အခန်း (၅၇) ထူးဆန်းသည့် အဖြစ်အပျက်များ
စစ်ဒေသရုံးချုပ်.....
ကျန်းမင်ဟွေ့က လျှို့ဝှက်ကုဒ်ခံထားသော ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်ပြီး အသံဩဩဖြင့် ပြောလိုက်၏။ "အကြီးအကဲ... ကျန်းယဲ့က ခရီးစဉ်အဖွဲ့ကို စတင်လိုက်ပါပြီ။ ဒီတစ်ကြိမ်ကတော့ အေဒီ ၇၈၉ ခုနှစ် ထန်မင်းဆက်က အန်းရှီးအစောင့်ရှောက်နယ်မြေဆီကိုပါ"
ဖုန်းတစ်ဖက်မှ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် မစ္စတာကျန်း၏ အသံဩဩက ထွက်ပေါ်လာလေသည်။ "နားလည်ပြီ"
ဖုန်းချပြီးနောက် ဗိုလ်ချုပ်ကျန်းက အချက်ပေးစက်ကို ချက်ချင်း နှိပ်လိုက်၏။ "စစ်ဦးစီးအရာရှိချန်ကို လာခဲ့ဖို့ ပြောလိုက်ပါ..."
ခဏအကြာတွင် စစ်ဦးစီးအရာရှိချန်က ရုံးခန်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာလေသည်။ "ဗိုလ်ချုပ်... ဘာများ ညွှန်ကြားစရာရှိပါသလဲ"
ဗိုလ်ချုပ်ကျန်းက စားပွဲကို လက်ချောင်းထိပ်များဖြင့် ခပ်ဖွဖွ ပုတ်လိုက်လေသည်။ "စိစစ်ရေး လုပ်ရအောင်။ တပ်ထဲမှာ ဟန်ကျိုးမြို့ကလာတဲ့ စစ်သားဖြစ်ဖြစ်... မိဘတွေက ဟန်ကျိုးမြို့မှာနေပြီး နန်ဟူဟင်းသီးဟင်းရွက်ဈေးမှာ ဆိုင်ဖွင့်ထားတဲ့သူတွေများ ရှိလား..."
စစ်ဦးစီးအရာရှိချန် အံ့ဩသွားရသည်။ "ဟင်းသီးဟင်းရွက်ဈေး ဟုတ်လား"
ဗိုလ်ချုပ်ကျန်းက မော့ကြည့်လိုက်၏။ "ပြဿနာရှိလို့လား"
"မရှိပါဘူး..." စစ်ဦးစီးအရာရှိချန်က ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ "အခုချက်ချင်း သွားစစ်ဆေးလိုက်ပါ့မယ်..."
နာရီဝက်ခန့်အကြာတွင် စစ်ဦးစီးအရာရှိချန်က ဖိုင်တွဲတစ်ခုကိုကိုင်ကာ အလျင်စလို ပြန်ရောက်လာခဲ့သည်။ "ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ စစ်သားတစ်ယောက် ရှိပါတယ်... ကင်းထောက်တပ်ခွဲက ဝမ်ကျန့်ချင်ပါ။ ဟန်ကျိုးမြို့ ဇာတိဖြစ်ပြီး သူ့မိဘတွေက နန်ဟူဟင်းသီးဟင်းရွက်ဈေးမှာ ပင်လယ်ထွက်ပစ္စည်းဆိုင် ဖွင့်ထားပါတယ်"
ဗိုလ်ချုပ်ကျန်းက ဖိုင်ကို ဖွင့်ကြည့်ပြီး ပြန်ပိတ်လိုက်၏။ "သူ့ကို ဒီခေါ်ခဲ့..."
"ဟုတ်ကဲ့ပါ..."
ဆယ်မိနစ်ခန့်အကြာတွင် တွေဝေငေးမောနေသော ဝမ်ကျန့်ချင်က ရုံးခန်းထဲသို့ ရောက်လာပြီး မတ်မတ်ရပ်ကာ အလေးပြုလိုက်၏။ "သတင်းပို့ပါတယ်။ ကင်းထောက်တပ်ခွဲက တပ်သား ဝမ်ကျန့်ချင်ပါ။ ညွှန်ကြားချက်ကို တောင်းခံပါတယ် ဗိုလ်ချုပ်..."
ဗိုလ်ချုပ်ကျန်းက သူ့ကို အကဲခတ်လိုက်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။ "မင်းမိသားစုက ပင်လယ်ထွက်ပစ္စည်းလုပ်ငန်း လုပ်တာလား"
ဝမ်ကျန့်ချင်က နားမလည်ဖြစ်နေသော်လည်း ကျယ်လောင်စွာ ဖြေကြားလိုက်လေသည်။ "ဟုတ်ကဲ့ပါ။ ကျွန်တော့်မိဘတွေက နန်ဟူဟင်းသီးဟင်းရွက်ဈေးမှာ ဈေးရောင်းလာတာ အနှစ်နှစ်ဆယ်ရှိပါပြီ"
ဗိုလ်ချုပ်ကျန်းက လက်ချောင်းများကို ယှက်ထားလိုက်ပြီး ဝမ်ကျန့်ချင်ကို တည်ငြိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ "အခု မင်းအတွက် အထူးတာဝန်တစ်ခု ရှိတယ်..."
ဝမ်ကျန့်ချင်က ခါးကို မတ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်လေသည်။ "ညွှန်ကြားချက်ပေးပါ ဗိုလ်ချုပ်... တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ်"
ဗိုလ်ချုပ်ကျန်းက အံဆွဲထဲမှ စာရွက်ပိုင်းလေးတစ်ခုကို ထုတ်ကာ သူ့ရှေ့သို့ တွန်းပေးလိုက်လေသည်။ "ဒီနံပါတ်ကို ခေါ်ပြီး ခရီးသွားအဖွဲ့တစ်ခုမှာ စာရင်းသွင်းလိုက်ပါ..."
ဝမ်ကျန့်ချင် အံ့ဩသွားပြီး စာရွက်ကို မသိမသာ လှမ်းယူလိုက်၏။ ထိုစာရွက်ပေါ်တွင် ဆက်သွယ်ရန် နံပါတ်တစ်ခုနှင့် ကျန်းယဲ့ဟု ရေးသားထားသည်ကို တွေ့လိုက်ရချေသည်။
သူ တုံ့ဆိုင်းသွားပြီးနောက် မော့ကြည့်လိုက်၏။ "ခရီးသွားအဖွဲ့ ဟုတ်လား.."
ဗိုလ်ချုပ်ကျန်းက တည်ငြိမ်စွာပင် ဆက်ပြောသည်။ "ဒီခရီးစဉ်က မင်းကို အေဒီ ၇၈၉ ခုနှစ် ထန်မင်းဆက်က အန်းရှီးအစောင့်ရှောက်နယ်မြေဆီကို ခေါ်သွားလိမ့်မယ်"
ဝမ်ကျန့်ချင်၏ သူငယ်အိမ်များ ကျုံ့သွားပြီး သူ အကြားအာရုံ မှားသွားသည်ဟုပင် ထင်လိုက်မိသည်။
သူ့ရှေ့တွင် ထိုင်နေသူသာ စစ်ဒေသ၏ အမြင့်ဆုံးတပ်မှူး မဟုတ်ခဲ့လျှင် တစ်ဖက်လူက နောက်ပြောင်နေသည်ဟုသာ ထင်မိပေမည်။
"ဗိုလ်ချုပ်..." သူ၏လည်ချောင်းများ တင်းကျပ်သွားရသည်။ "အချိန်ခရီးသွားရမယ်လို့ ဆိုလိုတာလား..."
ဗိုလ်ချုပ်ကျန်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်၏။ "မင်း ကြားတာ မှန်တယ်"
ဝမ်ကျန့်ချင်၏ အသက်ရှူသံ အနည်းငယ် ရပ်တန့်သွားရသည်။ သူ၏ စစ်သားဗီဇက သံသယအားလုံးကို ဖိနှိပ်ထားစေပြီး အသံဩဩဖြင့် ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့... အခုချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်"
သူ့မျက်နှာပေါ်မှ တင်းမာနေသော အမူအရာကို မြင်သော် ဗိုလ်ချုပ်ကျန်းက လေသံကို အနည်းငယ် ပျော့ပျောင်းသွားလေသည်။ "ဝမ်ကျန့်ချင်... ဒါက သာမန်တာဝန်တစ်ခု မဟုတ်ဘူး... အခွင့်အရေးတစ်ခုပဲ"
သူ မတ်တတ်ရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ "အန်းရှီးတပ်မတော်က အနောက်ဘက်ဒေသတွေကို စောင့်ရှောက်ပေးလာတာ အနှစ်လေးဆယ်ကျော်ပြီ။ မင်းသာ သူတို့ကို မြင်တွေ့ခွင့်ရဖို့ ကံကောင်းမယ်ဆိုရင်..."
ဗိုလ်ချုပ်ကျန်း စကားကို ခေတ္တရပ်လိုက်ပြီးနောက် လှည့်ကာ စစ်ဦးစီးအရာရှိချန်ကို အမိန့်ပေးလိုက်၏။ "သူ့အတွက် အရပ်ဝတ်တစ်စုံနဲ့ တခြား သယ်သွားလို့ အဆင်ပြေမယ့် ပစ္စည်းတချို့ ပြင်ဆင်ပေးလိုက်ပါ"
စစ်ဦးစီးအရာရှိချန်က လေးနက်စွာ ဖြေကြားလိုက်၏။ "ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"
ဝမ်ကျန့်ချင်သည် ဖုန်းနံပါတ်ပါသော စာရွက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားရင်း အံ့ဩခြင်းနှင့် တွေဝေခြင်းများက ရင်ထဲတွင် ဗြောင်းဆန်နေလေသည်။
'နှစ်ပေါင်းတစ်ထောင်ကျော်ကို ဖြတ်သန်းပြီး ခရီးသွားရမယ်...'
'အန်းရှီးတပ်မတော်နဲ့ တွေ့ရမယ်ဟုတ်လား..'
'ဒါတွေအားလုံးက လုံးဝ ယုတ္တိမရှိသလိုပဲ...'
သို့သော် စစ်ဘက်ဆိုင်ရာ အမိန့်များက အကြွင်းမဲ့ဖြစ်ရာ သံသယအားလုံးကို မြိုသိပ်ကာ အလေးပြုလိုက်၏။ "စိတ်ချပါ ဗိုလ်ချုပ်... တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပါ့မယ်"
တစ်ချိန်တည်းမှာပင် ကလပ်တစ်ခု၏ အပြင်ဘက်တွင် ကျိုးရှင်းဖူ၏ မာစီဒီးကားက ကားပါကင်သို့ အဝင်တွင် သူ၏ ဖုန်းက အရေးတကြီး မြည်လာလေသည်။
"သူဌေးကျိုး..." ဖုန်းတစ်ဖက်မှ အထိတ်တလန့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ကျွန်တော်တို့ သူဌေးက ရုံးခန်းထဲက အထွက်မှာ ရုတ်တရက် သတိလစ်သွားလို့ပါ။ အခုတော့ လူနာတင်ကားနဲ့ ခေါ်သွားပါပြီ..."
ကျိုးရှင်းဖူ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားချေသည်။ "ဘယ်လိုဖြစ်ပြီး သတိလစ်သွားတာလဲ..."
"မသိဘူးဗျ။ ဒီရက်ပိုင်း ပင်ပန်းနေလို့လား မသိဘူး။ ဆရာဝန်ကတော့ တိကျတဲ့အကြောင်းရင်းကို သိရဖို့ ဆေးရုံမှာ စစ်ဆေးမှုတွေ အကုန်လုပ်ရမယ်လို့ ပြောပါတယ်"
"ကောင်းပြီ... အခြေအနေကို စောင့်ကြည့်ထားလိုက်။ ငါ အခုချက်ချင်း လာခဲ့မယ်"
မြို့လယ် လူသွားစင်္ကြံလမ်း...
ဝမ်ချန်သည် ဝယ်ယူရေးအဆိုပြုလွှာများကို ကိုင်ဆောင်ကာ ကုမ္ပဏီအဆောက်အအုံထဲမှ အထွက်တွင် ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော လူတစ်ယောက်နှင့် အားပြင်းပြင်း ဝင်တိုက်မိသွားလေသည်။
"ဟေ့..." ဝမ်ချန် ခြေနှစ်လှမ်းခန့် ယိုင်ထွက်သွားပြီး သူ တုံ့ပြန်မှု မလုပ်နိုင်ခင်မှာပင် သူ့လက်ထဲမှ ဖိုင်တွဲကို တစ်ဖက်လူက လုယူသွားခဲ့သည်။
"ရပ်လိုက်စမ်း...." သူ နောက်သို့ နှစ်လှမ်းခန့် လိုက်သွားသော်လည်း ထိုလူက လမ်းကြားထဲသို့ ပျောက်ကွယ်သွားချေသည်။
သူ့အိတ်ကပ်ထဲသို့ လက်နှိုက်ကြည့်လိုက်သောအခါ ပိုက်ဆံအိတ်၊ ဖုန်းနှင့် ဘဏ်ကတ်များအားလုံး ပျောက်ဆုံးနေပြီဖြစ်၏။
"ကျစ်..." ဝမ်ချန်သည် သူ၏ ဗလာဖြစ်နေသော လက်နှစ်ဖက်ကို စိုက်ကြည့်နေမိခဲ့ပြီး ဝယ်ယူရေး စာချုပ်များအားလုံးက ထိုအထဲတွင် ပါသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ဝမ်ချန်ဟာ စာရွက်စာတမ်းများကို ပြန်လည်ထုတ်ယူရန် ကုမ္ပဏီအဆောက်အအုံထဲသို့ အပြေးအလွှား ပြန်ဝင်လာခဲ့ရလေသည်။ ထို့နောက် အပိုဖုန်းကိုအသုံးပြုကာ ဘဏ်သို့ ပျောက်ဆုံးကြောင်း သတင်းပို့ရန် ဆက်သွယ်ရင်း ဓာတ်လှေကားဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။
သူ အပေါ်တက်မည့်ခလုတ်ကို နှိပ်လိုက်သောအခါ ဓာတ်လှေကားတံခါးက ဖြည်းညင်းစွာ ပွင့်လာပြီးနောက် ပြန်ပိတ်သွားခဲ့သည်။
သို့သော် ဓာတ်လှေကား အပေါ်သို့ တက်သွားစဉ် မီးများက ရုတ်တရက် နှစ်ကြိမ်ခန့် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားချေသည်။
ဝမ်ချန် နားမလည်နိုင်စွာဖြင့် မော့ကြည့်လိုက်၏။
ထို့နောက် စူးရှသော သတ္တုပွတ်တိုက်သံနှင့်အတူ ဓာတ်လှေကားက ပြင်းထန်စွာ ဆောင့်တက်သွားပြီး ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ အရေးပေါ်မီးရောင်က သူ၏ အံ့ဩနေသော မျက်နှာကို လင်းထိန်စေပြီး ဖြူဖျော့သွားစေခဲ့သည်။
"ဘာဖြစ်တာလဲ..." ဝမ်ချန်က အရေးပေါ်ခေါ်ဆိုမှုခလုတ်ကို အထိတ်တလန့် နှိပ်လိုက်သော်လည်း စကားပြောစက်ထဲမှ လျှပ်စစ်ကိုသာ ကြားနေခဲ့ရသည်။
ထို့နောက် လုံခြုံရေးကင်မရာဆီသို့ လှည့်ကာ အော်ပြောလိုက်၏။ "အပြင်မှာ လူရှိလား... ဓာတ်လှေကား ပျက်နေလို့"
နန်ဟူဟင်းသီးဟင်းရွက်ဈေး ရေထွက်ပစ္စည်းတန်း...
ကျန်းယီကျွင်း၏ ဝန်ထမ်း ရှောင်လီက ချော်နေသော ကြမ်းပြင်ပေါ်တွင် လျှောက်လာပြီး ရေထွက်ပစ္စည်းတန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သူက မှတ်စုစာအုပ်ကို ငုံ့ကြည့်ကာ ရေရွတ်နေခဲ့လေသည်။ "ဆိုင်အမှတ် ၃..."
ထိုအချိန်တွင် ရုတ်တရက် ခပ်သေးသေး လူတစ်ယောက်နှင့် ဝင်တိုက်မိပြီး "အား..." ဟု နှစ်ကြိမ် အော်ကာ နှစ်ယောက်စလုံး ပက်လက်လန် ကျသွားခဲ့ကြသည်။
ကောင်မလေးက ခါးထောက်လျက် ခုန်ထလိုက်ပြီး အော်ပြောလိုက်လေသည်။ "လမ်းသွားတာ မျက်စိမပါဘူးလား..."
ရှောင်လီက တောင်းပန်ရန် ပြင်လိုက်စဉ်မှာပင် သူ၏မျက်လုံးရှေ့တွင် အရာအားလုံး မှောင်မိုက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားချေသည်။
ထိုမြင်ကွင်းကြောင့် ကောင်မလေး၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ 'ဘာဖြစ်သွားတာလဲ...'
"ဟေ့ သေချင်ယောင် မဆောင်နဲ့နော်" သူမက ဆောင့်ကြောင့်ထိုင်ချကာ ရှောင်လီ၏ မျက်နှာကို လက်ညှိုးဖြင့် ထိုးကြည့်လိုက်ခေသည်။ "ငါ နင့်ကို အဲဒီလောက် ပြင်းပြင်းထန်ထန် ဝင်တိုက်မိတာ မဟုတ်ဘူး..."
ဈေးသည်များကလည်း အမြန်ရောက်လာပြီး ဝိုင်းအုံကြည့်ရှုလိုက်ကြသည်။
"ကောင်မလေးရယ်... သမီးရဲ့ ခန္ဓာကိုယ်သေးသေးလေးက အဲဒီလောက် အားပြင်းပြင်း ထွက်လာမှာ မဟုတ်ပါဘူး" ငါးသည်က စုပ်သပ်ရင်း ခေါင်းခါလိုက်၏။
"ကျွန်မ... ကျွန်မ မတိုက်မိပါဘူး..." ကောင်မလေးက အထိတ်တလန့်ဖြင့် ရှောင်လီ၏ နှာခေါင်းအောက်ကို အမြန်သွားညှစ်လိုက်လေသည်။ "ထစမ်း... ထစမ်း။ ဒီလိုမျိုး မတော်တဆဖြစ်ချင်ယောင်ဆောင်လို့ မရဘူးလေ"
"ဒုက္ခပါပဲ... တကယ်ပဲ တစ်ခုခု ဖြစ်သွားတာများလား" ပုစွန်ရောင်းသည့် အမျိုးသမီးက သူမ၏ဖုန်းကို ထုတ်လိုက်လေသည်။ "လူနာတင်ကား အခုချက်ချင်း ခေါ်လိုက်..."
ဆယ်မိနစ်အကြာတွင် လူနာတင်ကားက ဥဩဆွဲသံနှင့်အတူ ဈေးထဲသို့ ရောက်လာပြီး လူကို ခေါ်သွားခဲ့ကြသည်။
ဆိုင်ခန်းဝယ်ယူရန် ပြင်ဆင်နေသည့် အခြားသူများအားလုံးသည်လည်း မမျှော်လင့်ထားသော အခြေအနေအမျိုးမျိုးကြောင့် ဝယ်ယူနိုင်ခြင်း မရှိခဲ့ကြချေ။
ကျန်းဟွိုင်မင်က ပထမဆုံး တုံ့ပြန်ခဲ့သည်။ သူတို့ ခြောက်ယောက်ပါသော အဖွဲ့ငယ်လေးထဲရှိ အခြားသူများကို အရောင်းအဝယ်ကိစ္စအတွက် စေလွှတ်လိုက်သောသူများ အဆင်ပြေကြရဲ့လားဟု သူက မေးမြန်းလိုက်၏။
ထိုခြောက်ယောက်က စစ်ဆေးကြည့်သောအခါ မမျှော်လင့်ထားသော အခြေအနေအမျိုးမျိုး ဖြစ်ပေါ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
ကျန်းဟွိုင်မင်က ပြီးခဲ့သည့်အကြိမ် စစ်တပ်က ဘာကြောင့် ရုတ်တရက် စစ်ဆင်ရေးကို ရပ်ဆိုင်းလိုက်ရသလဲဆိုသည်ကို ပြန်လည်စဉ်းစားမိသွားခဲ့သည်။
ကျန်းဟွိုင်မင် - [ကျွန်တော်တို့ ခရီးသွားနေရာတွေကို လက်ဝါးကြီးအုပ်ခွင့် မရှိဘူးထင်တယ်...]
လင်ရူ - [ဒါက ခရီးစဉ်ကို ငွေသုံးပြီး သွားဖို့ဆိုတဲ့ ကျွန်မတို့ရဲ့ အခွင့်အရေးကို လုံးဝ ပျောက်ကွယ်သွားစေတာပဲ...]
ကျိုးရှင်းဖူ - [ပြီးခဲ့တဲ့အကြိမ်က စစ်တပ်က တစ်ခုခုကို ရိပ်မိသွားလို့ ဒီတစ်ကြိမ် ဘာမှ မလုပ်တာဖြစ်နိုင်တယ်...]
ကျန်းယီကျွင်း - [ငါ ဒီလောက်တော့ စောစောကတည်းက တွေးမိသင့်တာ။ ဟာကွက်ရှာဖို့က အဲဒီလောက်သာ လွယ်နေမယ်ဆိုရင် ခရီးသွားဖို့ အခွင့်အရေးတွေက ငါတို့ဆီတောင် ရောက်လာမှာ မဟုတ်ဘူး။ အထက်လူကြီးတွေချည်းပဲ ထိန်းချုပ်ထားလောက်ပြီ....]
လီချင်းယီ - [တကယ်ပဲ အဲဒီလောက် လွယ်နေရင် ဒါက အာဏာရှိတဲ့သူတွေ..... ချမ်းသာတဲ့သူတွေအတွက် ကစားစရာဖြစ်သွားပြီး ကျွန်တော်တို့နဲ့ ဘာမှသက်ဆိုင်တော့မှာ မဟုတ်ဘူး...]
ကျောက်ဟုန် - [ငါတို့ကံကောင်းပါတယ်။ အနည်းဆုံးတော့ တစ်ခေါက် သွားခဲ့ရသေးတာပဲ။ ရှောင်ယဲ့က နောက်တစ်ကြိမ် အခွင့်အရေးရှိသေးတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ရှောင်ယဲ့က အကြောင်းပြချက်မရှိဘဲ လျှောက်ပြောတတ်တဲ့သူ မဟုတ်ပါဘူး။ စောင့်ကြည့်ကြတာပေါ့]