။ ဒါပေမဲ့ ဒီအရာကတော့ အန်းရှီးစစ်သည်တွေ မြို့တွေနဲ့ ခံတပ်တွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ကူညီပေးနိုင်ပါတယ်”
“အို” ကောရှင်းက အလွန်စိတ်ဝင်စားသွားရသည်။ “ဘယ်လိုသုံးရမလဲ..”
ကျန်းယဲ့က ခြံဝင်းကို တစ်ချက်ကြည့်လိုက်၏။ “ဗိုလ်ချုပ်ကြီး... အိမ်တွေနဲ့ ဝေးတဲ့ ဆိတ်ငြိမ်တဲ့နေရာတစ်ခုလောက် ရှာပေးလို့ရမလား။ ဒီအရာက အံ့မခန်း အစွမ်းထက်တယ်။ ဂရုမစိုက်ရင် ဒဏ်ရာရနိုင်သလို သေတောင်သေနိုင်တယ်...”
ကျန်းယဲ့ မည်မျှ စွမ်းဆောင်နိုင်သည်ကို မြင်တွေ့ပြီးဖြစ်ရာ ကောရှင်းက သူ့ကို အထင်သေးရန် သဘာဝကျကျပင် မဝံ့ရဲတော့ချေ။
ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ အန်းရှီးစစ်သည်များက သံသေတ္တာထဲမှ အရာများနှင့် ပတ်သက်၍ ပို၍ပင် သိချင်စိတ် ပြင်းပြလာကြရသည်။
ကျန်းချန်က ရှေ့သို့ထွက်လာပြီး “ဗိုလ်ချုပ်ကြီး... မြို့အနောက်ဘက်က အပျက်အစီးတွေဆီ ဘာလို့ မသွားတာလဲ။ အဲဒီနေရာက ကျယ်ဝန်းပြီး အိမ်တွေနဲ့လည်း ဝေးတယ်”
ကောရှင်းက အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
ထို့နောက် လူအုပ်စုက မြို့အနောက်ဘက်ရှိ အပျက်အစီးများဆီသို့ ရွေ့လျားသွားကြပြီး ခြံဝင်းထဲတွင် ချထားသော ထောက်ပံ့ရေးပစ္စည်းများကိုမူ စောင့်ကြပ်ထားခဲ့ကြသည်။
နေဝင်ဆည်းဆာ ကျရောက်လာသည်နှင့်အမျှ မြို့အနောက်ဘက်ရှိ စွန့်ပစ်ခံထားရသော စခန်းက နေဝင်ချိန်အောက်တွင် အထူးပင် ခြောက်ကပ်နေပုံရသည်။
ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများကြားတွင် လေပြင်းများ တိုက်ခတ်နေပြီး သဲနှင့် ဖုန်မှုန့်များကို လွင့်ပျံစေကာ ဤမြေကြီး ခံစားခဲ့ရသော စစ်ပွဲများ၏ ဇာတ်လမ်းကို ပြောပြနေသကဲ့သို့ပင်။
ကျန်းယဲ့နှင့် ဝမ်ကျန့်ချင်တို့က တစ်စိတ်တစ်ပိုင်း ပြိုကျနေသော မြေသားနံရံတစ်ခုကို ပစ်မှတ်အဖြစ် ရွေးချယ်လိုက်ပြီး ပေါက်ကွဲရေးပစ္စည်းကို နံရံ၏အခြေတွင် ဂရုတစိုက် ထားလိုက်၏။
ထို့နောက် ဝမ်ကျန့်ချင်က အရာအားလုံး အဆင်သင့်ဖြစ်စေရန် စနက်တံကို ကျွမ်းကျင်စွာ စစ်ဆေးလိုက်ပြီးနောက် ကောရှင်းနှင့် အခြားသူများကို ဆုတ်ခွာရန် အချက်ပြလိုက်လေသည်။
“ဗိုလ်ချုပ်ကြီးနဲ့ လူကြီးမင်းတို့... ကျေးဇူးပြုပြီး ခြေလှမ်းငါးဆယ်လောက် နောက်ဆုတ်ပြီး နားကို အုပ်ထားပါ” ကျန်းယဲ့က အသံသြသြဖြင့် ပြောလိုက်၏။
ကောရှင်းက နားမလည်ဖြစ်သွားသော်လည်း သူ၏ ကိုယ်ရံတော်များကို ဆုတ်ခွာရန် လက်မြှောက်ကာ အချက်ပြလိုက်ဆဲပင်။
အန်းရှီးစစ်သည်များက ဘေးကင်းသော အကွာအဝေးသို့ ဆုတ်ခွာသွားကြသော်လည်း သူတို့၏ မျက်လုံးများကမူ လျှို့ဝှက်ဆန်းကြယ်သော အထုပ်ပေါ်တွင် စူးစိုက်နေကြဆဲပင်။
ဝမ်ကျန့်ချင်က မီးခြစ်ကို ထုတ်ယူလိုက်ရာ မီးတောက်လေး လင်းလက်သွားပြီး စနက်တံကို ကျွမ်းကျင်စွာ မီးညှိလိုက်၏။
ရွှီးဟူသော အသံနှင့်အတူ စနက်တံက ချက်ချင်း မီးပွင့်သွားပြီး လျင်မြန်စွာ လောင်ကျွမ်းကာ မီးမြွေတစ်ကောင်ကဲ့သို့ ပေါက်ကွဲရေးပစ္စည်းဆီသို့ ပြေးဝင်သွားလေသည်။
ဝမ်ကျန့်ချင်သည် ကျန်းယဲ့ဆီသို့ အပြေးအလွှား သွားခဲ့ပြီး ဘေးကင်းသော အကွာအဝေးသို့ ရောက်သောအခါ...
“ဝုန်း.... ”
ချက်ချင်းပင် နားကွဲမတတ် ဟိန်းဟောက်သံကြီးက နေဝင်ဆည်းဆာ၏ တိတ်ဆိတ်မှုကို ခွဲဖြာသွားခေသည်။
မြေသားနံရံက ပြင်းထန်သော ပေါက်ကွဲမှုအတွင်း နားကွဲမတတ် အသံကြီးနှင့်အတူ ပြိုကျသွားပြီး အပျက်အစီးများ လွင့်စင်သွားကာ ဖုန်မှုန့်များ ကောင်းကင်သို့ လွင့်တက်သွားပြီး မြေကြီးမှာလည်း တစ်ခဏမျှ တုန်ခါသွားသကဲ့သို့ ခံစားလိုက်ကြရသည်။
တုန်ခါမှုလှိုင်းများ ဝင်ရောက်လာသည်နှင့်အမျှ အဝေးမှနေ၍ပင် ကောရှင်းနှင့် အခြားသူများဟာ အပူလှိုင်းများ သူတို့ကို ရိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး သူတို့၏ နားများမှာလည်း အူသွားလေသည်။
“ဒါက...” ကျန်းချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏အသံမှာ ပဲ့တင်ရိုက်ခတ်မှုများအတွင်း နစ်မြုပ်လုမတတ် ဖြစ်သွားရသည်။
ကောရှင်း၏ ထက်မြက်သော မျက်လုံးများက ပေါက်ကွဲမှု၏ ဗဟိုချက်အပေါ် စူးစိုက်နေခဲ့သည်။ တစ်ချိန်က ခိုင်မာခဲ့သော မြေသားနံရံက အပျက်အစီးများအဖြစ် ပြောင်းလဲသွားပြီး မီးခိုးနှင့် ဖုန်မှုန့်များ လေထဲတွင် ပြည့်နှက်နေကာ လေထုထဲတွင် စူးရှသော ယမ်းနံ့များဖြင့် ထူထပ်နေခဲ့သည်။
သူ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ၏မျက်လုံးများတွင် အံ့အားသင့်မှုအပြင် ဖုံးကွယ်ထား၍မရသော အတိုင်းမသိ ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေ၏။
မြို့ထဲရှိ လူများကလည်း ရုတ်တရက် ထွက်ပေါ်လာသော အသံကျယ်ကြီးကြောင့် လန့်ဖျပ်သွားကြရသည်။ ထို့ကြောင့် လူအများအပြားဟာ သူတို့၏ အိမ်များထဲမှ အထိတ်တလန့် ပြေးထွက်လာကြပြီး မြို့အနောက်ဘက်ဆီသို့ စိုးရိမ်တကြီး အကြည့်များဖြင့် လှမ်းကြည့်နေကြလေသည်။
နေဝင်ဆည်းဆာ ကျရောက်လာသည်နှင့်အမျှ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးခိုးများနှင့် ဖုန်မှုန့်များက တဖြည်းဖြည်း လွင့်စင်သွားပြီး ပတ်ဝန်းကျင်၌ ခဏတာ တိတ်ဆိတ်မှုတစ်ခု ကျရောက်လာခဲ့သည်။
ကောရှင်းနှင့်အတူ ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်ခဲ့သော ထိုအန်းရှီးဝါရင့်စစ်သည်များက ထိုနေရာတွင် ရပ်နေကြဆဲဖြစ်ပြီး သူတို့၏ မျက်နှာများတွင် အံ့အားသင့်မှုများ ပြသနေဆဲဖြစ်သော်လည်း မျက်လုံးများထဲတွင်မူ ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေချေသည်။
သူတို့သည် မြေနှင့်တစ်ပြေးညီ ဖြစ်သွားသော မြေသားနံရံကို အစပိုင်းတွင် မယုံနိုင်စွာ စိုက်ကြည့်နေကြပြီးနောက် သူတို့၏ နှုတ်ခမ်းများ အနည်းငယ် တွန့်လိမ်သွားကာ အတိုင်းမသိ ဝမ်းမြောက်နေသည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ကြသည်။
အဲဒီတုန်းကသာ ဒါမျိုး ရှိခဲ့မယ်ဆိုရင် သေရဲသေသတ် တိုက်ပွဲဝင်ခဲ့ရတဲ့ မြို့တွေဘယ်လောက်တောင် ကျဆုံးခဲ့ရတော့မှာ မဟုတ်ဘူး။
ရန်သူတွေရဲ့ မြားမိုးကို ကာကွယ်ဖို့ ရဲဘော်ရဲဘက် ဘယ်လောက်များများ သူတို့ရဲ့ အသားနဲ့ သွေးကို စတေးဖို့ မလိုတော့ဘူး။
သို့သော် ဤဝမ်းမြောက်မှုသည် တစ်ခဏသာ ကြာရှည်ခဲ့လေသည်။
မည်သူ့မျက်လုံးများတွင် မျက်ရည်များ အရင်ဆုံး ဝဲတက်လာမှန်း မသေချာသော်လည်း နောက်တွင် တစ်ယောက်၊ နှစ်ယောက်... ဝါရင့်စစ်သည်များ ပိုများလာကာ ခေါင်းငုံ့သွားကြပြီး သူတို့၏ ကြမ်းတမ်းသော လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ လက်ဆစ်များပင် ဖြူလျော့နေခဲ့ကြသည်။
မြို့ရိုးအောက်တွင် ထာဝရ ကျဆုံးသွားခဲ့သော သူတို့၏ ညီအစ်ကိုများကို သူတို့ ပြန်လည်သတိရသွားကြ၏။
အချို့မှာ လိမ့်ဆင်းလာသော ကျောက်တုံးများကြောင့် ရုပ်ပျက်ဆင်းပျက် ကြေမွသွားခဲ့ပြီး အချို့မှာ မြားဒဏ်ရာများစွာ ရရှိထားသည့်တိုင် မြို့တံခါးကို ဆုပ်ကိုင်ထားခဲ့ကြကာ အချို့မှာမူ နောက်ဆုံးကျန်ရှိနေသော ဆီအနည်းငယ်ကို မီးရှို့နိုင်ရန် ရန်သူ့စစ်သည်များနှင့်အတူ မြို့ရိုးပေါ်မှ ခုန်ချသွားခဲ့ကြသည်...
အချို့က သူတို့၏ ကိုယ်ပိုင်သားများကိုပင် တွေးမိသွားကြ၏။
ဆံပင်နှင့် မုတ်ဆိတ်များ ဖြူနေပြီဖြစ်သော စစ်သည်အိုတစ်ဦးပ ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မီးကျွမ်းနေသော မြေကြီးတစ်ဆုပ်ကို ကောက်ယူကာ တင်းကျပ်စွာ အံကြိတ်ထားသော ရှိုက်သံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
သူ၏ တစ်ဦးတည်းသော သားက ပြီးခဲ့သည့်နှစ်က ရှူးလဲ့မြို့အပြင်ဘက်တွင် တိဗက်များ၏ သံချပ်ကာမြင်းစီးသူရဲများကြောင့် ရင်ဘတ်အကြိတ်ခံရကာ သေဆုံးသွားခဲ့ရသည်။
အဲဒီတုန်းကသာ ဒီဟိန်းဟောက်သံကြီး ဖြစ်ခဲ့မယ်ဆိုရင်... တကယ်လို့သာ...
ညလေပြင်းက ဟစ်အော်တိုက်ခတ်နေပြီး လူတိုင်း၏ သံချပ်ကာများကို ဖြတ်သန်းသွားကာ သဲနှင့် ဖုန်မှုန့်များကို လွင့်ပျံစေခဲ့သည်။
ကောရှင်းသည် တိုက်တွန်းခြင်းလည်းမပြု၊ နှစ်သိမ့်ခြင်းလည်းမပြုဘဲ ငြိမ်သက်စွာ ရပ်နေလေသည်။
သူသည် သူ့နောက်သို့ ဘဝတစ်ဝက်လုံး လိုက်ပါလာခဲ့ကြသော ဤဝါရင့်စစ်သည်များ၏ တုန်ယင်နေသော ပခုံးများနှင့် နီရဲနေသော မျက်လုံးများကို တိတ်ဆိတ်စွာ စိုက်ကြည့်နေရုံသာ။
ဤအခိုက်အတန့်တွင် မည်သည့်စကားလုံးမျှ လုံလောက်မည်မဟုတ်ကြောင်း သူ သိနေပေသည်။
အမာရွတ်များ ပြည့်နှက်နေသော မျက်နှာနှင့် တပ်မှူးတစ်ဦးက သူ၏မျက်နှာကို ကြမ်းတမ်းစွာ သုတ်လိုက်ပြီး အသံသြသြဖြင့် ပြောလိုက်၏။ “ဗိုလ်ချုပ်ကြီး... အနှစ်နှစ်ဆယ်လောက်သာ စောခဲ့မယ်ဆိုရင်...”
သူ စကားကို အဆုံးမသတ်နိုင်ခဲ့ချေ။
သို့သော် ရှိနေသူအားလုံးက ပြောမထွက်နိုင်သော စကားလုံးများကို နားလည်ကြ၏။
အကယ်၍ ဤအရာသာ အနှစ်နှစ်ဆယ်စော၍ ရှိခဲ့မည်ဆိုပါက အန်းရှီးတပ်စခန်းလေးခုက အထီးကျန်မြို့များ ဖြစ်လာမည်မဟုတ်သလို စစ်သည် သုံးသောင်းမှာလည်း ဆံပင်ဖြူနေသော ထောင်ဂဏန်းအနည်းငယ်မျှသာ ကျန်ရစ်တော့သည့် အခြေအနေသို့ ရောက်ရှိသွားမည် မဟုတ်ချေ။
ကောရှင်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ သူ၏အကြည့်များက ဓားတစ်လက်ကဲ့သို့ ထက်မြက်နေခဲ့သည်။ “အခုလည်း နောက်မကျသေးပါဘူး..”
ကျန်းယဲ့သည် ထိုနေရာတွင် ရပ်နေရင်း သူ၏ရင်ဘတ်ပေါ်သို့ ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ ခံစားရကာ အသက်ရှူရ ခက်ခဲလာခဲ့ရသည်။
သူက ခေါင်းလှည့်လိုက်ပြီး ဝမ်ကျန့်ချင်ကို မျက်လုံးထောင့်မှတစ်ဆင့် မြင်လိုက်ရသည်။ ဝမ်ကျန့်ချင်သည် အဖွဲ့ထဲတွင် အတည်ငြိမ်ဆုံးလူဖြစ်လေသည်။ သို့သော် ဤအခိုက်အတန့်တွင် သူ၏နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားပြီး သူ၏မေးရိုးများက တင်းမာနေခဲ့သည်။
ယန်ဖန်က သူမ၏မျက်နှာကို လွှဲလိုက်ပြီး မျက်လုံးများကို လက်ဖြင့် ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်၏။
ချန်ရွှဲလင်းက ခေါင်းငုံ့ထားရာ သူ၏မျက်မှန်တွင် မြူတွေဆိုင်းနေသချေည်။
သူသည် အမြဲတမ်း အကြောင်းပြချက်ရှိသူဖြစ်သော်လည်း ဤအခိုက်အတန့်တွင်မူ သူ မတွေးဘဲ မနေနိုင်တော့ချေ။ သမိုင်းစာအုပ်များတွင် ဖော်ပြထားသော ထိုရက်စက်ကြမ်းကြုတ်သည့် မြို့သိမ်းတိုက်ပွဲများတွင်သာ ဤကဲ့သို့သော လက်နက်များ ရှိခဲ့မည်ဆိုလျှင်... တကယ်လို့သာ...
ထုံယီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရာ သူ၏လက်သည်းများက လက်ဖဝါးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေခဲ့သည်။
ဟယ်ရွှိကမူ ရှိုက်သံကို မထိန်းနိုင်တော့ချေ။
သူက သုတ်ရန် လက်ကို ကပျာကယာ မြှောက်လိုက်သော်လည်း ပွတ်သုတ်လေ ပို၍ စိုစွတ်လာလေပင်။
ကောရှင်းသည် သူ၏တပ်ဖွဲ့ဝင်များကို ဖြည်းညှင်းစွာ အကဲခတ်လိုက်ရာ သွေးလိုနီရဲနေသော နေဝင်ဆည်းဆာက သူတို့၏ ဟောင်းနွမ်းနေသော သံချပ်ကာများပေါ်သို့ နီရဲသော အရောင်တစ်ခု လွှမ်းခြုံပေးထားခဲ့သည်။
သူက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ရာ လက်ဆစ်များမှ အသံများ မြည်လာပြီး သူ၏အသံသည် သဲကန္တာရလေကဲ့သို့ ထက်ရှနေချေသည်။ “ဒီနတ်ဘုရားရဲ့ ပစ္စည်းနဲ့ဆိုရင်... ငါတို့ရဲ့ သွေးကြွေးတွေအတွက် အဲဒီ တိဗက်ဝံပုလွေတွေကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်...”
နောက်ဆုံးစကားလုံးများကို အလွန်အမင်း အလေးပေးကာ အသံထွက်လိုက်ရာ နှစ်ဆယ့်ငါးနှစ်တိုင်တိုင် စုဆောင်းလာခဲ့သော နာကြည်းချက်များကို သယ်ဆောင်လာသကဲ့သို့ပင်။
စစ်သည်များက တုံ့ဆိုင်းမှုမရှိဘဲ သူတို့၏ ဓားရိုးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြ၏။
မြို့ကို ကာကွယ်ရသည့် အကြိမ်ကြိမ်သော တိုက်ပွဲများတွင် သူတို့၏ ရဲဘော်ရဲဘက်များကို ဆုံးရှုံးခဲ့ရသော ဤဝါရင့်စစ်သည်များ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်တစ်ခု လောင်ကျွမ်းနေချေပြီ။