အခန်း (၅၁)ပထမဆုံးဧကရာဇ်နှင့် လက်ဆွဲနှုတ်ဆက်ခြင်း
“အာ... ကျွန်တော်... ကျွန်တော် တစ်သက်လုံး လက်မဆေးတော့ဘူး” ချောင်ဝမ်ပေါ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူ၏စကားများမှာ ဗလုံးဗထွေး ဖြစ်နေချေသည်။
ဝူကျဲက ရှေ့သို့တိုးထွက်လာကာ ချောင်ဝမ်ပေါ်ကို ဘေးသို့တွန်းဖယ်လိုက်ပြီး ရိုသေလေးစားစွာဖြင့် သူ၏လက်ကို သတိထားကာ ဆန့်ထုတ်လိုက်၏။ “ကြီးမြတ်တဲ့ ဘိုးဘေးနဂါးကြီး... ကျွန်တော်လည်း နှုတ်ဆက်ချင်ပါတယ်”
သူ စကားပြောနေစဉ်မှာပင် ကန်ချန်ကလည်း ရိုသေလေးမြတ်စွာဖြင့် ပထမဆုံးဧကရာဇ်၏ လက်ကို ဂရုတစိုက် ဆုပ်ကိုင်လိုက်လေသည်။
‘ငါ အရမ်းကို ဝမ်းသာပီတိဖြစ်ရတာပဲ...’
‘ငါ့ဘဝမှာ အချိန်တိုင်းအတွက် အကြီးကျယ်ဆုံးသော ဧကရာဇ်တွေထဲက တစ်ပါးနဲ့ အခုလို နီးနီးကပ်ကပ် ရှိခွင့်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့ဖူးဘူး..’
ဝူကျဲတစ်ယောက် သူ့ကိုယ်သူ အားကျဂုဏ်ယူမဆုံး ဖြစ်နေဆဲအချိန်မှာပင် ဖုန်းယီမင်က ခါးကိုယိမ်းကာ ဘေးသို့တိုးဝင်ပြီး နေရာယူလိုက်ကာ အစ်ကိုကျန့်၏ လက်ကို ရိုသေကိုင်းရှိုင်းစွာ ဆုပ်ကိုင်လိုက်သည်။
“ဒါက သမိုင်းကို ပြောင်းလဲခဲ့တဲ့ လက်ပဲ... ငါ တကယ်ကြီး ကိုင်လိုက်ရပြီ...” ဖုန်းယီမင်က အလွန်အကျွံ အော်ဟစ်လိုက်ချေသည်။ “အာ... ငါ ဒီလက်ကို ကိုးကွယ်တော့မယ်...”
ပျော်ရွှင်လွန်း၍ ကခုန်တော့မတတ် စိတ်လှုပ်ရှားနေကြသော သူ၏ မျိုးဆက်သစ်များကို ကြည့်ကာ ပုံမှန်အားဖြင့် တည်ငြိမ်ခန့်ညားသော ရင်းကျန့်၏ မျက်နှာပေါ်တွင် မသိမသာ ပြုံးယောင်သန်းသွားချေသည်။
ကျန်းယဲ့က ချောင်ဝမ်ပေါ်နှင့် အခြားသူများကို ကြည့်ရင်း ကြည့်ရက်စရာ မရှိတော့ဘူးဟု ခံစားလိုက်ရသော်လည်း... သူ၏ လက်လေးများကလည်း သွားကိုင်ချင်စိတ်များ ယားယံနေခဲ့သည်။
ကျန်းဟွိုင်မင်နှင့် အခြား စီအီးအိုများက စိတ်ကို ထိန်းချုပ်ထားနိုင်သော်လည်း လက်ဆွဲနှုတ်ဆက်ချိန်တွင် သူတို့၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ကြချေ။
ဤသည်မှာ နှစ်ပေါင်း နှစ်ထောင်ကို ဖြတ်သန်းလာသော လက်ဆွဲနှုတ်ဆက်ခြင်းပင်။
ဆယ်ယောက်အဖွဲ့ တစ်ယောက်ပြီးတစ်ယောက် လက်ဆွဲနှုတ်ဆက်ပြီးနောက် ရင်းကျန့်က ကျန်းယဲ့ထံသို့ တိုက်ရိုက် လျှောက်သွားပြီး တစ်ချိန်က ကမ္ဘာလောကကို အုပ်စိုးခဲ့သော လက်များကို ဖြည်းညှင်းစွာ ဆန့်ထုတ်ပေးလိုက်လေသည်။
ကျန်းယဲ့က သူ့ရှေ့ရှိ လက်ဆစ်များ ထင်ရှားပြီး အသားမာများ တက်နေသော ဧကရာဇ်၏ လက်တစ်စုံကို ငေးကြည့်လိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ အာဏာစက်ကို ဆုပ်ကိုင်ထားသော ထိုလက်များကို ဆုပ်ကိုင်လိုက်၏။
“မင်းရဲ့ ကတိကို မှတ်ထားပါ...”
“ဟုတ်...” ကျန်းယဲ့က ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ချင်မင်းဆက်၏ တတိယမြောက် ခရီးသွားအဖွဲ့တစ်ခုလုံးဟာ ကားပေါ်သို့ တက်သွားလိုက်ကြသည်။ ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်သုံးဦးက ပြတင်းပေါက်နားတွင် စုပြုံကာ ရူးသွပ်စွာ လက်ပြနှုတ်ဆက်နေကြပြီး ကျန်းဟွိုင်မင်နှင့် အခြားသူများကမူ ခမ်းနားကြီးကျယ်လှသော ရှန်းယန်နန်းတော်ကြီးကို နှမြောတသစွာဖြင့် ငေးကြည့်နေခဲ့ကြသည်။
'စတင်ပါ..'
ကျန်းယဲ့က ပြန်လည်ထွက်ခွာမည့် လုပ်ငန်းစဉ်ကို စတင်လိုက်သည်နှင့် အဖြူရောင် အလင်းတန်းတစ်ခုက ကားကို ရစ်ပတ်သွားလေသည်။ ထို့နောက် အလင်းရောင်များ တောက်ပသွားပြီး မျက်စိကျိန်းမတတ်တောက်ပမှုကြောင့် ရင်ပြင်ပေါ်ရှိ လူတိုင်း မျက်လုံးများကို မှိတ်လိုက်ရ၏။
အလင်းရောင်များ မှေးမှိန်သွားချိန်တွင်မူ ကားမှာ လူဆယ့်တစ်ယောက်နှင့်အတူ လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားချေသည်။
ဤသည်မှာ မုန့်ရီနှင့် ကျောက်ကောင်းတို့ ဤမြင်ကွင်းမျိုးကို မြင်တွေ့ရခြင်း ဒုတိယအကြိမ် ဖြစ်သော်ငြားလည်း သူတို့မှာ အလွန်တရာ အံ့အားသင့်နေဆဲပင်။
လီစစ်နှင့် ဖုန်းကျဲ့ဟူသော အဆင့်မြင့် အရာရှိကြီးနှစ်ဦးမှာမူ ဤကဲ့သို့သော အံ့ဖွယ်အရာကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ရာ အချိန်အတော်ကြာသည်အထိ သတိမဝင်နိုင်ဘဲ ဖြစ်နေခဲ့ကြရသည်။
ထိုအချိန်တွင် တိုယိုတာ ကောစတာကားတစ်စီးက ဟန်ကျိုးအမြန်လမ်းမကြီးပေါ်မှ မောင်းနင်နေပြီး ကားအတွင်းခန်းထဲတွင် စိတ်လှုပ်ရှားဖွယ်ရာ ဆွေးနွေးပြောဆိုသံများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ကျိုးရှင်းဖူက ရင်းကျန့် ချီးမြှင့်ထားသော ကျောက်စိမ်းပြားလေးကို ဂရုတစိုက် ပွတ်သပ်လိုက်ပြီးနောက် ရုတ်တရက် စကားစလိုက်၏။ “ဒါရိုက်တာကျန်း... နောက်တစ်ခါ ချင်မင်းဆက်ကို သွားရင် ကျွန်တော့်ကို ကြိုပြောဖို့ မမေ့နဲ့နော်.... ဒါမှ ကျွန်တော် အရည်အသွေးမြင့် မျိုးစေ့တွေ ပိုပြီး ပြင်ဆင်ထားလို့ရမှာ...”
ဤပစ္စည်းများမှာ အချိန်ကာလ၏ သက်တမ်းလွန်မှု မရှိသော်လည်း ယနေ့ခေတ်တိုင်အောင် ၎င်းတို့၏ မူလတန်ဖိုးများက မြင့်မားနေဆဲပင်။
ထို့အပြင် သူက မျိုးစေ့ အနည်းငယ်သာ ယူဆောင်လာခဲ့မိသဖြင့် အနည်းငယ် အပြစ်ရှိသလို ခံစားနေခဲ့ရသည်။
နောက်တစ်ကြိမ် သူတို့ သွားခွင့်မရနိုင်လျှင်တောင် ကျန်းယဲ့က သွားနိုင်သည်ဖြစ်ရာ ထိုပစ္စည်းများကို ယူသွားပေးရန် သူတို့က ကျန်းယဲ့ကိုသာ အားကိုးနေရပေသည်။
“ဟုတ်တယ်...” လီချင်းယီက ကျူလုံပေးထားသော ရွှေတုံးကို လက်ထဲတွင်ကိုင်ကာ ဆော့ကစားရင်း ပြန်ပြောလိုက်၏။ “စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီက ပညာရှင်တစ်ယောက်ကို ကျွန်တော် သိတယ်... မိုးခေါင်ရေရှား ဒဏ်ခံနိုင်တဲ့ စပါးမျိုးစေ့တွေ ရနိုင်တယ်...”
ကျန်းဟွိုင်မင်က မုန့်ရီ ပေးထားသော ကြေးဝါဓားကို သုတ်သင်နေစဉ် ထိုစကားကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်လေသည်။ “ရုပ်ပုံသရုပ်ဖော်တွေ အပြည့်အစုံပါတဲ့ ပြီးပြည့်စုံတဲ့ စိုက်ပျိုးရေးနည်းပညာ လက်စွဲစာအုပ်ကို ပြုစုဖို့ ကျွန်တော် စီစဉ်ထားတယ်...”
ထို့နောက် လင်ရူက ဝင်ပြောလိုက်ပြန်သည်။ “အရင်တုန်းက ကျွန်မ ပြုစုထားတဲ့ ရက်ကန်းနည်းပညာတွေက သိပ်မပြည့်စုံဘူး။ ချင်မင်းဆက်က အမျိုးသမီးတွေ အဝတ်ရက်တဲ့အခါ ဒုက္ခရောက်တာ လျော့နည်းသွားအောင် ပိုပြီးအသေးစိတ်ကျတဲ့ ရက်ကန်းနည်းပညာတွေကို ပြုစုဖို့ ကျွန်မ စီစဉ်ထားတယ်”
ချင်မင်းဆက်သို့ သွားရန် ဖြစ်နိုင်သည်ကို သိရှိချိန်မှစ၍ ထွက်ခွာလာခဲ့သည့် အချိန်အထိ။
အချိန်က ကန့်သတ်ချက်ရှိနေပြီး သူတို့၏ ပြင်ဆင်မှုများမှာ ပြည့်စုံမှု သို့မဟုတ် အသေးစိတ်ကျမှု မရှိခဲ့ချေ။
ဘာပဲဖြစ်ဖြစ် ခေတ်သစ်တွင် အလွယ်တကူ လုပ်ဆောင်နိုင်သော အရာများစွာက ချင်မင်းဆက်၏ အခြေအနေတွင် အလွယ်တကူ ဖြစ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူတို့အနေဖြင့် ချင်မင်းဆက်နှင့် ပိုမိုသင့်လျော်သော အထောက်အကူပြုပစ္စည်းများကို တီထွင်ရန် လိုအပ်ပေသည်။
ဤအရာများအတွက် အားထုတ်မှုများစွာ လိုအပ်ပြီး အလွယ်တကူ ပြီးမြောက်နိုင်မည့် အရာများ မဟုတ်ပေ။
နောက်ခုံတွင်တော့ ချောင်ဝမ်ပေါ်နှင့် အခြားသုံးဦးမှာလည်း အလုပ်များနေခဲ့ကြသည်။
ဝူကျဲက လက်မြှောက်လိုက်၏။ “ဒါရိုက်တာကျန်း... နောက်တစ်ခါ ခရီးစဉ်ကို ဦးဆောင်ရင် ကျွန်တော်တို့ကို ပြောပြရမယ်နော်... ကျူလုံကို နောက်တစ်ခါလာရင် ဟင်းခတ်အမွှေးအကြိုင်လုပ်နည်း ယူလာပေးမယ်လို့ ကျွန်တော်တို့ ကတိပေးထားပြီးပြီ။ ချင်မင်းဆက်မှာ သုံးတဲ့ဆားက ကြမ်းတမ်းပြီး မသန့်စင်ပဲ ခါးတဲ့အရသာရှိတယ်။ အဲဒါကို စောစောစီးစီး ပိုကောင်းအောင် လုပ်နိုင်ရင် ကျူလုံလည်း ဆားကောင်းကောင်းစားရမယ်... ချင်မင်းဆက်က ပြည်သူတွေလည်း စိတ်ချလက်ချ ဆားစားလို့ရမှာပေါ့”
“ဟုတ်တယ်... ဟုတ်တယ်..ဟုတ်တယ်” ဖုန်းယီမင်က ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။ “သူတို့ရဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ပိုကောင်းအောင် လုပ်ဖို့ ပဲငံပြာရည်နဲ့ ရှာလကာရည် ချက်နည်းတချို့လည်း ယူသွားရမယ်...”
ကားအတွင်းခန်းထဲမှ ဆွေးနွေးမှုများက ပို၍ပို၍ ပြင်းထန်လာပြီး လူတိုင်းက နောက်တစ်ကြိမ်တွင် မည်သည့် အပြန်လက်ဆောင် များ ယူသွားမည်ကို စီစဉ်နေကြလေသည်။
နောက်ခဏ၌ ကောစတာကားလေးက ယွင်ရှန်ရှဲ့ ဗီလာဧရိယာ၏ အဝင်ဝသို့ ဖြည်းညှင်းစွာ ရပ်တန့်လိုက်ခဲ့သည်။ လုံခြုံရေးအစောင့် လောင်လျိုက သမ်းဝေနေစဉ် မော့ကြည့်လိုက်ပြီး အေးခဲသွားရသည်။
‘ဟမ်... ဒါ ခုလေးတင် ထွက်သွားတဲ့ ခရီးသည်တင်ကား မဟုတ်ဘူးလား။ ဘာလို့ ပြန်လှည့်လာတာလဲ’
လောင်လျိုက အချိန်ကို မှတ်မိမှားသွားသလားဟုပင် ထင်သွားပြီး အချိန်ကို မော့မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
‘ထွက်သွားတာ သုံးနာရီပဲ ရှိသေးတယ်လေ...’
‘ဘာလို့ ဒီလောက် မြန်မြန် ပြန်ရောက်လာတာလဲ...’
သူက ထိုအကြောင်းကို စဉ်းစားတွေးတောနေဆဲတွင် နောက်ဆက်တွဲ ဖြစ်လာသော အရာများက သူ့ကို စကားမပြောနိုင်အောင် ဆွံ့အသွားစေလေသည်။
ကျန်းယဲ့ ကားပေါ်မှ ဆင်းလာပြီး ကားပေါ်မှ လူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။ ဆင်းပြီးနောက် လူတစ်ယောက်ချင်းစီက ထွက်ခွာရန် အလျင်မလိုဘဲ ကျန်းယဲ့ကို ဝိုင်းရံထားကြ၏။
“ရှောင်ယဲ့... အခု နေ့လယ်စာစားချိန် ရောက်နေပြီဆိုတော့ ဦးလေးကျန်း အိမ်မှာ နေ့လယ်စာလာစားလေ။ မင်း အကြိုက်ဆုံးဟင်းတွေ ပြင်ဆင်ထားဖို့ မင်းရဲ့ မရီးကို ငါ ခိုင်းထားပြီးပြီ” ကျန်းဟွိုင်မင်က အရင်ဆုံး ပြောလိုက်၏။
“အဲလိုလုပ်လို့ မရဘူး... အဘိုးကြီးကျန်း... ခင်ဗျား မနေ့ကတင် ရှောင်ယဲ့ကို ညစာကျွေးထားတာလေ။ ဒီတစ်ခါ ခင်ဗျားအလှည့် မဟုတ်ဘူး။ ကျုပ်အလှည့်ပဲ.. ” ကျိုးရှင်းဖူက လူအုပ်ကြားထဲမှ တိုးဝင်လာပြီး လူကို ခေါ်သွားရန် လုပ်လေသည်။
“ရှောင်ယဲ့... မင်း လက်ဖက်ရည် မကြိုက်ဘူးလား။ ဦးလေးဆီမှာ အသစ်စက်စက် တာ့ဟုန်ပေါင်း လက်ဖက်ရည် တစ်သုတ် ရထားတယ်။ ဦးလေးကျန်း အိမ်ကို သွားပြီး မြည်းကြည့်ရအောင်လေ” ကျန်းယီကျွင်းကပါ ဝင်ရောက် ပြောလိုက်သည်။
လင်ရူ၊ လီချင်းယီ နှင့် ကျောက်ဟုန်တို့ကလည်း အလျှော့မပေးဘဲ လူခေါ်သည့် ပြိုင်ပွဲတွင် ပါဝင်လာကြခဲ့သည်။
ချောင်ဝမ်ပေါ်နှင့် သူ၏ သူဌေးသားလေးယောက်မှာ နောက်ဘက်တွင် ညပ်နေပြီး စီအီးအိုများက လုယက်ခေါ်ဆောင်နေကြသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေကြ၏။
သူတို့ကလည်း လူခေါ်ချင်သော်လည်း သူတို့၏ အဆင့်အတန်းနှင့် ရာထူးက မလုံလောက်သဖြင့် ဘေးဖယ်ရပ်နေခဲ့ရလေသည်။
ချောင်ဝမ်ပေါ်က အသံကို နှိမ့်လိုက်၏။ “မလောနဲ့... နောက်မှ ဒါရိုက်တာကျန်းဆီ အလည်သွားကြတာပေါ့။ မမေ့နဲ့.... ငါတို့ဆီမှာ ရှောင်ခိုင် ရှိတယ်”
ထိုစကားကို ကြားသောအခါ ထိုသုံးဦးမှာ ချက်ချင်းပင် စိတ်သက်သာရာရသွားပြီး တိတ်ဆိတ်စွာပင် ဘေးလူအဖြစ် နေလိုက်ကြတော့သည်။
လုံခြုံရေးတဲထဲမှ လုံခြုံရေးအစောင့်များမှာ ဖြစ်ပျက်နေသည်များကို မြင်သောအခါ အံ့အားသင့်သွားကြရသည်။
“ဘာတွေဖြစ်နေတာလဲ” လောင်လျိုက တီးတိုးရေရွတ်လိုက်၏။
“ဦးလေးလျို... အဲဒီ ဧည့်လမ်းညွှန်က ထူးခြားတဲ့ အဆင့်အတန်းတစ်ခုခု ရှိတယ်လို့ ထင်လား။ ဘာလို့ ဒီသူဌေးကြီးတွေက သူ့ကို ဒီလောက်တောင် ဂရုစိုက်နေကြတာလဲ..”
လုံခြုံရေးအစောင့် လောင်လျိုက ခေါင်းယမ်းလိုက်၏။ “ငါလည်းမသိဘူး... ဒါပေမဲ့ သူက ငါတို့ ရန်စလို့ရတဲ့လူ မဟုတ်တာတော့ သေချာတယ်။ နောက်ဆို သူ့ကို ရင်းရင်းနှီးနှီး ဆက်ဆံပါ... သူ့ကို မစော်ကားမိစေနဲ့”
လုံခြုံရေးအစောင့်များက အဆက်မပြတ် ခေါင်းညိတ်လိုက်ကြ၏။
စိတ်အားထက်သန်နေကြသော သူဌေးများနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းယဲ့က သူတို့၏ စေတနာကို ငြင်းပယ်ရန် လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး ခရီးသွားအေဂျင်စီသို့ ပြန်လိုက်ပို့ပေးမည်ဆိုသော ချောင်ဝမ်ပေါ်နှင့် အခြားသူများ၏ ကမ်းလှမ်းမှုကိုလည်း ယဉ်ကျေးစွာ ငြင်းပယ်လိုက်ချေသည်။
ကျန်းယဲ့၏ ပြတ်သားသော သဘောထားကို မြင်သောအခါ ဆယ်ယောက်အဖွဲ့မှာ အခြေအနေကို နားလည်ကြပြီး ထပ်မံ အတင်းအကျပ် မပြောတော့ချေ။
ထို့နောက် ကျန်းယဲ့က အငှားကားတစ်စီးပေါ်သို့ တက်လိုက်ပြီး ခရီးသွားဆယ်ယောက်အဖွဲ့ကို လက်ပြနှုတ်ဆက်လိုက်၏။
ဆယ်ယောက်အဖွဲ့က ကျန်းယဲ့၏ ကား ထွက်ခွာသွားသည်ကို သူတို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှသာ အာရုံလွှဲလိုက်ကြသည်။
ကျန်းဟွိုင်မင်က လှည့်ကြည့်လိုက်သောအခါ ချောင်ဝမ်ပေါ်နှင့် အခြားသုံးဦးက တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာရန် ပြင်ဆင်နေကြသည်ကို မြင်လိုက်ရလေသည်။
“မင်းတို့လေးယောက် ခဏစောင့်ဦး...”
လူလေးယောက်မှာ ချက်ချင်းပင် ရပ်တန့်သွားကြရသည်။
“ဦးလေးကျန်း.... ကိစ္စများ ရှိလို့လား”
ကျန်းဟွိုင်မင်က သူတို့လေးယောက်ကို ပြုံးပြလိုက်ပြီး သတိပေးလိုက်၏။ “မင်းတို့လေးယောက် ပြန်ရောက်ရင်... သတင်းတွေ လျှောက်မပြောကြနဲ့နော်”