အခန်း (၅၀) ပထမဆုံးဧကရာဇ်အား နှုတ်ဆက်ခြင်း
ရုတ်တရက် ဂီတသံပြောင်းသွားပြီး ကချေသည်များက သူတို့၏ လွင့်ပျံနေသောအင်္ကျီလက်များကို တပြိုင်နက် ဖြန့်ကျက်လိုက်ကြ၏။
ထို့နောက် အရောင်အသွေးစုံလင်သော ဖဲကြိုးများ လွင့်ပျံနေသည့်ကြားမှ ကျက်သရေရှိသော ပုံရိပ်တစ်ခုက ခန်းမအပြင်ဘက်မှ လှည့်ပတ်ဝင်ရောက်လာလေသည်။
၎င်းမှာ ကြေးဝါမျက်နှာဖုံးကို တပ်ဆင်ထားပြီး ဓားတစ်လက်ကို ကိုင်ဆောင်ထားကာ ခွန်အားနှင့် ကျက်သရေကို ပေါင်းစပ်ထားသော ဓားအကကို ကပြနေသည့် ခေါင်းဆောင်ကချေသည်ပင်။
“အရမ်းမိုက်တယ်...” ကန်ချန်က မနေနိုင်ဘဲ အော်ဟစ်လိုက်ရာ အနီးအနားရှိ မင်းသားအချို့ထံမှ ဖော်ရွေသော အပြုံးများကို ရရှိသွားစေခဲ့သည်။
ရင်းကျန့်က သူ၏ပလ္လင်ပေါ်တွင် မှီထိုင်လိုက်ပြီး မှော်ဆန်သကဲ့သို့ ငေးမောကြည့်နေကြသော သူ၏ မျိုးဆက်သစ်များ၏ အမူအရာများကို ကြည့်ကာ သူ၏မျက်လုံးများထဲတွင် ကျေနပ်မှုအရိပ်အယောင်တစ်ခု လက်ဖြာသွားချေသည်။
သူက လက်ကို ညင်သာစွာ လက်ခုပ်တီးလိုက်ရာ ပန်ပိုက်များကို ကိုင်ဆောင်ထားသော အခြား ဂီတပညာရှင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လာခဲ့သည်။
(NT-လေမှုတ်တူရိယာတစ်မျိုး)
သာယာငြိမ့်ညောင်းသော ဂီတသံများကြားတွင် နွေဦးပေါက် ညလေညင်းက ခန်းမထဲသို့ ဖြတ်သန်းတိုက်ခတ်သွားပြီး ဖယောင်းတိုင်မီးရောင်များကို တဖျပ်ဖျပ် လှုပ်ခတ်ယိမ်းနွဲ့သွားစေကာ ဤဆယ်ယောက်အဖွဲ့၏ မှတ်ဉာဏ်ထဲတွင် နှစ်တစ်ထောင်ကျော် ရှည်ကြာမည့် ဤခမ်းနားကြီးကျယ်သော ပွဲတော်ကြီးကို ထာဝရ ကမ္ပည်းတင်သွားစေချေသည်။
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ရှန်းယန်နန်းတော်ရှေ့ရှိ ရင်ပြင်ပေါ်၌ မြူခိုးပါးပါးလေးများ ရစ်ဝိုင်းနေခဲ့သည်။ သာမန်ဝတ်စုံကို ဝတ်ဆင်ထားသော ရင်းကျန့်သည် မုန့်ရီ နှင့် လီစစ်အပါအဝင် သူ၏ အဆင့်မြင့်အရာရှိများကို ကိုယ်တိုင်ဦးဆောင်ကာ ကျန်းယဲ့ နှင့် သူ၏အဖွဲ့အား လာရောက်နှုတ်ဆက်လေသည်။
ချောင်ဝမ်ပေါ်က သူ၏ခရီးဆောင်အိတ်ထဲမှ အမည်းရောင်ပြွန်ရှည်တစ်ခုကို ရုတ်တရက်ထုတ်ယူလိုက်ပြီး မုန့်ရီအား ကမ်းပေးလိုက်၏။ “အမတ်မင်းမုန့်... ဒါက ကျန်းခိုင်က အမတ်မင်းကို ပေးဖို့ အထူးမှာလိုက်တဲ့ လက်ဆောင်ပါ။ စစ်တပ်ထဲမှာ သုံးလို့ရပါတယ်...”
“ဒါက ဘာလဲ” မုန့်ရီက မည်းနက်နေသော သတ္တုပြွန်ကို ယူရင်း စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ လက်ထဲတွင် လေးလံနေပြီး မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ပုံစံအကွက်များ ပါရှိလေသည်။
“ဒါကို ညကြည့်မှန်ပြောင်းလို့ ခေါ်တယ်” ချောင်ဝမ်ပေါ်က အနားကပ်သွားရင်း ရှင်းပြလိုက်သည်။ “ညဘက်ဆိုရင် ဒါကိုသုံးပြီး ခြေလှမ်းတစ်ရာအတွင်းက လူတစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်..”
ထို့နောက် သူက မုန့်ရီအား လည်ဆွဲကြိုးကို တပ်ဆင်ပေးလိုက်ပြီး အနီးအဝေးချိန်ညှိနည်းကို သင်ကြားပေးလိုက်ချေသည်။
“တကယ်ကို အံ့သြစရာပဲ..” မုန့်ရီက အံ့အားသင့်စွာ ရေရွတ်လိုက်၏။ “နန်းတော်ရိုး အမိုးကြွေပြားတွေပေါ်က ပုံစံတွေကိုတောင် မြင်နေရတယ်..”
“ညဘက်သုံးရင်လည်း အတူတူပဲ။ ဒီည စမ်းသုံးကြည့်ပါလား” ချောင်ဝမ်ပေါ်က ပြုံးကာ ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ရင်းကျန့်မှာ စိတ်ဝင်စားသွားပြီး မုန့်ရီက အလျင်အမြန်ပင် ရိုသေစွာဖြင့် ဆက်သလိုက်သည်။
အဝေးက မြို့ရိုးပေါ်ရှိ ကင်းစောင့်များ၏ မျက်နှာများကို မှန်ပြောင်းမှတစ်ဆင့် ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ရင်းကျန့်၏ မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားရသည်။
“တကယ်ကို အံ့သြစရာပဲ”
“ဒါက နယ်စပ်မှာ ညဘက် ကင်းလှည့်တဲ့အခါ အသုံးဝင်ဆုံးပဲလို့ ကျန်းခိုင်က ပြောပါတယ်” ချောင်ဝမ်ပေါ်က ရယ်မောကာ ခေါင်းကုတ်ရင်း ပြောလိုက်၏။ “သူက စစ်ဘက်သုံးအဆင့်ကို အထူးရွေးထားတာ...”
ကန်ချန်က ကျောပိုးအိတ်တစ်လုံးကို မုန့်ရီအား ကမ်းပေးရင်း ပြောလိုက်လေသည်။ “ဒါတွေအကုန်လုံးက ညသုံးမှန်ပြောင်းတွေပဲ...”
လီစစ်၊ ဖုန်းကျဲ့၊ ကျောက်ကောင်း နှင့် အခြားသူများ စိတ်ဝင်စားနေကြသည်ကို မြင်သောအခါ ဖုန်းယီမင်က အိတ်ထဲမှ မှန်ပြောင်းများကို ထုတ်၍ သူတို့တစ်ဦးစီအား ကမ်းပေးလိုက်ပြီး အသုံးပြုနည်းကို အဆင့်ဆင့် သင်ပေးလိုက်၏။
သူတို့ အသုံးပြုနည်းကို တတ်မြောက်သွားသောအခါ အဝေးမှ နန်းတော်တံတိုင်းများပေါ်တွင် ကင်းလှည့်နေသော ကင်းစောင့်များကို မှန်ပြောင်းမှတစ်ဆင့် ရှင်းလင်းစွာ မြင်တွေ့ရသဖြင့် သူတို့၏ မျက်နှာများပေါ်တွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်သွားကြရသည်။
“ဒီလို အံ့သြစရာကောင်းတဲ့ ပစ္စည်းနဲ့ဆို နယ်စပ်က စစ်သည်တွေ သွေးထွက်သံယိုဖြစ်ရတာ ဘယ်လောက်တောင် လျော့သွားနိုင်မလဲ” လီစစ်က အဖန်တလဲလဲ ရေရွတ်လိုက်ချေသည်။
မုန့်ရီက သူ၏ မှန်ပြောင်းကို ချထားလိုက်ပြီး ချောင်ဝမ်ပေါ်ကို ကြည့်ကာ ပြောလိုက်လေသည်။ “ညီနောင်ကျန်းကို ကျေးဇူးတင်ကြောင်း ပြောပေးပါ...”
ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ခါးမှ ကျောက်စိမ်းဆွဲကြိုးကို ဖြုတ်၍ ချောင်ဝမ်ပေါ်အား ကမ်းပေးလိုက်သည်။ “ဒါလေး သူ့ကို ပေးလိုက်ပါ...”
ချောင်ဝမ်ပေါ်က မငြင်းဆန်ဘဲ ကျောက်စိမ်းဆွဲကြိုးကို လက်ခံလိုက်၏။
ချင်စစ်သည်များ နယ်စပ်ကို ကာကွယ်ရာတွင် ဤပစ္စည်းက အထောက်အကူဖြစ်စေရန် သူမျှော်လင့်ကြောင်း ကျန်းခိုင်က ပြောခဲ့လေသည်။
သူက စကားပြောနေရင်း သေတ္တာထဲမှ အခြားပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။ “အရှင်မင်းကြီး... ဒါက နေရောင်ခြည်စွမ်းအင်သုံး အားသွင်းစက်ပါ။ မှန်ပြောင်းကို အားပြန်သွင်းဖို့ သုံးပါတယ်။ ဖုန်းတွေကိုလည်း အားသွင်းလို့ရပါတယ်..”
ထို့နောက် ချောင်ဝမ်ပေါ်က သူတို့ကို အားဘယ်လိုသွင်းရမည်ကို သရုပ်ပြလိုက်သည်။
ထိုအခါမှသာ သူ့ဖုန်း ဘာကြောင့် အလုပ်မလုပ်တော့သလဲဆိုသည်ကို ရင်းကျန့် နောက်ဆုံးတော့ နားလည်သွားရသည်။ ၎င်းက အားကုန်သွားသောကြောင့်ပင်။
ထို့နောက် ရင်းကျန့်က ရုတ်တရက် လက်မြှောက်၍ အချက်ပြလိုက်ရာ ရွှေချထားသော ဗန်းများကို ကိုင်ဆောင်ထားသည့် နန်းတွင်းအစေခံတစ်စု ချက်ချင်း ထွက်လာခဲ့ကြသည်။
နေရောင်အောက်တွင် ဗန်းပေါ်ရှိ ရတနာများက တောက်ပနေချေသည်။ ရွှေတုံးများကို အုတ်ကြွပ်ပြားများကဲ့သို့ စီရီထားပြီး နွေးထွေးသော ကျောက်စိမ်းပြားများက အပြာရောင်အလင်းတန်းများ တောက်ပနေကာ တောင်ပိုင်းပင်လယ်ပုလဲများဖြင့် ပြုလုပ်ထားသော လည်ဆွဲများက မျက်စိကျိန်းမတတ် ဖြစ်နေပြီး စိမ်းပြာရောင်ကျောက်များ စီခြယ်ထားသော ကြေးဝါအရက်ခွက်များလည်း ပါဝင်နေခဲ့သည်။ ပစ္စည်းတစ်ခုချင်းစီက နိုင်ငံတော်အဆင့် ရတနာများချည်း ဖြစ်လေသည်။
သူကိုယ်တိုင် ရတနာစီခြယ်ထားသော တိမ်တိုက်ပုံစံ ရွှေပန်းအိုးတစ်စုံကို ကောက်ကိုင်လိုက်ပြီး ချောင်ဝမ်ပေါ်အား ပေးအပ်ရင်း ပြောလိုက်၏။ “ဒါက ဆုချတာ မဟုတ်ဘူး.. ငါ့ရဲ့ မိတ်ဆွေလေးတွေအတွက် ငါ့ရဲ့ နှုတ်ဆက်လက်ဆောင်ပဲ...”
ချောင်ဝမ်ပေါ်မှာ သူ့အား ကမ်းပေးလာသော ရွှေဖလားကို စိုက်ကြည့်ရင်း အသက်ရှူမှားသွားရချေသည်။
‘ဒါက တကယ့် ချင်မင်းဆက်က နန်းတွင်းရတနာပဲ...’
‘နောက်ထပ် နှစ်ထောင်ကြာတဲ့အခါ ဒါက သေချာပေါက် နိုင်ငံတော်အဆင့် ရတနာဖြစ်လာမှာပဲ..’
‘ဝမ်းနည်းစရာက အချိန်ရဲ့ သက်တမ်းအမှတ်အသားတွေ မရှိသေးလို့ ရှေးဟောင်းပစ္စည်းလို့တော့ သတ်မှတ်လို့ မရသေးဘူး...’
“အရှင်မင်းကြီး.... ဒါက အရမ်းကို တန်ဖိုးကြီးလွန်းပါတယ်” ကျန်းဟွိုင်မင်က အလျင်အမြန် ငြင်းဆန်လိုက်လေသည်။
“မင်းတို့ ယူဆောင်လာခဲ့တဲ့ အရာတွေနဲ့ ယှဉ်ရင် ဒီလောကီပစ္စည်းတွေက ပြောပလောက်တာ မဟုတ်ပါဘူး...”
ရင်းကျန့်က စန္ဒကူးသစ်သားသေတ္တာကို ဖွင့်ရန် နန်းတွင်းအစေခံများကို အချက်ပြလိုက်၏။ “ဒါက မင်းတို့ရဲ့ နာမည်တွေ ထွင်းထားတဲ့ အကောင်းစား လန်ထျန် ကျောက်စိမ်းတံဆိပ်တုံးတွေပဲ..”
သစ်သားသေတ္တာကို ဖွင့်လိုက်သည်နှင့် ကျောက်စိမ်းတံဆိပ်တုံး ဆယ့်တစ်တုံးကို သပ်ရပ်စွာ စီရီထားပြီး တစ်ခုချင်းစီတွင် သူတို့၏ အမည်တစ်ခုစီကို ရှေးဟောင်းတံဆိပ်စာလုံးငယ်များဖြင့် ထွင်းထုထားချေသည်။
ချောင်ဝမ်ပေါ် နှင့် အခြားသူများက ဤရွှေ၊ ငွေ နှင့် ကျောက်စိမ်းပစ္စည်းများအပေါ် သိပ်ဂရုမစိုက်ကြချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ သက်တမ်းမကြာသေးသဖြင့် ရှေးဟောင်းပစ္စည်းများအဖြစ် မသတ်မှတ်နိုင်သောကြောင့်ပင်။
သူက ခဏတာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ပြောလိုက်၏။ “အရှင်မင်းကြီး... ကျွန်တော် တခြားလက်ဆောင်တစ်ခု ပြောင်းရွေးလို့ ရမလား”
ရင်းကျန့်က စိတ်ဝင်စားသွားချေသည်။ “ဘာများလဲ..”
“အမ်း.... ကျွန်တော် အရှင်မင်းကြီးနဲ့ ဓာတ်ပုံတွဲရိုက်ချင်လို့ပါ” သူက ဖုန်းကို ထုတ်ယူရင်း ပြောလိုက်၏။
ရင်းကျန့်မှာ အံ့အားသင့်သွားပြီးနောက် ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ရပါတယ်...”
ချောင်ဝမ်ပေါ်မှာ ဝမ်းသာအားရ ဖြစ်သွားပြီး ကန်ချန် နှင့် အခြားသူများက ချက်ချင်း အော်ဟစ်လိုက်ကြသည်။
“ကျွန်တော်တို့လည်း ရိုက်ချင်တယ်”
“ကျွန်တော်လည်း ရိုက်မယ်...”
ရင်းကျန့်က စိတ်လှုပ်ရှားနေသော လေးယောက်အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုကို လိုချင်နေကြသော ကျန်းဟွိုင်မင် နှင့် အခြား ခြောက်ဦးကိုပါ ကြည့်လိုက်ခေသည်။
“ရပါတယ်”
အစ်ကိုကျန့်၏ ခွင့်ပြုချက်ရသည်နှင့် ဆယ်ယောက်အဖွဲ့မှာ စိတ်လှုပ်ရှားသွားကြရသည်။
ရင်းကျန့်က သူ၏ နဂါးနက်ဝတ်ရုံ၏ ကော်လာကို သပ်ရပ်အောင် လုပ်လိုက်ပြီး လူအုပ်၏ အလယ်သို့ လျှောက်သွားလိုက်လေသည်။ မုန့်ရီက ချက်ချင်း နားလည်သွားပြီး သူ၏လက်ကို ဓားရိုးပေါ်တင်ကာ ရင်းကျန့်၏ ညာဘက်အနောက်တွင် ကျောကို မတ်မတ်ထားကာ မတ်တပ်ရပ်လိုက်၏။
“လာကြ... အားလုံး တန်းစီကြ” ချောင်ဝမ်ပေါ်က သူ၏ အဖော်များကို စိတ်လှုပ်ရှားစွာ ခေါ်လိုက်ချေသည်။ “ဦးလေးကျန်း... ခင်ဗျားတို့က ဘယ်ဘက်မှာ ရပ်... ကျွန်တော်တို့က ညာဘက်မှာ ရပ်မယ်”
ရင်းကျန့်က သူ၏လက်များကို နောက်ပစ်ထားပြီး သရဖူအောက်ရှိ သူ၏အကြည့်များက စူးရှနေကာ ဒေါသမပါဘဲ ဩဇာလွှမ်းမိုးသည့် အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
ဓားကဲ့သို့ ဖြောင့်တန်းနေသော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားသည့် မုန့်ရီက နံနက်ခင်း နေရောင်အောက်တွင် အေးစက်စွာ တောက်ပနေသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားချေသည်။
လီစစ်၊ ဖုန်းကျဲ့ နှင့် အခြား ချင်အရာရှိများက တစ်ဖက်တစ်ချက်စီတွင် ရိုသေစွာ မတ်တပ်ရပ်နေကြပြီး သူတို့၏ အမူအရာများမှာ တည်ကြည်လေးနက်နေခဲ့ကြသည်။
ခေတ်သစ် ဆယ်ယောက်အဖွဲ့နှင့်တော့ လုံးဝကို ကွာခြားလှချေသည်။
ချောင်ဝမ်ပေါ် နှင့် အခြားသုံးဦးက ညာဘက်သို့ တိုးဝင်သွားကြသည်။ ဝူကျဲက အောင်ပွဲခံသည့် ပုံစံ လက်နှစ်ချောင်းထောင်ပြပြီး ကန်ချန်က ရယ်စရာ အမူအရာလုပ်ပြကာ ဖုန်းယီမင်က ရင်းကျန့်၏ ကျောနောက်တွင် ယုန်နားရွက်ပုံစံပင် ခိုးလုပ်လိုက်သေးလေသည်။
ကျန်းဟွိုင်မင် နှင့် အခြားအဆင့်မြင့်အရာရှိ အချို့က တည်ငြိမ်သယောင် ရှိသော်လည်း သူတို့တွင်လည်း အပြုံးများ ရှိနေခဲ့ကြသည်။
“မလှုပ်နဲ့နော်...” ကျန်းယဲ့က ဖုန်းကို မြှောက်လိုက်ပြီး နေရာသတ်မှတ်ကာ ကင်းစောင့်တစ်ယောက်ကို ဖုန်းကမ်းပေးရင်း ညွှန်ကြားလိုက်၏။ “သုံး၊ နှစ်၊ တစ် လို့ ရေပြီးရင် အလယ်က ခလုတ်ကို နှိပ်လိုက်”
ကျန်းယဲ့က ထိုလူကို တစ်ကြိမ် စမ်းလုပ်ခိုင်းလိုက်ပြီး ထိုလူ တတ်သွားပြီဟု သေချာမှသာ လူအုပ်၏ အလယ်သို့ လျှောက်သွားလိုက်လေသည်။
ကျန်းယဲ့က စတင်လိုက်ပြီး ချင်မင်းဆက် ခရီးသွားဆယ်ယောက်အဖွဲ့ကလည်း “သုံး၊ နှစ်၊ တစ်...” ဟု ပြိုင်တူ ရေရွတ်လိုက်ကြ၏။
“တစ်” ဟု ပြောလိုက်သည်နှင့် တိုးညှင်းသော “ကလစ်” အသံ ထွက်ပေါ်လာပြီး ပုံရိပ်လေး ငြိမ်သက်သွားလေသည်။
ခမ်းနားကြီးကျယ်သော ဧကရာဇ်များနှင့် ထူးဆန်းသော ခေတ်သစ်လူသားများ၊ တည်ကြည်လေးနက်သော ချင်အရာရှိများနှင့် ရယ်မောနေသော ခရီးသွားများ၊ ရှေးဟောင်းနှင့် ခေတ်သစ် အသွင်အပြင်တို့က ဤအခိုက်အတန့်တွင် အံ့သြဖွယ်ကောင်းလောက်အောင် ပေါင်းစပ်သွားခဲ့သည်။
နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဖြတ်သန်းရာလမ်းကြောင်း ပွင့်လာခဲ့သည်။
ခရီးသည် ၁၈ ယောက်စီး တိုယိုတာ ကောစတာ ကားတစ်စီးက ရင်ပြင်ပေါ်တွင် နေရာယူလာပြီး ၎င်း၏ ဆေးရောင်က နေရောင်အောက်တွင် အေးစက်စွာ တောက်ပနေချေသည်။
ကျန်းယဲ့က ရင်းကျန့်အား ပြောလိုက်၏။ “အရှင်မင်းကြီး.. ကျွန်တော်တို့ သွားရတော့မယ်”
ရင်းကျန့်၏ အကြည့်များက နက်ရှိုင်းနေပြီး သူက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ “မင်းနဲ့ ငါ့မှာ ရှေ့ဆက်ရမယ့် အနာဂတ်တွေ အများကြီး ရှိပါသေးတယ်...”
ထို့နောက် ကျန်းယဲ့က ကားတံခါးကို ဖွင့်လိုက်ပြီး လှည့်ကာ အားလုံးကို ပြောလိုက်လေသည်။ “ကားပေါ်တက်ကြ”
ချောင်ဝမ်ပေါ်၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲနေပြီး သူက အံကြိတ်ကာ ထပ်ပြောလိုက်ပြန်သည်။ “ကြီးမြတ်တဲ့ ဘိုးဘေးနဂါးကြီး... ကျွန်တော် မသွားခင် အကူအညီတစ်ခုလောက် တောင်းချင်ပါတယ်”
ရင်းကျန့်က အနည်းငယ် ခေါင်းညိတ်လိုက်ပြန်သည်။ “ပြောပါ...”
“ကျွန်တော် အရှင်မင်းကြီးကို လက်ဆွဲနှုတ်ဆက်လို့ ရမလား...” ချောင်ဝမ်ပေါ်က စိုးရိမ်တကြီး မေးလိုက်၏။
ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ရင်းကျန့်က သူ၏ညာလက်ကို အမှန်တကယ်ပင် ဆန့်ထုတ်ပေးလိုက်လေသည်။
ချောင်ဝမ်ပေါ်၏ တုန်ယင်နေသော လက်ချောင်းထိပ်လေးများက ထိုစွမ်းအားပြည့်ဝသော လက်နှင့် ထိတွေ့သွားသောအခါ ဓာတ်လိုက်သွားသကဲ့သို့ အေးခဲသွားရသည်။
‘ငါက နိုင်ငံခြောက်နိုင်ငံကို ပေါင်းစည်းပေးခဲ့တဲ့ ဧကရာဇ်ကြီးရဲ့ လက်ကို ကိုင်ထားရတာပဲ...’
‘အနှစ်နှစ်ထောင်တစ်လျှောက်မှာ မရေမတွက်နိုင်တဲ့ လူတွေက ပထမဆုံးဧကရာဇ်ကို သမိုင်းစာအုပ်တွေထဲမှာပဲ မော့ကြည့်ခွင့်ရခဲ့တာ... အခုတော့ သူ့ရဲ့လက်ဖဝါးက ငါ့လက်နဲ့ ထိတွေ့နေပြီကွ...’