အခန်း (၄၉) နန်းတွင်း ညစာစားပွဲ
အခြား အရာရှိများကလည်း အံ့ဩသွားကြရသည်။ အကြောင်းမှာ ရနံ့ရော အပြင်အဆင်ပါ သူတို့ တစ်ခါမှ မမြင်ဖူးသော အရာများ ဖြစ်နေသောကြောင့်ပင်။
ရင်းကျန့်က အံ့အားသင့်နေသော သူ၏ အရာရှိများ၏ မျက်နှာအမူအရာများကို ကျေနပ်စွာ ကြည့်လိုက်၏။ “အမတ်မင်းတို့.. ဒီအသားကင်ကို မြည်းစမ်းကြည့်ကြပါ။ အသားကို လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ သုတ်လိမ်းထားတာပဲ...”
သူက ချောင်ဝမ်ပေါ် သင်ပေးထားသော စကားလုံးအသစ်များကို တမင်တကာ သုံးနှုန်းလိုက်ပြီး ခေတ္တမျှ ရပ်နားကာ စိတ်ဝင်တစားဖြင့် ဆက်ပြောလိုက်၏။ “ဒီ ဟင်းသီးဟင်းရွက်ကြော်နဲ့ အသားဟင်းရည်ကိုလည်း မြည်းစမ်းကြည့်ပြီး ဝေဖန်ပေးကြပါဦး”
နန်းတွင်း အစေခံမိန်းကလေးများက ပထမဆုံးဟင်းပွဲကို ဖူဆုထံသို့ ဆက်သလိုက်ကြသည်။
ဖူဆုက အသားတစ်တုံးကို ဂရုတစိုက် ယူလိုက်၏။ အသား၏ မျက်နှာပြင်က အနည်းငယ် တူးနေသော်လည်း ကိုက်ဖြတ်လိုက်သောအခါ နူးညံ့သော ပန်းရောင် အသားကို တွေ့လိုက်ရလေသည်။
ထို့နောက် သူက နည်းနည်း ကိုက်စားကြည့်လိုက်လေသည်။ “အင်း....”
ပုံမှန်အားဖြင့် တည်ငြိမ်နေတတ်သော ဖူဆု၏ မျက်နှာက ချက်ချင်းပင် အသက်ဝင်လာချေသည်။
အသားက အပြင်ဘက်တွင် ကျွတ်ရွနေပြီး အတွင်းဘက်တွင် နူးညံ့ကာ ငန်ချိုချို အရသာနှင့် အနည်းငယ် ထုံကျဉ်သော ခံစားမှုမျိုးရှိပြီး ယခင်က အရသာပေါ့ပျက်ပျက် ပြုတ်ထားသော အသားများနှင့် လုံးဝကို ကွာခြားနေခဲ့သည်။
တစ်လုတ်စားပြီးနောက် ဟူဟိုင်မှာ ဒုတိယတစ်တုံးကို ယူရန် မစောင့်နိုင်တော့ဘဲ သူ၏ ပါးစပ်တစ်ဝိုက်တွင် ဆီတွေ ပေပွနေသည်ကိုပင် လုံးဝ သတိမထားမိတော့ချေ။
အခြား မင်းသားများလည်း ထိုနည်းတူပင်။
မင်းသားများသာမက နန်းတွင်းအရာရှိများကပါ ပထမဆုံး တစ်လုတ်စားပြီးသည်နှင့် အရင်က တစ်ခါမှ မစားဖူးသော အရသာကြောင့် အံ့ဩသွားကြရသည်။
“ဒီပန်းကျူရိုးတွေက…” ဖုန်းကျဲ့က ပန်းကန်ထဲရှိ တောက်ပသော အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို အံ့အားသင့်စွာ ကြည့်လိုက်၏။ ၎င်းတို့က သာမန် နွေဦးပေါက် ဟင်းသီးဟင်းရွက်များသာ ဖြစ်သော်လည်း ကျွတ်ရွပြီး နူးညံ့ကာ လန်းဆန်းစေပြီး လတ်ဆတ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။
သာမန်ဟင်းသီးဟင်းရွက်များကို ဤမျှ အရသာရှိအောင် မည်သို့လုပ်နိုင်သည်နည်း။
အရှင်မင်းကြီး ပြောသွားသော အကြော်ဆိုသည်က လျှို့ဝှက်ချက်များထဲမှ တစ်ခု ဖြစ်ပုံရပေသည်။
ရင်းကျန့်က ကျောက်စိမ်းဇွန်းကို ကောက်ကိုင်လိုက်ပြီး ကြည်လင်နေသော အသားပြုတ်ရည် တစ်ဇွန်းကို ခပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။
ချက်ချင်းဆိုသလိုပင် အရင်က တစ်ခါမှ မရဖူးသော ချိုမြိန်ပြီး အရသာရှိသော အရသာတစ်ခုက လျှာဖျားတွင် ပေါက်ကွဲထွက်လာလေသည်။
ဟင်းရည်က ပုံမှန် အသားပြုတ်ရည်များနှင့် မကွာခြားဟု ထင်ရသော်လည်း ရစ်ငှက်တစ်ကောင်လုံး၏ အဆီအနှစ်များကို ဤပန်းကန်လုံးထဲသို့ ပေါင်းစပ်ထည့်သွင်းထားသကဲ့သို့ ဖော်ပြ၍မရနိုင်သော ချိုမြိန်ပြီး အရသာရှိသော အရသာတစ်ခု ပါဝင်နေခဲ့သည်။
“ဟင်...” ရင်းကျန့် က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရာ သူ၏ သရဖူပေါ်ရှိ ကျောက်စိမ်းပုတီးလုံးလေးများက ညင်သာစွာ ယိမ်းနွဲ့သွားချေသည်။
သူက နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်သောက်လိုက်ရာ တစ်ဇွန်းပြီးတစ်ဇွန်း ပို၍ အံ့ဩစရာ ကောင်းလာပြီး အတိတ်က နန်းတွင်းထဲမှ အရသာပေါ့ပျက်ပျက် အသားပြုတ်ရည်နှင့်တော့ တခြားစီပင်။
၎င်းမှာ ချောင်ဝမ်ပေါ်ပြောခဲ့သော အချိုမှုန့်၏ အရသာပင် ဖြစ်ချေမည်။ ၎င်းက ပုပ်သိုးနေသောအရာများကိုပင် မှော်ဆန်သွားအောင် အမှန်တကယ် ပြောင်းလဲပေးနိုင်ပေသည်။
သူ၏ မြေးပြောသကဲ့သို့ပင်... အချိုမှုန့်ကို ရေထဲတွင် ဖျော်လိုက်လျှင်တောင် ရေကို ချိုသွားစေနိုင်၏။
ချောင်ဝမ်ပေါ် နှင့် သူ၏ အဖော်သုံးဦးက ညာဘက်ရှိ ခေါင်းဆောင်နေရာတွင် ထိုင်နေကြပြီး တိတ်ဆိတ်စွာ အစားအသောက်များကို စားသောက်နေကြသော ချင် ဧကရာဇ်နှင့် သူ၏ အမတ်များကို ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။
ဝူကျဲက စားပွဲအောက်တွင် လျှို့ဝှက်စွာ လက်မထောင်ပြလိုက်ပြီး ကန်ချန်က ဂုဏ်ယူဝင့်ကြွားစွာ မျက်ခုံးပင့်ပြလိုက်၏။
“ဟိုမုတ်ဆိတ်ဖြူနဲ့ အဘိုးကြီးကို ကြည့်လိုက်ဦး..” ဖုန်းယီမင်က အသံကို နှိမ့်လိုက်ပြီး သူ့ရှေ့ မျက်နှာချင်းဆိုင်ရှိ ဆံပင်နှင့် မုတ်ဆိတ်များ ဖြူနေသော အမတ်အိုကြီးတစ်ဦးကို တူဖြင့် ညွှန်ပြလိုက်လေသည်။ “စောစောကတော့ ဟန်လုပ်နေတာ... အခုတော့… ဟီးဟီး”
ပုံမှန်အားဖြင့် တည်ငြိမ်ခန့်ညားသော ဝန်ကြီးချုပ်လီစစ်သည် ယခုအခါ သူ၏ တတိယမြောက် အသားပြုတ်ရည် ပန်းကန်လုံးကို ကိုင်ကာ အားရပါးရ သောက်နေသည်ကို ကြည့်ပြီး ချောင်ဝမ်ပေါ် မှာ ရယ်ချင်စိတ်ကို မြိုသိပ်ထားရလေသည်။
ဝူကျဲက ဂုဏ်ယူဝင့်ကြွားစွာ တီးတိုးရေရွတ်လိုက်သည်။ “မုန့်ရီ ကို ကြည့်လိုက်ဦး... သူ သိုးသားကင် တတိယမြောက်တုံးကို ရောက်နေပြီ... စားတာကို မရပ်သေးဘူး”
“ဟီးဟီး... အရင်က ဦးလေးကျန်းတို့က နာမည်ရသွားတာ... အခု ငါတို့ အလှည့်ပဲ” ချောင်ဝမ်ပေါ် က ဂုဏ်ယူဝင့်ကြွားစွာ မျက်ခုံးပင့်ပြလိုက်လေသည်။
ကျန်းယဲ့က အသားကင်ကို တစ်လုတ် မြည်းစမ်းကြည့်လိုက်ရာ တကယ်ကို အရသာရှိလှသည်။ ဟင်းရည်ကတော့ သာမန်ပါပဲ။ ဘာပဲဖြစ်ဖြစ် သူက ဟင်းခတ်အမွှေးအကြိုင် မျိုးစုံနဲ့ စားနေကျလေ။
သို့သော်လည်း ဟင်းခတ်အမွှေးအကြိုင် အမျိုးအစား အကန့်အသတ်ဖြင့်သာ စားသုံးလေ့ရှိသော ချင်မင်းဆက်၏ အရာရှိများကတော့ သူတို့ ခံစားရသော ဟင်းခတ်အမွှေးအကြိုင်များ၏ ကြွယ်ဝမှုကြောင့် ထူးကဲသော အာရုံခံစားမှု ရိုက်ခတ်မှုကို ခံစားလိုက်ကြရ၏။
ရင်းကျန့်က သူ၏ ကျောက်စိမ်းတူများကို ချထားလိုက်ပြီး သူ၏ သရဖူအောက်ရှိ ခန်းမထဲတွင် ဗိုက်ဝသွားကြသော အမတ်များထံသို့ သူ၏ အကြည့်များ ဝေ့ဝဲသွားကာ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာချေသည်။ “ဒီနေ့ အစားအသောက်ကို မင်းတို့ ဘယ်လိုထင်လဲ...”
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ခန်းမထဲတွင် ချီးမွမ်းသံများ ဆူညံသွားခဲ့သည်။
လီစစ်က ပြုံးကာ ပြောလိုက်၏။ “ကျွန်တော်မျိုး တစ်သက်လုံး နေလာတာ... လောကကြီးမှာ ဒီလို အရသာရှိတဲ့ အစားအစာ ရှိတယ်ဆိုတာ တစ်ခါမှ မသိခဲ့ဘူး... ဒီ အသားဟင်းရည်က အရမ်း အရသာရှိလွန်းလို့ ကျွန်တော်မျိုး အမူအကျင့် ပျက်သွားပြီး တစ်ခါတည်းနဲ့ ခွက်အတော်များများ သောက်လိုက်မိပါတယ်...”
“အဲဒီ သမင်သားကင်က အပြင်ဘက်မှာ ကျွတ်ရွနေပြီး အတွင်းဘက်မှာ နူးညံ့နေကာ လျှို့ဝှက် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပြင်ဆင်ထားတာပါ။ ကျွန်တော်မျိုးဘဝမှာ တစ်ခါမှ မစားဖူးတဲ့ အကောင်းဆုံး အစားအစာပါပဲ..” မုန့်ရီက ချီးမွမ်းလိုက်ပြန်သည်။
အခြား နန်းတွင်းအရာရှိများကလည်း ချီးမွမ်းသံများဖြင့် ထောက်ခံလိုက်ကြလေသည်။
“ဟင်းသီးဟင်းရွက်တွေက ကျွတ်ရွပြီး လန်းဆန်းစေတယ်... အရင်က အကျက်လွန်နေတဲ့ ဟင်းရွက်တွေနဲ့ တခြားစီပါပဲ”
“အံ့ဩစရာအကောင်းဆုံးကတော့ ငါးဟင်းရည်ပဲ... အရမ်းအရသာရှိလွန်းလို့ လျှာတောင် ထုံသွားတယ်”
“စားဖိုမှူးကို ဆုချီးမြှင့်ဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်...” ဆံပင်ဖြူနေသော အမတ်အိုကြီးတစ်ဦးက ပြတ်ပြတ်သားသား ပြောလိုက်၏။ “ဒီလို ကျွမ်းကျင်မှုမျိုးက ရွှေပြားတစ်ရာ ဆုချဖို့ ထိုက်တန်ပါတယ်..”
ရင်းကျန့်က ချီးမွမ်းသံများကို နားထောင်ရင်း သူ၏ မျက်လုံးများထဲတွင် ကျေနပ်သည့် အရိပ်အယောင်တစ်ခု လက်ဖြာသွားလေသည်။
ထို့နောက် သူက လူတိုင်းကို တိတ်တိတ်နေရန် အချက်ပြရန် လက်ကို မြှောက်လိုက်၏။ “ဒီ အစားအသောက်တွေကို စားဖိုမှူး ပြင်ဆင်ထားတာ မဟုတ်ဘူးဆိုတာ မင်းတို့ အားလုံး သိကြလား”
အစ်ကိုကျန့်၏ စကားကို ကြားသောအခါ ချောင်ဝမ်ပေါ် နှင့် အခြားသုံးဦးက အလိုအလျောက် ကျောကို မတ်လိုက်ကြခေသည်။
‘ရောက်လာပြီ... ရောက်လာပြီ.. နောက်ဆုံးတော့ ရောက်လာပြီပဲကွ’
မုန့်ရီ၊ လီစစ် နှင့် ဖုန်းကျဲ့တို့က ထူးခြားသော ဟင်းလျာများကို မြင်သောအခါ ၎င်းတို့ကို မည်သူက ဖန်တီးခဲ့သည်ကို ချက်ချင်း နားလည်သွားခဲ့ကြသည်။
ဘာပဲဖြစ်ဖြစ် ယနေ့ခေတ်မှ ဤနောင်လာမည့် မျိုးဆက်များက သူတို့ကို အလွန်တရာ အံ့အားသင့်စေခဲ့ပြီး ယခု သူတို့ ခံစားနေရသော ပျော်ရွှင်မှုများက နေ့လယ်ပိုင်းက သူတို့ ရရှိခဲ့သည်များနှင့် လုံးဝကို ကွာခြားနေလေသည်။
သို့သော်လည်း သူတို့၏ လုပ်ဖော်ကိုင်ဖက်များ၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာများကို ကြည့်ရင်း မုန့်ရီ နှင့် အခြားသူများမှာ အလွန် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရလေသည်။
ဉာဏ်ကောင်းသော အမတ်တစ်ဦးက စားပွဲထိပ်တွင် ထိုင်နေသော ကျန်းယဲ့ နှင့် သူ၏အဖွဲ့ထံသို့ သိမ်မွေ့စွာ ခိုးကြည့်လိုက်၏။
“ဒီနေ့ စားပွဲပေါ်က ဟင်းပွဲတိုင်းကို ဒီ ဂုဏ်သရေရှိ ဧည့်သည်တော်လေးဦးက ပြင်ဆင်ပေးခဲ့တာ ဖြစ်တယ်”
နန်းတွင်း အရာရှိများ အားလုံး၏ အကြည့်များက ချောင်ဝမ်ပေါ် နှင့် သူ၏ အဖော်သုံးဦးထံသို့ ကျရောက်သွားချေသည်။
ချောင်ဝမ်ပေါ် နှင့် အခြားသုံးဦးက မတ်မတ်ထိုင်လိုက်ပြီး သူတို့၏ မျက်လုံးများကို အရှေ့သို့ တည့်တည့်ထားကာ အရာရှိများ၏ အံ့အားသင့်နေသော အကြည့်များကို သဘောကျနေခဲ့ကြသည်။
သူတို့ လေးယောက်မှာ လျှို့ဝှက်စွာ ဝမ်းသာပီတိ ဖြစ်နေကြ၏။
ရင်းကျန့်က စိတ်ကြည်နူးစွာဖြင့် သူ၏ အရက်ခွက်ကို ကောက်ကိုင်လိုက်သည်။ “ဒါကြောင့် အမတ်မင်းတို့ ဂုဏ်ပြု သောက်သုံးသင့်တဲ့ သူတွေက ဒီ ဂုဏ်သရေရှိ ဧည့်သည်တော်လေးဦးပဲ..”
ချက်ချင်းဆိုသလိုပင် အမတ်များအားလုံး မတ်တပ်ရပ်လိုက်ကြပြီး ချောင်ဝမ်ပေါ် နှင့် သူ၏ အဖော်သုံးဦးကို ရိုသေစွာဖြင့် ခွက်မြှောက်ကာ ဂုဏ်ပြုလိုက်ကြလေသည်။
ချောင်ဝမ်ပေါ် အပါအဝင် ထိုလူလေးဦးမှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲနေသော်လည်း သူတို့က တည်ငြိမ်ဟန်ဆောင်ကာ ခွက်များကို မြှောက်၍ ပြန်လည် ဂုဏ်ပြုလိုက်ကြ၏။
ထိုလေးယောက် အရက်သောက်ပြီးနောက် ကျန်းဟွိုင်မင် နှင့် သူ၏ခြောက်ယောက်အဖွဲ့ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ သူတို့၏ အမူအရာများက ‘တွေ့လား... တွေ့လား... ငါတို့က မိုက်တယ်ကွ’ ဟု ပြောနေသယောင်ပင်။
ကျန်းဟွိုင်မင် နှင့် အခြား ခြောက်ဦးက တိတ်ဆိတ်စွာ သောက်နေကြသော်လည်း သူတို့၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားကြသည်။
နောက်ခဏ၌ ကြည်လင်သာယာသော သံစုံခေါင်းလောင်းသံများက လေထုထဲတွင် ပျံ့နှံ့သွားစဉ် အရောင်အသွေး စုံလင်သော ဝတ်စုံများကို ဝတ်ဆင်ထားသည့် ကချေသည်အဖွဲ့တစ်ဖွဲ့က ကျက်သရေရှိစွာ ဝင်ရောက်လာကြသည်။
ခါးတွင် ရွှေခေါင်းလောင်းလေးများ ချည်နှောင်ထားပြီး လက်ထဲတွင် ငှက်မွေးယပ်တောင်များကို ကိုင်ဆောင်ထားကာ သူတို့က ဂီတပညာရှင်များ၏ စည်းချက်အတိုင်း ပေါ့ပါးစွာ လှည့်ပတ်ကပြနေခဲ့ကြသည်။
ဖယောင်းတိုင်မီးရောင်အောက်တွင် သူတို့၏ လွင့်ပျံနေသော အင်္ကျီလက်များက တိမ်တိုက်များကဲ့သို့ ဖောင်းကြွနေပြီး ရွှေခေါင်းလောင်းလေးများ၏ ကြည်လင်သော အသံက သံစုံခေါင်းလောင်းများ၏ တုန်ခါသံနှင့် ရောယှက်ကာ အသက်ရှူမှားလောက်အောင် လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေချေသည်။
ဖုန်းယီမင်က စူးစိုက်ကြည့်နေပြီး သူ၏ အရက်ခွက်ကို ဖြည်းညှင်းစွာ ချလိုက်၏။ “ဒါက တကယ့် ရှေးဟောင်းအကပဲ.. တီဗီမှာ မြင်ရတာတွေထက် အများကြီး ပိုပြီး ခမ်းနားတယ်...”
ဝူကျဲက ဗီဒီယိုရိုက်ရန် ဖုန်းကို မြန်မြန်ဆန်ဆန် ထုတ်ယူလိုက်သည်။ အနီးတွင်ရှိသော ဖူဆုက ဝူကျဲ ၏ လက်ထဲမှ ဖုန်းကို သတိထားမိသွားပြီး ၎င်းမှာ သူ၏ခမည်းတော် ဧကရာဇ်မင်းမြတ် အမြဲတမ်း ယူဆောင်သွားလေ့ရှိသော ရတနာဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားရသည်။
ဤအရာကို သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ဖူးချေသည်။ ၎င်းက ပုံရိပ်များကို ဖမ်းယူနိုင်ပြီး အလင်းရောင်ပင် ထုတ်လွှတ်နိုင်၏။
ရုတ်တရက် ကချေသည်များက ပုံစံပြောင်းလိုက်ပြီး ရှည်လျားသော တန်းတစ်ခုကို ဖန်တီးလိုက်ကြသည်။ ခေါင်းဆောင်ကချေသည်က လှပစွာ ခုန်တက်လိုက်ပြီး လေထဲတွင် ကျက်သရေရှိသော စက်ဝန်းခြမ်းတစ်ခုကို ရေးဆွဲလိုက်ရာ ပရိသတ်များထံမှ အားပေးသံများ ထွက်ပေါ်လာလေသည်။
“အဲဒီ အကွက်..” ချောင်ဝမ်ပေါ်က ကန်ချန်၏ အင်္ကျီလက်ကို ဆွဲလိုက်၏။ “အမျိုးသား ဇာတ်သဘင်စင်တာမှာ ဒီလိုမျိုး ဆင်တူတာကို ငါ မြင်ဖူးတယ်... ဒါပေမဲ့ ဒီလောက်တော့ သေချာပေါက် ဆွဲဆောင်မှု မရှိဘူး...”
ကျန်းဟွိုင်မင် နှင့် အခြားသူများက ဂီတပညာရှင်များ၏ ဖျော်ဖြေမှုများကို ပို၍ အာရုံစိုက်နေကြချေသည်။
စောင်းကို တီးခတ်နေသော အဘိုးအိုက လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားနေပြီး တစ်ခါတစ်ရံတွင် ကြည်လင်သော စမ်းပေါက်လေး စီးဆင်းနေသကဲ့သို့လည်းကောင်း၊ တစ်ခါတစ်ရံတွင် မြင်းတစ်သောင်း ခွာသံပေး ပြေးလွှားနေသကဲ့သို့လည်းကောင်း သံစဉ်များကို ထုတ်လွှတ်နေပေသည်။
လင်ရူက ညှို့ယူဖမ်းစားခံရသကဲ့သို့ နားထောင်နေပြီး သူမ၏ လက်ချောင်းများက အလိုအလျောက် စည်းချက်နှင့်အညီ ပေါင်ပေါ်တွင် ညင်သာစွာ ခေါက်နေမိလေသည်။
ကျိုးရှင်းဖူက အားကျလေးစားစွာ ကြည့်နေပြီး အဖန်တလဲလဲ ရေရွတ်လိုက်၏။ “ဒါက တကယ့် စစ်မှန်တဲ့ ရှေးဟောင်း သံစုံခေါင်းလောင်းဂီတပဲ”
“အဲဒီ ယွမ်လေးထောင်က တကယ်ကို တန်တာပဲ..” လီချင်းယီကလည်း ဆာကေးအရက်ကို တစ်ငုံသောက်ရင်း ပြုံးကာ ပြောလိုက်ချေသည်။
“သေချာပေါက်ပဲ.. ဒီလို နန်းတွင်း ညစာစားပွဲမျိုးက တန်ဖိုးဖြတ်လို့မရဘူး” ကျောက်ဟုန်က ထပ်လောင်းပြောလိုက်ချေသည်။
ဂီတပညာရှင်က ရှန်းတူရိယာကို တီးမှုတ်နေသည်ကို ကျန်းယဲ့က စူးစိုက်ကြည့်နေခဲ့သည်။ သူ၏ ပါးပြင်များက အနည်းငယ် ဖောင်းကားနေပြီး သူ၏ လက်ချောင်းထိပ်လေးများက ရှန်းတူရိယာပေါ်တွင် သွက်လက်စွာ ကခုန်နေကာ နှစ်ပေါင်း နှစ်ထောင်ကျော်အချိန်ကို ဖြတ်သန်းလာသကဲ့သို့ ကြည်လင်သာယာသော အသံများကို ထုတ်လွှတ်ပေးနေခဲ့သည်။