အခန်း (၅၃) မယုံချင်လည်း ယုံရတော့မည့်အခြေအနေ
ယခင်ပုံစံများအရ စနစ်က ယနေ့အတွက် မည်သည့်တာဝန်မှ ပေးအပ်မည်မဟုတ်ချေ။
ထို့ကြောင့် ကျန်းယဲ့က ရေချိုးပြီးနောက် အစားအစာများ မှာယူကာ ဗီဒီယိုတိုများကို ပွတ်ကြည့်ရင်း ပုဇွန်လုံးများကို ပျော်ရွှင်စွာ စားသောက်နေလေသည်။
ညအမှောင်ထုက ပိုမိုနက်ရှိုင်းလာချိန်တွင် ချောင်မိသားစုဗီလာမှ မီးဆိုင်းက နွေးထွေးသော အလင်းရောင်ကို ဖြာကျနေခဲ့သည်။
အင်္ဂလန်မှ လေကြောင်းခရီးရှည်ဖြင့် ယခုလေးတင် ပြန်ရောက်လာသော မစ္စတာချောင် နှင့် မစ္စစ်ချောင် တို့က သူတို့၏ ခရီးဆောင်အိတ်များကို ဆွဲကာ ဧည့်ခန်းထဲသို့ ဝင်လာကြပြီးနောက် ဧည့်ခန်းစားပွဲပေါ်တွင် ပြသထားသော ပစ္စည်းများကို ချက်ချင်း အာရုံစိုက်မိသွားခဲ့ကြသည်။
“ဝမ်ပေါ်... ဒါတွေက ဘာတွေလဲ” မစ္စစ်ချောင်က သူမ၏ လက်ကိုင်အိတ်ကို ချထားလိုက်ပြီး ရှေးဟောင်းရွှေနှင့် ကျောက်စိမ်းပစ္စည်းများကို အံ့အားသင့်စွာ ကြည့်လိုက်၏။
ကြေးဝါဓားတစ်လက်က ဆိုဖာကို မှီထားပြီး မီးရောင်အောက်တွင် မှိန်ပျပျ စိမ်းလဲ့လဲ့ အရောင်လေးက တောက်ပနေခဲ့သည်။
ချောင်ဝမ်ပေါ်က အောက်ထပ်သို့ အပြေးအလွှားဆင်းလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ဖေဖေနဲ့မေမေ.... ဒါက ချင်ရှီဟွမ်ပေးတဲ့ လက်ဆောင်ပါ။ သားတို့ ဒီနေ့ ချင်မင်းဆက်ကို အချိန်ခရီးသွားခဲ့ပြီး သူ့ကို တွေ့ခဲ့ရတယ်...”
မစ္စတာချောင်က မျက်မှောင်ကြုတ်လိုက်ပြီး ရွှေရောင်အရက်ခွက်တစ်ခုကို လက်ချောင်းဖြင့် ခေါက်ကြည့်ကာ မယုံနိုင်စွာ မေးလိုက်သည်။ “မင်း ပိုက်ဆံတွေ အလဟဿ ထပ်ဖြုန်းလာပြန်ပြီလား”
“တကယ်ပြောတာပါဗျ...” ချောင်ဝမ်ပေါ်က စိုးရိမ်တကြီးဖြင့် ခြေဆောင့်လိုက်၏။ “ဦးလေးကျန်း နဲ့ ဦးလေးကျိုးတို့လည်း အတူတူ သွားခဲ့တာပဲ... သူတို့အားလုံးလည်း လက်ဆောင်တွေ ရခဲ့ကြတယ်..”
ချောင်၏ မိခင်က သားဖြစ်သူ၏ နဖူးကို စိုးရိမ်တကြီး စမ်းကြည့်လိုက်လေသည်။ “ဒီကလေး အဖျားများ တက်နေလို့လား... ဘာလို့ လျှောက်ပြောနေတာလဲ”
“သား အခုပဲ သက်သေပြမယ်...” ချောင်ဝမ်ပေါ်က သူ့ဖုန်းကို ဆွဲယူပြီး ကျန်းဟွိုင်မင် ထံသို့ ဗီဒီယိုကောလ် ခေါ်လိုက်လေသည်။
မစ္စတာချောင်၏ မျက်နှာက ညိုမည်းသွားရသည်။ “ဒီလို ညဉ့်နက်နေတဲ့အချိန်ကြီးကို မစ္စတာကျန်းကို အနှောင့်အယှက်ပေးရလား... မင်းကတော့...”
ဗီဒီယိုကောလ်က လျင်မြန်စွာ ချိတ်ဆက်သွားပြီး ရေချိုးဝတ်ရုံ ဝတ်ဆင်ထားသော ကျန်းဟွိုင်မင်က ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့သည်။
“ဦးလေးကျန်း... ဒီနေ့ ကျွန်တော်တို့ ချင်မင်းဆက်ကို သွားခဲ့တယ်ဆိုတာကို ကျွန်တော့် မိဘတွေကို မြန်မြန် ပြောပြပေးပါဦး...” ချောင်ဝမ်ပေါ်က သူ၏ဖုန်းကို မိဘများဘက်သို့ လှည့်ပြလိုက်၏။
မစ္စတာချောင်က တောင်းပန်စကား ပြောတော့မည့်ဆဲဆဲတွင် ကျန်းဟွိုင်မင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်ကို မြင်လိုက်ရလေသည်။ “မစ္စတာချောင်... ဝမ်ပေါ် ပြောတာ အမှန်ပါပဲ။ ဒီနေ့ ကျွန်တော်တို့ အထူးလမ်းကြောင်းကနေတစ်ဆင့် ဘီစီ ၂၁၈ ခုနှစ်က ရှန်းယန်နန်းတော်ကို သွားခဲ့ကြတယ်။ ပထမဆုံးဧကရာဇ်နဲ့ တွေ့ခဲ့ရရုံတင်မကဘူး... ချင်မင်းဆက်ရဲ့ နန်းတွင်းစားသောက်ပွဲကိုလည်း တက်ရောက်ခဲ့ပြီး ပထမဆုံးဧကရာဇ်ရဲ့ ဆုချီးမြှင့်မှုကိုလည်း ရခဲ့ပါတယ်”
မစ္စတာချောင် နှင့် မစ္စစ်ချောင်တို့မှာ ဆွံ့အသွားကြပြီး ခဏမျှ တုံ့ပြန်မှု မလုပ်နိုင်ဖြစ်သွားကြရသည်။
ချောင်ဝမ်ပေါ်က စိတ်အားထက်သန်စွာ ပြောလိုက်၏။ “ဖေဖေနဲ့မေမေ... မြင်တယ်မလား။ သား လိမ်မပြောဘူးဆိုတာ...”
နှစ်ပေါင်း နှစ်ထောင်ကျော်က ချင်မင်းဆက်သို့ အချိန်ခရီးသွားခဲ့သည်ဆိုသည်မှာ နိုင်ငံတကာအဆင့် နောက်ပြောင်မှုတစ်ခုဖြစ်မည်ဟု မစ္စတာချောင်က မယုံနိုင်သေးဘဲ ဖြစ်နေဆဲဖြစ်သည်။
“မစ္စတာကျန်း... ကျွန်တော့်သား တစ်ခုခုများ လုပ်ခဲ့လို့လား” မစ္စတာချောင်က အပြုံးတစ်ခုကို ဖန်တီးကာ သတိထားပြီး မေးလိုက်၏။
ဤကဲ့သို့သော အရာများကို ယုံကြည်ရန် အမြဲတမ်း ခက်ခဲတတ်သည်ကို ကျန်းဟွိုင်မင် သိပေသည်။ သူက ကင်မရာကို လှည့်လိုက်ရာ ရှေးဟောင်းပစ္စည်းများတင်သည့် စင်ပေါ်တွင် ချင်မင်းဆက်က ပြုလုပ်ခဲ့သော ရွှေ၊ ငွေ နှင့် ကျောက်စိမ်းပစ္စည်းများ အပြည့်တင်ထားသည်ကို မြင်လိုက်ရသည်။
အသေအချာ ကြည့်လိုက်ပါက ထိုပစ္စည်းများမှာ ချောင်ဝမ်ပေါ်၏ ပစ္စည်းများနှင့် မူလဇစ်မြစ်တူကြောင်း တွေ့မြင်နိုင်လေသည်။
“ကျွန်တော်တင် မကပါဘူး... အထွေထွေမန်နေဂျာ ကျိုး၊ အထွေထွေမန်နေဂျာ လင်၊ အထွေထွေမန်နေဂျာကျန်း၊ အထွေထွေမန်နေဂျာကျောက် နဲ့ အထွေထွေမန်နေဂျာလီတို့လည်း ပါဝင်ပါတယ်”
မစ္စတာချောင်က မယုံကြည်သော်လည်း ကျန်းဟွိုင်မင်၏ လေးနက်သော အမူအရာနှင့် သူ၏ နောက်ကွယ်ရှိ ရှေးဟောင်းပစ္စည်းတင်သည့် စင်ပေါ်မှ ပစ္စည်းများကို ကြည့်ပြီးနောက် သူ မယုံဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
“ဒါ... ဒါ မဖြစ်နိုင်ပါဘူး... ဟုတ်တယ်မလား..” မစ္စတာချောင်က မျက်နှာပြင်ပေါ်ရှိ ကျန်းဟွိုင်မင်၏ နောက်ကွယ်မှ ပစ္စည်းများနှင့် တစ်ပုံစံတည်း တူညီနေသော ရွှေတုံးများနှင့် ရွှေရောင်အရက်ခွက်များကို စိုက်ကြည့်နေလေသည်။
ကျန်းဟွိုင်မင်က ခဏတာ စဉ်းစားလိုက်၏။ အချို့သောအရာများကို လျှို့ဝှက်ထား၍ မရနိုင်ချေ။ အထူးသဖြင့် သူ၏မိသားစုမှာလည်း ထိုအခြေအနေမျိုးတွင် ရှိနေသောကြောင့်ပင်။ “မနေ့ညက ရပ်ကွက်ထဲက အိမ်ထောင်စုဆယ်စုက အထက်အာဏာပိုင်တွေဆီကနေ အကြောင်းကြားစာတွေ လက်ခံရရှိခဲ့တယ်...”
ကျန်းဟွိုင်မင်က ထိုကိစ္စကို အကျဉ်းချုံး ပြောပြလိုက်၏။
သူ ပြောပြပြီးနောက်တွင် မစ္စတာချောင် နှင့် မစ္စစ်ချောင်တို့က မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။
“ဘုရားရေ...” ချောင်၏ မိခင်က သူမ၏ ပါးစပ်ကို ရုတ်တရက် အုပ်လိုက်၏။ “ဒါဆို ဝမ်ပေါ်... သားက... သားက ချင်ရှီဟွမ်ကို တကယ်တွေ့ခဲ့တာပေါ့...”
ချောင်ဝမ်ပေါ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး ရင်းကျန့်နှင့် အတူရိုက်ထားသော ဓာတ်ပုံကို ပြသရန် ဖုန်းကို အလျင်အမြန် ထုတ်ယူလိုက်လေသည်။
ဓာတ်ပုံထဲတွင် သရဖူဆောင်းထားသော ဧကရာဇ်ကြီးက ဩဇာလွှမ်းမိုးသည့် အငွေ့အသက်များကို ထုတ်လွှတ်နေပြီး သူမ၏သားက သူ၏ နောက်ကွယ်တွင် ရပ်ကာ အောင်ပွဲခံသည့်ပုံစံ လက်နှစ်ချောင်း ထောင်ပြနေချေသည်။
မစ္စတာချောင်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီးနောက် ပြန်ထိုင်လိုက်ကာ ထပ်မံ၍ မတ်တပ်ရပ်ပြီး ဧည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေသည်။
ယခုအခါ အတွေ့အကြုံရင့် စီးပွားရေးလုပ်ငန်းရှင်ကြီးသည် ဤယုံကြည်နိုင်ဖွယ်မရှိသော အမှန်တရားကို လက်ခံနိုင်ရန် ရုန်းကန်နေရပေသည်။
ဤအခြေအနေမျိုးက ချောင်မိသားစုတွင်သာမက အခြားသော မိသားစုသုံးစုတွင်လည်း ဖြစ်ပွားခဲ့ကြသည်။ ချောင်၏ မိဘများကဲ့သို့ပင် ထိုမိသားစု သုံးစုမှ မိဘများက အစပိုင်းတွင် မယုံကြည်ခဲ့ကြသော်လည်း ကျိုးရှင်းဖူနှင့် အခြားသူများ၏ ထွက်ဆိုချက်များကြောင့် သူတို့မှာ မယုံကြည်မှုမှ ယုံကြည်ရမည့် အခြေအနေသို့ ရောက်ရှိသွားကြလေသည်။
“သား... အဖေ ဒီပစ္စည်းတွေကို အရင် ယူသွားမယ်” ဖခင်ဖြစ်သူချောင်က ရွှေတုံးတစ်တုံး၊ ရွှေရောင်အရက်ခွက်တစ်ခွက် နှင့် ကျောက်စိမ်းပြားတစ်ပြားကို ကောက်ယူလိုက်၏။
“ဖေဖေ... အဲဒါတွေကို ဘယ်ယူသွားမလို့လဲ”
မစ္စတာချောင်က သားဖြစ်သူကို မဖုံးကွယ်ဘဲ ပြောလိုက်လေသည်။ “စစ်ဆေးကြည့်ဖို့ သွားမလို့...”
ထိုစကားများကို ချောင်ဝမ်ပေါ် ကြားသောအခါ ၎င်းက သူ့ကို မယုံကြည်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသဖြင့် စိတ်တိုတိုနှင့် ပြောလိုက်၏။ “ဖေဖေက ဒီပစ္စည်းတွေကို သုံးပြီး ကာဗွန်-၁၄ သက်တမ်းတွက်ချက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အဲဒီအကြံကို စွန့်လွှတ်လိုက်ဖို့ အကြံပေးချင်တယ်...”
“ဦးလေးကျန်း ပြောတာကြားတာတော့ ကျွန်တော်တို့ မသိနိုင်တဲ့ အချိန်ဖြတ်သန်းရာ တံခါးပေါက်ကနေ ယူလာတဲ့ ဒီပစ္စည်းက အချိန်ကာလရဲ့ သက်ရောက်မှု မရှိတာ သေချာသလောက်ပဲတဲ့။ ဖေဖေ သွားစစ်ဆေးမယ်ဆိုရင်တောင် ရလဒ်တွေက သက်တမ်း နည်းနည်းပဲ ရှိသေးတာကို ပြလိမ့်မယ်... ဒါမှမဟုတ် လွန်ခဲ့တဲ့ တစ်လလောက်ကမှ လုပ်ထားတာလို့တောင် ပြနိုင်တယ်”
“ဖေဖေ ဒီအကြံကို စွန့်လွှတ်လိုက်တာ ပိုကောင်းမယ်။ ဒါက တကယ့် ချင်မင်းဆက်က ရှေးဟောင်းပစ္စည်းဆိုတာ ကျွန်တော်တို့ သိနေသရွေ့ အနုပညာလက်ရာတစ်ခုအနေနဲ့ တန်ဖိုးထားသိမ်းဆည်းထားလို့ ရပါတယ်”
မစ္စတာချောင်က ပြုံးကာ ပြောလိုက်၏။ “စမ်းသပ်ကြည့်ဖို့က သိပ်အားစိုက်ထုတ်စရာ မလိုပါဘူး”
“ကောင်းပြီလေ... ဖေဖေ ကျေနပ်သလိုသာ လုပ်ပါ” ချောင်ဝမ်ပေါ်က သူ့ကို ဖျောင်းဖျရန် မကြိုးစားတော့ချေ။ “ဖေဖေ... ကျိုးပဲ့မသွားစေနဲ့နော်။ သားဆီမှာ ဒီလောက်ပဲ ရှိတာ..”
“ငါ ဘာလုပ်ရမလဲဆိုတာ သိပါတယ်ဟ” မစ္စတာချောင်က ပြန်ဖြေလိုက်ပြီး ချက်ချင်း ထပ်ပြောလိုက်၏။ “နောက်တစ်ခါ အဲဒီ ကျန်းယဲ့ဆိုတဲ့ ဧည့်လမ်းညွှန် ခရီးစဉ်စီစဉ်ရင် အဖေ့ကို ချက်ချင်း အကြောင်းကြားနော်...”
ဖခင်ဖြစ်သူ ဘာစီစဉ်နေသည်ကို ချောင်ဝမ်ပေါ် သိသဖြင့် လက်ကို ဖြန့်ကာ ပြောလိုက်၏။ “ဖေဖေလည်း ပါချင်လို့လား”
ဖခင်ဖြစ်သူ မတုံ့ပြန်မီ ချောင်ဝမ်ပေါ်က ပြောလိုက်ပြန်သည်။ “ပြဿနာကတော့ မရှိပါဘူး... ဒါပေမဲ့ စာရင်းသွင်းလို့ ရမရဆိုတာကတော့ နောက်တစ်ပိုင်းပေါ့။ ခိုင် ပြောပုံအရဆိုရင်တော့ အစ်ကိုကျန်းရဲ့ ခရီးသွားအဖွဲ့မှာ ပါဝင်ဖို့ စည်းကမ်းချက်တချို့ ရှိပုံရတယ်။ ဘယ်သူမဆို လွယ်လွယ်ကူကူ ဝင်လို့ရတဲ့ကိစ္စ မဟုတ်ဘူး...”
“ဘယ်လို စည်းကမ်းချက်တွေပဲ ရှိရှိ တစ်ဖက်က အဖွဲ့စဖွဲ့တာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြား...”
“ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါ...အမြန်ဆုံး အကြောင်းကြားပါ့မယ်လို့ ကတိပေးပါတယ်”
ထာဝရ ဖုံးကွယ်ထားလို့ရတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိဘူးဆိုသည့် စကားအတိုင်းပင်။
ချင်မင်းဆက်သို့ အချိန်ခရီးသွားခဲ့သည့် သတင်းက ဟန်ကျိုးရှိ အထက်တန်းလွှာအသိုင်းအဝိုင်းလေးတစ်ခုကြားတွင် တိတ်တဆိတ် ပျံ့နှံ့နေခဲ့သည်။
လူများစွာက ထိုသတင်းကို ကြားသောအခါ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်ခြင်းဖြစ်သော်လည်း ၎င်းက အချို့သူများအား တိတ်တဆိတ် စုံစမ်းမေးမြန်းခြင်း သို့မဟုတ် ထူးဆန်းသော ဇာတ်လမ်းတစ်ပုဒ်အဖြစ် မိသားစု၊ ရင်းနှီးသော သူငယ်ချင်းများနှင့် သီးသန့်ဆွေးနွေးခြင်းမှ မတားဆီးနိုင်ခဲ့ချေ။
အင်တာနက်ပေါ်တွင်မူ ကျန်းထောင်က နောက်ဆက်တွဲ ဗီဒီယိုများကို မတင်ခဲ့သောကြောင့် ရေပန်းစားမှုမှာ တဖြည်းဖြည်း ကျဆင်းသွားခဲ့ရသည်။
ကျန်းယဲ့အိပ်မောကျနေစဉ် ကျန်းခိုင်က ကြီးမားသော အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့လေသည်။
ကျန်းခိုင်က ချောင်ဝမ်ပေါ် နှင့် ကျန်းမင်ဟွေ့တို့ကို ဆက်သွယ်ခဲ့ပြီး သူတို့နှင့် ဆွေးနွေးပြီးနောက် ကျန်းယဲ့၏ ချင်မင်းဆက်ခရီးစဉ်တွင် ပါဝင်ခဲ့ဖူးသော အဖွဲ့ဝင်အားလုံးကို အဖွဲ့တစ်ခုတည်းတွင် ထည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ချောင်ဝမ်ပေါ် နှင့် ကျန်းမင်ဟွေ့တို့က ပြဿနာမရှိဟု ပြောကြသည်။ သူတို့သုံးဦး ဆွေးနွေးပြီးနောက် သက်ဆိုင်ရာ အဖွဲ့များတွင် အခြေအနေကို စတင်ရှင်းပြလိုက်ကြသည်။
ထို့နောက် အဖွဲ့ဝင်များ၏ သဘောတူညီချက်ကို ရရှိပြီးနောက်တွင် အဖွဲ့ဝင်များကို အသစ်စက်စက် ဝီးချက် ဂရုတစ်ခုထဲသို့ တစ်ယောက်ချင်းစီ ထည့်သွင်းလိုက်လေသည်။ ဂရုနာမည်ကို ချင်မင်းဆက် ခရီးသွားအဖွဲ့ဟု ပေးလိုက်ကြသည်။
အရင်က ဖွဲ့စည်းထားခဲ့သော အဖွဲ့ငယ်လေးများကိုလည်း ဆက်လက်ထားရှိမည်ဖြစ်၏။
ကျန်းထောင်: [မင်္ဂလာပါ ညီငယ်ညီမငယ်တို့... ကျွန်တော်က ကျန်းထောင်ပါ... ပထမတပ်ဖွဲ့က အဖွဲ့ဝင်တစ်ယောက်ပါ]
အင်တာနက်အသုံးများသူ တစ်ယောက်အနေဖြင့် ကျန်းထောင်က အွန်လိုင်းပေါ် ရောက်သည်နှင့် အလွန်ရင်းနှီးကျွမ်းဝင်သော မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်းမျိုး လုပ်လိုက်သည်။
ဖန်ကောင်းချန်: [ကျွန်တော်က ဖန်ကောင်းချန်ပါ... ဒုတိယတပ်ဖွဲ့ကပါ]
ရှီရှောင်ယွီ: [အားလုံးပဲ ကောင်းသောညပါ.... ကျွန်မ နာမည်က ရှီရှောင်ယွီပါ... ကျွန်မလည်း ဒုတိယတပ်ဖွဲ့ကပါပဲ]
...
ကန်ချန်: [အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်က ကန်ချန်ပါ... တတိယတပ်ဖွဲ့ကပါ]
ချောင်ဝမ်ပေါ်: [ချောင်ဝမ်ပေါ်... တတိယတပ်ဖွဲ့ကပါ]
...
ကျန်းဟွိုင်မင်အပါအဝင် ပုံမှန်အားဖြင့် အလွန်အလုပ်များတတ်သော အရေးပါသူ ခြောက်ဦးပင် အဖွဲ့စကားပြောခန်းထဲတွင် နှုတ်ဆက်စကား ပြောလာခဲ့ကြသည်။