အခန်း (၅၆) ထန်မင်းဆက်၊ အန်းရှီးတပ်မတော်
ထန်မင်းဆက်သမိုင်းကို လေ့လာနေစဉ်တွင် ထန်မင်းဆက် မည်မျှ ကြီးပွားချမ်းသာခဲ့ကြောင်း ချီးမွမ်းထားမှုများစွာကို ကျန်းယဲ့ တွေ့ခဲ့ရသည်။
သို့ရာတွင် ကျန်းယဲ့ကို အထိမိဆုံးဖြစ်စေခဲ့သည်မှာ အနောက်ဘက်ဒေသများကို အထီးကျန်စွာ စောင့်ကြပ်ခဲ့ကြပြီး ဆံဖြူသည့်တိုင် သစ္စာရှိခဲ့ကြသော အန်းရှီးတပ်မတော်ပင်။
သမိုင်းတွင် စာကြောင်းအနည်းငယ်သာ ပါဝင်သော်လည်း ထာဝရရှင်သန်နေမည့် သစ္စာရှိသော ဝိညာဉ်များပင်။
အဆုံးမရှိသော သဲဝါပြင်များကြားရှိ အထီးကျန်မြို့လေးကို စောင့်ကြပ်ခဲ့ကြသော ထိုစစ်သည်များ.... မိုင်ထောင်ချီဝေးကွာသော နေရာတွင် သူတို့၏ သွေးသားများဖြင့် ထန်မင်းဆက်၏ နယ်နိမိတ်မှတ်တိုင်ကို တည်ဆောက်ခဲ့ကြသော ထိုသူရဲကောင်းများ..... ပြီးတော့ ဆံဖြူနေသည့်တိုင် ထန်အလံကို အမြင့်သို့ လွှင့်ထူထားဆဲဖြစ်သော ထိုစစ်မှုထမ်းဟောင်းများ။
သူတို့သည် သမိုင်းစာအုပ်များထဲရှိ အသက်မဲ့နေသော ဂဏန်းအရေအတွက်များမျှသာ မဟုတ်ဘဲ သစ္စာတရားနှင့် သတ္တိဟူသော စကားလုံးများကို သူတို့၏ အရိုးများထဲအထိ ကမ္ပည်းတင်ထားသည့် ဝိညာဉ်များ ဖြစ်ကြလေသည်။
အနောက်ဘက်ဒေသမှ လေနှင့် သဲများက သူတို့၏ သံချပ်ကာအင်္ကျီများကို တိုက်စားသွားနိုင်သော်လည်း သူတို့၏ မျက်လုံးများထဲတွင် တောက်လောင်နေသော သစ္စာတရားကိုမူ ငြိမ်းသတ်နိုင်ခြင်း မရှိခဲ့ချေ။
သူတို့၏ ၄၂ နှစ်တိုင်တိုင် ဇွဲလုံ့လကြီးမားမှုက ထန်မင်းဆက်မြေပုံပေါ်ရှိ အကြေကွဲရဆုံးသော သမိုင်းမှတ်တမ်းအဖြစ် သူတို့၏ဘဝကို သက်သေပြနေခဲ့သည်။
ချန်အန်းမြို့မှ တေးဂီတနှင့် ပွဲလမ်းသဘင်များ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ချိန်တွင်ပင် သူတို့က အက်ကွဲနေသော လက်များဖြင့် သူတို့၏ ဓားများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်၏။
အလယ်ပိုင်းလွင်ပြင်မှ ဧကရာဇ်များ အကြိမ်ကြိမ် ပြောင်းလဲသွားချိန်တွင်ပင် သူတို့က အရှေ့ဘက်မှ ထွက်ပေါ်လာသော နေမင်းဆီသို့ အစစ်မှန်ဆုံးသော ထန်မင်းဆက်၏ ရိုသေမှုအမူအရာကို ပြုလုပ်နေဆဲဖြစ်ကြသည်။
အန်းရှီးတပ်မတော်က နောင်လာနောက်သားများကို အခိုင်မာဆုံးသော သဘောထားဖြင့် ပြသခဲ့ကြသည်။ အချို့သော ကတိကဝတ်များက အသက်ထက် ပို၍ အရေးကြီးပြီး အချို့သော သစ္စာတရားများက အချိန်ကာလကို ကျော်လွန်တည်ရှိနိုင်သည် ဟူ၍ပင်။
ဤသည်မှာ ကျန်းယဲ့က အန်းရှီးတပ်မတော်ကို လေးစားရသည့် အကြောင်းရင်းဖြစ်လေသည်။
သူ့ငယ်စဉ်ဘဝက နှစ်ထောင်ချီကြာမြင့်သော သမိုင်းကြောင်းကို ဖြတ်သန်းပြီး အနောက်ဘက်ဒေသရှိ ထိုစွန့်ပစ်ခံမြို့လေးဆီသို့ သွားရောက်ရန် သံချပ်ကာဝတ်ဆင်ကာ လက်နက်များကိုင်ဆောင်ထားသော စစ်သည်များထံ မျှော်လင့်ချက် ယူဆောင်သွားပေးရန်... ပြီးတော့ နောက်ဆုံးထွက်သက်အထိ တောင့်ခံထားခဲ့ကြသော ထိုသစ္စာရှိသည့် ဝိညာဉ်များကို ကူညီဖေးမပေးရန် သူ အိပ်မက်မက်ခဲ့ဖူးလေသည်။
ယခုခရီးစဉ်က သီးခြားနယ်မြေတစ်ခုဖြစ်လာခဲ့သော အန်းရှီးအစောင့်အရှောက်ခံနယ်မြေသို့ ခေါ်ဆောင်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ချေ။
ဤတစ်ကြိမ်တွင် စနစ်က အချိန်နှင့် နေရာကို အတိအကျ သတ်မှတ်ပေးလိမ့်မည်ဟုလည်း သူ မမျှော်လင့်ထားခဲ့။ ထို့ပြင် ကလေးဘဝက စိတ်ကူးယဉ်အိပ်မက်တစ်ခု ယနေ့တွင် တကယ်ဖြစ်လာရန် အခွင့်အရေးရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
စနစ်က သူတို့ကို အေဒီ ၇၈၉ ခုနှစ်၏ မည်သည့်လသို့ ခေါ်ဆောင်သွားမည်ကို သူ မသိသော်လည်း အချက်တစ်ချက်ကိုတော့ သူ သိ၏။ နောက်တစ်နှစ်ဖြစ်သော အေဒီ ၇၉၀တွင် မူလက ဝီဂါတို့၏ လက်အောက်ခံဖြစ်သော ကာလတ်မျိုးနွယ်စုက တိဘက်တို့ဘက်သို့ ကူးပြောင်းသွားပြီး ပေ့ထင်ကို တိုက်ခိုက်ရန် တိဘက်တို့နှင့် ပူးပေါင်းသွားခဲ့ကြသည်။
ပေ့ထင်၏ အထွေထွေအစောင့်အရှောက်ခံအရာရှိ ယန်ရှီးကူသည် ဝီဂါတို့ထံမှ အကူအညီတောင်းခံခဲ့ပြီး ဝီဂါတို့က သူ့ကို ကူညီရန် စစ်တပ်နှင့်အတူ ဗိုလ်ချုပ် ကျယ်ကန်ကျားစစ်ကို စေလွှတ်ခဲ့လေသည်။
ကျယ်ကန်ကျားစစ်သည် အစပိုင်းတွင် အနိုင်ရခဲ့သော်လည်း နောက်ပိုင်းတွင် တိဘက်နှင့် ကာလတ် ပူးပေါင်းတပ်များက ဝီဂါတပ်ကို ချေမှုန်းနိုင်ခဲ့သဖြင့် ဆုတ်ခွာသွားခဲ့ရသည်။
ဝီဂါစစ်ကူများ ရှုံးနိမ့်သွားပြီးနောက် ပေ့ထင်သည် အထီးကျန်ကာ အကူအညီမဲ့သွားပြီး နောက်ဆုံးတွင် တိဘက်တို့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။
ယန်ရှီးကူသည် ကျန်ရှိနေသော တပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ ဖောက်ထွက်ပြီး ရှီးကျိုးသို့ ထွက်ပြေးခဲ့ရသည်။
စစ်ရှုံးရသည့် တာဝန်မှ ကင်းလွတ်စေရန် ဝီဂါ ခေါင်းဆောင် ကျယ်ကန်ကျားစစ်က ယန်ရှီးကူကို ဝီဂါတပ်စခန်းသို့ လှည့်စားခေါ်ဆောင်ကာ သတ်ပစ်ခဲ့လေသည်။
ထိုသို့ဖြင့် ပေ့ထင် အစောင့်အရှောက်ခံနယ်မြေ ပြီးဆုံးသွားခဲ့ပြီး ထန်မင်းဆက်အတွက် အနောက်ဘက်ဒေသရှိ ရှေ့တန်းစခန်းများအဖြစ် အန်းရှီးတပ်မြို့လေးခုဖြစ်သော ကူချာ၊ ခိုတန်၊ ကက်ရှ်ဂါ နှင့် ယန်ချီသာ ကျန်ရစ်တော့သည်။
ထိုအချိန်တွင် အန်းရှီးတပ်မတော်က လုံးဝ အထီးကျန်သွားခဲ့ပြီ ဖြစ်သည်။
အချိန်မဆွဲတော့ဘဲ ကျန်းယဲ့က နောက်ဆုံးကျန်နေသော ပေါက်စီနှင့် တို့ဟူးပူတင်းတစ်ဝက်ကို အလျင်အမြန် စားသောက်လိုက်၏။
ထို့နောက် ဖုန်းကိုဖွင့်ကာ ရှင်းဖူလီ လူနေရပ်ကွက်နှင့် အလွန်နီးကပ်သော နန်ဟူဟင်းသီးဟင်းရွက်ဈေးကို ရှာဖွေလိုက်လေသည်။
ထို့အပြင် ကျန်းယဲ့က နံနက်စာဆိုင်မှ ထွက်လာရင်း ဝီချက် အဖွဲ့များကို ပွတ်ဆွဲကြည့်နေခဲ့သည်။
[ချင်မင်းဆက် ခရီးသွားအဖွဲ့]
မနက် ၇ နာရီတွင် အဖွဲ့ထဲ၌ တိတ်ဆိတ်နေလေသည်။
ကျန်းယဲ့ : [ @အဖွဲ့ဝင်အားလုံး... ကျွန်တော်တို့ ခရီးသွားဆွဲဆောင်မှု နေရာအသစ်တစ်ခု စတင်လိုက်ပါပြီ။ အေဒီ ၇၈၉ ခုနှစ် ထန်မင်းဆက် အန်းရှီး အစောင့်အရှောက်ခံနယ်မြေဆီ တစ်ရက်တာ ခရီးစဉ်ပါ။ အဖွဲ့ထဲမှာ နန်ဟူဈေးက ဆိုင်ခန်းပိုင်ရှင်တွေကို သိတဲ့သူ ရှိလား...]
အဖွဲ့ထဲတွင် မည်သူမျှ စာမပြန်ကြသေးချေ။
ကျန်းယဲ့ ခရီးသွားအေဂျင်စီသို့ ပြန်ရောက်သောအခါမှသာ ဝီချက်အဖွဲ့ထဲတွင် လှုပ်ရှားမှုများ ရှိလာခဲ့သည်။
ကျိုးရှင်းဖူ : [ @ကျန်းယဲ့... အဖွဲ့နဲ့ဝယ်တာ အသစ်စပြီပဲ။ နန်ဟူဈေးက ဆိုင်ခန်းပိုင်ရှင်တွေမှ ရမှာလား။ နန်ဟူဈေးက ဈေးပိုင်ရှင်ဆိုရင်ရော အဆင်ပြေလား... ]
ဤစာကို မြင်သည်နှင့် ကျန်းယဲ့က ချက်ချင်းလှည့်ကာ စနစ်ကို မေးလိုက်၏။
“အကိုစနစ်.. နန်ဟူ ဟင်းသီးဟင်းရွက်ဈေးရဲ့ ပိုင်ရှင်ကရော သတ်မှတ်ချက်နဲ့ ကိုက်ညီလား...”
[ကိုက်ညီပါတယ်...]
ကျန်းယဲ့ : [အဆင်ပြေတယ်...]
ကျိုးရှင်းဖူက ဖုန်းကိုချလိုက်ပြီး ဇနီးဖြစ်သူကို လှည့်ကြည့်လိုက်၏။ “မိန်းမ... မင်းရဲ့ ဝမ်းကွဲအစ်ကို ချန်မင်က နန်ဟူဟင်းသီးဟင်းရွက်ဈေးဆိုတဲ့ လုပ်ငန်းတစ်ခု ပိုင်တယ်လို့ ကိုယ်မှတ်မိနေတယ်...”
မစ္စစ်ကျိုးက ပန်းများကို ကိုင်းဖြတ်နေခြင်းကို ရပ်တန့်လိုက်ပြီး နားမလည်ဟန်ဖြင့် မော့ကြည့်လာ၏။ “ဟုတ်တယ်... ဘာဖြစ်လို့လဲ”
ကျိုးရှင်းဖူက လက်ဖက်ရည်ပန်းကန်လုံးကို ချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ “ကိုယ် နန်ဟူ ဟင်းသီးဟင်းရွက်ဈေးကို ဝယ်ယူဖို့ စီစဉ်နေတာ”
မစ္စစ်ကျိုးက သူမ၏ လုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး သူ့ကို အံ့သြစွာ ကြည့်လိုက်ချေသည်။ “ဘာလို့ ဟင်းသီးဟင်းရွက်ဈေးကို သွားဝယ်မှာလဲ။ ကျွန်မအစ်ကိုအတွက်က ဘာမှမဟုတ်ပေမယ့် အဲ့ဒါက ကျွန်မဦးလေး စီးပွားရေးစတင်ခဲ့တဲ့ နေရာလေ။ သူတို့ အလွယ်တကူ ရောင်းမှာမဟုတ်ဘူး”
ကျိုးရှင်းဖူက သူ့ဘေးရှိ ကော်ဖီစားပွဲပေါ်မှ ရွှေတုံးတစ်တုံးကို ကောက်ကိုင်လိုက်၏။ “ရှောင်ယဲ့ရဲ့ ခရီးသွားအဖွဲ့ စတော့မယ်... ဒီတစ်ခါ ခရီးစဉ်က ထန်မင်းဆက်ကို သွားမှာ။ သတ်မှတ်ချက်က နန်ဟူ ဟင်းသီးဟင်းရွက်ဈေးရဲ့ ပိုင်ရှင် ဒါမှမဟုတ် ဆိုင်ခန်းပိုင်ရှင် ဖြစ်ရမယ်တဲ့။ ဟောင်ရန်ကို ထန်မင်းဆက်ဆီ သွားပြီး ဗဟုသုတရှာခိုင်းဖို့ ကိုယ် စီစဉ်ထားတယ်။ ပြီးတော့ ကိုယ်က ဟင်းသီးဟင်းရွက်ဈေးကို ယာယီ ငှားရုံသက်သက်ပါ...”
ထိုဈေးက နှစ်စဉ် ဝင်ငွေ အတော်အသင့် ရသော်လည်း ချန်မိသားစုနှင့် ကျိုးမိသားစု နှစ်ခုစလုံးအတွက်တော့ အရေးမပါသော စီးပွားရေးလုပ်ငန်းတစ်ခုမျှသာ ဖြစ်လေသည်။
မစ္စစ်ကျိုးမှာ ချက်ချင်း တိတ်ဆိတ်သွားရသည်။
‘ဒီတစ်ကြိမ် နန်ဟူဟင်းသီးဟင်းရွက်ဈေးကို ရွေးချယ်ပြီး သွားရမယ့်နေရာက အန်းရှီးတပ်မတော်ဆိုတော့ကာ.... အဲ့ဒီနှစ်ခုကြားမှာ သိမ်မွေ့တဲ့ ဆက်စပ်မှုတစ်ခု ရှိနေပုံပဲ’
ကျိုးရှင်းဖူက အရိပ်အမြွက်အချို့ကို သဘောပေါက်သွားသော်လည်း တိကျမှု ရှိမရှိကိုတော့ မသေချာပေ။
ကျိုးရှင်းဖူသည် နန်ဟူ ဟင်းသီးဟင်းရွက်ဈေးကို အမြန်ဆုံးဝယ်ယူရန် ပြင်ဆင်နေစဉ် အဖွဲ့ထဲရှိ အခြားသူများကလည်း တဖြည်းဖြည်း ဝင်ရောက်ဆွေးနွေးလာခဲ့ကြသည်။
ဝူရှောင်ရှီ : [အား... ကျွန်မအဒေါ်က နန်ဟူ ဟင်းသီးဟင်းရွက်ဈေးမှာ ဆန်၊ ဂျုံ နဲ့ ဆီဆိုင် ဖွင့်ထားတယ်...]
ကျန်းယဲ့ : [ခင်ဗျားရဲ့ ဝမ်းကွဲအစ်မကို စာရင်းသွင်းခိုင်းလိုက်... တစ်မိသားစုကို နေရာတစ်နေရာပဲ ရမယ်]
ဝူရှောင်ရှီ : [ကျွန်မ ဆက်သွယ်ပြီးသွားပြီ.... ဝမ်းကွဲအစ်မအတွက် နေရာတစ်နေရာ အရင် ယူထားလိုက်မယ်]
ကျန်းမင်ဟွေ့ : [ဒါရိုက်တာကျန်း.... ဒီတစ်ခါ နေရာဘယ်လောက် ရနိုင်လဲ]
ကျန်းယဲ့ : [ငါးနေရာပါ...]
အဖွဲ့ထဲရှိ စာကို မြင်ပြီးနောက် လင်ရူ၊ ကျန်းဟွိုင်မင်၊ ကျန်းယီကျွင်း၊ လီချင်းယီ နှင့် ကျောက်ဟုန်တို့က သူတို့၏ လက်အောက်ငယ်သားများကို နန်ဟူ ဟင်းသီးဟင်းရွက်ဈေးရှိ ဆိုင်ခန်းများကို အမြန်ဆုံး ဝယ်ယူရန် ချက်ချင်း ညွှန်ကြားလိုက်ကြလေသည်။
ဟန်ကျိုးရှိ လူနေရပ်ကွက်တစ်ခုတွင် ကျန်းဟွိုင်မင်၏ လက်ထောက်ဖြစ်သူ ဝမ်ချန်က မျက်မှောင်ကြုတ်ကာ သူ၏ ဖုန်းစခရင်ကို စိုက်ကြည့်နေလေသည်။
“နန်ဟူဟင်းသီးဟင်းရွက်ဈေးက ဆိုင်ခန်းတွေကို ဝယ်ယူရမယ်ဟုတ်လား.. ” သူက မက်ဆေ့ချ်ကို စိုက်ကြည့်ရင်း သူ့မျက်စိကို အယုံအကြည်မရှိစွာဖြင့် အကြိမ်ကြိမ် မျက်တောင်ခတ်လိုက်ပြီး ရေရွတ်လိုက်၏။ “ဥက္ကဋ္ဌကျန်းက မက်ဆေ့ချ် ပို့တာ မှားသွားတာများလား...”
“ဒါမျိုး မဖြစ်သင့်ပါဘူး” ဝမ်ချန်က သူ့နားထင်ကို ပွတ်ရင်း ရေရွတ်လိုက်လေသည်။ “ကုမ္ပဏီအုပ်စုရဲ့ ရင်းနှီးမြှုပ်နှံမှု အဓိကရည်ရွယ်ချက်က ဘဏ္ဍာရေးနဲ့ နည်းပညာကဏ္ဍတွေလေ... ဒီဟင်းသီးဟင်းရွက်ဈေးက ဘာကိစ္စလဲ”
သူက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ကျန်းဟွိုင်မင်၏ နံပါတ်ကို ခေါ်လိုက်၏။ “ဥက္ကဋ္ဌကျန်း... ခုနက ဝယ်ယူဖို့ ညွှန်ကြားချက် ပို့လိုက်တာ မှားများ မှားသွားတာလားခင်ဗျာ”
ဖုန်းတစ်ဖက်စွန်းမှ ကျန်းဟွိုင်မင်၏ အသံက အလွန် တည်ငြိမ်နေချေသည်။ “လူမှားပို့တာ မဟုတ်ဘူး။ အဲ့ဒါကို ချက်ချင်း သွားလုပ်... မြန်လေ ကောင်းလေပဲ”
သူက အခြားသူများထက် အရင်ဦးအောင် လုပ်ရပေမည်။
ဝမ်ချန် : “ဟုတ်ကဲ့ပါ... ဥက္ကဋ္ဌကျန်း”
ဖုန်းချသွားပြီးနောက် သူက ပြတင်းပေါက်အပြင်ဘက်ကို ငေးကြောင်စွာ ကြည့်ရင်း သူ အိပ်မက်မက်နေသေးသလားဟု တွေးတောနေမိခဲ့သည်။
ကျန်း မြို့တော် (Jiang's Capital)
လျိုမင်ယွမ်၏ အဖွဲ့က ဘီလီယံနှင့်ချီတန်သော ပရောဂျက်တစ်ခုအတွက် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အချိန်ပိုများ ဆင်းကာ အလုပ်လုပ်နေခဲ့ကြသည်။
ထိုအချိန်တွင် လူတစ်စုက အစည်းအဝေးခန်းထဲ၌ ထိုင်နေကြလေသည်။ အစည်းအဝေးက ပြီးဆုံးတော့မည်ဖြစ်ပြီး လျိုမင်ယွမ်က နိဂုံးချုပ်တော့မည့်ဆဲဆဲတွင် သူ၏ သူဌေးထံမှ မက်ဆေ့ချ်တစ်ခုကို ရုတ်တရက် ရရှိလိုက်၏။
သူဌေးက ယခုလိုအချိန်မျိုးတွင် မက်ဆေ့ချ်ပို့လေ့ရှိသည်မှာ ထူးဆန်းသော ကိစ္စမဟုတ်သော်လည်း အကြောင်းအရာက လျိုမင်ယွမ်ကို နက်နဲသော စဉ်းစားခန်းထဲ ရောက်သွားစေလေသည်။
‘လယ်သမားဈေးက ဆိုင်ခန်းတွေကို ဝယ်ရမယ်’
“အစိုးရကများ နန်ဟူဒေသကို ပြန်လည်ပြုပြင်မွမ်းမံဖို့ လုပ်နေတာလား...” လျိုမင်ယွမ်က သူ့ဘာသာ တွေးနေမိခဲ့သည်။
သူက စာတိုကို ပြန်ဖတ်ကြည့်လိုက်၏။ စာပိုဒ်တိုလေး တစ်ခုသာ ဖြစ်သည်။ [ငွေဘယ်လောက်ကုန်ကုန်... နန်ဟူ ဟင်းသီးဟင်းရွက်ဈေးက ဆိုင်ခန်းတစ်ခုကို အမြန်ဆုံး သွားဝယ်လိုက်ပါ..]
လျိုမင်ယွမ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အခြားအရာအားလုံးကို လျစ်လျူရှုကာ သူ၏ လက်အောက်ငယ်သားတစ်ဦးကို တိုက်ရိုက် ညွှန်ကြားလိုက်ချေသည်။ “ရှောင်လီ... မင်းကို ခိုင်းစရာတစ်ခု ရှိတယ်။ အသေးစိတ်ကို မင်းဖုန်းထဲ ပို့ထားတယ်။ မှတ်ထား.... ဘယ်လောက်ပေးရပေးရ အမြန်ဆုံး ပြီးပြတ်အောင် လုပ်ခဲ့”
သူဌေးကြီးများ၏ တပည့်များက ဆိုင်ခန်းများကို ဝယ်ယူရန် အချိန်နှင့်အမျှ အပြိုင်အဆိုင် လုပ်ဆောင်နေကြချိန်တွင် အစောကြီး မထနိုင်ကြသော ညဘက်အိပ်ရေးပျက်လေ့ရှိသည့် ချမ်းသာသော မျိုးဆက်သစ်လူငယ်လေးဦးမှာမူ ထိုပြဇာတ်ကို လုံးဝ လွတ်သွားခဲ့လေတော့သည်။