အခန်း (၅) လန်ယာ
ကျန်းယဲ့သည် လီကျန့်ကော်ဘက်သို့ လှည့်ကြည့်လိုက်ပြီး “ဒီအဝတ်အစားတွေနဲ့ မြို့ထဲဝင်လို့မရဘူး။ ကျွန်တော်တို့က လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက ချင်မင်းဆက်ဆီကို အဝေးကြီးက လာခဲ့ကြတာ... အဲဒီခေတ်က ချင်မင်းဆက် ဘယ်လိုပုံစံရှိလဲဆိုတာ ခင်ဗျားတို့ မကြည့်ချင်ကြဘူးလား။ ချင်မင်းဆက်ရဲ့ ဘဝနေထိုင်မှုပုံစံကို မကြည့်ချင်ဘူးလား။ ဧကရာဇ်ကြီးကို မတွေ့ချင်ဘူးလား...”
နောက်ဆုံးစကားက အထူးသဖြင့် အစွမ်းထက်၏။ လီကျန့်ကော်ကို အောင်မြင်စွာ နှုတ်ဆိတ်သွားစေပြီး သူ၏ မျက်လုံးများ အရောင်လက်သွားရသည်။
လီကျန့်ကော် ခေါင်းညိတ်လိုက်၏။ “အဓိပ္ပာယ်ရှိတာပဲ”
ကျန်းမင်ဟွေနှင့် သူ၏အဖော်များက တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီး မြေပြင်ပေါ်ရှိ လူခြောက်ယောက်ဘက်သို့ လှည့်ကြည့်ကာ ဖော်ရွေသော ရယ်မောသံများ ထွက်ပေါ်လာချေသည်။
ထို့နောက် လူခြောက်ယောက်သည် ဓားပြခြောက်ယောက်ဆီသို့ သူတို့၏ မိစ္ဆာလက်သည်းများကို တစ်ပြိုင်နက်တည်း ဆန့်ထုတ်လိုက်ကြလေသည်။
နောက်တစ်စက္ကန့်တွင် တောင့်တင်းခိုင်မာသော ယောက်ျားကြီး ခြောက်ယောက်၏ သနားစရာ အော်ဟစ်သံများ တောင်တန်းများနှင့် သစ်တောများထဲမှ ထွက်ပေါ်လာခဲ့သည်။
“အာ့.......”
ငါးမိနစ်အကြာတွင် ဖာထေးထားသော ချင်ခေတ်ပုံစံ အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူခြောက်ယောက်ဟာ တောအုပ်ထဲမှ ထွက်လာကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြ၏။
အထူးသဖြင့် ကျန်းထောင်၏ ပွယောင်းယောင်း ဖြစ်နေသော အဝတ်အစားများကို မြင်သောအခါ အားလုံး ရယ်မောလိုက်ကြသည်။
“ဟားဟား... အစ်ကိုကျန်း ခင်ဗျား ဝိတ်ချသင့်တယ်နော်”
ကျန်းယဲ့သည် မျက်လှည့်ပြသကဲ့သို့ ဆံပင်တု ခြောက်ခုကို ထုတ်ယူလိုက်ပြီး တစ်ယောက်ကို တစ်ခုစီ ဝေပေးလိုက်သည်။
“ဒီဆံပင်တုကို ဆောင်းလိုက်ကြ..”
သူတို့၏ လက်ရှိ ဆံပင်ပုံစံက လူသိရှင်ကြား ပြသရန် မသင့်တော်ချေ။
အလွန်မျက်စိစူးလွန်းနေပေမည်။
ကျန်းမင်ဟွေသည် ဆံပင်တုကို ခေါင်းပေါ်တွင် ဆောင်းလိုက်ရာ ၎င်းက သူ၏ကိုယ်ပိုင် ဆံပင်ကဲ့သို့ပင် မည်သည့် ကမောက်ကမဖြစ်မှုမျှ မရှိဘဲ သူ၏ခေါင်းနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်ကို အံ့ဩစွာ တွေ့လိုက်ရ၏။
အခြားသူများကလည်း ထိုဆံပင်တုမှာ အခြားအရာများနှင့် မတူကြောင်း သတိထားမိလိုက်ကြသည်။
“ဒီဆံပင်တုက ကွက်တိပဲ”
“ဆောင်းရတာ သက်တောင့်သက်သာ မရှိဘူးလို့ ထင်ထားတာ... တော်တော်လေး သက်တောင့်သက်သာ ရှိသားပဲ”
သူတို့ကိုယ်သူတို့ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် အနည်းငယ် ဖရိုဖရဲဖြစ်နေသော အဝတ်အစားများမှလွဲ၍ သူတို့ခြောက်ယောက်မှာ အတော်လေး ကြည့်ကောင်းနေချေသည်။
“ဒါရိုက်တာ ကျန်း... ကျွန်တော်တို့ရဲ့ အဝတ်အစားတွေက...”
လူငါးယောက်စလုံးက ခေတ်သစ် အဝတ်အစား တစ်ထည်စီကို ကိုင်ထားကြသည်။
“ပေး”
ကျန်းယဲ့သည် လူငါးယောက်၏ အဝတ်အစားများအားလုံးကို စနစ်မှ ပေးထားသော သိုလှောင်ခန်းထဲသို့ ထည့်လိုက်လေသည်။ သိုလှောင်ခန်းမှာ သေးငယ်ပြီး တစ်ကုဗမီတာသာ ရှိသော်ငြားလည်း သူတို့၏ အဝတ်အစားများကို ထည့်ရန်တော့ လုံလောက်၏။
ကျန်းထောင်နှင့် သူ၏အဖွဲ့ဝင် ငါးဦးဟာ အဝတ်အစားများ ကျန်းယဲ့၏ လက်ထဲရောက်ပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ကြရသည်။
‘ကျန်းယဲ့က ထူးခြားမှန်း သိထားပေမယ့် သူ့ကို ဒီလို ထပ်တွေ့ရတာက အံ့ဩစရာကောင်းတုန်းပဲ’ ဟု စိတ်ထဲတွင် တွေးလိုက်ကြသည်။
အဖွဲ့သည် စိတ်ကို ငြိမ်အောင်ထားပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြလေသည်။
ကျန်းမင်ဟွေက မေးလိုက်၏။ “ဒါရိုက်တာကျန်း... ကျွန်တော်တို့ အခု ဘယ်လမ်းကို သွားရမလဲ”
ကျန်းယဲ့သည် စနစ် လမ်းညွှန်ကို ဖွင့်လိုက်ပြီး ဦးတည်ရာကို တစ်ချက်ကြည့်ကာ ညာဘက်ရှိ တရားဝင်လမ်းမကြီးကို လက်ညှိုးထိုးပြလိုက်ချေသည်။ “ဒီဘက်ကို သွားမယ်”
နှစ်နာရီကြာ လမ်းလျှောက်ပြီးနောက် တရားဝင်လမ်းမကြီးပေါ်တွင် လမ်းသွားလမ်းလာ အရေအတွက် များပြားလာခဲ့သည်။
မကြာမီမှာပင် ရှေးဟောင်းမြို့တစ်မြို့ မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာ၏။
မြို့တံခါးဝတွင်တော့ တန်းစီနေသူများ အရှည်ကြီး ရှိနေပြီး မြို့စောင့်စစ်သားများက လူတစ်ဦးချင်းစီ၏ သက်သေခံကတ်ပြားများကို စစ်ဆေးနေခဲ့ကြသည်။
ကျန်းမင်ဟွေက အသံကို နှိမ့်ကာ “ဒါရိုက်တာကျန်း... ကျွန်တော်တို့ သက်သေခံကတ်ပြား အစစ်ခံရတော့မယ်”
အခြားသူများအားလုံးက ကျန်းယဲ့ကို ကြည့်ကာ ‘ငါတို့ ဘာလုပ်သင့်သလဲ’ဟု တိတ်ဆိတ်စွာ မေးနေကြသည်။
ကျန်းယဲ့သည် တောက်ပဖြူဖွေးသော သွားတန်းများကို ပေါ်အောင် ပြုံးပြလိုက်ပြီး အိတ်ကပ်ထဲမှ သက်သေခံ လက်မှတ်ခြောက်ခုကို တည်ငြိမ်စွာ ထုတ်ယူလိုက်လေသည်။ “ဒီမှာ ကျွန်တော် ပြင်ဆင်ထားတာ အတော်ကြာပြီ..”
ကျန်းယဲ့သည် သက်သေခံလက်မှတ်များကို တစ်ခုချင်းစီ ဝေပေးလိုက်လေသည်။ လူငါးယောက်က လတ်လတ်ဆတ်ဆတ် ပုံနှိပ်ထားသော လက်မှတ်များကို ယူကာ ဂရုတစိုက် စစ်ဆေးကြည့်ကြသည်။
အကြိမ်ကြိမ် ပြန်ကြည့်ပြီးနောက် ကျန်းထောင်က မနေနိုင်ဘဲ “ကြည့်ရတာတော့ တော်တော်လေး ကောင်းပါတယ်.. ဒါပေမဲ့... အဆင်ပြေပါ့မလား”
ကျန်းမင်ဟွေက ဝင်ပြောလိုက်သည်။ “ဒါရိုက်တာ ကျန်း... ဒါက နောက်စရာ မဟုတ်ဘူးနော်။ အတုဖြစ်နေရင် ကျွန်တော်တို့ အားလုံး ထောင်ကျလိမ့်မယ်”
လူငါးယောက်၏ သံသယဝင်နေသော အကြည့်များနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းယဲ့က ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်ချေသည်။ “စိတ်မပူပါနဲ့ ဒါက အစစ်အမှန်ပါ”
‘ငါတို့စနစ်ရဲ့ ထုတ်ကုန်က လုံးဝ ထိပ်တန်းအဆင့်ပဲ’
‘ဒီလို လိမ်လည်မှု အဆင့်လောက်က စနစ်အတွက် ဘာမှမဟုတ်ဘူး’
ကြောက်ရွံ့တုန်လှုပ်မှုများနှင့်အတူ ထိုငါးဦးသည် ကျန်းယဲ့နောက်မှ လိုက်ကာ တန်းစီနေသည့် နောက်ဆုံးတွင် နာခံစွာ သွားရပ်လိုက်ကြလေသည်။
တန်းစီနေသည့် ရှေ့ဆုံးရှိ ဝန်ကျိုးများကို ထမ်းထားသော တောင်သူအဘိုးအိုများက အချင်းချင်း တီးတိုးပြောနေခဲ့ကြသည်။ “ဘာလို့ ဒီလောက် ကြာနေရတာလဲ”
“ဒီရက်ပိုင်း မြို့ထဲဝင်တဲ့သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်။ ဘာလို့လဲဆိုတာတော့ ငါလည်း မသိဘူးကွ”
“လန်ယာကို အရေးကြီးတဲ့သူ တစ်ယောက်ယောက် လာဖို့ရှိလို့ နေမှာပေါ့...”
ရှေ့ရှိ တောင်သူအဘိုးအိုများ၏ စကားဝိုင်းကို ကြားပြီးနောက် ကျန်းယဲ့နှင့် သူ၏အဖွဲ့က တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြ၏။
အကြောင်းရင်းကို အကြမ်းဖျင်း နားလည်သွားပြီးနောက် သူတို့ဟာ မနေနိုင်ဘဲ အနည်းငယ် စိတ်လှုပ်ရှားလာကြရသည်။
‘ဒါက ချင်ရှီဟွမ်လေ’
‘သမိုင်းတစ်လျှောက် ကြီးမြတ်တဲ့ ဧကရာဇ်ကြီး’
ကြီးမားသော စိတ်လှုပ်ရှားမှုများနှင့်အတူ နောက်ဆုံးတွင် သူတို့အလှည့်သို့ ရောက်လာခဲ့သည်။
ကျန်းယဲ့က သက်သေခံကတ်ကို ကိုယ်တိုင်ကိုယ်ကျ ကမ်းပေးလိုက်၏။
မြို့စောင့်စစ်သားများက ကျန်းယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး အပေါ်အောက် အကဲခတ်ကာ သူ၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများနှင့် အခြားအချက်အလက်များကို သက်သေခံလက်မှတ်နှင့် ဂရုတစိုက် တိုက်ဆိုင်စစ်ဆေးနေခဲ့သည်။
အားလုံး မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သက်သေခံ လက်မှတ်ကို ပြန်ပေးလိုက်ချေသည်။
နောက်မှလိုက်လာသော ကျန်းထောင်နှင့် အခြားသူများက စေ့စေ့စပ်စပ် စောင့်ကြည့်နေခဲ့ကြသည်။
မြို့စောင့်စစ်သားများက သက်သေခံကတ်ပြားကို ကျန်းယဲ့ထံ ပြန်ပေးလိုက်သည်ကို မြင်သောအခါမှပဲ စိုးရိမ်တကြီး ဖြစ်နေခဲ့သော သူတို့၏ နှလုံးသားများက အနည်းငယ် သက်သာရာ ရသွားကြရသည်။
ကျန်းထောင်က ပြုံးကာ သက်သေခံကတ်ပြားကို ကမ်းပေးလိုက်လေသည်။ မြို့စောင့်စစ်သားက သူ့ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ အကြည့်များက သေချာစွာ စေ့လို့မရဘဲ စုတ်ပြတ်နေသော အဝတ်အစားများပေါ်တွင် ရပ်တန့်သွားခဲ့သည်။
သူက မျက်ခုံးပင့်ကာ မေးလိုက်၏။ “မင်းရဲ့ အဝတ်အစားတွေက...”
တစ်ဖက်လူ၏ ကြွယ်ဝချမ်းသာဟန်ရှိသော ရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် သူသည် ချမ်းသာသော ဘဝတွင် နေထိုင်ကြောင်း ရှင်းလင်းနေသော်လည်း သူ၏ အဝတ်အစားများမှာ လုံးဝ ကိုယ်နှင့်မကိုက်ဘဲ အလွန် ထူးဆန်းနေပေသည်။
ကျန်းထောင်၏ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားလေသည်။ သူက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး မျက်ရည်များကို ချက်ချင်း သုတ်လိုက်၏။ “အရာရှိမင်း.... ခင်ဗျား ဒါကို မသိပါဘူး။ ကျွန်တော် လမ်းမှာ ဓားပြတွေနဲ့ တွေ့ခဲ့တယ်... အဲဒါကြောင့်မို့လို့... ဟူး... ကျွန်တော့် ကုန်ပစ္စည်းတွေ၊ ကျွန်တော့် အဝတ်အစားတွေ... ဒီအဝတ်အစားတွေကိုတောင် အစေခံတစ်ယောက်ဆီက တောင်းဝတ်လာခဲ့ရတာပါဗျာ...”
ထိုသို့ပြောရင်း သူဟာ မျက်ရည်များကို ဆက်တိုက် သုတ်နေပြီး နှလုံးကွဲကြေမတတ် ငိုကြွေးနေချေသည်။
“တော်တော်.... ရပြီ... ရပြီ” မြို့စောင့်စစ်သားက စိတ်မရှည်စွာ လက်ကာပြလိုက်ပြီး ကျန်းထောင်ထံ သက်သေခံကတ်ပြားကို ပြန်ပေးလိုက်သည်။
ကျန်းထောင်ဟာ မျက်ရည်များကို သုတ်ရင်း သက်သေခံကတ်ကို လက်ခံယူလိုက်ပြီး စစ်သားကို ကျေးဇူးတင်စကားဆိုကာ မြို့ထဲသို့ ကမန်းကတမ်း ဝင်သွားလိုက်လေသည်။
ကျန်းမင်ဟွေ အလှည့်ရောက်သောအခါ အားလုံး ချောမွေ့နေခဲ့သည်။ မေးခွန်းများများစားစား မမေးဘဲ ဖြတ်သန်းခွင့် ပြုလိုက်၏။
လူခြောက်ယောက် မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြသည်။
ရှေးဟောင်း လမ်းမများတွင် ချင်မင်းဆက် ပုံစံ အဆောက်အအုံများ တန်းစီနေပြီး ဈေးသည်အများအပြားက သူတို့၏ ကုန်ပစ္စည်းများကို စိတ်အားထက်သန်စွာ အော်ဟစ် ရောင်းချနေခဲ့ကြသည်။
လမ်းပေါ်ရှိ လမ်းသွားလမ်းလာအများစုမှာ ဆေးမဆိုးထားသော လျှော်ကြိုးနှင့် ပိုက်ဆံလျှော်ထည်များကို ဝတ်ဆင်ထားကြပြီး အများစုမှာ အညိုရောင် သို့မဟုတ် မီးခိုးရောင်သန်းသော အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထားကြချေသည်။
ရံဖန်ရံခါတွင် ပြာလဲ့လဲ့ မီးခိုးရောင် သို့မဟုတ် မဲနယ်ရောင် ဝတ်ဆင်ထားသူ အနည်းငယ်ကိုသာ မြင်တွေ့နိုင်၏။
တစ်ရောင်တည်း ဖြစ်နေသော အရောင်များက ခေတ်သစ် အဝတ်အစားများ၏ တောက်ပသော အရောင်များနှင့် ကြီးမားစွာ ကွာခြားနေခဲ့သည်။
“ဘုရားရေ... ဒီအဝတ်အစားတွေရဲ့ အရောင်တွေက တစ်ရောင်တည်း ဖြစ်နေတာပဲ” ကျန်းထောင်က မနေနိုင်ဘဲ တိုးတိတ်စွာ ရေရွတ်လိုက်၏။
အရောင်အသွေး စုံလင်မှုများနှင့် ရင်းနှီးကျွမ်းဝင်နေခဲ့သူများအတွက် ယခုကဲ့သို့ တစ်ရောင်တည်း လွှမ်းမိုးနေသော မြင်ကွင်းက ရုတ်တရက် ပေါ်လာခြင်းက အတော်လေး ထိတ်လန့်စရာ ကောင်းနေပေသည်။
လီကျန့်ကော်က ဆို၏။ “ဒါက ကျွန်တော်တို့ တီဗီမှာ တွေ့ရတာတွေနဲ့ မတူဘူးပဲ...”
အဝတ်အစားများမှစ၍ လမ်းဘေးဆိုင်များအထိ တီဗီတွင် ရိုက်ကူးပြသထားသော ချင်မင်းဆက်နှင့် လုံးဝ ကွာခြားနေချေသည်။
“ဒါကြောင့်မို့လို့ အဲ့ဒါကို တီဗီဇာတ်လမ်းတွဲလို့ ခေါ်တာပေါ့ဟ”
ကျန်းမင်ဟွေနှင့် သူ၏အဖော်များက သူတို့ စိတ်ကူးထားသည်နှင့် လုံးဝ ကွာခြားနေသော ဟောင်းနွမ်းဆွေးမြည့်နေသည့် မြို့ကို ကြည့်လိုက်ကြသည်။
သူတို့ ခြောက်ယောက်ဟာ မြို့ထဲတွင် လမ်းလျှောက်ရင်း ဟိုဟိုဒီဒီ ကြည့်ရှုနေကြလေသည်။
မြင်ရသမျှ အရာအားလုံးက ထူးဆန်းပြီး အံ့ဩဖွယ်ကောင်းနေချေသည်။
ထိုစဉ် မြို့တံခါးဝမှ အလျင်စလို မြင်းခွာသံများ ထွက်ပေါ်လာပြီး အမိန့်ပေးသံ တစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။
“အားလုံးပဲ ဘေးကိုဖယ်ကြ”
“အားလုံးပဲ ဘေးကိုဖယ်ကြ”
ကျန်းယဲ့နှင့် သူ၏ အဖွဲ့ဝင်ခြောက်ဦးဟာ အသံလာရာသို့ ကြည့်လိုက်ရာ ရှေ့ပြေးတပ်ဖွဲ့တစ်ခုက လမ်းမကို စတင်ရှင်းလင်းနေသည်ကို တွေ့လိုက်ရ၏။
မြင်းစီးတပ်ဖွဲ့၏ နောက်တွင် စိုက်ထူထားသော အလံများကို ကြည့်ရင်း ကျန်းထောင်သည် အလွန်ဝမ်းသာသွားပြီး “သူတို့ ရောက်လာပြီ” ဟု အော်ပြောလိုက်လေသည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ...”
လမ်းရှင်းလင်းရေးအဖွဲ့ မရောက်လာမီ ကျန်းယဲ့နှင့် သူ၏ အဖော်ခြောက်ဦးက ပတ်ဝန်းကျင်ရှိ ဒေသခံများကဲ့သို့ပင် လမ်းမ၏ တစ်ဖက်တစ်ချက်စီတွင် နာခံစွာ ရပ်နေလိုက်ကြသည်။
လမ်းမ၏ တစ်ဖက်တစ်ချက်ရှိ လူများက ဤမြင်ကွင်းကို မြင်သောအခါ မနေနိုင်ဘဲ အချင်းချင်း တီးတိုးပြောဆိုလာခဲ့ကြသည်။
“အရမ်း အရေးကြီးတဲ့သူ ရောက်လာတာပဲ”
“ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားနဲ့ ဘယ်သူ ရောက်လာတာလဲ မသိဘူး”
“နန်းတော်ထဲက အဆင့်မြင့် အရာရှိတစ်ယောက်ယောက် ရောက်လာတာ ဖြစ်မယ်..”
သတင်းအချက်အလက် မသိရှိသူများက ခန့်မှန်းပြောဆိုနေကြသော်လည်း သတင်းကြိုသိထားသော ကုန်သည်များနှင့် အရာရှိများကမူ မည်သူရောက်လာမည်ကို သိရှိပြီးဖြစ်လောက်ပေသည်။
“ဧကရာဇ်မင်းက အရှေ့ပိုင်းကို ခရီးထွက်လာတယ်လို့ ကြားတယ်။ ဧကရာဇ်မင်း ရောက်လာတာများလား”
“တကယ်ကြီးလား...”
“ရှေ့ပြေးတပ်ဖွဲ့ လွှင့်ထူထားတဲ့ အလံတွေကို မမြင်ဘူးလားဟ... အဲဒါတွေက တော်ဝင်အလံတွေလေ”
မကြာမီမှာပင် ရောက်ရှိလာသူမှာ ချင်ရှီဟွမ်ဧကရာဇ် ဖြစ်ကြောင်း သတင်းက မြို့တစ်ခွင်သို့ ပျံ့နှံ့သွားချေသည်။
မကြာမီမှာပင် တော်ဝင်သက်တော်စောင့် အများအပြား မြို့တံခါးမှတစ်ဆင့် ဝင်ရောက်လာပြီး လမ်းမ၏ တစ်ဖက်တစ်ချက်တွင် တန်းစီကာ သာမန်ပြည်သူများကို အပြင်သို့ ဖယ်ရှားထားသည့် ခမ်းနားကြီးကျယ်သော စီတန်းလှည့်လည်မှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျန်းယဲ့နှင့် သူ၏အဖွဲ့ဟာ တော်ဝင်သက်တော်စောင့်များ၏ အပြင်ဘက်တွင် ဖယ်ထုတ်ခံထားရလေသည်။ သူတို့တစ်ဦးချင်းစီက မြို့တံခါးဘက်သို့ တောက်ပသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ကြသည်။
နောက်ခဏ၌ လူတိုင်း၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် ချင်ရှီဟွမ်ဧကရာဇ်၏ မြင်းရထားက ခမ်းနားကြီးကျယ်သော စီတန်းလှည့်လည်မှုကြီးနှင့်အတူ မြို့ထဲသို့ ဝင်ရောက်လာလေသည်။