အခန်း (၆) ချင်ရှီဟွမ်
“သူတို့ ရောက်လာပြီ.. သူတို့ ရောက်လာပြီ” လီကျန့်ကော်သည် ကျန်းယဲ့၏ လက်မောင်းကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်လေသည်။
သူ့လို ကြမ်းတမ်းပြီး ယဉ်ကျေးမှုမရှိသော လူတစ်ယောက်ပင်လျှင် ချင်ရှီဟွမ်ကို အနှိုင်းမဲ့ ရိုသေလေးစားမှု ရှိပေသည်။
ဘလော့ဂါတစ်ယောက်အနေဖြင့် ကျန်းထောင်တွင် အချိန်မရွေး၊ နေရာမရွေး လှပသော အခိုက်အတန့်များကို မှတ်တမ်းတင်လေ့ရှိသော အကျင့်ရှိ၏။
ထို့ကြောင့် ချင်ရှီဟွမ်၏ အရှေ့ပိုင်း ခရီးစဉ်အတွင်း တော်ဝင် စီတန်းလှည့်လည်မှုကို သဘာဝကျကျပင် လက်လွတ်မခံနိုင်ချေ။
ဤဗီဒီယို ထွက်ပေါ်သွားသည်နှင့် သေချာပေါက် ကြီးမားသော ဂယက်ရိုက်ခတ်မှု ကြီးကြီးမားမား ဖြစ်ပေါ်စေပေလိမ့်မည်။
ကျန်းထောင်သည် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူကာ ဗီဒီယို ရိုက်ကူးမှု လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီး သူတို့ထံ တဖြည်းဖြည်း ချဉ်းကပ်လာနေသော ဂုဏ်ပြုတပ်ဖွဲ့ဆီသို့ ကင်မရာကို တိတ်တဆိတ် ချိန်ရွယ်လိုက်လေသည်။
ကျန်းယဲ့၊ ကျန်းမင်ဟွေနှင့် အခြားသုံးဦးလည်း သူတို့၏ ဖုန်းများကို ထုတ်ယူလိုက်ကြ၏။
အားလုံး ဖုန်းထုတ်နေကြသည်ကို မြင်သောအခါ လီကျန့်ကော်လည်း စိတ်အားထက်သန်လာပြီး သူ၏ ဖုန်းကို ထုတ်ယူလိုက်သည်။
ခရီးသွားလမ်းညွှန် ကျန်းယဲ့က ခရီးသွားများကို အလျင်အမြန် သတိပေးလိုက်၏။ “အားလုံးပဲ ဓာတ်ပုံရိုက်တဲ့အခါ သတိထားကြပါ။ ဘယ်သူမှ မမြင်စေနဲ့... တိတ်တဆိတ် လုပ်ကြပါ။ ဓာတ်ပုံရိုက်တဲ့အခါ ဖလက်ရှ်နဲ့ အသံကို ပိတ်ထားဖို့ မမေ့နဲ့နော်။ ပြီးတော့ ယာဉ်တွေကို ဘယ်တော့မှ တိုက်ရိုက် မကြည့်ပါနဲ့။ ကြည့်ချင်တယ်ဆိုရင်တောင် ဘယ်သူမှ သတိမထားမိအောင် ခိုးကြည့်ကြပါ”
“နားလည်ပါပြီ... နားလည်ပါပြီ”
လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
ခမ်းနားကြီးကျယ်သော စီတန်းလှည့်လည်မှုကြီး သူတို့ထံ ချဉ်းကပ်လာသည်နှင့်အမျှ လမ်းမ၏ တစ်ဖက်တစ်ချက်ရှိ လူများဟာ ဒူးထောက်ကာ ဦးညွှတ်ဂါရဝပြုသည့် အခမ်းအနားကို လုပ်ဆောင်လိုက်ကြလေသည်။
ကျန်းယဲ့နှင့် သူ၏ အဖော်ငါးဦးက လူအုပ်ကြီးနှင့်အတူ ဒူးထောက်လိုက်ကြသော်လည်း သူတို့၏ အင်္ကျီလက်များထဲတွင် ဖုန်းများကို ဝှက်ထားပြီး ဖြစ်ပျက်နေသမျှကို မှတ်တမ်းတင်နေကြချေသည်။
ရှေ့ဆောင်အရာရှိက မြင်းရထားခေါင်းဆောင်ဘက်သို့ လှည့်ကာ အော်ဟစ်လိုက်၏။ “အရှင်မင်းကြီးအား ကြိုဆိုပါတယ်...”
“အရှင်မင်းကြီး သက်တော်သောင်းတိုင် ရှည်ပါစေ။ မဟာချင်မင်းဆက် ကမ္ဘာတည်ပါစေ”
ပတ်ဝန်းကျင်ရှိ လူများကလည်း ပူးပေါင်း၍ အော်ဟစ်လိုက်ကြ၏။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ချင်မင်းဆက် ကမ္ဘာတည်ပါစေ”
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ချင်မင်းဆက် ကမ္ဘာတည်ပါစေ...”
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ချင်မင်းဆက် ကမ္ဘာတည်ပါစေ...”
အသံများက တဖြည်းဖြည်း ကျယ်လောင်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
ကျန်းယဲ့နှင့် အဖွဲ့ဝင်များဟာ လူအုပ်ကြီးနှင့်အတူ လိုက်လံကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပြီး ကျန်းထောင်မှာ အထူးသဖြင့် စိတ်လှုပ်ရှားကာ ပိုမို ကျယ်လောင်စွာ အော်ဟစ်နေချေသည်။
“အရှင်မင်းကြီး သက်တော်သောင်းတိုင် ရှည်ပါစေ၊ ချင်မင်းဆက် ကမ္ဘာတည်ပါစေ..”
ကျန်းယဲ့သည် လမ်းမ၏ တစ်ဖက်တစ်ချက်စီကို အကဲခတ်ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ လူများအားလုံး သူတို့၏ နဖူးများကို မြေကြီးနှင့် ထိကပ်ထားကြသည်ကို တွေ့လိုက်ရ၏။
ရံဖန်ရံခါတွင် သတ္တိပိုကောင်းသော လူအချို့က မော့ကြည့်ကာ ခိုးကြည့်တတ်သော်လည်း တော်ဝင်သက်တော်စောင့်များ၏ လက်ထဲရှိ အေးစက် တောက်ပနေသော စူးချွန်လှံရှည်များကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများကို ကြမ်းတမ်းသော အဝတ်အင်္ကျီလက်များထဲသို့ အလျင်အမြန် ပြန်ဝှက်ထားလိုက်ကြလေသည်။
“ဒေါက် ဒေါက် ဒေါက်...”
မြင်းခွာသံများက တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး မိုးကြိုးသံကဲ့သို့ ချဉ်းကပ်လာခဲ့သည်။
နောက်ခဏ၌ အနက်ရောင်တော်ဝင်မြင်းခြောက်ကောင်ဟာ တဖြည်းဖြည်း ချဉ်းကပ်လာလေသည်။ သူတို့၏ နဖူးပေါ်ရှိ ကျောက်စိမ်းဆွဲသီးများက ခြေလှမ်းတိုင်းနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေခဲ့ပြီး သူတို့၏ လည်ဆံမွေးများတွင် ရက်လုပ်ထားသော ရွှေခေါင်းလောင်းများက ခမ်းနားသော မြည်သံများကို ထုတ်လွှင့်နေချေသည်။
တော်ဝင်မြင်းများ၏ နောက်တွင် ချင်ရှီဟွမ်၏ သီးသန့်ယာဉ်မြင်းရထားက လိုက်ပါလာခဲ့သည်။
ရထားကိုယ်ထည်ကို နန်မုသစ်သားဖြင့် ပြုလုပ်ထားပြီး ရထားတန်းများတွင် အနက်ရောင်ငှက်များနှင့် ရစ်ခွေနေသော နဂါးများကို ထွင်းထုထား၏။
အမိုးမှ ကျောက်စိမ်းပန်းဖွားများ တွဲလောင်းကျနေပြီး နေရောင်အောက်တွင် အေးစက်စက် သတ္တုရောင်ဖြင့် တောက်ပနေခဲ့သည်။
ရထား၏ အတွင်းအပြင် နှစ်ဖက်စလုံးကို ယွန်းသုတ်ထားသော အဝတ်များဖြင့် ဖုံးအုပ်ထားပြီး ပြတင်းပေါက်များကို နူးညံ့သော ဇာပုဝါကန့်လန့်ကာများဖြင့် ဖုံးအုပ်ထား၏။
မြင်းရထား ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ရွှေခေါင်းလောင်းများက ညင်သာစွာ မြည်ဟည်းနေချေသည်။
ထို့အပြင် တစ်ဝက်လိပ်တင်ထားသော ကန့်လန့်ကာမှတစ်ဆင့် အတွင်းတွင် ထိုင်နေသော လူတစ်ယောက်ကို ဝေဝေဝါးဝါး မြင်တွေ့နိုင်ပေသည်။
မြင်းရထားက ကျန်းယဲ့ထံသို့ ချဉ်းကပ်လာသည်နှင့်အမျှ ညင်သာသော လေပြေတစ်ခု ရုတ်တရက် တိုက်ခတ်လာပြီး ရထားကန့်လန့်ကာ၏ ထောင့်တစ်ဖက်ကို လွင့်တင်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းတွင် ပြတ်သားသော ဘေးတိုက်မျက်နှာတစ်ခု ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွား၏။
ချင်ရှီဟွမ်၏ အသွင်အပြင်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသော်လည်း ၎င်းက စိတ်လှုပ်ရှားစရာနှင့် ရင်ခုန်စရာ ကောင်းနေဆဲပင်။
‘ဘုရားရေ... ဒါက ပထမဆုံးဧကရာဇ်ကြီးပဲ’
ကျန်းယဲ့ စိတ်ထဲမှ သက်ပြင်းချနေစဉ်မှာပင် သူ၏ နားထဲတွင် ပြတ်သားသော ‘ကလစ်’ဆိုသည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မျက်စိကျိန်းလောက်အောင် စူးရှသော အလင်းရောင် တစ်ခုနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
‘ချီးပဲဟ...’
ကျန်းယဲ့ စိတ်ထဲမှ ကျိန်ဆဲလိုက်၏။
“ရွှီး...”
လေကို ခွဲထွက်သွားသော အသံတစ်ခုနှင့်အတူ အေးစက်စက် အလင်းရောင် တောက်ပနေသော မြှားတစ်စင်းက ကျန်းယဲ့၏ ဘေးဘက်သို့ အမြန်ဆုံး အရှိန်ဖြင့် ပျံသန်းလာချေသည်။
လီကျန့်ကော်မှာ လွန်စွာ ကြောက်ရွံ့သွားသဖြင့် မှင်သက်စွာ ရပ်နေမိ၏။ ကျန်းယဲ့က သူ့ကို ဆွဲဖယ်ရန် လက်လှမ်းလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်က ဦးနှောက်၏ အမိန့်ကို မီအောင် မလိုက်နိုင်ခဲ့ချေ။
အခြားတစ်ဖက်တွင် ဝမ်ဟိုင်ဖုန်းက လီကျန့်ကော်ကို တတ်နိုင်သမျှ မြန်မြန် ဘေးသို့ ဆွဲဖယ်လိုက်၏။
တောက်ပနေသော မြှားက ကျန်းယဲ့၏ နားရွက်ဘေးမှ ဖြတ်ပျံသွားပြီး သူ၏ မျက်နှာနှင့် စင်တီမီတာ အနည်းငယ်သာ ကွာဝေးကာ နောက်ဆုံးတွင် သူ၏ အနောက်ဘက်ရှိ အဆောက်အအုံကို ဖောက်ဝင်သွားချေသည်။
မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်မီ တောက်ပနေသော စူးချွန်လှံရှည်များကို ကိုင်ဆောင်ထားသည့် တော်ဝင်သက်တော်စောင့် အများအပြားက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ဝိုင်းရံလိုက်ကြလေသည်။
အမြန်နှုန်းမှာ သူတို့ စိတ်ကူးထားသည်ထက် ကျော်လွန်နေခဲ့သည်။
သတိပြန်ဝင်လာပြီးနောက် လီကျန့်ကော်ဟာ သူ အမှားလုပ်မိသွားမှန်း သဘောပေါက်လိုက်သော်လည်း ယခု နောင်တရရန် နောက်ကျသွားပေပြီ။
ကျန်းယဲ့ စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ သူ၏ အသက်ကို ကယ်တင်ရန်ပင်။
အကယ်၍ သူတို့ နောက်ထပ် ခြောက်နာရီကြာအောင် တောင့်ခံထားနိုင်ပါက ခေတ်သစ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိနိုင်မည်မဟုတ်လော။
ကျန်းထောင်သည် လွန်စွာ ကြောက်လန့်သွားသဖြင့် လက်နှစ်ဖက်ကို မြှောက်ထားလိုက်ပြီး တစ်လက်မမျှပင် မလှုပ်ရှားရဲတော့ချေ။
ကျန်းမင်ဟွေနှင့် သူ၏ အဖော်နှစ်ဦးပင်လျှင် အနည်းငယ်မျှ မလှုပ်ရှားရဲကြပေ။ ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ပြီး သွေးထွက်သံယိုမှုများကို မြင်တွေ့ခဲ့ရသော ထိပ်တန်း ချင်စစ်သားများနှင့် နှိုင်းယှဉ်ပါက သူတို့မှာ လုံးဝ အရေးမပါ ဖြစ်နေခဲ့ရသည်။
သူတို့ ခြောက်ယောက်ထဲမှ တစ်ယောက်ယောက်က အနည်းငယ်မျှ လှုပ်ရှားလိုက်ပါက ထက်မြက်သော လှံရှည်များက သူတို့၏ လည်ပင်းများကို ခွဲထုတ်ပြီး ခေါင်းပြတ်သွားစေမည် ဖြစ်သည်။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အခင်းဖြစ်ပွားရာ နေရာရှိ လေထုမှာ အေးခဲသွားပြီး ဖိအားများ ပြည့်နှက်သွားကာ မရေမတွက်နိုင်သော အကြည့်များက ကျန်းယဲ့နှင့် သူ၏အဖွဲ့အပေါ်သို့ ကျရောက်လာခဲ့သည်။
“ကျွန်တော်တို့က လုပ်ကြံမယ့်သူတွေ မဟုတ်ပါဘူး” ကျန်းထောင်၏ အသံမှာ တုန်ယင်နေပြီး ထက်မြက်သော လှံရှည်များက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားမည်ကို ကြောက်ရွံ့နေချေသည်။
“ကျွန်တော်တို့ဆီမှာ ဘာလက်နက်မှ မပါပါဘူး”
အရာရှိများနှင့် စစ်သားများက သူတို့ကို ရှာဖွေတော့မည့်ဆဲဆဲတွင် အနက်ရောင်ဝတ်ဆင်ထားပြီး အရပ်မြင့်မားသော မြင်းတစ်ကောင်ကို စီးနင်းလာသည့် မုန်ရီ ရောက်ရှိလာလေသည်။
သူ၏ စူးရှသော အကြည့်များက အထက်စီးမှနေ၍ ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို လွှမ်းခြုံကြည့်ရှုလိုက်ပြီး အရာရှိများနှင့် စစ်သားများကို အမိန့်ပေးလိုက်၏။ “သူတို့ကို အရင် ခေါ်သွားလိုက်... အရှင်မင်းကြီးရဲ့ ခရီးစဉ် နှောင့်နှေးသွားလိမ့်မယ်”
“ဟုတ်ကဲ့ပါ... အရှင်” ရှေ့ဆောင်အရာရှိက ပြန်ဖြေလိုက်သည်။
မုန်ရီ ထွက်သွားပြီးနောက် ရှေ့ဆောင်အရာရှိက အေးစက်စွာ အမိန့်ပေးလိုက်၏။ “သူတို့ ခြောက်ယောက်လုံးကို ခေါ်သွားလိုက်”
အရာရှိများနှင့် စစ်သားများက ကျန်းယဲ့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ချိန်တွင် သူဟာ သူ၏ လက်ကိုင်ဖုန်းနှင့် ရေသန့်ဘူးကို စနစ်ထဲသို့ ချက်ချင်း ထည့်လိုက်လေသည်။
ခေါ်ဆောင်သွားစဉ်အတွင်း ကျန်းယဲ့သည် အခြားသူများ၏ လက်ကိုင်ဖုန်းများနှင့် ရေသန့်ဘူးများကို ခိုးယူရန် ကြိုးစားခဲ့သော်လည်း တစ်ဖက်လူများကို အလွယ်တကူ လှည့်စား၍ မရနိုင်သလို သူတို့အကြားတွင် လုံးဝ ထိတွေ့မှု မရှိခဲ့ချေ။
သူတို့အချင်းချင်း အကြည့်ချင်း ဖလှယ်လျှင်ပင် ကြိမ်းမောင်းခံရသည်။ ကြာပွတ်ဖြင့် အရိုက်မခံရစေရန်အတွက် သူတို့မှာ နာခံစွာ အခေါ်ခံသွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
လန်ယာ အကျဉ်းထောင်...
ကျန်းယဲ့နှင့် သူ၏အဖွဲ့ဟာ အကျဉ်းခန်းတစ်ခုထဲတွင် အကျဉ်းချခံလိုက်ကြရသည်။ အကျဉ်းခန်းထဲ ဝင်ဝင်ချင်းမှာပင် ထောင်မှူးများ ရှေ့ထွက်လာပြီး သူတို့ကို စတင် ရှာဖွေလိုက်ကြသည်။
လီကျန့်ကော်ကို ပထမဆုံး စစ်ဆေးလေသည်။ ထောင်မှူးများက သူ့ကို စေ့စေ့စပ်စပ် ရှာဖွေရာ သူ၏ အင်္ကျီလက်ထဲမှ လက်ကိုင်ဖုန်းနှင့် ရေသန့်ဘူး တစ်ဘူးကို အလျင်အမြန် ရှာတွေ့သွားကြသည်။
“ဒါက ဘာလဲ...” ထောင်စောင့်က ယွမ် ရာဂဏန်းမျှသာ တန်သော အဆင့်နိမ့် စမတ်ဖုန်းကို ဘယ်ညာ လှည့်ကြည့်လိုက်၏။
ကျန်းယဲ့က “ဒီပစ္စည်းကို လက်ကိုင်ဖုန်းလို့ ခေါ်ပါတယ်... အဲဒါက ရတနာတစ်ခုပါ။ မီးလင်းဖို့ ဆီမီးခွက်အဖြစ် သုံးလို့ရသလို ဓာတ်ပုံရိုက်ဖို့လည်း သုံးလို့ရပါတယ်... ပြီးတော့ ရိုက်ထားတဲ့ ပုံတွေက အစစ်တွေလို့တောင် ထင်ရလောက်အောင် အသက်ဝင်ပါတယ်” ဟု ပြောလိုက်သည်။
ထိုသို့ပြောရင်း သူက လီကျန့်ကော်ကို အသည်းအသန် အရိပ်အမြွက်ပေးလိုက်သည်။ “အစ်ကိုလီ... အရာရှိတွေအတွက် မြန်မြန် ပြသပေးလိုက်ပါဦး”
လီကျန့်ကော်သည် ကျန်းယဲ့၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း သူပြောသည့်အတိုင်း နားထောင်လိုက်လေသည်။
“အရာရှိမင်း... ကျွန်တော် ပြပေးပါရစေ” လီကျန့်ကော်က ရှေ့သို့ ထွက်လာခေသည်။
ထောင်မှူးက “မလှုပ်နဲ့” ဟု အော်လိုက်၏။
သူ၏ သတိထားနေသော အကြည့်များက လီကျန့်ကော်ကို အကဲခတ်လိုက်ပြီး နောက်ဆုံးတွင် ကျန်းယဲ့ထံသို့ လှည့်လာကာ “မင်း ဖွင့်ပြ” ဟု ပြောလိုက်ချေသည်။
ကျန်းယဲ့က ရှင်းပြလိုက်၏။ “အရာရှိမင်း... အဲဒီရတနာက သူ့ဟာပါ။ ပြင်ပလူတွေက ဖွင့်လို့မရပါဘူး။ ရတနာပိုင်ရှင်ကပဲ ဖွင့်လို့ရတာပါ”
အခြား ထောင်မှူးတစ်ဦးက သူ၏ ကြာပွတ်ကို ရိုက်လိုက်ပြီး “ငါပြောတဲ့အတိုင်းလုပ်.... အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့”
ထို့ကြောင့် ကျန်းယဲ့မှာ ရှေ့သို့ထွက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။ သူသည် ပါဝါခလုတ်ကို နှိပ်လိုက်ရာ ဖုန်းမှာ ချက်ချင်းပင် လင်းထိန်သွားခဲ့သည်။
ကျန်းယဲ့ကို စိုက်ကြည့်နေသော ထောင်စောင့်မှာ ရုတ်တရက် ထွက်ပေါ်လာသော အလင်းရောင်ကြောင့် လန့်သွားပြီး အလိုအလျောက် ဖုန်းကို လွှင့်ပစ်လိုက်ချေသည်။
“ဖောင်း” ဆိုသော အသံနှင့်အတူ ဖုန်းဟာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားလေသည်။
လီကျန့်ကော်က “အို ဘုရားရေ... ငါ့ဖုန်းလေး” ဟု စိတ်ထိခိုက်စွာ အော်ဟစ်လိုက်၏။