အခန်း (၆၃) ထန်မင်းဆက်၏ ရိုသေမှုပြသခြင်း
ကျန်းယဲ့သည် သူတို့နောက်ရှိ ထောက်ပံ့ရေးပစ္စည်းများကို ထပ်မံလက်ညှိုးထိုးပြလိုက်၏။ “ကျွန်တော်တို့ ယူဆောင်လာတဲ့ ပစ္စည်းတွေဟာ နောင်လာမယ့် ခေတ်တွေမှာ ဖန်တီးထားတာဖြစ်ပြီး ဒါက အကောင်းဆုံး သက်သေပါပဲ...”
“စကားအနည်းငယ်လောက်နဲ့ ဗိုလ်ချုပ်ကြီးက ကျွန်တော်တို့ကို ယုံကြည်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ဗိုလ်ချုပ်ကြီးက ကျွန်တော်တို့အားလုံးကို ကြိုးတုပ်ပြီး ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို သေချာစစ်ဆေးနိုင်ပါတယ်...”
“ကျွန်တော်တို့ မျိုးဆက်တွေ ယုံကြည်ထားတာက အန်းရှီးသံမဏိတပ်မတော်ဟာ ဓားတွေ၊ ပုဆိန်တွေနဲ့ ရင်ဆိုင်ရရင်တောင်မှ ထန်မင်းဆက်ရဲ့ ပြည်သူတွေကို ဘယ်တော့မှ အန္တရာယ်ပြုမှာ မဟုတ်ဘူးဆိုတာပါပဲ။ အဲဒီလူတွေက နှစ်တစ်ထောင်အကြာက ဆင်းသက်လာတဲ့ မျိုးဆက်တွေ ဖြစ်နေရင်တောင်မှပေါ့...”
စကားပြောနေရင်း ကျန်းယဲ့သည် ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားရာ သူလှမ်းလိုက်သော ခြေလှမ်းတိုင်းက အလွန်တည်ငြိမ်နေခဲ့သည်။
သူက အန္တရာယ်မပေးနိုင်ကြောင်း ပြသရန် လက်နှစ်ဖက်ကို မြှောက်ထားပြီး မြို့ရိုးနှင့် ခြေလှမ်းတစ်ရာအကွာတွင် ရပ်လိုက်၏။ ထိုအကွာအဝေးက ထန်လေး၏ ပစ်ခတ်နိုင်သော အကွာအဝေးအစွန်းတွင် အတိအကျရှိနေပြီး မဆင်မခြင်နိုင်လွန်းသောပုံစံ မပေါက်စေဘဲ ရိုးသားမှုကို ပြသနေချေသည်။
ထိုကဲ့သို့ ရဲတင်းသော လုပ်ရပ်ကြောင့် သူ၏နောက်တွင်ရှိနေသော ချန်ရွှဲလင်းနှင့် အဖော်သုံးဦးတို့မှာ မျက်လုံးပြူးသွားကြရသည်။
ဝမ်ကျန့်ချင်ပင်လျှင် ကျန်းယဲ့အတွက် စိုးရိမ်သွားလေသည်။
အကယ်၍ တာဝန်ရှိသူများက မဆင်မခြင် မြားများကို ပစ်လွှတ်လိုက်မည်ဆိုပါက နောက်ပြောင်စရာကိစ္စ ဖြစ်မည်မဟုတ်ချေ။
မြို့ရိုးပေါ်ရှိ ဝါရင့်စစ်သည်များကလည်း သံမဏိကဲ့သို့ တိတ်ဆိတ်နေကြဆဲပင်။
ကျောက်ချီ၏ လေးကြိုးကို တစ်ဝက်ခန့် ဆွဲထားပြီး အသားမာတက်နေသော သူ၏လက်ချောင်းများက မြားတောင်ပံပေါ်တွင် ရှိနေကာ လျှော့ချလိုက်ခြင်းမျိုးလည်း မရှိသလို ထပ်မံတင်းကျပ်လိုက်ခြင်းမျိုးလည်း မရှိပေ။
အငယ်ဆုံးစစ်သည်၏ လည်စေ့က နိမ့်ချည်မြင့်ချည် ဖြစ်သွားသော်လည်း သူက အသင့်အနေအထားဖြစ်သော စံကိုက်ကိုယ်ဟန်ကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
ကျန်းယဲ့သည် သူ၏ရှပ်အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်ပြီး သူ၌ မည်သည့်လက်နက်မှ ဝှက်ထားခြင်းမရှိကြောင်း အစောင့်များအား ပြသရန် အင်္ကျီကို အကြိမ်အနည်းငယ် ခါလိုက်၏။
သူက ထိုလုပ်ရပ်ကို အလွန်ထိန်းချုပ်ကာ လုပ်ဆောင်ခဲ့ပြီး ရန်စလိုသည့် ပုံစံအနည်းငယ်မျှ မပါဝင်ဘဲ သူ၏ပွင့်လင်းမှုကို ပြသနေခဲ့သည်။
ကျန်းယဲ့က ထပ်မံပြောလိုက်ရာ သူ၏အသံက သဲကန္တာရ၏ အပူရှိန်ထဲတွင် အထူးပင် ရှင်းလင်းနေလေသည်။ “ဗိုလ်ချုပ်ကြီးကော... လူကြီးမင်းက ဒီလောင်းကြေးကို ထပ်ရဲပါသလား... ဒါမှမဟုတ် ခူချာက စစ်သည်တွေ ဆာလောင်နေပြီး သူတို့ရဲ့ သံချပ်ကာတွေ စုတ်ပြဲနေတာကိုပဲ ဆက်လက်ကြည့်နေမှာလား”
မြို့ရိုးပေါ်တွင် သေမတတ် တိတ်ဆိတ်နေပြီး အလံများ လွင့်ပျံနေသည့် အသံသာရှိနေလေသည်။
ကောရှင်း၏ အကြည့်များက သဲသောင်ပြင်ပေါ်ရှိ လူတိုင်းအပေါ်သို့ ဓားတစ်လက်ကဲ့သို့ ဖြတ်ပြေးသွား၏။ မားမားမတ်မတ် ရှိနေသော ဝမ်ကျန့်ချင်၊ ကြည်လင်သော မျက်လုံးများနှင့် ချန်ရွှဲလင်းတို့ သုံးဦးနှင့် ကာကွယ်နိုင်စွမ်းမရှိသော ယန်ဖန်......
စစ်သူကြီးအို၏ အကြည့်က နောက်ဆုံးတွင် နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ဂျုံမှုန့်ပုံပေါ်သို့ ကျရောက်သွားပြီး သူ၏လည်စေ့က မသိမသာ နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့ရသည်။
ကျန်းချန်သည် ရှေ့သို့ ထွက်လာရာ အမာရွတ်ရှိသော သူ၏မျက်နှာက တင်းမာနေလေသည်။ “အစောင့်အရှောက်ဗိုလ်ချုပ်ကြီး... သတိထားပါ... ထောင်ချောက်တစ်ခု ဖြစ်နိုင်ပါတယ်”
ထိုလူများ၏ ပုံပန်းသဏ္ဍာန်က အလွန်ထူးဆန်းနေပြီး သူတို့ပြောသော စကားများကပင် ထူးဆန်းနေချေသည်။
ကောရှင်းက သူ၏လက်ဆစ်များဖြင့် အုတ်နံရံကို ခပ်ဖွဖွ ပုတ်လိုက်ရာ စည်းချက်က နှေးကွေးပြီး လေးလံနေခဲ့သည်။
မျက်လုံးထောင့်မှတစ်ဆင့် စစ်သည်အိုအချို့၏ အက်ကွဲနေသော နှုတ်ခမ်းများနှင့် သံချပ်ကာအောက်ရှိ ပိန်ချုံးနေသော ခန္ဓာကိုယ်ပုံသဏ္ဍာန်များကို သူမြင်တွေ့လိုက်ရသည်။
အချိန်တို့က တိတ်ဆိတ်စွာ ကုန်ဆုံးသွားလေသည်။
သဲပုတ်သင်တစ်ကောင်က နံရံအက်ကွဲကြောင်းတစ်ခုထဲမှ တွားသွားနေပြီး ၎င်း၏အကြေးခွံများ အုတ်ခဲများနှင့် ပွတ်တိုက်မိသော အသံကို ရှင်းလင်းစွာ ကြားနေရ၏။
ကျန်းယဲ့သည် လက်နောက်ပစ်လျက် ရပ်နေပြီး ပူပြင်းသောလေက သူ၏အင်္ကျီများကို လာရောက်ရိုက်ခတ်စေကာ အလျင်စလို တိုက်တွန်းခြင်းမျိုးမရှိသလို လျစ်လျူရှုထားခြင်းမျိုးလည်း မရှိချေ။
နောက်ဆုံးတွင် ကောရှင်း၏ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများက အနည်းငယ် တုန်ခါသွားခဲ့သည်။
သူက လည်ပင်းသံချပ်ကာ၏ ကြိုးများကို ဖြုတ်ရန် လက်ကို မြှောက်လိုက်ရာ ထိုလှုပ်ရှားမှုကြောင့် အစောင့်များအားလုံး ကျောကို မတ်လိုက်ကြလေသည်။
“မြို့တံခါးကို ဖွင့်လိုက်” စစ်သူကြီးအို၏ အသံက အက်ကွဲနေသော်လည်း ပြတ်သားနေခဲ့သည်။ “ငါကိုယ်တိုင် သွားပြီး သူတို့နဲ့ တွေ့မယ်”
ကျန်းချန်၏ အမာရွတ်က တွန့်လိမ်သွားရသည်။ “အစောင့်အရှောက်ဗိုလ်ချုပ်ကြီး.....”
ကောရှင်း၏ အကြည့်က ကျန်းယဲ့နှင့် သူ၏အဖွဲ့အပေါ်သို့ ကျရောက်သွားလေသည်။ “အရင်တုန်းက ဗိုလ်ချုပ်ဖုန်းနောက်ကို လိုက်ပြီး ယွီမင်ဂိတ်ကနေ ထွက်လာခဲ့တုန်းကလည်း နိုင်ငံခြားကုန်သည်တိုင်းအပေါ် ငါဒီလိုပဲ သံသယဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ရဲ့ မျက်လုံးတွေကို ကြည့်စမ်း... တိဗက်တွေရဲ့ ဆိုးယုတ်တဲ့သဘာဝ အရိပ်အယောင်လေး တစ်စွန်းတစ်စလောက်ကော မင်းတွေ့ရလား”
ကောရှင်း၏ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများက ဆည်းဆာအလင်းရောင်တွင် အနည်းငယ် တုန်ခါနေလေသည်။
ဤသည်မှာ သူပေးသော အကြောင်းပြချက်ဖြစ်သော်လည်း ထိုဆုံးဖြတ်ချက်က ရှင်းပြ၍မရသော ပင်ကိုယ်အသိစိတ်အချို့အပေါ် ပိုမိုအခြေခံထားကြောင်း သူသာလျှင် သိပေသည်။
စစ်သူကြီးအို၏ လက်က သူ၏ဓားရိုးပေါ်တွင် ရှိနေပြီး သူ၏လက်ဖဝါးများတွင် သေးငယ်သော ချွေးပေါက်လေးများ တောက်ပနေခဲ့သည်။
အထီးကျန်မြို့လေးကို နှစ်ဆယ့်ငါးနှစ်တိုင်တိုင် ခိုင်မာစွာ ကာကွယ်ခဲ့မှုက သူ၏ ထက်မြက်သော ထိုးထွင်းသိမြင်မှုကို ပိုမိုထက်မြက်လာစေခဲ့သည်။
သူက မြို့ရိုးအောက်ရှိ အဖြူရောင်ဝတ်ဆင်ထားသော လူငယ်လေး၏ ဖြောင့်မတ်သော နောက်ကျောကို စိုက်ကြည့်နေမိပြီး ခဏတာမျှ ငယ်စဉ်က ချန်အန်းတွင် သူတွေ့ခဲ့ဖူးသော တက်ကြွလှသည့် ပညာတတ်များကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
“အစောင့်အရှောက်ဗိုလ်ချုပ်ကြီး... ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး...” ကျန်းချန်က တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။ “တကယ်လို့များ...”
ကောရှင်းက ဒုတိယဗိုလ်ချုပ်ကို စကားဆက်မပြောရန် လက်ကာပြလိုက်ပြီး ‘စိတ်အေးအေးထားပါ’ ဟု ဆိုလိုသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ကျန်းချန်က နားလည်သွားပြီး ထပ်မံစကားမဆိုတော့ချေ။
ကောရှင်း၏ အကြည့်က လေနှင့် သဲမှုန်များကြားတွင် လွင့်ပျံနေသော ကျန်းယဲ့၏ အဝတ်အစားများ၊ အခြားသူ၏ တည်ငြိမ်ပြီး ပေါ့ပါးနေသော မျက်ခုံးများအပေါ်သို့ ဖြတ်ပြေးသွားပြီး နောက်ဆုံးတွင် ထိုကြည်လင်တောက်ပနေသော မျက်လုံးများပေါ်၌ ရပ်တန့်သွားခဲ့သည်။
နယ်စပ်ကို စောင့်ကြပ်နေသော စစ်သည်များထံ ဆောင်းရာသီဝတ်စုံများ ပို့ဆောင်ပေးရန် လေနှင့်နှင်းများကို ရင်ဆိုင်ခဲ့ကြသည့် ထျန်းပေါက်ခေတ်ကာလက ကွမ်းကျုံးပြည်သူများကို သူ့အား ပြန်လည်အမှတ်ရစေခဲ့သည်မှာ ထိုမျက်လုံးများပင်။
မည်သို့ပင်ဆိုစေ နယ်စပ်မြို့လေးက မည်သည့်အမှားအယွင်းကိုမျှ လက်ခံနိုင်စွမ်းမရှိသော်လည်း သူက လောင်းကြေးတစ်ခုကိုမူ ထပ်ရဲဆဲပင်။
ကောရှင်းနှင့် ကျန်းချန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ နှစ်ပေါင်းများစွာ နားလည်မှုရှိခဲ့ခြင်းက နောက်ထပ် စကားပြောရန် မလိုအပ်တော့ပေ။
နောက်ခဏ၌ ရစ်လုံးကြိုးများက တချွင်ချွင်မြည်သွားပြီး မြို့တံခါးက လက်မအနည်းငယ် ထပ်မံကျလာခဲ့သည်။
ကောရှင်းသည် ရုတ်တရက် လှေကားဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားရာ သူ၏သံချပ်ကာက ကျယ်လောင်စွာ မြည်ဟည်းသွားလေသည်။
“ဗိုလ်ချုပ်ကြီး...” ကျန်းချန်က ကပျာကယာ အမီလိုက်သွားလိုက်သည်။
ကောရှင်းသည် လှေကားတစ်ဝက်တွင် ရပ်တန့်လိုက်၏။
နေဝင်ဆည်းဆာက သူ၏အရိပ်ကို မြို့ရိုး၏ ဟောင်းနွမ်းနေသော အုတ်ခဲများပေါ်သို့ ထိုးကျစေပြီး သူ၏အရိပ်က လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်က အန်းရှီးသို့ ပထမဆုံးရောက်ရှိလာချိန်ကကဲ့သို့ပင် မတ်မတ်ရပ်တည်နေဆဲပင်။
သူ၏ခြေလှမ်းများက ပိုမိုတည်ငြိမ်လာပြီး ပိုမြန်လာခဲ့သည်။
နောက်ဆုံးခြေလှမ်းကို လှမ်းပြီးသည်နှင့် စစ်သူကြီးအိုက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။ “မြို့တံခါးတွေကို ဖွင့်လိုက်... ငါတို့ရဲ့ ဧည့်သည်တွေကို ကြိုဆိုကြ”
ဤအမိန့်က မြို့ရိုးပေါ်ရှိ သဲစာကလေးများကို လန့်ဖျပ်သွားစေရုံသာမက အန်းရှီးရှိ ဝါရင့်စစ်သည်များအားလုံး၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာစေခဲ့သည်။ သူတို့သည် သူတို့၏မွေးရပ်မြေမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ရသည်မှာ အလွန်ကြာမြင့်နေချေပြီ။
ကျန်းယဲ့သည် မြို့တံခါး ဖြည်းညှင်းစွာ ပွင့်လာသည်ကို ကြည့်နေပြီး သူ၏တင်းမာနေသော ပခုံးများက နောက်ဆုံးတွင် ပြေလျော့သွားကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။ သူ၏နောက်တွင် ဝမ်ကျန့်ချင်၊ ချန်ရွှဲလင်းနှင့် အခြားသူများကလည်း စိတ်သက်သာရာရသွားသော အသံများ ထွက်ပေါ်လာချေသည်။
ကောရှင်းသည် မြို့တံခါးမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာရာ ခြေလှမ်းတိုင်းတွင် သူ၏သံချပ်ကာက တုံးတိတိအသံဖြင့် မြည်ဟည်းနေခဲ့သည်။
စစ်သူကြီးအိုသည် ကျန်းယဲ့နှင့် ခြေသုံးလှမ်းအကွာတွင် ရပ်လိုက်ပြီး သူ၏ထက်မြက်သော အကြည့်များက ကျန်းယဲ့၏ မျက်နှာပေါ်သို့ ဓားတစ်လက်ကဲ့သို့ ဖြတ်ပြေးသွား၏။
ကျန်းယဲ့၏ ဖြူဖွေးသော အသားအရေ၊ သွယ်လျသော လက်ချောင်းများနှင့် အလယ်ပိုင်းလွင်ပြင်မှ ဆင်းသက်လာကြောင်း ရှင်းလင်းစွာ ပြသနေသော အရိုးတည်ဆောက်ပုံတို့က ကောရှင်း၏ စိတ်ကို သက်သာရာရစေလေသည်။
စစ်သူကြီးအိုနှင့် အခြားသူများက ကျန်းယဲ့ကို အကဲခတ်နေချိန်တွင် ကျန်းယဲ့ကလည်း သူ၏ရှေ့ရှိ အန်းရှီးတပ်မတော်ကို တိတ်ဆိတ်စွာ လေ့လာနေခဲ့သည်။
ကောရှင်း၏ သံချပ်ကာက အရောင်အဝါ ကင်းမဲ့နေသည်မှာ ကြာပြီဖြစ်ပြီး သံချပ်ကာပြားများပေါ်တွင် ဓားရာများနှင့် ပွတ်တိုက်မိသောအရာများ ပြည့်နှက်နေကာ ကြမ်းတမ်းသော လျှော်ကြိုးဖြင့်သာ မဖြစ်မနေ တွဲချည်ထားရသည်။
သူ၏ မီးခိုးရောင် မုတ်ဆိတ်မွေးများတွင် သဲများ ကပ်နေပြီး အက်ကွဲနေသော နှုတ်ခမ်းများပေါ်တွင် အနာဖေးများ ဖုံးလွှမ်းနေချေသည်။
သို့သော် ကျန်းယဲ့ကို အမှန်တကယ် တုန်လှုပ်သွားစေသည်မှာ မှုန်ဝါးနေသော်လည်း တောက်ပပြီး ထက်မြက်နေဆဲဖြစ်ကာ ငြိမ်းသတ်၍မရသော မီးတောက်တစ်ခုကဲ့သို့ လောင်ကျွမ်းနေသည့် ထိုမျက်လုံးများပင်။
စစ်သူကြီးအို၏ နောက်ကွယ်ရှိ အန်းရှီးစစ်သည်များက မြို့တံခါးမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
သူတို့၏ သားရေသံချပ်ကာများက စုတ်ပြဲဟောင်းနွမ်းနေပြီး အချို့မှာ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများကို ကြမ်းတမ်းသော အဝတ်စဖြင့်သာ ဖုံးအုပ်ထားနိုင်လေသည်။
အသက်ငါးဆယ်ကျော်အရွယ် စစ်သည်အိုတစ်ဦးက သူ၏ခြေထောက်ကို ဒရွတ်တိုက်ဆွဲလာသော်လည်း မားမားမတ်မတ် ရပ်တည်နေဆဲပင်။ အခြားစစ်သည်တစ်ဦး၏ သံချပ်ကာကို ကောက်ရိုးကြိုးဖြင့် ဖာထေးထားရာ သူ၏ပိန်ချုံးနေသော ရင်ဘတ်ကို မြင်တွေ့နေရ၏။
လူတိုင်း၏ မျက်နှာပေါ်တွင် အချိန်ကာလ၏ အမှတ်အသားများ စွဲထင်နေပြီး သူတို့၏ အက်ကွဲနေသော အသားအရေက ခြောက်သွေ့နေသော သဲကန္တာရတစ်ခုနှင့် တူနေသော်လည်း သူတို့၏ မျက်လုံးများထဲရှိ ယိမ်းယိုင်မှုမရှိသော ပြတ်သားမှုကိုမူ မဖုံးကွယ်နိုင်ခဲ့ချေ။
ကျန်းယဲ့၏ နှာခေါင်းက ရှင်းပြ၍မရအောင် ကျိန်းစပ်လာလေသည်။
တောက်ပနေရမည့် နဖူးအကာက နေရာအတော်များများ ချိုင့်ဝင်နေပြီး ၎င်း၏ပိုင်ရှင်ကို သေစေနိုင်သော ထိုးနှက်ချက်မှ ကာကွယ်ရန် အသုံးပြုခဲ့ကြောင်း ရှင်းလင်းနေသည့် သံခမောက်ကို ကိုင်ဆောင်ထားသော စစ်သည်တစ်ဦးကိုလည် သူမြင်တွေ့လိုက်ရ၏။
အခြားဝါရင့်စစ်သည်တစ်ဦး၏ ခါးတွင် ကျိုးပဲ့နေသော ဓားတိုတစ်လက် ချိတ်ဆွဲထားရာ ပျက်စီးနေသော်လည်း သူက ဂရုတစိုက်နှင့် အရေးတယူ သယ်ဆောင်ထားဆဲပင်။
အသည်းကွဲစရာအကောင်းဆုံးမှာ ဤစစ်သည်များက ပိန်ချုံးနေသော်လည်း မတ်တပ်ရပ်သည့်အခါတိုင်း စံကိုက်စစ်ရေးကိုယ်ဟန်ကို ထိန်းသိမ်းထားကြပြီး ထန်မင်းဆက်အတွက် အချိန်မရွေး သေခံရန် အသင့်ရှိနေသည့်ပုံပေါက်နေခြင်းပင်။
ကျန်းယဲ့သည် သူ၏အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဝတ်လိုက်ပြီး ရင်ဘတ်ရှေ့တွင် လက်အုပ်ချီကာ ထန်မင်းဆက်၏ ရိုသေမှုအမူအရာဖြင့် နက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။ “ကျွန်တော် ကျန်းယဲ့ပါ... ဗိုလ်ချုပ်ကြီးကောနဲ့ အန်းရှီးက စစ်သည်တော်တွေအားလုံးကို အရိုအသေပေးပါတယ်...”