အခန်း (၆၄) မြို့ထဲသို့ ဝင်ရောက်ခြင်း
လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ကောရှင်း၏ အရောင်လွင့်နေသော ဝတ်ရုံကို လွင့်ပျံသွားစေလေသည်။
စစ်သူကြီးအို၏ အသားမာတက်နေသော လက်က ရုတ်တရက် တုန်ခါသွားပြီး လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ မြင်ရခဲသော ချန်အန်း၏ အရိုအသေပေးမှုကို ပြုလုပ်လိုက်၏။
အနောက်ဘက်ဒေသများ၏ လေနှင့်သဲများကြားတွင် နှစ်ဆယ့်ငါးနှစ်တိုင်တိုင် ဖျက်ဆီးမရခဲ့သော လုပ်ရပ်များက ယခုအခါ သူ၏ သန်မာပြီး တက်ကြွသော လက်ချောင်းများတွင် ပြန်လည်ပေါ်ပေါက်လာချေသည်။
ထိုအခိုက်အတန့်တွင် မြို့ရိုးအောက်၌ သံချပ်ကာများ ရိုက်ခတ်သံများ ပြည့်နှက်သွား၏။
နားထင်တွင် ဆံပင်ဖြူနေသော ဝါရင့်စစ်သည်များကလည်း သူတို့၏ ညာဘက်လက်မောင်းများကို တညီတညွတ်တည်း မြှောက်လိုက်ကြရာ သူတို့၏ လှုပ်ရှားမှုများက အနည်းငယ် ကိုးရိုးကားရားနိုင်သော်လည်း လုံးဝကို လေးနက်နေပေသည်။
အချို့စစ်သည်များ၏ လက်ဆစ်များက ပုံပျက်နေပြီး ဆက်၍မရနိုင်တော့ချေ။ လက်ချောင်းများ ပြတ်နေသူအချို့ကလည်း တည်ငြိမ်မှုကို ထိန်းသိမ်းရန် ရုန်းကန်နေရဆဲပင်။
သံလက်အိတ်များနှင့် ရင်အုပ်ကာများ ရိုက်ခတ်သံတို့က ရုတ်တရက် ရွာချလာသော မိုးသည်းထန်သံကဲ့သို့ ဟိန်းထွက်သွားပြီး အငယ်ဆုံးစစ်သည်ဟာ သူ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီဖြစ်ကြောင်းကိုပင် သတိမထားမိပေ။
ကျန်းယဲ့၏ နောက်တွင်ရှိနေသော ဝမ်ကျန့်ချင်သည် ရှေ့သို့ ဖြည်းညှင်းစွာ ထွက်လာပြီး ကျန်းယဲ့၏ဘေးတွင် ရပ်လိုက်m။
သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ က စစ်သည်များဖြစ်ပြီး သူက ခေတ်သစ်စစ်သားတစ်ဦးဖြစ်သည်။
ဝမ်ကျန့်ချင်သည် သူ၏ရှေ့ရှိ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနေသော အန်းရှီးမှ ဝါရင့်စစ်သည်များကို စိုက်ကြည့်လိုက်ပြီး သူ၏ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ ကျန်းယဲ့၏ အမူအရာကို အတုယူလျက် စံအကျဆုံး ထန်မင်းဆက်၏ အရိုအသေပေးမှုကို ပြုလုပ်လိုက်ပြန်သည်။
သူ၏လှုပ်ရှားမှုများက အနည်းငယ် အဆင်မပြေသော်လည်း အထူးပင် လေးနက်နေချေသည်။
မလှမ်းမကမ်းရှိ သဲသောင်ပြင်တွင် ယန်ဖန်က သူမ၏ဖုန်းကို အလိုအလျောက် လှမ်းယူလိုက်၏။
သူမသည် ဤနှစ်တစ်ထောင်ကို ဖြတ်ကျော်လာသော တွေ့ဆုံမှုဆီသို့ ကင်မရာကို ချိန်ရွယ်လိုက်၏။
ကျန်းယဲ့နှင့် ဝမ်ကျန့်ချင်တို့က ယှဉ်တွဲရပ်ကာ သံချပ်ကာများ စုတ်ပြဲနေသော အန်းရှီးတပ်မတော် စစ်သည်များကို လေးနက်စွာ အရိုအသေပေးနေခဲ့ကြသည်။
နေဝင်ဆည်းဆာအလင်းရောင်က မြင်ကွင်းအပေါ်သို့ ရွှေရောင်လွှမ်းခြုံထားပြီး လူအုပ်စု၏ ပုံရိပ်များက ဖုန်းစခရင်ပေါ်တွင် အံ့သြဖွယ်ကောင်းသော ပုံရိပ်တစ်ခုကို ဖန်တီးနေချေသည်။
ကျန်းယဲ့၏ ရိုးသားမှု၊ ဝမ်ကျန့်ချင်၏ လေးနက်မှုနှင့် အန်းရှီးတပ်မတော်၏ ဒူးမထောက်သော ပုံရိပ်များ၊ သူတို့၏ သံချပ်ကာများ ဟောင်းနွမ်းနေသော်လည်း သူတို့၏ ကျောရိုးများတွင် အချိန်ကာလ၏ အမှတ်အသားများ စွဲထင်နေမှုတို့က နှစ်တစ်ထောင်ကို ကျော်လွန်သော သဟဇာတဖြစ်မှုတစ်ခုကို ဖန်တီးလိုက်လေသည်။
ခေတ်သစ်၏ ရိုးသားမှုနှင့် ရှေးဟောင်း၏ ဇွဲလုံ့လတို့က ဆည်းဆာအလင်းရောင်တွင် အပြစ်ကင်းစင်စွာ ရောနှောသွားခဲ့သည်။
“ကလစ်...”
ကင်မရာရိုက်သံ ခပ်တိုးတိုးကို သဲကန္တာရလေက ဖုံးလွှမ်းသွားချေသည်။
ကျန်းယဲ့သည် ကောရှင်းကို လက်အုပ်ချီကာ “ဗိုလ်ချုပ်ကြီးကော... မျှော်လင့်မထားတဲ့ အခြေအနေတွေ မဖြစ်ရလေအောင် ဒီထောက်ပံ့ရေးပစ္စည်းတွေကို မြို့ထဲကို အမြန်ဆုံး သယ်ယူဖို့ လူတွေကို စေလွှတ်ပေးပါ”
ကျန်းယဲ့သည် တိဗက်များ သို့မဟုတ် တစ်စုံတစ်ခုက ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရိမ်နေလေသည်။
အခွင့်အလမ်းက အလွန်နည်းပါးသော်လည်း အနည်းငယ်သော အခွင့်အလမ်းဆိုလျှင်ပင် ဖြစ်နိုင်ချေရှိဆဲပင်။
ကောရှင်း၏ မျက်လုံးများက ထက်မြက်သွားပြီး ချက်ချင်းလှည့်ကာ အမိန့်ပေးလိုက်၏။ “ကျန်းချန်... လူနှစ်ဖွဲ့ခေါ်ပြီး ထောက်ပံ့ရေးပစ္စည်းတွေကို မြို့ထဲကို ချက်ချင်းရွှေ့လိုက်။ မှတ်ထား... ဆန်တစ်စေ့မှ မဖိတ်ကျစေနဲ့”
“နားလည်ပါပြီ” ကျန်းချန်က လက်အုပ်ချီကာ တုံ့ပြန်လိုက်ပြီး ထောက်ပံ့ရေးပစ္စည်းပုံဆီသို့ အပြေးအလွှားသွားရန် စွမ်းဆောင်ရည်ရှိသော ဝါရင့်စစ်သည်နှစ်ဆယ်ကို ချက်ချင်း စုစည်းလိုက်လေသည်။
တန်းစီနေသော လူများက ဖွင့်ထားသော ဂျုံမှုန့်အိတ်ကို ဖြတ်သွားသောအခါ စစ်သည်အားလုံးဟာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ဂျုံမှုန့်ဆီသို့ ဆွဲဆောင်ခံလိုက်ရလေသည်။
သူတို့သည် ဤမျှ ဖြူဖွေးသော ဂျုံမှုန့်ကို တစ်ခါမှ မမြင်ဖူးကြချေ။
ဂျုံမှုန့်သည် ဆောင်းရာသီရှိ နှင်းများထက်ပင် ပိုမိုဖြူဖွေးနေပြီး သူတို့၏မျက်စိကို ကျိန်းစပ်စေသည်အထိ ဖြူဖွေးနေချေသည်။
“ဒါ... ဒါက ချန်အန်းက မီးပုံးပွဲတော်မှာ ဧကရာဇ်မင်းမြတ် ချီးမြှင့်တဲ့ နန်းတွင်းမုန့်တွေမှာ သုံးတဲ့ ဂျုံမှုန့်တွေထက်တောင် ပိုပြီး သန့်စင်နေမှာပဲ...” ကျွမ်းကျင်သော ဝါရင့်စစ်သည်က အံ့သြစွာဖြင့် ရေရွတ်လိုက်ပြီး ဂျုံမှုန့်အိတ်ကို ရှားပါးရတနာတစ်ခုကို ကိုင်တွယ်နေသကဲ့သို့ ဂရုတစိုက် ပိတ်လိုက်လေသည်။
အခြားသူများက သူတို့ကိုယ်သူတို့ ထိန်းချုပ်လိုက်ပြီး သဲသောင်ပြင်မှ ထောက်ပံ့ရေးပစ္စည်းများကို ကုန်တင်လှည်းများပေါ်သို့ တစ်ခုချင်းစီ စတင်ရွှေ့ပြောင်းကြလိုက်သည်။
ချန်ရွှဲလင်းသည် ဝါရင့်စစ်သည်အချို့ သံသေတ္တာများကို ရွှေ့ပြောင်းရန် ပြင်နေသည်ကို သတိပြုမိပြီး သူတို့ကို သတိပေးရန် ရှေ့သို့ ထွက်လာလိုက်သည်။ “ဒီသံသေတ္တာတွေကို သတိထားပါ... အထဲက ပစ္စည်းတွေက အရမ်းအစွမ်းထက်တယ်။ ဂရုတစိုက်ကိုင်တွယ်ပြီး သီးသန့်လှည်တစ်စီးပေါ်မှာ တင်ပါ။ မဟုတ်ရင် ဂရုတစိုက်မရှိတဲ့ လှုပ်ရှားမှုတစ်ခုက ကျွန်တော်တို့အားလုံးရဲ့ အသက်ကို ဆုံးရှုံးစေနိုင်တယ်...”
ဝါရင့်စစ်သည်က အံ့အားသင့်သွားပြီး သူ၏လက်ထဲရှိ သံသေတ္တာငယ်လေးကို ငုံ့ကြည့်လိုက်၏။ “ဒီအရာက တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား”
ချန်ရွှဲလင်းက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ အချိန်တန်ရင် အစ်ကိုဝမ်က ဒီအရာက ဘယ်လောက်အစွမ်းထက်သလဲဆိုတာကို ပြသလိမ့်မယ်... အဲဒီအခါကျရင် မင်းတို့ ဘယ်လောက် အံ့သြစရာကောင်းလဲဆိုတာကို သိလာလိမ့်မယ်”
ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ စစ်သည်များက သံသေတ္တာထဲမှ ပစ္စည်းများအပေါ် ပိုမိုသိချင်စိတ်ပြင်းပြလာပြီး ရွှေ့ပြောင်းသည့်အခါ ပိုမိုဂရုစိုက်လာကြလေသည်။
ကောရှင်းက ကျန်းယဲ့နှင့် သူ၏အဖွဲ့အား ‘ကျေးဇူးပြု၍’ဟု အမူအရာပြလိုက်ပြီး သူတို့ ခြောက်ယောက်ကို မြို့တံခါးဆီသို့ ကိုယ်တိုင်ဦးဆောင်သွားခဲ့လေသည်။
သူတို့နောက်တွင် အန်းရှီးမှ ဝါရင့်စစ်သည်များက ဆန်၊ ဂျုံ၊ ဆီနှင့် အခြားစပါးများ တင်ဆောင်ထားသော အသံမြည်နေသည့် သစ်သားလှည်းများကို တွန်းကာ ဖြည်းညှင်းစွာ လိုက်ပါလာကြပြီး ဘီးများက သဲထဲတွင် နက်ရှိုင်းသော လမ်းကြောင်းများကို ချန်ရစ်ထားခဲ့သည်။
ကြီးမားလေးလံသော မြို့တံခါးကို ဖြတ်သန်းသွားသောအခါ သူတို့ရှေ့ရှိ မြင်ကွင်းက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို အသက်ရှူမှားသွားစေ၏။
တိုက်ဆိုင်စွာပင် ကျန်းယဲ့အဖွဲ့မှ လူခြောက်ယောက်စလုံးက ခေတ်သစ်တွင် ခူချာရှေးဟောင်းမြို့တော်၏ အပျက်အစီးများဆီသို့ သွားရောက်လည်ပတ်ဖူးကြပြီး လေနှင့် သဲများကြောင့် ပျက်စီးနေသော နံရံများကို မြင်တွေ့ဖူးကြလေသည်။
ယခုအချိန်တွင်မူ ခူချာမြို့အစစ်အမှန်က သူတို့မျက်စိရှေ့တွင် ရှိနေခဲ့သည်။
မြေသားမြို့ရိုး၏ အတွင်းဘက်တွင် မီးခိုးနှင့် မီးလောင်ထားသော အရာများ ပြည့်နှက်နေပြီး ပြိုကျနေသော ကွက်လပ်အချို့ကို အပျက်အစီးများဖြင့် ဖြည့်တင်းထားလေသည်။
တစ်ချိန်က စည်ကားခဲ့သော စျေးက ယခုအခါတွင် ခြောက်ကပ်နေပြီး ကျုံ့နေသော ပေါင်မုန့်ပြားများနှင့် မည်းနေသော အသားခြောက်များကို ပြသထားသည့် ဆိုင်ခန်းအနည်းငယ်နှင့် စင်များသာ ရှိတော့၏။
တက်ကြွသော စီးပွားရေးအချက်အချာနေရာ ဖြစ်သင့်သည့် ဗဟိုရင်ပြင်သည်တော့ ယခုအခါ ပြုပြင်နေသော သံချပ်ကာများနှင့် လက်နက်များ ပုံနေချေသည်။
ထိုနေရာ၌ အမျိုးသမီးအချို့က စုတ်ပြဲနေသော သားရေသံချပ်ကာများကို ဖာထေးနေခဲ့ကြသည်။
သူတို့အနီးတွင် အသက်ဆယ်နှစ်အောက် ကလေးအချို့က သစ်သားတုတ်များဖြင့် ပစ်ခတ်လေ့ကျင့်နေကြပြီး သူတို့၏ သေးငယ်သော ပုံရိပ်များက ဆည်းဆာအလင်းရောင်ကြောင့် ရှည်လျားနေခဲ့သည်။
လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လမ်းပေါ်မှ ဖုန်မှုန့်များကို လွင့်ပျံသွားစေလေသည်။
ယန်ဖန်က သူမ၏ပါးစပ်နှင့် နှာခေါင်းကို အုပ်လိုက်သော်လည်း လေထဲတွင်ရှိသော မီးလောင်ထားသည့် မြေကြီးအနံ့ကြောင့် မွန်းကျပ်သွားပြီး ချောင်းဆိုးလိုက်ရသည်။
ပြိုကျနေသော နံရံနောက်တွင် ပုန်းအောင်းနေသည့် စုတ်ပြဲနေသော ကလေးအချို့ကို သူမ မြင်တွေ့လိုက်ရပြီး သူတို့က စူးစမ်းချင်စိတ်ဖြင့် ချောင်းကြည့်နေကြသော်လည်း အနီးသို့ မလာရဲကြချေ။
ဝမ်ကျန့်ချင်က သူ၏ခြေအောက်ရှိ ခင်းထားသော ကျောက်တုံးများကို ငုံ့ကြည့်လိုက်သည်။ ပြန့်ပြူးနေသင့်သည့် ကျောက်ပြားများက ယခုအခါ ကျိုးပဲ့ချိုင့်ဝင်နေပြီး အက်ကွဲကြောင်းများကြားမှ ကုလားအုတ်ဆူးပင်များ ထွက်ပေါ်နေခဲ့သည်။
လမ်းထောင့်ရှိ ရေတွင်းဟောင်းတစ်ခုတွင် ရေခပ်ရန် တန်းစီနေသူများ ကိုင်ဆောင်ထားသော ရေအိုးအများစုမှာ ကျိုးပဲ့နေပြီး မပြည့်စုံကြောင်းကို သူ သတိပြုမိလိုက်လေသည်။
အသည်းကွဲစရာအကောင်းဆုံး မြင်ကွင်းမှာ မြို့လယ်ရှိ စစ်သူကြီး၏ စံအိမ်ပင်။ တံခါးပေါက်ပေါ်ရှိ ဆေးရောင်များက ကွာကျနေသည်မှာ ကြာပြီဖြစ်ပြီး သစ်သားတိုင်များကလည်း ပိုးကောင်များ စားထားသဖြင့် အပေါက်များဖြစ်နေသော်လည်း ထန်မင်းဆက်၏ အလံကို ခေါင်းမာစွာ ထောက်ပံ့ထားဆဲပင်။
အလံက အရောင်လွင့်ပြီး ပျက်စီးနေသော်လည်း ထန်ဟူသော စာလုံးကိုမူ ရှင်းလင်းစွာ မြင်တွေ့နိုင်ဆဲဖြစ်၏။
အဝေးရှိ ဗုဒ္ဓစေတီတော်၏ အပျက်အစီးများပေါ်တွင် ပျံသန်းနေသော နတ်သမီးများ၏ လှပသော နံရံဆေးရေးပန်းချီများကို ဝိုးတဝါး မြင်တွေ့နိုင်ဆဲဖြစ်သော်လည်း ယခုအခါ စစ်ပွဲကြောင့် စွန့်ပစ်ခံထားခဲ့ရသည်။
ကျန်းယဲ့သည် လက်ကိုဆန့်ထုတ်ကာ မြေသားနံရံတစ်ခုကို ထိတွေ့လိုက်ရာ သူ၏လက်ချောင်းထိပ်များတွင် အချိန်ကာလ၏ ဖုန်မှုန့်များ ဖုံးလွှမ်းသွားချေသည်။
၂၁ ရာစုတွင် ရှေးဟောင်းသုတေသန အစီရင်ခံစာများ၌သာ ရှိတော့သည့် ဤမြို့က ယခုအခါ သူ၏လက်ဖဝါးအောက်တွင် ခပ်ဖွဖွ အသက်ရှူနေချေသည်။
ကောရှင်းသည် သူတို့ခြောက်ယောက် မြို့တံခါးကို ဖြတ်ကျော်လိုက်သည့် အခိုက်အတန့်တွင် သူတို့၏ မျက်နှာအမူအရာများ ရုတ်တရက် အေးခဲသွားသည်ကို ထက်မြက်စွာ သတိပြုမိလိုက်၏။
ထိုလူငယ်များ၏ မျက်နှာပေါ်တွင် ဖော်ပြရခက်သော ရှုပ်ထွေးသည့် ခံစားချက်တစ်ခု ပေါ်ပေါက်လာလေသည်။
အိပ်မက်မက်နေသကဲ့သို့ သူ၏မွေးရပ်မြေ ကျဆင်းသွားသည့် ဝမ်းနည်းမှုကို မြင်တွေ့ရသော အိမ်ပြန်လာသည့် ခရီးသွားတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
စစ်သူကြီးအိုကို အထိတ်တလန့်ဖြစ်စေဆုံးအရာမှာ သူတို့၏မျက်လုံးထဲရှိ နက်ရှိုင်းသော ဝမ်းနည်းမှုပင်။ ထိုအမူအရာက ဤနေရာကို ပထမဆုံးအကြိမ် မြင်တွေ့သူတစ်ဦးတွင် မမြင်တွေ့ရသင့်သော အမူအရာမျိုးဖြစ်သည်။
ဤဆိတ်ငြိမ်မှုကို သူတို့က ကြိုတင်မြင်တွေ့ထားပြီး သူတို့မျက်မြင်တွေ့ရှိရမှုကြောင့် အသည်းကွဲနေရသကဲ့သို့ပင်။
ထိုလူများ ပြသသော ခံစားချက်များက ဤဝါရင့်စစ်သူကြီးကိုပင် တုန်လှုပ်သွားစေခဲ့သည်။
လူခြောက်ယောက်က သမိုင်းထဲတွင် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့သော ရှေးဟောင်းမြို့တော်နှင့် တိတ်ဆိတ်စွာ တွေ့ဆုံနေချိန်တွင် ရှေးဟောင်းမြို့တော်ရှိ လူများက သူတို့၏ ရောက်ရှိလာမှုကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရသည်။
အလုပ်များနေသော လူများက သူတို့လုပ်နေသည်များကို ရပ်တန့်လိုက်ကြပြီး လက်နက်များ ပြုပြင်နေသော စစ်သည်များက မော့ကြည့်လာကြကာ ဆော့ကစားနေသော ကလေးများပင်လျှင် သူတို့၏ စူးစမ်းချင်စိတ်ပြင်းပြသော မျက်လုံးများကို ဖွင့်ကာ သူတို့ကို တိတ်တဆိတ် ကြည့်ရှုနေကြချေသည်။
ဤစိမ်းသက်သော ဧည့်သည်များ၏ အဝတ်အစားက သူတို့တစ်ခါမှ မမြင်ဖူးသော မြင်ကွင်းတစ်ခုပင်။
ကျန်းယဲ့၏ အစွန်းအထင်းမရှိသော အဖြူရောင် ရှပ်အင်္ကျီက မြို့၏ မီးခိုးရောင်၊ ကြမ်းတမ်းသော လျှော်ချည်ထည်အဝတ်အစားများနှင့် ကွာခြားနေပြီး သူ၏လက်ကောက်ဝတ်ရှိ သိမ်မွေ့သော ကြယ်သီးများက သူလှုပ်ရှားလိုက်တိုင်း သတ္တုအလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။
ယန်ဖန်၏ အရောင်ဖျော့သော ပေါ့ပေါ့ပါးပါး ဘောင်းဘီများက သူမ၏ သွယ်လျသော ကိုယ်လုံးကို ပေါ်လွင်စေပြီး သူမ၏ခါးရှိ လက်ချပ်ပါသော ခါးပတ်က အမျိုးသမီးအချို့၏ စူးစမ်းလိုသော တီးတိုးစကားများကို ဆွဲဆောင်သွား၏။
သူတို့အဖွဲ့တွင် ချန်ရွှဲလင်း၏ ဈေးကြီးသော နာရီမှသည် ဟယ်ရွှိ၏ သတ္တုဘောင်တပ် မျက်မှန်အထိ၊ ဝမ်ကျန့်ချင်၏ ဆံပင်တိုနှင့် ယန်ဖန်၏ ပေါ့ပေါ့ပါးပါး ချချထားသော ဆံပင်တို့သည်ပင် မြို့သူမြို့သားများကြားတွင် ဆွေးနွေးစရာ အချက်အချာ ဖြစ်လာခဲ့လေသည်။