အခန်း (၆၅) နေဝင်ဆည်းဆာအောက်က အထီးကျန်မြို့လေးမှာ စစ်သည်တွေ နည်းပါးလာတယ်
ကောရှင်းသည် လူခြောက်ယောက်ကို ပျက်စီးနေသော လမ်းများနှင့် လမ်းသွယ်များမှတစ်ဆင့် အနည်းငယ် ဟောင်းနွမ်းနေသော အစောင့်အရှောက်ဗိုလ်ချုပ်ကြီး၏ အိမ်တော်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ထောင့်တစ်နေရာတွင် ဒဏ်ရာရနေသော စစ်သည်အချို့က မာကျောပြီး ခြောက်သွေ့နေသော ပေါင်မုန့်ပြားတစ်ဝက်ကို မျှဝေစားသောက်နေကြလေသည်။
သွေးများနှင့် သဲများ စိုရွှဲနေသော ပတ်တီးများပြည့်နက်နေသော်လည်း အစောင့်အရှောက်ဗိုလ်ချုပ်ကြီးကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဓားကို အားပြုကာ သူတို့၏ကိုင်းနေသော ကျောများကို မတ်လိုက်ကြသည်။
ထို့နောက် သွေးစွန်းနေသော သူတို့၏ လက်ချောင်းများကို လက်သီးဆုပ်ကာ သူတို့၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထုလိုက်ကြရာ ၎င်းက အန်းရှီးတပ်မတော်၏ အရိုအသေပေးမှုပင်။
ဝမ်ကျန့်ချင်၏ လည်စေ့က နိမ့်ချည်မြင့်ချည် ဖြစ်သွားရသည်။ ဤအမာရွတ်များ ပြည့်နှက်နေသော်လည်း တည်ငြိမ်သော ပုံရိပ်များကို မြင်တွေ့ရခြင်းက သူ့အား ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားစေလေသည်။
ချန်ရွှဲလင်းနှင့် အခြားသုံးဦးမှာလည်း ရောနှောနေသော ခံစားချက်များကို ခံစားလိုက်ရပြီး သူတို့၏ နှာခေါင်းများက ရှင်းပြ၍မရအောင် ကျိန်းစပ်လာခဲ့ရသည်။
ချန်အန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီးနောက် ခူချာသည် အထီးကျန်နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီး သူတို့၏ ဘဝများက မယုံနိုင်လောက်အောင် ခက်ခဲလာခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် လူတိုင်းက နေဝင်ဆည်းဆာအောက်မှာ အထီးကျန်နေတဲ့ မြို့လေးမှာ ကျန်ရစ်သူ စစ်သည်နည်းပါးလာတယ်ဆိုသည်မှာ မည်သည့်အဓိပ္ပါယ်ဖြစ်ကြောင်း အမှန်တကယ် ခံစားလိုက်ရလေသည်။
ကောရှင်းသည် ဆွေးမြေ့နေသော အစောင့်အရှောက်ဗိုလ်ချုပ်ကြီး၏ အိမ်တော်ကို စိုက်ကြည့်လိုက်၏။ “ကျန်ကွမ်ခေတ်က ခူချာရဲ့ အခြေအနေဆိုးအတွက် ကျွန်တော် တောင်းပန်ပါတယ်။ ကျန်ကွမ်ခေတ်က ခမ်းနားထည်ဝါတဲ့ ခူချာမြို့နဲ့ ယှဉ်ရင် အခုက တကယ့်ကို အတော်လေး ခြောက်ကပ်နေပါပြီ...”
ကျန်းယဲ့က ခေါင်းယမ်းလိုက်၏။ “ဗိုလ်ချုပ်ကြီး... ခင်ဗျား မှားနေပြီ။ အကူအညီမရှိဘဲ ဒီလို ဝေးလံခေါင်သီးပြီး အထီးကျန်တဲ့ နေရာမျိုးမှာ မဟာထန်ရဲ့ အလံတွေကို အခုချိန်ထိ လွှင့်ထူထားနိုင်တာက လုံးဝကို ထူးကဲတဲ့ အောင်မြင်မှုတစ်ခုပါပဲ...”
သူက အစောင့်အရှောက်ဗိုလ်ချုပ်ကြီး အိမ်တော်၏ ခေါင်မိုးပေါ်တွင် လွင့်ပျံနေသော ထန်မင်းဆက်၏ စုတ်ပြဲနေသည့် အလံကို လက်ညှိုးထိုးပြလိုက်၏။ “ဒီအလံကို ကြည့်ပါ...”
အလံက လေနှင့် သဲများကြားတွင် လွင့်ပျံနေပြီး ၎င်း၏ ယခင်အရောင်အသွေး ဆုံးရှုံးသွားသော်လည်း ဘယ်သောအခါမှ မပြုတ်ကျခဲ့ချေ။
“ချန်အန်းက အန်းရှီးကို မေ့သွားနိုင်ပေမယ့် အန်းရှီးကတော့ ထန်မင်းဆက်ရဲ့ နယ်မြေဆိုတာကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ ဒီမြို့က ဒီနေ့အထိ ရပ်တည်နိုင်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ခင်ဗျားတို့ရဲ့ သွေးနဲ့ အသားကို အုတ်ခဲတွေအဖြစ်၊ သစ္စာရှိတဲ့ ဝိညာဉ်တွေကို အင်္ဂတေတွေအဖြစ် အသုံးပြုပြီး တည်ဆောက်ခဲ့တဲ့ မသေနိုင်တဲ့ အထိမ်းအမှတ်ကျောက်တိုင်ကြောင့်ပါပဲ...”
ကျန်းယဲ့၏ အသံက တည်ငြိမ်ပြီး ဟိန်းထွက်နေရာ စကားလုံးတိုင်းက အန်းရှီးစစ်သည်များ၏ နှလုံးသားကို ထုနှက်လိုက်သော လေးလံသည့် တူတစ်လက်ကဲ့သို့ဖြစ်ပြီး သူတို့၏ နှလုံးသားထဲတွင် ထိန်းချုပ်မရသော တုန်ခါမှုတစ်ခုကို တဖြည်းဖြည်း မြင့်တက်လာစေခဲ့သည်။
ချန်အန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားကတည်းက သူတို့ဟာ အချိန်ကာလ၏ မြစ်ရှည်ကြီးထဲတွင် မေ့လျော့ခံထားရသော အထီးကျန် လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေခဲ့ကြသည်။
ယခုအခါ အနာဂတ် နှစ်တစ်ထောင်မှလာသည်ဟု ဆိုသော ဤလူငယ်လေးက သူပြောသော စကားလုံးတိုင်းဖြင့် သူတို့ကို တစ်ခုခု ပြောပြနေခဲ့သည်။
ခင်ဗျားတို့ကို မမေ့သေးပါဘူး... ခင်ဗျားတို့ရဲ့ ဇွဲလုံ့လကို နောင်လာမယ့် မျိုးဆက်တွေက အမှတ်ရနေပါလိမ့်မယ်။
ကျန်းယဲ့၏ စကားများက အန်းရှီးတပ်မတော်၏ နှလုံးသားကို ထိမိစေရုံသာမက ဝမ်ကျန့်ချင်နှင့် သူ၏အဖွဲ့ဝင် ငါးဦးကိုပါ စိတ်လှုပ်ရှားသွားစေလေသည်။
ယန်ဖန်က မျက်ရည်များ ပြည့်နေသော မျက်လုံးများဖြင့် မျက်နှာလွှဲသွားခဲ့သည်။
ဝမ်ကျန့်ချင်က ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူ၏လည်စေ့က ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။
ချန်ရွှဲလင်း၊ ဟယ်ရွှိနှင့် ထုံယီတို့က တညီတညွတ်တည်း နှုတ်ခမ်းကို ကိုက်ထားကြပြီး သူတို့၏ လည်ချောင်းထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရ၏။
သူတို့က တံခါးအပြင်ဘက်တွင် စကားစမြည်ပြောဆိုနေချိန်၌ စစ်သည်များက ခြံဝင်းအတွင်းရှိ ထောက်ပံ့ရေးပစ္စည်းအားလုံးကို လျင်မြန်စွာ ချလိုက်ကြပြီး ဗိုလ်ချုပ်ကြီးကို စောင့်ဆိုင်းနေခဲ့ကြသည်။
အန်းရှီးစစ်သည်များဟာ ခြံဝင်းအတွင်းရှိ ပုံမှန်မဟုတ်သော ထောက်ပံ့ရေးပစ္စည်းများကို မျှော်လင့်ချက်များ၊ စူးစမ်းလိုစိတ်များဖြင့် ကြည့်ရှုနေကြသည်။
ကောရှင်းနှင့် ကျန်းယဲ့တို့ ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသောအခါ စစ်သည်များက အရိုအသေပေးလိုက်ကြ၏။
“ဗိုလ်ချုပ်ကြီး”
ကောရှင်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး သူ၏အကြည့်က ခြံဝင်းထဲတွင် ပုံထားသော ထောက်ပံ့ရေးပစ္စည်းများအပေါ်သို့ ဖြတ်ပြေးသွားလေသည်။
ကျန်းယဲ့က “ဗိုလ်ချုပ်ကြီး... ကျွန်တော်တို့ ယူဆောင်လာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အားလုံးကို အသုံးပြုလို့ ရမရဆိုတာကို ခင်ဗျား ဘာလို့ မကြည့်တာလဲ”
ကောရှင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ကျန်းယဲ့က ဆန်နှင့် ဂျုံမှုန့်ပုံဆီသို့ လျှောက်သွားကာ “ဒါတွေက နောင်လာမယ့် မျိုးဆက်တွေ စားသုံးတဲ့ ဆန်နဲ့ ဂျုံမှုန့်တွေပါ” ဟု ပြောလိုက်၏။
သူက ရှေ့တိုးကာ အိတ်ကို ဖွင့်ရန် ပြင်လိုက်ချိန်တွင် ယန်ဖန်က “ကျွန်မကို လုပ်ခွင့်ပေးပါ။ ကျွန်မက ဒါကို အမြဲတမ်း လုပ်နေကျဆိုတော့ ဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်”
၎င်းက ချန်ရွှဲလင်း ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်ပင်။
ပစ္စည်းတွေချနေချိန်တွင် သဲပြင်ပေါ်သို့ ဖိတ်ကျသွားသော နှင်းပွင့်ကဲ့သို့ ဖြူဖွေးသည့် ဂျုံမှုန့်များကို သူတို့၏ ကြမ်းတမ်းသော လက်များဖြင့် ထပ်ခါတလဲလဲ ကောက်ယူခဲ့ပုံ၊ သဲများနှင့် ရောနှောနေသော စပါးများကို ကြည့်ကာ ခေါင်းယမ်းသက်ပြင်းချခဲ့ပုံတို့ကို သူမ မမေ့သေးချေ။ ထိုမြင်ကွင်းက သူမ၏စိတ်ထဲတွင် လတ်ဆတ်နေဆဲပင်။
ဤတစ်ကြိမ်တွင် ချန်ရွှဲလင်းသည် သင်ခန်းစာရသွားပြီး လိမ်မာစွာ ဘေးဖယ်နေကာ ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲတော့ချေ။
ယန်ဖန်က ပထမဆုံးအိတ်ကို ဖြေလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဖြူဖွေးသော ဆန်တစ်ဆုပ်ကို ထုတ်ပြလိုက်၏။ လူတိုင်း၏ အာရုံက သူမ၏ လက်ဖဝါးများဆီသို့ ရောက်သွားကြလေသည်။ ဆန်စေ့များက လုံးဝန်းကာ ပြည့်ဖြိုးနေပြီး ဆည်းဆာအလင်းရောင်တွင် နွေးထွေးသော တောက်ပမှုဖြင့် ရောင်ပြန်ဟပ်နေချေသည်။
ကောရှင်းက သူ၏လက်ဖဝါးထဲရှိ ဆန်များကို စူးစိုက်ကြည့်လိုက်ရာ ဆန်စေ့များက ဖွဲနုတစ်စက်မျှမရှိဘဲ ကြည်လင်ပြည့်ဖြိုးနေသည်ကို မြင်တွေ့လိုက်ရ၏။
သူက ယန်ဖန်၏ လက်ဖဝါးထဲမှ ဆန်အနည်းငယ်ကို ယူကာ သူ၏လက်ထဲတွင် ဂရုတစိုက် ထားလိုက်လေသည်။ သူ၏လက်ဖဝါးထဲရှိ ဆန်စေ့များက ပုလဲများကဲ့သို့ လုံးဝန်းပြည့်ဖြိုးနေပြီး တစ်စေ့စီတိုင်းက လှပနေခဲ့သည်။
ချန်အန်းတွင် သူမြင်တွေ့ခဲ့ရသော အခွန်ဆက်သသည့် ဆန်ပင်လျှင် အရည်အသွေးပိုင်းတွင် များစွာ နိမ့်ကျနေချေသည်။
ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ကျန်းချန်၏ လက်က ရုတ်တရက် တုန်ခါသွားပေသည်။ သူ၏လက်က ဓားပေါ်မှ အလိုအလျောက် လျော့သွားပြီး အသားမာတက်နေသော လက်ချောင်းများက ရှေ့သို့ အနည်းငယ် ဆန့်ထွက်သွားသော်လည်း ဆန်စေ့ကို မထိမိမီတွင် ရုတ်တရက် ရပ်တန့်သွား၏။ ထို့နောက် သူက ချက်ချင်း တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်ပြီး လက်ကို ဓားရိုးပေါ်တွင် ပြန်တင်လိုက်လေသည်။
ဝါရင့်စစ်သည် ကျောက်ချီက အိတ်ထဲသို့ လည်ပင်းရှည်ကာ ကြည့်လိုက်ရာ သူ၏မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။ “ဗိုလ်ချုပ်ကြီး... ဒီဆန်မှာ ပိုးပေါက်တစ်ပေါက်တောင် မရှိဘူး...”
ဝါရင့်စစ်သည်များစွာ ဝိုင်းအုံလာကြပြီး သူတို့၏ ကြမ်းတမ်းသော လက်ချောင်းများဖြင့် ဆန်စေ့များကို ဂရုတစိုက် ကိုင်တွယ်ကြည့်ကြ၏။
ကျောက်လောက်ချီက ဖြူဖွေးသော ဆန်တစ်ဆုပ်ကို ကောက်ယူလိုက်ရာ သူ၏ အက်ကွဲနေသော နှုတ်ခမ်းများက အနည်းငယ် တုန်ခါနေလေသည်။ “ကျောက်လောက်ချီဆိုတဲ့ ကျွန်တော်က နယ်စပ်ကို အနှစ်လေးဆယ် ကာကွယ်လာခဲ့တာ... ဒီလို အရည်အသွေးရှိတဲ့ ဆန်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး”
အချို့က ဆန်စေ့များကို သူတို့၏ နှာခေါင်းနားသို့ ယူသွားကြရာ နှစ်ပေါင်းများစွာ လေနှင့် သဲများကြောင့် ခံနိုင်ရည်ရှိနေသော သူတို့၏ အနံ့ခံအာရုံက ဆန်၏ ချိုမြိန်သော ရနံ့ကို ရှင်းလင်းစွာ ဖမ်းယူရရှိသွားသည်။
အချို့က ဆန်စေ့အနည်းငယ်ကို ပါးစပ်ထဲသို့ မထည့်ဘဲ မနေနိုင်ဖြစ်လာကြရာ စိမ်းနေသော ဆန်၏ အချိုဓာတ်က သူတို့၏ လျှာပေါ်တွင် အရည်ပျော်သွားပြီး ကြမ်းတမ်းသော စစ်ရေးရိက္ခာများကို စားသုံးလေ့ရှိသည့် ဤဝါရင့်စစ်သည်များအား အံ့သြမှုဖြင့် မျက်လုံးပြူးသွားစေလေသည်။
“ချိုလိုက်တာ... အရမ်းချိုတာပဲ...” မျက်လုံးတစ်ဖက်သာရှိသော ဝါရင့်စစ်သည်က ခပ်တိုးတိုး ရေရွတ်လိုက်ရာ သူ၏မျက်လုံးများက အနည်းငယ် မှေးစင်းသွားပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာလေသည်။
သူ၏ ကျိုးနေသော သွားများက ဆန်စေ့များကို ညင်သာစွာ ဝါးနေပြီး သူ၏ မှုန်ဝါးနေသော မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာချေသည်။
ထိုအခိုက်အတန့်တွင် သူတို့ဟာ အစားအစာကို မြည်းစမ်းနေခြင်းမဟုတ်ဘဲ ဝေဝါးသွားခဲ့ပြီဖြစ်သော ထန်မင်းဆက်၏ အရသာကို မြည်းစမ်းနေသကဲ့သို့ပင်။
ယန်ဖန်သည် အခြားဂျုံမှုန့်အိတ်တစ်အိတ်ဆီသို့ လျှောက်သွားပြီး ကြိုးကို လွယ်ကူစွာ ဖြေလိုက်၏။ အိတ်က ဖြည်းညှင်းစွာ ပွင့်လာသည်နှင့် လတ်ဆတ်သော ဂျုံရနံ့တစ်ခုက လေထဲတွင် ချက်ချင်း ပြည့်နှက်သွားလေသည်။
သူမက အိတ်အဝကို ဂရုတစိုက် အကြိမ်အနည်းငယ် ခေါက်ချလိုက်ရာ အထဲရှိ နှင်းပွင့်ကဲ့သို့ ဖြူဖွေးပြီး သေးငယ်သော ဂျုံမှုန့်များ ပေါ်ထွက်လာခဲ့သည်။
ကောရှင်းက မသိလိုက်မသိဘာသာ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သံချပ်ကာမှ တချွင်ချွင် မြည်သံ အနည်းငယ် ထွက်ပေါ်လာလေသည်။
စစ်သူကြီးအိုကြီးသည် ကိုင်းညွတ်လိုက်ပြီး သူ၏အကြည့်က ဂျုံမှုန့်အိတ်ပေါ်တွင် စူးစိုက်နေခဲ့သည်။
နေဝင်ဆည်းဆာအလင်းရောင်ဖြင့် တောက်ပနေသော သန့်စင်သည့် အဖြူရောင်က ဆောင်းဦးရာသီရှိ လတ်ဆတ်သော နှင်းများကဲ့သို့ စူးရှနေလေသည်။
သူက လက်ကို ဆန့်ထုတ်လိုက်ချိန်တွင် တွန့်ဆုတ်သွားပြီး လေထဲတွင် ရပ်တန့်သွားရာ သူ၏ ကြမ်းတမ်းသော လက်ချောင်းများက အဖြူရောင်ကို ညစ်နွမ်းသွားစေမည်ကို ကြောက်ရွံ့နေသကဲ့သို့ပင်။
“ဗိုလ်ချုပ်ကြီး... ဘာလို့ မထိကြည့်တာလဲ” ယန်ဖန်က အိတ်ကို သူ့ဆီသို့ တွန်းပို့ကာ ညင်သာစွာ ပြောလိုက်၏။
ထိုအခါ ကောရှင်းဟာ ဂျုံမှုန့်၏ မျက်နှာပြင်ကို သူ၏ လက်ချောင်းထိပ်များဖြင့် ဂရုတစိုက် ထိတွေ့လိုက်လေသည်။
သိမ်မွေ့သော အထိအတွေ့ကြောင့် သူ၏ မျက်စိသူငယ်အိမ်က အနည်းငယ် ကျုံ့သွားရသည်။ သူ၏ လက်ချောင်းထိပ်များမှ နူးညံ့မှုက အကောင်းဆုံး ပိုးသားတစ်စကဲ့သို့ ခံစားရသည်။
အနည်းငယ် အားစိုက်လိုက်သည်နှင့် သူ၏ လက်ချောင်းများက ဂျုံမှုန့်ထဲသို့ နစ်ဝင်သွားပြီး ကြမ်းတမ်းသည့် ခံစားချက်မျိုး လုံးဝမရှိဘဲ ယခင်က မကြုံဖူးသော သိပ်သည်းသည့် အထိအတွေ့ကို ခံစားလိုက်ရ၏။
“ဒါက...” စစ်သူကြီးအို၏ အသံက အနည်းငယ် တုန်ခါနေချေသည်။ သူက ဂျုံမှုန့်တစ်ဆုပ်ကို ကောက်ယူလိုက်ပြီး ဂျုံမှုန့်များက သဲများကဲ့သို့ သူ၏ လက်ချောင်းများကြားမှ လျှောကျသွားသည်ကို ကြည့်နေခဲ့သည်။ “ချန်အန်းရဲ့ အနောက်ဘက်စျေးကွက်မှာရှိတဲ့ အကောင်းဆုံး စပါးဆိုင်တွေကတောင် ဒီလို ဂျုံမှုန့်မျိုးကို မကြိတ်နိုင်ဘူး..”
အရင်ကတော့ မြို့ရိုးပေါ်ကနေ အဝေးက လှမ်းမြင်ခဲ့ရပြီး ဂျုံမှုန့်က အရည်အသွေးကောင်းတယ်ဆိုတာကို သိခဲ့ပေမဲ့ အခု အနီးကပ်ကြည့်လိုက်တော့ ကောင်းရုံတင်မကဘူး.... အခွန်ဆက်သတာထက်တောင် ပိုကောင်းနေသေးတယ်။
ကောရှင်း၏ စူးစိုက်နေသော အမူအရာကို မြင်သောအခါ ယန်ဖန်က သူမဘေးရှိ အခြားအိတ်တစ်အိတ်ကို ညင်သာစွာ ဖြေလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် သူမက အိတ်ကို လုံးဝဖွင့်ရန် တမင်သက်သက် ရည်ရွယ်ခဲ့ပြီး အထဲရှိ ဂျုံမှုန့်များကို လူတိုင်းမြင်တွေ့စေရန် ဖွင့်ပြလိုက်၏။ နေဝင်ဆည်းဆာအောက်တွင် နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ဂျုံမှုန့်များက တောက်ပနေသကဲ့သို့ ထင်ရပြီး ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာများကို ပိုမိုတောက်ပလာစေလေသည်။
ပတ်ဝန်းကျင်ရှိ စစ်သည်များက တညီတညွတ်တည်း အသက်ရှူအောင့်ထားလိုက်ကြ၏။ အချို့က သူတို့ အိပ်မက်မက်နေသလားဟု တွေးကာ သူတို့ကိုယ်သူတို့ တိတ်တဆိတ် ဆိတ်ကြည့်ကြပြီး အချို့ကမူ သူတို့အမြင်မှားနေမည်ကို စိုးရိမ်သဖြင့် သူတို့၏ မျက်လုံးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်ကြသည်။
ကောရှင်းက ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ရာ သူ၏ သံချပ်ကာအောက်ရှိ ရင်ဘတ်က ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည် ဖြစ်နေချေသည်။
သူက ခြံဝင်းထဲတွင် ပုံထားသော တောင်လောက်ရှိသည့် ထောက်ပံ့ရေးပစ္စည်းများကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူ၏ရှေ့ရှိ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ဂျုံမှုန့်နှစ်အိတ်နှင့် တောက်ပနေသော ဆန်စေ့များကို ကြည့်လိုက်၏။
ထို့နောက် သူ၏ ထက်မြက်သော အကြည့်များက ကျန်းယဲ့နှင့် သူ၏အဖွဲ့အပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်သွားခဲ့သည်။ သူတို့က အနာဂတ် နှစ်တစ်ထောင်မှ လာသည်ဆိုသော စကားများမှာ အမှန်တကယ်ပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။