အခန်း (၅၈) ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူခြင်း
ကျန်းယဲ့သည် ကျောပိုးအိတ်အမည်းတစ်လုံးကို လွယ်ကာ နန်ဟူဟင်းသီးဟင်းရွက်ဈေးသို့ ထွက်လာခဲ့သည်။
ဈေးသို့ရောက်သောအခါ ဝူရှောင်ရှီပေးလိုက်သော လိပ်စာအတိုင်းသွားလိုက်ရာ သူ့အဒေါ်ပိုင်ဆိုင်သည့် ဆန်နှင့်ဆီဆိုင်ကို ရှာတွေ့လိုက်လေသည်။
“ဘာဝယ်ချင်လို့လဲ” ဝူရှောင်ရှီ၏ အဒေါ်က မေးလိုက်၏။
ကျန်းယဲ့က သူလာရင်းကိစ္စကို ပြောလိုက်လေသည်။ “ကျွန်တော် ယန်ဖန်ကို လာရှာတာပါ...”
ယန်၏မိခင်က ထိုလူငယ်က သူမ၏သမီးကို လာရှာကြောင်း ကြားလိုက်ရသောအခါ သူ့ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီး ပြုံးကာ အခန်းထဲသို့ လှမ်းခေါ်လိုက်ချေသည်။ “ဖန်ဖန်... သမီးကို လာရှာတဲ့သူရှိတယ်..”
ယန်ဖန်သည် ဖုန်းကို ကိုင်ထားဆဲဖြင့် အတွင်းခန်းထဲမှ ထွက်လာလေသည်။
လွန်ခဲ့သော နာရီဝက်ခန့်က သူမ၏ဝမ်းကွဲမောင်လေး ဝူရှောင်ရှီထံမှ ရရှိခဲ့သော ယုတ္တိမတန်သည့် ဖုန်းခေါ်ဆိုမှုကြောင့် သူမ၏ အိပ်ချင်မူးတူးဖြစ်နေမှုများ လုံးဝလွင့်စင်သွားရသည်။
သူမက ရှေ့ရှိ ကျောပိုးအိတ်အမည်းလွယ်ထားသော လူငယ်ကို အကဲခတ်လိုက်၏။ “ကျွန်မက ယန်ဖန်ပါ... ရှင်ကရော”
“ကျန်းယဲ့ပါ...” သူ၏နာမည်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ယန်ဖန်၏မျက်နှာတွင် အော် ဒါကြောင့်ကိုးဆိုသည့် အမူအရာ ပေါ်လာလေသည်။
“ရှင်က ကျွန်မကို ထန်မင်းဆက်ဆီ ခရီးလိုက်ပို့ပေးနိုင်တယ်ဆို” ယန်ဖန်က နှုတ်ခမ်းတွင် အပြုံးတစ်ဝက်ဖြင့် လိုရင်းကိုသာ တန်းပြောလိုက်ချေသည်။
“ဟုတ်ပါတယ်... အန်းရှီးအစောင့်ရှောက်နယ်မြေဆီပါ” ကျန်းယဲ့ စကားပြောပြီးသည်နှင့် ယန်ဖန်၏မျက်လုံးထဲတွင် တကယ့်လူလိမ်ပဲဆိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို သူမြင်လိုက်ရ၏။
ယန်ဖန် စကားမပြောနိုင်ခင်မှာပင် ကျန်းယဲ့က စကားလွှဲလိုက်သည်။ “ဒီနေ့ ဂျုံမှုန့် အိတ်ငါးဆယ်... ဆန်အိတ် ငါးဆယ်နဲ့ ဆီဆယ်ဖာ မှာချင်လို့ပါ...”
ယန်ဖန် ကြက်သေသေသွားလေသည်။ “ဟင်...”
“ရီယဲ့ခရီးသွားအေဂျင်စီကို ဒီနေ့ ပို့ပေးပါ” ကျန်းယဲ့က ဖုန်းကိုထုတ်ကာ ငွေပေးချေသည့်ကုဒ်ကို စကင်ဖတ်လိုက်လေသည်။ “စပေါ်ငွေ ၃၀ ရာခိုင်နှုန်းကို အရင်ပေးထားမယ်... ကျန်တာကိုတော့ ပစ္စည်းရောက်မှ ရှင်းပေးမယ်”
ယန်ဖန်သည် သူမရှေ့ရှိ လူကို ကြည့်လိုက်၏။ ထို့နောက် သူမ၏ ဦးနှောက်များပင် လောင်ကျွမ်းလုမတတ် ဖြစ်သွားရသည်။
‘ဒီခေတ်က လူလိမ်ဂိုဏ်းတွေက ဒီလောက်တောင် အဆင့်မြင့်နေပြီလား...’
“ဒီလောက် စားနပ်ရိက္ခာတွေ အများကြီးနဲ့ ဘာလုပ်မလို့လဲ...”
“အန်းရှီးတပ်မတော်ကို ပေးမလို့ပါ...”
ယန်ဖန်က သူ့ကို ရူးနေပြီဟုထင်ကာ ရယ်ချင်စိတ်ကို မထိန်းနိုင်ခဲ့ချေ။ သို့သော် သူမ ရယ်နေရင်းနှင့်ပင် သူမရှေ့ရှိ ရုပ်ရည်သန့်သန့် လူငယ်လေးမှာ နောက်ပြောင်နေသည့် အရိပ်အယောင် လုံးဝမရှိဘဲ တည်ကြည်လေးနက်နေကြောင်း သတိထားမိလိုက်၏။
ထို့ကြောင့် တစ်ခဏမျှ သူမရှေ့မှလူ ပြောနေသည်မှာ အမှန်တကယ်ဖြစ်သည်ဟု သူမ ထင်ယောင်ထင်မှား ဖြစ်သွားရလေသည်။
သူက အန်းရှီးတပ်မတော်ထံ ရိက္ခာပို့ရန် တကယ်ရည်ရွယ်နေခြင်းဖြစ်သည်။
သို့သော် သူမ၏ ဆင်ခြင်တုံတရားက ဤအရာက မည်သို့မျှ မဖြစ်နိုင်ကြောင်း ပြောနေပေသည်။
အန်းရှီးတပ်မတော်ဆိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ကျော်က နေထိုင်ခဲ့သည့် ရှေးလူဟောင်းများ ဖြစ်သည်မဟုတ်လော။
သူ့အမူအရာကြောင့် ယန်ဖန် အနည်းငယ် ဝေခွဲမရဖြစ်သွားရသည်။ “ရှင် တကယ်ပြောနေတာလား...”
ကျန်းယဲ့ ခေါင်းညိတ်လိုက်၏။ “အန်းရှီးတပ်မတော်က ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီ...”
အေဒီ ၇၈၉ ခုနှစ်တွင် အန်းရှီးတပ်မတော်က အထီးကျန်ကာ ပြိုလဲလုနီးပါး အလွန်အမင်း အခက်အခဲကြုံတွေ့နေရသော အခြေအနေတွင် ရှိနေချေသည်။
“ဘယ်လောက်ကျလဲ...” ကျန်းယဲ့တွင် ဝယ်စရာများစွာရှိသေး၍ သူမနှင့် စကားပြောနေရန် အချိန်မရှိချေ။
ယန်ဖန်က ငွေရှင်းရန် တိုက်တွန်းခံရသဖြင့် ဂဏန်းပေါင်းစက်ကို ထုတ်ကာ ပေါင်းကြည့်ပြီးနောက် ကျသင့်ငွေကို ပြောလိုက်၏။
ထို့နောက် ကျန်းယဲ့က စပေါ်ငွေ ၃၀ ရာခိုင်နှုန်းကို ပေးချေလိုက်သည်။
စပေါ်ငွေ ဝင်လာကြောင်း အသိပေးချက်ကို ကြားလိုက်ရသောအခါ ယန်ဖန်မှာ သူမဘာသာ ပြန်လည်ရေရွတ်မိခြင်းမှ မအောင့်နိုင်တော့ပေ။
ထိုကိစ္စပြီးသွားပြီးနောက် ကျန်းယဲ့က “ဝူရှောင်ရှီက သူ ကျွန်တော်နဲ့အတူ ချင်မင်းဆက်ဆီ သွားခဲ့ဖူးတယ်ဆိုတာ ခင်ဗျားကို ပြောပြပြီးလောက်ပါပြီ”
ယန်ဖန် ခေါင်းညိတ်လိုက်၏။
“တချို့အရာတွေက ယုံနိုင်စရာမရှိဘဲ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်ရပေမဲ့ ဘာလို့ တစ်ခါလောက် မစမ်းကြည့်ရမှာလဲ... တကယ်လည်း ဟုတ်နေနိုင်တာပဲ”
ကျန်းယဲ့က ဖုန်းကိုဖွင့်ကာ ကျန်းထောင်၏ တိုရင်အကောင့်ကို ရှာပြီး သူမကို ပေးကြည့်လိုက်လေသည်။
“ဒါတွေက ကျွန်တော်နဲ့အတူ ချင်မင်းဆက်ဆီ ခရီးသွားခဲ့တဲ့ ပထမဆုံး အဖွဲ့ဝင်တွေပါ...”
ယန်ဖန်သည် ဗီဒီယိုကို ကြည့်ပြီးနောက် သူမရှေ့ရှိ လူငယ်ကို ကြည့်လိုက်ပြန်သည်။
“ခင်ဗျားက ဆရာဝန်ဆိုတာကို ဝူရှောင်ရှီက ပြောပြထားတယ်”
ဝူရှောင်ရှီက ထိုအကြောင်းကိုပါ ပြောပြထားသည့်အတွက် ယန်ဖန် အံ့ဩသွားရသည်။ သူမ ခေါင်းညိတ်ကာ “ဟုတ်ပါတယ်... ဒါပေမဲ့ အလုပ်သင်ဆရာဝန်ပဲ ရှိပါသေးတယ်”
ကျန်းယဲ့ ခေါင်းညိတ်လိုက်၏။ “ဒီခရီးသွားအဖွဲ့ထဲကို ခင်ဗျား ဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အန်းရှီးတပ်မတော်က ခင်ဗျားကို လိုအပ်နေပါတယ်”
“အန်းရှီးတပ်မတော်က ခင်ဗျားကို လိုအပ်နေပါတယ်” ဟု သူပြောလိုက်သောအခါ သူ၏အသံထဲတွင် တောင်းဆိုမှုများကို ယန်ဖန် ကြားလိုက်ရလေသည်။
ယန်ဖန်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသော်လည်း ထန်မင်းဆက်ဆီ ပြန်သွားရမည်ဆိုသည့် အတွေးက အဓိပ္ပာယ်မရှိဘဲ လူလိမ်တစ်ယောက်နှင့် တူနေဆဲဖြစ်၏။
“အရင်က ကျွန်တော်နဲ့သွားခဲ့တဲ့ ချင်မင်းဆက် ခရီးသွားအဖွဲ့ဝင်တွေထဲမှာ နာမည်ကြီးတဲ့ လူကုံထံတွေ အများကြီးပါတယ်။ ခင်ဗျားက ဟန်ကျိုးမြို့ကဆိုတော့ သူတို့အကြောင်းကို ကြားဖူးမှာပါ။ ရှင်းဖူ အိမ်ခြံမြေကုမ္ပဏီက ကျိုးရှင်းဖူ၊ ကျန်းအရင်းအနှီးကုမ္ပဏီက ကျန်းယီကျွင်းတို့လေ…” ကျန်းယဲ့က အမည်အနည်းငယ်ကို ရေရွတ်ပြလိုက်၏။
“ကျွန်တော့်ကို မယုံဘူးဆိုရင် ခင်ဗျားကို သူတို့ကုမ္ပဏီဆီ ခေါ်သွားပြီး အဲဒီစီအီးအိုတွေရှေ့မှာ စာချုပ်ချုပ်ခိုင်းလို့ရတယ်”
ထိုအချိန်တွင်ပင် ဝူရှောင်ရှီထံမှ ဖုန်းဝင်လာခဲ့သည်။
“အစ်မ.. စာချုပ်ချုပ်ပြီးပြီလား”
ယန်ဖန်က ကျန်းယဲ့ကို တစ်ချက်ကြည့်ကာ ခေါင်းလှည့်ပြီး “မချုပ်ရသေးဘူး” ဟု တိုးတိုးလေး ပြောလိုက်သည်။
“အစ်ကိုကျန်း ရောက်ပြီလား”
“ရောက်ပြီ... ဒီမှာတင်”
ဝူရှောင်ရှီက အလွန်စိုးရိမ်တကြီးဖြင့် “ဒါဆို ဘာစောင့်နေတာလဲ။ မြန်မြန်လက်မှတ်ထိုးလိုက်လေ... ကျွန်တော်သာ သွားခွင့်မရှိတဲ့သူမဟုတ်ရင် အစ်မအတွက် ဒီလိုအခွင့်အရေးကောင်းမျိုး ဘယ်ရမလဲ။ ဟေး.. မောင်လေးကို ဒီတစ်ခါတော့ ယုံလိုက်စမ်းပါ။ ကျွန်တော်သာ အစ်မကိုလိမ်ရင် တစ်သက်လုံး လူလုံးမလှဖြစ်ပါစေဗျာ”
ဝမ်းကွဲမောင်လေး၏ လေးနက်သော ကျိန်ဆိုမှုကို ကြားပြီးနောက် သူ စိုးရိမ်နေသည်ကို ယန်ဖန် သိနိုင်လေသည်။
သိပ္ပံနည်းကျအချက်အလက်ကိုသာ ယုံကြည့်သည့် သူမ၏ အမြင်မှာ ယိမ်းယိုင်သွားပြီး “ခုနက သူပြောတာ ရှင်းဖူအိမ်ခြံမြေက ကျိုးရှင်းဖူနဲ့ ကျန်း အရင်းအနှီးက ကျန်းယီကျွင်းတို့က သူ့အဖွဲ့ဝင်တွေတဲ့။ အဲဒါ တကယ်လား...” သူမ မမေးဘဲ မနေနိုင်တော့ချေ။
“ဒါက တကယ့်ကို အမှန်ပဲ။ ခဏနေရင် သူတို့နဲ့တွေ့ဖို့ အစ်မကို ခေါ်သွားမယ်။ သူတို့ကိုယ်တိုင် အစ်မကို ပြောပြလိမ့်မယ်။ အခုလောလောဆယ်တော့ အကိုကျန်းနဲ့ စာချုပ် အရင်ချုပ်လိုက်ပါ။ နေရာတွေက တအားတန်ဖိုးရှိတာမလို့ အရင်ဆုံး ယူထားလိုက်ရအောင်။ ပြီးမှ စိတ်ပူနေသေးတယ်ဆိုရင်လည်း မသွားဘဲ နေလို့ရပါတယ်။ အစ်မ... တကယ်ပြောတာပါ... ဒီတစ်ခါတော့ ကျွန်တော့်ကို ယုံလိုက်ပါ”
သူမ၏ ဝမ်းကွဲမောင်လေးက ထိုသို့ပြောလာသောကြောင့် ယန်ဖန်မှာ နောက်ဆုံးတွင် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ရသည်။ ဖုန်းချပြီးနောက် ကျန်းယဲ့က စာချုပ်ကိုထုတ်ကာ သူမကို ကမ်းပေးသည်ကို တွေ့လိုက်ရသည်။
ယန်ဖန် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်၏။
ထို့နောကိ ကျန်းယဲ့က စာချုပ်ကို သိမ်းလိုက်လေသည်။ “ဒေါက်တာယန်... ကျွန်တော့်ကို ကူညီတဲ့အနေနဲ့ ဈေးကွက်ထဲမှာ ရနိုင်တဲ့ ဓားဒဏ်ရာတွေနဲ့ အနာပိုးဝင်တာကို ကုသဖို့ ဆေးဝါးတချို့ကို စာရင်းလုပ်ပေးလို့ရမလား”
ယန်ဖန် ကြားလိုက်ရသလောက်ဆိုလျှင် သူသည် ဆေးဝါးအမြောက်အမြား ဝယ်ယူရန် ရည်ရွယ်ထားပုံရပေသည်။
“ရှင်က ဆေးဝါးအများကြီးဝယ်ပြီး အန်းရှီးတပ်မတော်ဆီ ယူသွားဖို့ စီစဉ်နေတာတော့ မဟုတ်ပါဘူးနော်...”
“ဟုတ်တယ်”
ယန်ဖန် ခေတ္တစဉ်းစားလိုက်ပြီးနောက် သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။ “ကျွန်မ စာရင်းတစ်ခုလုပ်ပြီး နောက်မှ ရှင့်ဆီ ပို့ပေးမယ်။ ဒါပေမဲ့ ဆေးဝါးအများကြီးကို တစ်ပြိုင်နက်တည်းဝယ်တာက အထက်လူကြီးတွေရဲ့ အာရုံစိုက်တာကို ခံရနိုင်တယ်”
“ရပါတယ်... ကျွန်တော် ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်”
ထို့နောက် ဒင်ဒေါင်ဆိုသည့် အသံနှင့်အတူ ကျန်းယဲ့က ဖုန်းကို ကြည့်လိုက်ရာ ကျိုးရှင်းဖူထံမှ စာတစ်စောင်ကို တွေ့လိုက်ရ၏။
ကျန်းယဲ့ စာရင်းကို ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ နောက်ဆုံး ကျန်နေသည့် နေရာနှစ်နေရာအတွက် ယခု အဆင်ပြေသွားပြီဖြစ်၏။
ကျိုးရှင်းဖူ၏ ဝမ်းကွဲအစ်ကိုက ဈေးတွင် ဆိုင်ဖွင့်ထားသော သူ၏သားနှစ်ယောက်ကိုပါ ခေါ်လာမည်ဖြစ်သည်။
အခြားတစ်ယောက်အတွက်မူ သူ နန်ဟူဟင်းသီးဟင်းရွက်ဈေးသို့ မလာမီ လျိုကျန့်တုံးထံမှ မက်ဆေ့ချ်တစ်ခု ရရှိခဲ့သည်။ သူ၏ သူငယ်ချင်း ဝမ်ကျန့်ချင်၏ မိဘများမှာ ဆိုင်ပိုင်ရှင်များ ဖြစ်ကြလေသည်။
သူ၏သူငယ်ချင်းမှာ ထိုအကြောင်းကို သိပြီးနောက် ပါဝင်ရန် ဝမ်းသာနေခဲ့လေသည်။
ယခု၌ နေရာငါးနေရာလုံး သေချာသွားပြီဖြစ်၏။
အန်းရှီးတပ်မတော်သည် လက်ရှိတွင် နေ့စဉ်သုံးပစ္စည်းများ၊ လက်နက်များ၊ ဆေးဝါးများနှင့် အခြားအရာများ အပါအဝင် အရာများစွာ လိုအပ်နေပေသည်။
ထို့ကြောင့် ကျန်းယဲ့က ချင်မင်းဆက် ခရီးသွားအဖွဲ့ချတ်ဂရုကို ဖွင့်လိုက်၏။
ကျန်းယဲ့ - [ကျွန်တော် ဆေးဝါးတချို့ ဝယ်ဖို့ လိုအပ်နေတယ်။ ဒီလိုပစ္စည်းတွေ ရနိုင်တဲ့ ကုန်သည်တွေကို သိတဲ့သူရှိလား...]
ကျန်းယဲ့ - [ရှေးဟောင်းလက်နက်တွေ ပြုလုပ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့သူကို သိတဲ့သူရှိလား။ လေးနဲ့မြား၊ သံချပ်ကာလိုမျိုးတွေလေ။ ကျွန်တော် အများကြီး ဝယ်ချင်လို့ပါ...]
...
ကျန်းယဲ့က မေးခွန်းများ ဆက်တိုက်မေးလိုက်လေသည်။
လင်ရူ - [ဆေးဝါးကိစ္စကို ကျွန်မ တာဝန်ယူလိုက်မယ်။ စာရင်းသာ ပေးလိုက်ပါ...]
ကျောက်ဟုန် - [သံချပ်ကာနဲ့ ဒူးလေးတွေ အထူးထုတ်လုပ်တဲ့ သူဌေးတစ်ယောက်ကို ကျွန်တော် သိတယ်။ အခုပဲ သူ့ကို ပစ္စည်းတချို့ ပို့ခိုင်းလိုက်မယ်...]
ကျန်းမင်ဟွေ့ - [ယမ်းမှုန့်ဝယ်ဖို့ လမ်းကြောင်းရှိတယ်။ စစ်မှန်ကြောင်း အာမခံတယ်...]
ဖန်ကောင်းချန် - [ကျွန်တော်တို့ ရှစ်ယောက် ပိုက်ဆံစုပြီး ဆန်၊ ဂျုံမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင် တချို့ ဝယ်လိုက်ပြီ...]
ညဉ့်နက်မှအိပ်တတ်သော လူလေးယောက်မှာ ဖုန်းမြည်သံကြောင့် နောက်ဆုံးတွင် နိုးလာလေသည်။ ထို့နောက် ချတ်ဂရုထဲရှိ မက်ဆေ့ချ်များကို စစ်ဆေးပြီးနောက် မည်သူမျှ တည်ငြိမ်မနေနိုင်ကြတော့ပေ။
ချောင်ဝမ်ပေါ်က အမြန်အွန်လိုင်းတက်လာခဲ့သည်။ [စားစရာတွေကို ကျွန်တော်ပဲ ဝယ်လိုက်မယ်။ ခင်ဗျားတို့ ရှစ်ယောက် ပိုက်ဆံစုစရာမလိုဘူး...]
ကန်ချန် - [ကျွန်တော် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တချို့ ဝယ်ပြီး ပို့ပေးလိုက်မယ်...]
ကျန်းထောင် - [ဖယောင်းတိုင်၊ မီးခြစ်၊ မီးမွှေးစရာ… နေ့စဉ်သုံး ပစ္စည်းအစုံအလင်ကို ကျွန်တော် စာရင်းလုပ်ပြီး ယူလာခဲ့မယ်...]
အွန်လိုင်းတွင် ရှိနေကြသော ဂရုထဲမှ အဖွဲ့ဝင်များအားလုံးမှာ ကျန်းယဲ့က တစ်စုံတစ်ရာ ပြောရန်ပင် မလိုအပ်တော့ချေ။ သူတို့အားလုံးက အန်းရှီးတပ်မတော် အသုံးပြုနိုင်မည့် အရာများကို အသီးသီး ပြောလာခဲ့ကြသည်။
ဂရုထဲတွင် တက်တက်ကြွကြွ တုံ့ပြန်နေကြသော အဖွဲ့ဝင်များကို ကြည့်ရင်း ကျန်းယဲ့၏ ရင်ထဲတွင် နွေးထွေးသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာချေသည်။