အခန်း (၅၂) ငါတော့ တစ်လလုံး လက်မဆေးတော့ဘူး
ထိုစကားကို ကြားသောအခါ သူတို့လေးယောက်စလုံး အဆက်မပြတ် ခေါင်းညိတ်လိုက်ကြ၏။
“ဦးလေးကျန်း... တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ ပြန်တော့မယ်” ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်သုံးဦးမှာ ဤဩဇာကြီးမားသူများနှင့် ၁၅ မိနစ်လောက်ပင် အတူမနေချင်တော့ချေ။ သူတို့မှာ ဖိအားများစွာ ခံစားနေရလေသည်။
ကျန်းဟွိုင်မင်က လက်ဝှေ့ယမ်းပြလိုက်၏။
ထို့နောက် ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်သုံးဦးမှာ ခရီးဆောင်အိတ်များကိုဆွဲကာ အလျင်အမြန် ပြန်သွားကြချေသည်။
ချောင်မိသားစု၏ ဗီလာအိမ်တော်ထဲတွင် လူငယ်လေးယောက်မှာ သားရေဆိုဖာပေါ်တွင် ဝိုင်းထိုင်နေကြပြီး သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေဆဲဖြစ်သည်။
ချောင်ဝမ်ပေါ်မှာ ဗီဒီယိုကောလ်ခေါ်ရန် မစောင့်နိုင်တော့ဘဲ ခေါ်လိုက်ရာ လက်မ ၁၀၀ အရွယ် အယ်လ်စီဒီ တီဗီပေါ်တွင် ကျန်းခိုင်၏ မျက်နှာက ချက်ချင်း ပေါ်လာခဲ့သည်။
“အာခိုင်... ငါတို့ ဘိုးဘေးနဂါးကြီးကို တွေ့ခဲ့ရတယ်ကွ...” သူတို့လေးယောက် ပြိုင်တူ အော်ဟစ်လိုက်ရာ စိတ်လှုပ်ရှားပြီး ကျယ်လောင်သော အသံများက နားစည်ကိုပင် ကွဲမတတ်ဖြစ်သွားစေလေသည်။
ကျန်းခိုင်က နားကို ကလော်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်၏။ “တွေ့လား... ငါ ပြောသားပဲ မဟုတ်ဘူးလား”
သူက ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကုတင်ခေါင်းရင်းကို ပျင်းရိစွာ မှီထားခဲ့သည်။ “ဒါက မေ့မရနိုင်စရာပဲ မဟုတ်ဘူးလား...”
“လုံးဝ မေ့မရနိုင်ဘူး...” ကန်ချန်က ဆိုဖာပေါ်မှနေ၍ ဂျွမ်းထိုးကာ ခုန်ထလိုက်ပြီး ဖုန်းကို ထုတ်ကာ ကင်မရာရှေ့သို့ ထိုးပြလိုက်လေသည်။ “ကြည့်စမ်း... ငါတို့က ပထမဆုံးဧကရာဇ်နဲ့တောင် ဓာတ်ပုံတွဲရိုက်ခဲ့သေးတာ”
ဓာတ်ပုံထဲတွင် ရင်းကျန့်မှာ ခမ်းနားထည်ဝါပြီး ဩဇာလွှမ်းမိုးသည့်ပုံ ပေါက်နေပြီး သူ၏ နောက်ကွယ်ရှိ သူတို့လေးယောက်ကမူ အောင်ပွဲခံသည့်ပုံစံ လက်နှစ်ချောင်း ထောင်ပြနေခဲ့ကြသည်။
ကျန်းခိုင်၏ မျက်နှာက ဖန်သားပြင်နှင့် ချက်ချင်း ကပ်သွားလေသည်။ “သောက်ရမ်းမိုက်တာပဲ.. မင်းတို့က ဓာတ်ပုံတောင် ရိုက်လို့ရတာလား... အရင်တစ်ခေါက်တုန်းက ငါတို့က ခိုးပြီးပဲ ရိုက်ရဲတာ”
“ဟီးဟီး... ဒါတင်မကသေးဘူးဟ” ဖုန်းယီမင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ၏လက်ကို ဆန့်ထုတ်ကာ ကင်မရာရှေ့တွင် မြှောက်ပြလိုက်၏။ “ငါ့လက်ကို ကြည့်လိုက်ဦး။ မင်း သိလား... ဒါက ကြီးမြတ်တဲ့ ဘိုးဘေးနဂါးကြီးနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လက်ပဲ...”
“ဟေ့ကောင်တွေ...ဟေ့ကောင်တွေ... အရမ်းမိုက်တာပဲကွာ....” ဗီဒီယို၏ တစ်ဖက်စွန်းမှ ကျန်းခိုင်၏ စူးရှပြီး ပေါက်ကွဲထွက်မတတ် အသံကြီး ထွက်ပေါ်လာချေသည်။ “အာ... မင်းတို့က ဘယ်လိုလုပ်ပြီး ဘိုးဘေးနဂါးကြီးနဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရတာလဲ.... မဖြစ်နိုင်ဘူး... မင်းတို့ ငါ့ကို လိမ်နေတာ သေချာတယ်”
ချောင်ဝမ်ပေါ်က ရယ်မောလိုက်၏။ “ငါတို့မှာ သက်သေအဖြစ် ဓာတ်ပုံရှိတယ်ကွ...”
ကန်ချန်က စိတ်လှုပ်ရှားမှုမှာ မလုံလောက်သေးဟု ခံစားရသဖြင့် ကျေနပ်စွာ ဆက်ပြောလေသည်။ “ဟီးဟီး... ဘိုးဘေးနဂါးကြီးက ငါတို့အားလုံးကို လက်ဆွဲနှုတ်ဆက်ခဲ့တာ”
ဝူကျဲက ဖန်သားပြင်ဆီသို့ တိုးကပ်သွားပြီး ကျေနပ်စွာ ပြောလိုက်၏။ “ငါတော့ ဒီလက်ကို တစ်လတိတိ မဆေးတော့ဘူး...”
ကန်ချန်က သူ၏ လက်များကို ခါယမ်းလိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် ပြောလိုက်ပြန်သည်။ “ဘုရားရေ... ဒီလက်တွေက နဂါးစွမ်းအင်နဲ့ ထိတွေ့ခဲ့ရတာကွ။ ရေက နဂါးစွမ်းအင်တွေကို ဆေးကြောသွားမှာစိုးလို့ ဒီလက်တွေကို သေသေချာချာ ဂရုစိုက်ရမယ်... ရေလုံးဝ အထိခံလို့ မဖြစ်ဘူး...”
ဖန်သားပြင်၏ တစ်ဖက်ခြမ်းရှိ ကျန်းခိုင်မှာ အလွန်ဒေါသထွက်နေပြီး ရင်ဘတ်ကိုထုကာ ခြေဆောင့်နေချေသည်။ “အား... မင်းတို့ အသည်းနှလုံးမရှိတဲ့ ကောင်တွေ...”
ချောင်ဝမ်ပေါ်က ကင်မရာရှေ့တွင် သူ၏ ခရီးဆောင်အိတ်ကို လျှို့ဝှက်ဆန်းကြယ်စွာ ဖွင့်ပြလိုက်ပြီး အတွင်းမှ ပစ္စည်းများကို ပြသလိုက်ပြန်သည်။
“ဒါ ဘာလဲဆိုတာ ကြည့်လိုက်...” သူက ရွှေတုံးအချို့နှင့် ကျောက်စိမ်းပစ္စည်းအမျိုးမျိုးကို ဂရုတစိုက် လောင်းချပြလိုက်၏။
ထိုအရာများကို မြင်သောအခါ ကျန်းခိုင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
“ဟီးဟီး... ဒါတွေအကုန်လုံးက အစ်ကိုကျန့် ပေးလိုက်တဲ့ လက်ဆောင်တွေပဲ...” ချောင်ဝမ်ပေါ်က မောက်မာသော မျက်နှာထားဖြင့် ကျေနပ်စွာ ပြောလိုက်ချေသည်။
“ကျစ်...” ကျန်းခိုင်က ညည်းတွားလိုက်ပြီး အလွန်တရာ စိတ်ပျက်အားငယ်နေသော မျက်နှာဖြင့် နောက်သို့ မှီချလိုက်၏။
‘ငါ သူတို့နဲ့ ဆက်ပြီး စကားမပြောချင်တော့ဘူး’
သူ၏ နှလုံးသားများ ကြေမွသွားချေပြီ။
ခဏတာ နောက်ပြောင်နေပြီးနောက် ချောင်ဝမ်ပေါ်နှင့် အခြားသုံးဦးမှာ ဗီဒီယိုထဲမှ ကျန်းခိုင်၏ မနာလိုဖြစ်နေသော မျက်နှာကို မြင်သောအခါ အသံထွက်၍ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။
“ကောင်းပြီ... ကောင်းပြီ... ငါ မင်းကို မစတော့ဘူး...” ချောင်ဝမ်ပေါ်က ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး လှည့်ကာ ခရီးဆောင်အိတ်များထဲမှ တစ်အိတ်ကို ဖွင့်လိုက်၏။ “ဒါက မင်းအတွက် ယူသွားပေးဖို့ အရှင်မင်းကြီးက အထူးမှာကြားလိုက်တဲ့ လက်ဆောင်ပဲ...”
ဗီဒီယိုကောလ်၏ တစ်ဖက်စွန်းရှိ ကျန်းခိုင်မှာ မတ်မတ်ထိုင်လိုက်ပြီး သူ၏မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်သွားခေသည်။ “တ....တကယ်လား”
ကန်ချန်နှင့် အခြားသူများက အတွင်းမှ သစ်သားသေတ္တာများကို ကူညီထုတ်ပေးလိုက်ကြသည်။ သူတို့က သေတ္တာများကို တစ်လုံးချင်းစီ ဖွင့်လိုက်ရာ အတွင်းတွင် လက်ရာမြောက်သော ရွှေနှင့် ကျောက်စိမ်း အဆင်တန်ဆာ အချို့ရှိနေပြီး မီးရောင်အောက်တွင် တောက်ပစွာ လင်းလက်နေခဲ့သည်။
“ဒါတွေအကုန်လုံးကို အရှင်မင်းကြီးက မင်းကို ချီးမြှင့်လိုက်တာပဲ...” ဖုန်းယီမင်က ထပ်ပြောလိုက်သည်။ “နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိစေမယ့် အရာတွေ အများကြီး ယူလာပေးတဲ့အတွက် မင်းကို ကျေးဇူးတင်တယ်လို့ သူက ပြောတယ်”
ဝူကျဲက အဝတ်အိတ်ထဲမှ ကျောက်စိမ်းဆွဲကြိုးတစ်ခုကို ထုတ်ယူလိုက်ပြန်၏။ “ဒါက မုန့်ရီ ပေးလိုက်တာ။ ညကြည့်မှန်ပြောင်းအတွက် မင်းကို ကျေးဇူးတင်တယ်လို့ သူက ပြောတယ်...”
ကျောက်စိမ်းဆွဲကြိုးတွင် ရှုပ်ထွေးနက်နဲသော တိမ်တိုက်ပုံစံများကို ထွင်းထုထားပြီး အနောက်ဘက်တွင် မုန့်ဟူသော စာလုံးကို ထွင်းထားခဲ့သည်။
ကျန်းခိုင်မှာ ဖန်သားပြင်၏ တစ်ဖက်တွင် ရုတ်တရက် တိတ်ဆိတ်သွားပြီး သူ၏ လက်ချောင်းများက အလိုအလျောက် ဖန်သားပြင်ကို ထိတွေ့နေကာ သူ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် ဆို့နင့်နေသည်။ “ဝါး... ဘိုးဘေးနဂါးကြီးက ငါ့ကို မှတ်မိနေတုန်းပဲ.... ပြီးတော့ အစ်ကိုကြီးမုန့်ကလည်း ငါ့ကို မှတ်မိတယ်လား..”
“မှတ်မိရုံတင် ဘယ်ကမလဲ....” ချောင်ဝမ်ပေါ်က ပြုံးကာ ပြောလိုက်၏။ “မင်းအပေါ်ကို အထင်ကြီးလေးစားမှုတွေ အများကြီး ရှိနေတုန်းပဲ...”
ဖုန်းကိုကိုင်ထားရင်း ကျန်းခိုင်က သူ၏ သူငယ်ချင်းများ ပို့ပေးထားသော လက်ဆောင်များ၏ ဓာတ်ပုံများကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ မနာလိုဖြစ်မှုမှ ကျေးဇူးတင်မှုဆီသို့ တဖြည်းဖြည်း ပြောင်းလဲသွားချေသည်။
သူက မုန့်ရီ၏ ကျောက်စိမ်းဆွဲကြိုးကို ဖန်သားပြင်မှတစ်ဆင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ အေးစက်နေသော မှန်ပြားမှတစ်ဆင့် ရှန်းယန်မြို့ နန်းတော်အတွင်းမှ နေရောင်ခြည်၏ နွေးထွေးမှုကို ခံစားလိုက်ရသကဲ့သို့ပင်။
‘နောက်တစ်ခါ ဒါရိုက်တာကျန်း ခရီးစဉ်ကို ဦးဆောင်ရင် ငါ ချင်မင်းဆက်ကို သေချာပေါက် ထပ်သွားချင်တယ်...’ ကျန်းခိုင်က တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်၏။
ပူပြင်းသော နေရောင်အောက်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ မှန်တံခါးကို ကျန်းယဲ့ တွန်းဖွင့်လိုက်ချိန်တွင် ဘေးအိမ်မှ ကုန်စုံဆိုင်ငယ်လေးကို ဖွင့်ထားသော အဒေါ်ဝမ်က သစ်သီးအိတ်တစ်အိတ်ကို ဆွဲကာ ဖြတ်သွားနေခဲ့သည်။
“အို... ရှောင်ကျန်း...” အဒေါ်ဝမ်က သူ့ကို ဆွဲဖမ်းလိုက်လေသည်။ “ဒီမနက်က နာမည်လာစာရင်းသွင်းတဲ့ ဖောက်သည်တချို့ ရောက်လာသေးတယ်... ဒါပေမဲ့ မင်းရဲ့ တံခါးပိတ်ထားတာကို မြင်တော့ သူတို့ ပြန်သွားကြတယ်ကွဲ့..”
သူမက အနားသို့ တိုးကပ်လာပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။ “မင်းရဲ့ မိဘတွေ ရုတ်တရက် ဆုံးပါးသွားတယ်ဆိုတာ အဒေါ် သိပါတယ်... ဒါပေမဲ့ ဘဝက ရှေ့ဆက်ရဦးမှာလေ...”
ကျန်းယဲ့မှာ ရပ်တန့်သွားပြီး သူ၏နှုတ်ခမ်းပေါ်တွင် ကူကယ်ရာမဲ့သော အပြုံးတစ်ခု ပေါ်လာချေသည်။
အဒေါ်ဝမ် ထပ်ပြီး အထင်လွဲသွားပြန်ပြီဆိုတာကို သူ သိလိုက်၏။
သူ၏ မိဘများ ဆုံးပါးသွားကတည်းက ဤသဘောကောင်းသော အိမ်နီးချင်းက သူ စိတ်ဓာတ်ကျသွားမည်ကို အမြဲတမ်း စိုးရိမ်နေခဲ့သည်။
“အဒေါ် ပြောတာ မှန်ပါတယ်” ကျန်းယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး သော့လှည့်ကာ ဆိုင်တံခါးကို ဖွင့်လိုက်လေသည်။ “နောက်တစ်ခါ သေချာပေါက် အချိန်မီ ဖွင့်ပါ့မယ်.. ”
အဒေါ်ဝမ်က သူ့နောက်မှ လိုက်ဝင်လာပြီး ငှက်မွေးတံမြက်စည်းကို ယူကာ ကောင်တာကို ဖုန်ခါရင်း ရေရွတ်လိုက်ပြန်သည်။ “ငါက စကားများတာ မဟုတ်ပါဘူး... ဒါပေမဲ့ လမ်းတစ်ဖက်က ခရီးသွားအေဂျင်စီ အသစ်ကို ကြည့်စမ်း... သူတို့က နေ့တိုင်း လက်ကမ်းစာစောင်တွေ ဝေနေတာ”
သူမက ကျန်းယဲ့၏ ကျောပိုးအိတ်ထဲမှ ထွက်နေသော ကြေးဝါဓား၏ ပန်းဖွားကို ရုတ်တရက် သတိထားမိသွားလေသည်။ “ဟင်... ဒါက ဘာလဲ...”
ကျန်းယဲ့က တည်ငြိမ်စွာဖြင့် သူ၏ ကျောပိုးအိတ်ကို ဇစ်ဆွဲပိတ်လိုက်၏။ “ခရီးသွား အမှတ်တရပစ္စည်းပါ...”
ထို့နောက် သူက လှည့်ကာ စင်ပေါ်မှ လက်ဖက်ခြောက်ဘူးတစ်ဘူးကို ယူလိုက်ပြီး “ဒါလေး ယူပြီး သောက်လိုက်ပါ.... အပူငြိမ်းပြီး အတွင်းအပူကင်းစင်စေတယ်...”
“အိုကွယ်... ဒါကို ငါ လက်မခံနိုင်ပါဘူး” အဒေါ်ဝမ်က ငြင်းဆန်သလို ပြောသော်လည်း လက်ဖက်ခြောက်ဘူးကို ယူထားပြီးဖြစ်နေပေသည်။
“လူငယ်တွေကတော့ ပိုပြီး စိတ်သဘောထား ကြီးကြီးထားဖို့ ကြိုးစားရမှာပေါ့။ ဒါနဲ့ စကားမစပ်... မနက်ဖြန် ရပ်ကွက်ထဲမှာ အိမ်ထောင်ဖက် ရှာပေးတဲ့ပွဲလေး ရှိတယ်။ မင်းလည်း အခု အားနေတာဆိုတော့...”
ကျန်းယဲ့က ပြုံးကာ အဘွားအိုကို တံခါးဝအထိ လိုက်ပို့ပေးလိုက်ပြီး သူမ၏ အဆက်မပြတ် စကားပြောသံများ လှေကားထိပ်တွင် ပျောက်ကွယ်သွားမှသာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်နိုင်လေသည်။
ထို့နောက် တံခါးကို သော့ခတ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားကာ မုန့်ရီ ပေးထားသော ကြေးဝါဓားကို ကျောပိုးအိတ်ထဲမှ ထုတ်ယူပြီး သူ၏ မိဘများ၏ ဓာတ်ပုံများရှေ့တွင် ညင်သာစွာ ချထားလိုက်သည်။
ဓာတ်ပုံထဲရှိ ဇနီးမောင်နှံတွင် နူးညံ့သိမ်မွေ့သော အပြုံးများ ရှိနေခဲ့သည်။ ကျန်းယဲ့က ဘေးမှ အမွှေးတိုင်များကို ယူကာ သုံးတိုင်ကို မီးညှိလိုက်ပြီး ဓာတ်ပုံကိုကြည့်ကာ တီးတိုးရေရွတ်လိုက်၏။ “အဖေ အမေ... ကျွန်တော် ခရီးသွားအေဂျင်စီကို ကောင်းကောင်း လည်ပတ်ပါ့မယ်။ ကျွန်တော် ကောင်းကောင်း ရှင်သန်နေထိုင်သွားမှာမို့ အဖေနဲ့အမေ ကျွန်တော့်အတွက် စိုးရိမ်စရာ မလိုတော့ပါဘူး။ အဖေနဲ့အမေရဲ့ သားက တစ်နေ့ကျရင် ထာဝရ အသက်ရှင်နိုင်ကောင်း ရှင်နိုင်လိမ့်မယ်...”
ဟင်းလင်းပြင်ခရီးသွားစနစ်၏ ဆုလာဘ်များကို တွေးကြည့်လိုက်လျှင် ၎င်းက မဖြစ်နိုင်သောအရာတော့ မဟုတ်ချေ။
ထို့နောက်ဘကျန်းယဲ့က ဓာတ်ပုံကို သုံးကြိမ် ဦးချလိုက်ပြီး မတ်တပ်ရပ်ကာ အမွှေးတိုင် သုံးတိုင်ကို အမွှေးတိုင်ခွက်ထဲသို့ စိုက်လိုက်ခေသည်။
“စနစ်.. ဆုလာဘ်ကို တွက်ချက်ပေးပါ”
[ဒင်... တာဝန်ကို ပြီးမြောက်အောင်မြင်တဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်။]
[ဆုလာဘ်ကို ထုတ်ပေးလိုက်ပါပြီ]
ထိုအသံနှင့်အတူ သူ၏ ဘဏ်အကောင့်ထဲတွင် ယွမ် ၄၀၀,၀၀၀ ဝင်လာလေသည်။
စနစ်ပေါ်လာပြီးနောက် တစ်ပတ်မပြည့်မီအချိန်အတွင်း အခြေခံသိုင်းပညာကျွမ်းကျင်မှု နှင့် ခြေလှမ်းတစ်ရာအကွာမှ မြားပစ်ခတ်မှု ကျွမ်းကျင်မှုဆိုသော စွမ်းရည်များအပြင် သူဟာ ငွေသား ယွမ် ၇၀၀,၀၀၀ ကိုပင် သူ ရှာဖွေနိုင်ခဲ့ပြီဖြစ်၏။
ယခုအခါ နောက်ထပ် စွမ်းရည်တစ်ခု ထပ်တိုးလာခဲ့ချေပြီ။
သေနတ်အမျိုးအစား အားလုံးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း....
[ခရီးစဉ် တာဝန်ဆုလာဘ်များကို လက်ခံသူက လဲလှယ်ယူလိုပါသလား]
“လဲလှယ်မယ်...”
အောင်မြင်စွာ လဲလှယ်ပြီးနောက် ကျန်းယဲ့၏ စိတ်ထဲတွင် သေနတ်များနှင့် ပတ်သက်သော ဗဟုသုတအမျိုးမျိုး ပြည့်နှက်သွားခဲ့သည်။ ကံမကောင်းစွာဖြင့် သူ့တွင် သေနတ်တစ်လက်မှ မရှိချေ။
သို့မဟုတ်လျှင် ဤစွမ်းရည်ကို သူ တကယ်ပင် စမ်းသပ်ကြည့်ချင်နေမိ၏။