အခန်း (၆၁) ခူချာ
ကျန်းယဲ့သည် ကားတံခါးကို တွန်းဖွင့်လိုက်ရာ ပူလောင်နေသော သဲပွင့်များက သူ၏ဖိနပ်ကြားထဲသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။
သူက မျက်လုံးကို မှေးစင်းလျက် မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်၏။ သဲကန္တာရ၏အဆုံးတွင် အဝါရောင်သန်းနေသော မြို့ပြတစ်ခုက ရုတ်တရက် မားမားမတ်မတ် ပေါ်ထွက်နေ၏။
ကျစ်လျစ်စွာ တည်ဆောက်ထားသော မြေသားမြို့ရိုးများက နေဝင်ဆည်းဆာချိန်တွင် နီမှိုင်းမှိုင်းအရောင်ဖြင့် တောက်ပနေပြီး မြို့ရိုးထက်ရှိ စုတ်ပြဲနေသော အလံပေါ်တွင် မှေးမှိန်နေသည့် ထန်ဟူသော စာလုံးကို ဝိုးတဝါး မြင်တွေ့နိုင်ပေသည်။
သူ၏မျက်စိရှေ့တွင် စနစ်၏သတိပေးချက် ပေါ်လာသောအခါ သူက “ခူချာ” ဟု ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
နောက်ခဏ၌ သူ၏အနောက်ဘက်မှ အံ့သြတုန်လှုပ်စွာ အသက်ရှူသံများကို ဆက်တိုက်ကြားလိုက်ရသည်။
ဝမ်ကျန့်ချင်က ကားပေါ်မှ ပထမဆုံး ဆင်းလာသူပင်။ သူ၏ဖိနပ်များ သဲထဲသို့ နစ်ဝင်သွားသည့် အခိုက်အတန့်တွင်ပင် သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး တင်းမာသွားပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စူးစမ်းကြည့်လိုက်လေသည်။
ဤသည်မှာ ရုပ်ရှင်ရိုက်ကူးရေးအတွက် ဖန်တီးထားသော ဇာတ်ခုံတစ်ခု မဟုတ်ပေ။ မြို့ရိုးပေါ်ရှိ ရာသီဥတုဒဏ်ခံထားရသော အရာများ၊ လေထဲတွင် လွင့်ပျံနေသည့် ကုလားအုတ်ချေးနံ့နှင့် ဟင်းချက်ရာမှထွက်လာသော မီးခိုးနံ့များ ရောနှောနေမှုတို့က ကျောချမ်းလောက်အောင်ပင် အလွန်တကယ့်ကို ပီပြင်လွန်းနေခဲ့သည်။
“ဘုရားရေ...” ယန်ဖန်သည်လည်း သူမ၏ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ပူပြင်းလှသော နေရောင်ခြည်ကို ကာကွယ်လိုက်၏။
သူမသည် ထိုနေ့မွန်းလွဲပိုင်းကမှ ဆန်နှင့်ဆီဆိုင်တွင် သူမ၏မိဘများကို ကူညီပေးနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ သဲကန္တာရအလယ်တွင် သူမကိုယ်သူမ ရောက်ရှိနေမှန်း သိလိုက်ရလေသည်။
မလှမ်းမကမ်းတွင် မြေသားအရောင်ရှိသော ရှေးဟောင်းမြို့တော်တစ်ခုက ခမ်းနားထည်ဝါစွာ တည်ရှိနေပြီး ဟောင်းနွမ်းနေသော မြို့ရိုးများက အပူရှိန်ကြောင့် တံလျှပ်တစ်ခုကဲ့သို့ အနည်းငယ် တွန့်လိမ်နေချေသည်။
ချန်ရွှဲလင်းက ကားပေါ်မှ ခုန်ဆင်းလာရာ သူ၏နေကာမျက်မှန်တွင် တစ်ခုလုံးရှိ သဲကန္တာရ၏ ရွှေရောင်အလင်းနှင့် အရိပ်တို့က ထင်ဟပ်နေခဲ့သည်။
သူက မျက်မှန်ကို ချွတ်လိုက်သောအခါ ပုံမှန်အားဖြင့် ဂရုမစိုက်တတ်သော သူ၏မျက်လုံးများထဲတွင် ယခင်က မကြုံဖူးသော အံ့အားသင့်မှုများ ပြည့်နှက်နေခေသည်။ “ဒါက တကယ်ကို မယုံနိုင်စရာပဲ...”
ထုံယီနှင့် ဟယ်ရွှိတို့သည် ချန်ရွှဲလင်း၏နောက်မှ လိုက်ပါလာပြီး သူတို့နှစ်ဦး၏ ငယ်ရွယ်သောမျက်နှာများပေါ်တွင် ကြောင်အမ်းအမ်းဖြစ်မှုများ ပြည့်နှက်နေခဲ့ကြသည်။
ရုတ်တရက် သမိုင်း၏ဖုန်မှုန့်များကို သယ်ဆောင်လာသော သဲလေပြင်းတစ်ချက် တိုက်ခတ်လာပြီး သေးငယ်သော သဲပွင့်များက လူတိုင်း၏မျက်နှာကို လာရောက်ရိုက်ခတ်သွား၏။
ထိုအခါမှသာ ဤနေရာက အေဒီ ၇၈၉ ခုနှစ်ရှိ အန်းရှီးအစောင့်ရှောက်နယ်မြေ အစစ်အမှန်ဖြစ်ကြောင်း သူတို့ အမှန်တကယ် သဘောပေါက်သွားကြသည်။
ညွှန်ကြားရေးမှူးကျန်းက သူတို့ကို နှစ်ပေါင်းတစ်ထောင်ခရီးဆီသို့ အမှန်တကယ် ခေါ်ဆောင်သွားနိုင်ခဲ့ချေပြီ။
မြို့ရိုးပေါ်တွင် ဝါရင့်စစ်သည်တော် ကျောက်ချီသည် ဟောင်းနွမ်းနေသော မြို့ရိုးအကာအကွယ်ကို မှီလျက် ပင်ပန်းနွမ်းနယ်စွာ ရယ်မောလိုက်၏။ နယ်စပ်ကို စောင့်ကြပ်လာခဲ့သော လေးဆယ့်နှစ်နှစ်တာ ကာလက သူ၏မျက်ခွံများကို နွားရေထက်ပင် ပို၍ ထူထဲလာစေခဲ့သည်။
ရုတ်တရက် သူ့အောက်ရှိ မြေသားမြို့ရိုးဆီမှ ခပ်ဖွဖွ တုန်ခါမှုတစ်ခု ထွက်ပေါ်လာလေသည်။
‘ဟင်..’ သူ၏ မှုန်ဝါးနေသော မျက်လုံးများက လှုပ်ရှားသွားပြီး အက်ကွဲနေသော လက်များက သူ့ဘေးရှိ ဦးချိုလေးကို အလိုအလျောက် လှမ်းကိုင်လိုက်၏။
ခိုင်ယွမ်ခေတ်က ထုတ်ပေးခဲ့သော ဤစံကိုက်လေးက ယခုအခါ ပြောင်ချောနေပြီး နှစ်ကာလ၏ အရိပ်အယောင်များ စွဲထင်နေချေပြီ။
ထို့နောက် အနောက်ဘက် သဲသောင်ပြင်ဆီသို့ အကြည့်ရောက်သွားချိန်တွင် သူ၏လျော့ရဲနေသော မျက်ခွံများက ရုတ်တရက် တင်းမာသွားရသည်။
အဝေးဆီမှ သဲပင်လယ်ထဲတွင် ဂျင်းကဲ့သို့ အဝါရောင်ရှိသော ဧရာမ သံမဏိ ဘီလူးကြီးတစ်ကောင် လဲလျောင်းနေလေသည်။ နေဝင်ဆည်းဆာအလင်းရောင်က ၎င်း၏ချောမွေ့သော အခွံပေါ်သို့ ဖြာကျနေပြီး ထူးဆန်းသော အလင်းရောင်တစ်ခုကို ရောင်ပြန်ဟပ်နေခဲ့သည်။
“ရန်သူလာပြီဟေ့..” ကျောက်ချီ၏ ဟစ်အော်သံက ကော်ဖတ်စက္ကူများကို ပွတ်တိုက်လိုက်သကဲ့သို့ ကြမ်းတမ်းနေပြီး ယိုင်နဲ့နေသော ရှေ့သွားများကြားမှ ထွက်ပေါ်လာသော အသံကလည်း အက်ကွဲနေချေသည်။
သူက တုန်ယင်နေသော လက်များဖြင့် ဥသြခရာကို မြှောက်လိုက်ရာ သူ၏ပိန်ချုံးနေသော ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ ဆွေးမြေ့ဖွယ် ဥသြသံက တောက်ပနေသော နေရောင်ခြည်ကို ထိုးဖောက်သွားပြီး မြို့ရိုးထက်ရှိ စာကလေးအုပ်ကို လန့်ဖျပ်သွားစေလေသည်။
ဘေးနားရှိ မီးရှူးတိုင်စင်မြင့်ထက်တွင် မျက်လုံးတစ်ဖက်သာရှိသော စစ်သည်အိုတစ်ဦးက ယိမ်းယိုင်စွာ မတ်တပ်ရပ်လိုက်ရာ သူ၏စုတ်ပြဲနေသော သားရေသံချပ်ကာအောက်တွင် မြားဒဏ်ရာတစ်ဝက်ကို မြင်တွေ့နိုင်လေသည်။
သူက ကျန်ရှိနေသော ညာဘက်မျက်လုံးကို မှေးစင်းလျက် သဲသောင်ပြင်ဆီသို့ ကြည့်ကာ ရုတ်တရက် အသံသြသြဖြင့် အော်ဟစ်လိုက်၏။ “မီးရှူးတိုင် ထွန်းကြ... အခုချက်ချင်း မီးရှူးတိုင်ကို ထွန်းလိုက်ကြ...”
တစ်ပြိုင်နက် နားထင်တွင် ဆံပင်ဖြူနေသော စစ်သည်အတော်များများက မီးရှူးတိုင်စင်မြင့်ဆီသို့ ပြေးသွားလိုက်ကြသည်။
အန်းရှီးတပ်မတော်တွင် လူငယ်ဟု သတ်မှတ်နိုင်သော အသက်သုံးဆယ့်ငါးနှစ်အရွယ် အမျိုးသားတစ်ဦးက တုန်ရီစွာဖြင့် သူအမြတ်တနိုး သိမ်းဆည်းထားသော မီးခတ်ကျောက်ကို ထုတ်ယူလိုက်၏။ သို့သော် နှစ်ရှည်လများ အာဟာရချို့တဲ့မှုကြောင့် သူ၏လက်များက ပြင်းထန်စွာ တုန်ယင်နေပြီး မီးမွှေး၍ မရနိုင်ဖြစ်နေချေသည်။
“ဖယ်လိုက်စမ်း...” ကျောက်ချီက မီးခတ်ကျောက်နှင့် သံမဏိကို လုယူလိုက်ပြီး လက်သူကြွယ် ပြတ်နေသော သူ၏ညာဘက်လက်ဖြင့် ကျွမ်းကျင်စွာ ပွတ်တိုက်လိုက်၏။
မီးတောက်များ ထတောက်လာသည့် အခိုက်အတန့်တွင် ထိုမီးရောင်က သတင်းကြားသဖြင့် အခင်းဖြစ်ပွားရာသို့ အပြေးရောက်လာသော အစောင့်အရှောက်ဗိုလ်ချုပ်ကြီး ကောရှင်းကို လင်းထိန်သွားစေခဲ့သည်။
ဆံပင်များ ဖြူဖွေးနေပြီး သံချပ်ကာပေါ်တွင် ရေတွက်မရနိုင်သော ဓားဒဏ်ရာ၊ လှံဒဏ်ရာများဖြင့် ပြည့်နှက်နေသော စစ်သူကြီးအိုက အဝါရောင်သဲပြင်ကို ဖြတ်ကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
သူလှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် သံချပ်ကာမှ လေးလံသော သတ္တုသံများ ထွက်ပေါ်လာပြီး ၎င်းက နယ်စပ်ကို နှစ်ဆယ်ကျော်ကြာ စောင့်ကြပ်ခဲ့ရသည့် ဇာတ်လမ်းကို ပြောပြနေသကဲ့သို့ပင်။
သူကြုံတွေ့ခဲ့ရသော အခက်အခဲများက သူ၏သံချပ်ကာပေါ်ရှိ ဓားရာများထက်ပင် ပို၍ နက်ရှိုင်းလှ၏။ မှုန်ဝါးနေသော်လည်း ထက်မြက်နေဆဲဖြစ်သော သူ၏မျက်လုံးများက အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေဆဲပင်။
ခူချာမြို့ရိုးပေါ်မှ စစ်ပွဲ၏မီးခိုးများက တည့်မတ်စွာ ထိုးတက်သွားခဲ့လေသည်။ ကောရှင်းသည် မြို့ရိုးကို မှီလျက် သူ၏ထက်မြက်သော မျက်လုံးများကို မှေးစင်းကာ သဲသောင်ပြင်ဆီသို့ လှမ်းကြည့်လိုက်ချေသည်။
အဝါရောင် သံမဏိဘီလူးကြီးက ငြိမ်သက်စွာ လဲလျောင်းနေပြီး နေဝင်ဆည်းဆာအလင်းရောင်အောက်တွင် အေးစက်စွာ တောက်ပနေခဲ့သည်။
“ဗိုလ်ချုပ်ကြီး... ကျွန်တော်မျိုး ဒီလို ဧရာမအရာဝတ္ထုကြီးမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူး” ဒုတိယဗိုလ်ချုပ် ကျန်းချန်က အသံတိုးတိုးဖြင့် ပြောလိုက်၏။ “ဒါက ဝီဂါတွေဆီက ပစ္စည်းနဲ့လည်း မတူသလို တိဗက်တွေ ဖန်တီးထားတာနဲ့လည်း မတူဘူး”
ကောရှင်း၏ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများက လေထဲတွင် တုန်ခါနေပြီး သူက အုတ်နံရံကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ပုတ်ကာ မေးလိုက်၏။ “ရန်သူရဲ့ အရိပ်အယောင်ကိုကော တွေ့ရလား”
“ဆယ်မိုင်ပတ်လည်အတွင်းမှာ စစ်သည်တစ်ယောက်မှ မရှိဘူးလို့ ကင်းထောက်တွေက သတင်းပို့ပါတယ်” ကျန်းချန်က သူ၏ခါးရှိ ဓားကို ဆုပ်ကိုင်လိုက်လေသည်။ “အဲဒီ ဧရာမအရာဝတ္ထုကြီးဘေးမှာ ထူးဆန်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လူနည်းစုပဲ ရှိပါတယ်...”
မြို့ရိုးအောက်မှ သံချပ်ကာများ ရိုက်ခတ်သံ ထွက်ပေါ်လာပြီး ဝါရင့် အန်းရှီးစစ်သည်တော် တစ်တပ်လုံးဟာ တန်းစီလျက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေခဲ့ကြသည်။
ပျမ်းမျှအသက် လေးဆယ်ကျော်ရှိပြီဖြစ်သော ဤစစ်သည်တော်များ၏ သံချပ်ကာအောက်တွင် ဝတ်ဆင်ထားသော လျှော်ချည်ထည်များမှာ မကြာခဏ လျှော်ဖွပ်ထားသဖြင့် အရောင်လွင့်နေပြီဖြစ်သော်လည်း မားမားမတ်မတ် ရပ်တည်နေဆဲပင်။
ကောရှင်း မျက်မှောင်ကြုတ်သွားပြီး အသံသြသြဖြင့် ပြောလေသည်။ “ဘာလို့ ကိုယ့်ရှေ့တည့်တည့်ရောက်မှ သိရတာလဲ...”
ဤအချိန်တွင် ဧရာမအရာဝတ္ထုကြီးက မြို့နှင့် ပေတစ်ရာခန့်သာ ကွာဝေးတော့ရာ အကယ်၍ ခြေတစ်လှမ်းသာ ထပ်တိုးလာပါက မြို့ရိုးဆီသို့ ရောက်သွားနိုင်ချေရှိလေသည်။
တပ်စောင့်စစ်သည် ကျောက်ချီက ဒူးတစ်ဖက်ထောက်လျက် လက်အုပ်ချီကာ သတင်းပို့လိုက်၏။ “ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်... လွန်ခဲ့တဲ့ အသက်သုံးခါရှူချိန်လောက်က မြို့ရိုးအောက်မှာ ဘာမှမရှိပါဘူး။ ထင်မှတ်မထားဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဒီအရာကြီးက လေဟာနယ်ထဲကနေ ပေါ်လာခဲ့တာပါ...”
ဤနေရာအရောက်တွင် သူ၏အသံက တဖြည်းဖြည်း တိုးဝင်သွားပြီး သူကိုယ်တိုင်ပင် ယုံကြည်ရန် ခက်ခဲနေခဲ့ရသည်။ ဤစကားက ဆင်ခြေပေးနေသကဲ့သို့ ယုတ္တိမတန်ဘဲ အဓိပ္ပါယ်မဲ့လှ၏။
သို့ရာတွင် ကျောက်ချီသည် ရိုးသားဖြောင့်မတ်မှုကြောင့် လူသိများပြီး သူ၏စကားများမှာ မမှားနိုင်ကြောင်း တပ်ထဲရှိလူတိုင်း သိကြပေသည်။
ဤကဲ့သို့သော ထူးဆန်းသည့် ဖြစ်ရပ်ကြောင့် မြို့ရိုးပေါ်ရှိ စစ်သည်များကို စိုးရိမ်မကင်း ဖြစ်သွားစေခဲ့သည်။
“ဒီကိစ္စက အရမ်းကို ထူးဆန်းလွန်းတယ်” ကျန်းချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းချီးတစ်ခုလား၊ ကျိန်စာတစ်ခုလားဆိုသည်ကို သေချာမသိနိုင်ဖြစ်နေချေသည်။
မြို့ရိုးပေါ်တွင် ကောရှင်းသည် မြို့ရိုးအကာအကွယ်ကို မသိလိုက်မသိဘာသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိပြီး သူ၏မျက်လုံးများက သဲသောင်ပြင်အောက်ရှိ ထူးဆန်းသော လူတစ်စု၏ လှုပ်ရှားမှုများဆီသို့ စူးစိုက်ကြည့်ကာ မျက်မှောင်ကြုတ်ထားလိုက်၏။
ခူချာမြို့ရိုးပေါ်ရှိ အန်းရှီးတပ်မတော်က အရေးပေါ် အသင့်အနေအထားတွင် ရှိနေချိန်၌ ကျန်းယဲ့နှင့် သူ၏အဖွဲ့ကလည်း တစ်မူထူးခြားသော တင်းမာသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရ၏။
“အားလုံး အာရုံစိုက်ကြ... ” ကျန်းယဲ့က အော်ပြောလိုက်ကာ လူတိုင်း၏အာရုံကို ပြန်လည်ဆွဲဆောင်လိုက်လေသည်။ “ပစ္စည်းတွေချဖို့ ကျွန်တော်တို့မှာ ဆယ့်ငါးမိနစ်ပဲ အချိန်ရှိတယ်။ ဆယ့်ငါးမိနစ်ကြာရင် ကားက ပျောက်ကွယ်သွားလိမ့်မယ်...”
ဝမ်ကျန့်ချင်သည် စစ်တပ်နောက်ခံရှိသူပီပီ ပထမဆုံး တုံ့ပြန်လာဆခသည်။ သူက ကားနောက်ခန်းဆီသို့ အပြေးအလွှားသွားကာ လက်မောင်းကြွက်သားများကို တင်းထားပြီး မီးလောင်လွယ်ပြီး ပေါက်ကွဲနိုင်သည်ဟု စာတန်းထိုးထားသော သတ္တုသေတ္တာကို သတိကြီးစွာဖြင့် သယ်မလာခဲ့လိုက်သည်။
အခြားသူများကလည်း ချက်ချင်း လှုပ်ရှားလာကြလေသည်။
ကျန်းယဲ့က ကားပြတင်းပေါက်ကို ချလိုက်ပြီး ဂျုံမှုန့်အိတ်တစ်အိတ်ကို ကောက်ယူကာ ပြတင်းပေါက်မှတစ်ဆင့် တုံ့ဆိုင်းမှုမရှိဘဲ အပြင်သို့ ပစ်ချလိုက်၏။ ဂျုံမှုန့်အိတ်က လေထဲတွင် မျဉ်းကွေးပုံစံ ပျံသန်းသွားပြီးနောက် သဲပြင်ပေါ်သို့ အသံမြည်လျက် ကျလာကာ အဖြူရောင်သဲမှုန့်များ လွင့်စင်သွားစေခဲ့သည်။
“ဒါ အကြံကောင်းပဲ...” ယန်ဖန်၏ မျက်လုံးများက အရောင်လက်သွားပြီး သူမလည်း ချက်ချင်း လိုက်လုပ်လေသည်။
သူမ၏ သွယ်လျသော လက်မောင်းများက အံ့သြဖွယ်ကောင်းသော ခွန်အားများကို ထုတ်ဖော်လိုက်ပြီး ဆီပုလင်းများကို ပြတင်းပေါက်အပြင်သို့ တစ်လုံးပြီးတစ်လုံး ပစ်ချလိုက်၏။ ပုလင်းများက သဲပြင်ပေါ်တွင် လိမ့်သွားပြီး နေဝင်ဆည်းဆာအလင်းရောင်အောက်တွင် နွေးထွေးစွာ တောက်ပနေချေသည်။
ချန်ရွှဲလင်းနှင့် ဟယ်ရွှိတို့ကလည်း ယာယီ သယ်ယူပို့ဆောင်ရေးအဖွဲ့ငယ်လေးကို ဖွဲ့စည်းလိုက်ပြီး တစ်ယောက်က ကားထဲမှ ပစ္စည်းများကို ကမ်းပေးကာ အခြားတစ်ယောက်က အပြင်မှ လက်ခံယူလေသည်။
ရှေးဦးသူနာပြုသေတ္တာများ၊ ကျစ်လစ်သော ဘီစကွတ်များနှင့် စည်သွတ်ဘူးများကို ထုတ်လုပ်မှုလိုင်းတစ်ခုကဲ့သို့ လျင်မြန်စွာ ရွှေ့ပြောင်းနေခဲ့ကြသည်။
တစ်ခါတစ်ရံ ပစ္စည်းများ ပြုတ်ကျသွားလျှင်တောင်မှ သူတို့က ကောက်ယူရန် ဂရုမစိုက်ဘဲ တတ်နိုင်သမျှ မြန်မြန်ဆက်လက် သယ်ယူနေလိုက်ကြသည်။
ကားပြတင်းပေါက် အပြင်ဘက်တွင် အမျိုးမျိုးသော ထောက်ပံ့ရေးပစ္စည်းများက တောင်ငယ်လေးများသဖွယ် ပုံသဏ္ဍာန်ဖြစ်ပေါ်နေပြီဖြစ်၏။
ဆန်အိတ်များ၊ ဂျုံမှုန့်အိတ်များနှင့် ဟင်းချက်ဆီများက သဲကန္တာရထဲတွင် ထူးခြားသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေလေသည်။ သူတို့၏လုပ်ရပ်များက မြို့ရိုးပေါ်ရှိ အန်းရှီးတပ်မတော်၏ အာရုံစိုက်မှုကို သဘာဝကျကျ ဆွဲဆောင်သွားချေသည်။
ကျန်းချန်က အံ့အားသင့်စွာဖြင့် “သူတို့က အဲဒီ ဧရာမအကောင်ကြီးထဲကနေ တစ်ခုခုကို ထုတ်ယူနေကြတာပဲ...”
ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအချို့က ဧရာမသတ္တဝါကြီး၏ ဝမ်းဗိုက်ထဲမှ ထူးဆန်းသော အရာဝတ္ထုများကို သယ်ဆောင်လာကြလေသည်။
ရောင်စုံရက်လုပ်ထားသော အိတ်များကို သဲပြင်ပေါ်သို့ တုံးတိတိအသံဖြင့် ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ကြသည်။ တစ်ဖက်တွင်မူ တောက်ပနေသော သတ္တုသေတ္တာများကို ရတနာများကဲ့သို့ ဂရုတစိုက် ကိုင်တွယ်ကြပြီး ပူပြင်းလှသော နေရောင်အောက်တွင် စူးရှသော အလင်းရောင်ကို ရောင်ပြန်ဟပ်နေလေသည်။