အခန်း (၄၈) မုန့်ရီကို အရက်သောက်ရန် ဖိတ်ခေါ်ခြင်း
ကျောက်ဟုန်က သူ၏အိတ်ကပ်ထဲမှ သေသပ်လှပသော သတ္တုမီးခြစ်လေးကို ရုတ်တရက် ထုတ်ယူကာ မုန့်ရီအား ပေးလိုက်၏။ "သခင်ကြီးမုန့်... ဒါက ကျွန်တော့်ရဲ့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့ လက်ဆောင်လေးပါ။ လက်ခံပေးပါ..."
မုန့်ရီက တလက်လက် တောက်ပနေသော ငွေရောင်ပစ္စည်းလေးကို ယူလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်လေသည်။ "ဒါက ဘာလဲ..."
ကျန်းထိုင် ခန်းမမှာတုန်းက တစ်ချက် မြင်ခဲ့ဖူးပေမဲ့ သေချာကြည့်ဖို့ အခွင့်အရေး မရခဲ့ချေ။
"ဒါကို မီးခြစ်လို့ ခေါ်တယ်... မီးခတ်ကျောက်နဲ့ ဆင်တူတယ်" ကျောက်ဟုန်က ပြုံးကာ သရုပ်ပြလိုက်ပြီး လက်မဖြင့် ပွတ်ဆွဲလိုက်ရာ ချောက်ဟူသော အသံနှင့်အတူ မီးတောက်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
မုန့်ရီ၏ မျက်လုံးအိမ်များ သိသိသာသာ ကျုံ့သွားရသည်။ ကျောက်ဟုန်လုပ်ပြသည့်အတိုင်း သူက ဖြည်းညှင်းစွာ ဖိချလိုက်ရာ ဖောင်းဟူသော အသံနှင့်အတူ မီးတောက်လေး ထွက်ပေါ်လာသောအခါ သူ အံ့သြတကြီး ရေရွတ်လိုက်မိ၏။ "အံ့သြစရာပဲ..."
ကျန်းဟွိုင်မင်က သူနှင့်အတူ ယူဆောင်လာသော အဝတ်အိတ်ထဲမှ လှပသေသပ်စွာ ထုပ်ပိုးထားသည့် လူးဝစ်အသေးစား ပုလင်းနှစ်ပုလင်းကို ထုတ်ယူလိုက်သည်။ "သခင်ကြီးမုန့်... ဒါလေးကို မြည်းစမ်းကြည့်ချင်မယ် ထင်တယ်"
(NT-ပြင်သစ်နိုင်ငံထုတ် အဆင့်မြင့်အရက်)
"ဒါက ဘာလဲ" မုန့်ရီက လှပသော ပုလင်းလေးကို ယူကာ ခေတ္တမျှ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့သည်။
"ဖွင့်ကြည့်လိုက်ရင် သိပါလိမ့်မယ်" ကျန်းဟွိုင်မင်က အဖုံးကို လှည့်ဖွင့်ပြလိုက်၏။
ကျန်းဟွိုင်မင်၏ လှုပ်ရှားမှုများအတိုင်း မုန့်ရီက ရွှေရောင်အဖုံးကို ဂရုတစိုက် လှည့်ဖွင့်လိုက်လေသည်။ ချက်ချင်းပင် ချိုမြိန်မွှေးပျံ့သော အရက်နံ့လေး ထွက်ပေါ်လာရာ ပါးနပ်ပြီး တွက်ရေးကျွမ်းကျင်သော ဤအမတ်ကြီးပင်လျှင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိ၏။
"အရမ်းပြင်းတဲ့ အရက်နံ့ပဲ.."
"နည်းနည်းလောက် မြည်းကြည့်ပါလား" ကျန်းဟွိုင်မင်က ပြုံးကာ ပြောလိုက်လေသည်။
မုန့်ရီက ခေါင်းကိုမော့ကာ တစ်ငုံမျှ သောက်လိုက်သည်။ ပယင်းရောင် အရည်လေးက သူ၏ လျှာဖျားနှင့် ထိရုံရှိသေး ပြင်းထန်သောရနံ့က ပါးစပ်ထဲတွင် ပေါက်ကွဲသွားချေသည်။
ဝက်သစ်ချစည်ပိုင်း၏ ပြည့်ဝမှု၊ ကော့ညက်အရက်၏ ရှင်းလင်းပြတ်သားမှုနှင့် ဖော်ပြ၍မရနိုင်သော ပန်းနှင့် သစ်သီးရနံ့များက တစ်လွှာပြီးတစ်လွှာ တက်လာရာ အနောက်ဘက်ဒေသများတွင် သူ သောက်ခဲ့ဖူးသမျှ အရက်များထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်ချေသည်။
အရက်က လည်ချောင်းထဲသို့ စီးဆင်းသွားပြီး အစာရေပြွန်ကို မီးနှင့်ရှို့လိုက်သကဲ့သို့ ရင်ဘတ်တစ်ခုလုံး နွေးထွေးသွားစေခဲ့သည်။
"အရက်ကောင်းပဲ... လန်းဆန်းသွားတာပဲ... လန်းဆန်းသွားတာပဲ..."
တစ်ငုံသောက်ပြီးနောက် မုန့်ရီက နောက်ထပ်တစ်ငုံ ထပ်သောက်လိုက်၏။ ဒီတစ်ကြိမ်တွင်တော့ သူက သေချာ အရသာခံသောက်လေသည်။ အရက်က လျှာပေါ်တွင် လည်ပတ်သွားစဉ် ပျားရည်၊ သစ်ကြံပိုးခေါက်နှင့် သစ်ကတိုးသစ်သား၏ သင်းပျံ့သော ရနံ့များကိုပါ အရသာခံနိုင်လိုက်သည်။
သူက သက်ပြင်းချလိုက်ပြီး "ကျွန်တော်တို့ မဟာချင်က ဆန်အရက်ကို ခင်ဗျားတို့ အထင်သေးတာ မဆန်းပါဘူး.."
"မဟုတ်ပါဘူး.. မဟုတ်ပါဘူး" ကျန်းဟွိုင်မင်က နှိမ့်ချစွာဖြင့် လက်ကို အဖန်တလဲလဲ ဝှေ့ယမ်းကာ ပြောလိုက်သည်။
လင်ရူကလည်း သူမ၏ လက်ဆွဲအိတ်ထဲမှ လှပစွာ ထုပ်ပိုးထားသော ရေမွှေးပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။ "သခင်မကြီးဆီကို ပေးပေးဖို့ အကူအညီတောင်းစရာလေး တစ်ခု ရှိလို့ပါ"
မုန့်ရီက လူးဝစ်အသေးစားပုလင်းနှင့် ဆင်တူသော ထုပ်ပိုးမှုကို ကြည့်ကာ "ဒါလည်း အရက်ပဲလား" ဟု မေးလိုက်၏။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး။ ဒါကို ရေမွှေးလို့ ခေါ်တယ်။ အမျိုးသမီးတွေ သုံးတဲ့ဟာပါ။ ဒါပေမဲ့ သခင်ကြီး သဘောကျရင်လည်း သုံးလို့ရပါတယ်" လင်ရူက နောက်ပြောင်ကာ ပြောလိုက်ပြီး ရေမွှေးအဖုံးကိုဖွင့်ကာ ညင်သာစွာ ဖိချလိုက်လေသည်။ "သုံးတဲ့အခါကျရင် ဒီလိုမျိုး အဝတ်အစားပေါ်ကို ဖြန်းလိုက်ရုံပါပဲ... အနံ့က အဝတ်အစားပေါ်မှာ အကြာကြီး စွဲနေမှာပါ"
လင်ရူက လတ်ဆတ်ပြီး သန့်စင်သော ရနံ့တစ်ခုကို လေထဲသို့ ဖြန်းလိုက်ရာ လူတိုင်း၏ နှာခေါင်းထဲသို့ ရနံ့များ လွင့်ပျံလာလေသည်။
"တကယ့်ကို ထူးခြားတဲ့ ရနံ့ပဲ..." မုန့်ရီက အံ့သြတကြီး ရေရွတ်လိုက်၏။ "သခင်မလင်ရူရဲ့ ရက်ရောတဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်"
"အားနာစရာမလိုပါဘူး..."
နေဝင်ဆည်းဆာ ရောက်လာသောအခါ ရှန်းယန် နန်းတော်၏ မီးအိမ်များကို ထွန်းညှိလိုက်ကြသည်။
မုန့်ရီက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး လက်ကိုယှက်ကာ ပြောလိုက်၏။ "လူကြီးမင်းတို့... စားပွဲသောက်ပွဲ စတင်တော့မယ်.... ကျွန်တော်တို့ နန်းတော်ထဲ ပြန်ကြတာပေါ့"
အဖွဲ့သားများက မီးရောင်လင်းထိန်နေသော နန်းတော်လမ်းတစ်လျှောက် ပြန်လာခဲ့ကြပြီး အဝေးဆီမှ ချီလင် ခန်းမဘက်မှ တေးဂီတသံများကို ကြားနေရခဲ့သည်။
နောက်ဆုံး နန်းတော်တံခါးကို ကွေ့ဖြတ်လိုက်သည်နှင့် အမတ်မင်း ဒါဇင်ပေါင်းများစွာက အုပ်စုငယ်လေးများဖွဲ့ကာ တီးတိုး စကားပြောနေကြသည်ကို တွေ့လိုက်ရလေသည်။
"ကြားပြီးပြီလား... ဒီနေ့ အရှင်မင်းကြီး ခေါ်ယူတွေ့ဆုံခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဧည့်သည်တော်တွေအကြောင်းလေ" ဆံပင်နှင့် မုတ်ဆိတ်များ ဖြူနေပြီဖြစ်သော အမတ်အိုကြီးတစ်ဦးက တိုးတိုးလေး ပြောလိုက်၏။
ခေါင်းဆောင်းအမြင့်ကြီး ဆောင်းထားသော လူလတ်ပိုင်း အရာရှိတစ်ဦးက ဝင်ပြောလေသည်။ "ကြားရတာတော့ အဲဒီလူတွေက သံမည်းတံဆိပ်ပြားတွေနဲ့ နန်းတော်ထဲ ဝင်လာတာတဲ့... သူတို့က သာမန်နောက်ခံက လာတာ မဖြစ်နိုင်ဘူး"
"ငါကြားတာတော့ အဲဒီလူတွေက ပင်လယ်ရပ်ခြားက မှော်ဆရာတွေတဲ့... လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ ရှိပုံရတယ်..."
ပို၍ငယ်ရွယ်သော ပညာရှိများက စိုးရိမ်တကြီးဖြင့် "ဒီလူတွေက ရွှီဖူလိုမျိုးများ ဖြစ်နေမလား..."
"ရှူး..." ရုတ်တရက် တစ်ယောက်ယောက်က တိတ်တိတ်နေရန် အချက်ပြလိုက်၏။
မုန့်ရီက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ဦးဆောင်ကာ သူတို့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားသော်လည်း မျက်လုံးထောင့်မှ တစ်ယောက်ကိုတစ်ယောက် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။
ကျန်းယဲ့နှင့် အခြားသူများက ချင်မင်းဆက်ဝတ်စုံများကို ပြောင်းလဲဝတ်ဆင်ထားသော်လည်း သူတို့၏ လမ်းလျှောက်ပုံ၊ အသွင်အပြင်နှင့် အမူအရာများက ကောလာဟလထွက်နေသော လျှို့ဝှက်ဆန်းကြယ်သည့် မှော်ဆရာများနှင့် လုံးဝကွာခြားနေပြီး သူတို့ထံတွင် ထူးခြားဆန်းကြယ်သော အငွေ့အသက်မျိုး လုံးဝမတွေ့ရချေ။
"ဒီလူတွေက မှော်ဆရာတွေနဲ့ မတူပါဘူး" သမိုင်းပညာရှင်ကြီးက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်၏။ "သူတို့က...နဲ့ ပိုတူတယ်..."
သူ စကားမဆုံးမီမှာပင် ခန်းမထဲရှိ ခေါင်းလောင်းနှင့် သံစုံတီးခတ်သံများ ပြိုင်တူ ထွက်ပေါ်လာလေသည်။
အရာရှိများက ချက်ချင်းပင် သူတို့၏ အဝတ်အစားများကို သပ်ရပ်အောင်ပြင်ကာ မိမိတို့ နေရာများတွင် အစဉ်လိုက် ဝင်ထိုင်လိုက်ကြ၏။
သို့သော် ကျန်းယဲ့နှင့် သူ၏အဖွဲ့ ဖြတ်သွားသောအခါ သူတို့အားလုံး အလိုအလျောက် ခြေလှမ်းနှေးသွားကြပြီး ဦးညွတ်ရင်း သူတို့ကို နောက်ထပ် အကြိမ်အနည်းငယ်မျှ ခိုးကြည့်ရန် အခွင့်အရေး ယူလိုက်ကြသည်။
မုန့်ရီက ကျန်းယဲ့နှင့် သူ၏ ခုနစ်ယောက်အဖွဲ့ကို စားပွဲသောက်ပွဲ၏ အရှေ့ဆုံးနေရာဆီသို့ ဦးဆောင်သွားခဲ့သည်။ ထိုအချိန်မှာပင် ကျောက်ကောင်းက ချောင်ဝမ်ပေါ်နှင့် သူ၏ လေးယောက်အဖွဲ့ကို စင်္ကြံလမ်း၏ အခြားတစ်ဖက်မှ ခေါ်ဆောင်လာလေသည်။
ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်သုံးဦးက ကျန်းယဲ့တို့ကို မြင်သောအခါ အားရပါးရ လက်လှမ်းပြလိုက်ကြ၏။
"အကိုကျန်း..."
ကျောက်ကောင်းက တိုးတိုးလေး သတိပေးလိုက်၏။ "သခင်လေးတို့... စားပွဲသောက်ပွဲ စတော့မယ်။ ကျေးဇူးပြုပြီး နေရာယူပေးကြပါ.."
ထို့ကြောင့် ချောင်ဝမ်ပေါ်လည်း ဆက်လက် ရပ်ကာ စကားပြောမည့် အစီအစဉ်ကို လက်လျှော့လိုက်ရသည်။
ကျန်းယဲ့နှင့် သူ၏ အဖော်ခုနစ်ဦးကို ဘယ်ဘက်ထိုင်ခုံများဆီသို့ ခေါ်ဆောင်သွားပြီး ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်လေးဦးကိုတော့ ညာဘက်ထိုင်ခုံများတွင် နေရာချပေးလိုက်ကြသည်။ သူတို့က ဧကရာဇ်နှင့် အနီးကပ်ဆုံးဖြစ်သော မျက်နှာချင်းဆိုင် နေရာများတွင် ထိုင်လိုက်ကြလေသည်။
ဤခမ်းနားသော နေရာချထားမှုကို မြင်သောအခါ အရာရှိများအားလုံး မျက်နှာပျက်သွားကြရသည်။
၎င်းမှာ မင်းသားများ၏ နေရာဖြစ်ပြီး တော်ဝင်မိသားစုဝင်များနှင့် အရေးကြီးသော အရာရှိများသာ ထိုနေရာသို့ ချဉ်းကပ်ခွင့် ရှိ၏။
ယခုအခါ ထိုနေရာကို ပင်လယ်ရပ်ခြား မှော်ဆရာများ ဟု သံသယရှိရသူများက နေရာယူထားသည်ဆိုသည့် အချက်က သူတို့ကို အံ့အားသင့်သွားစေပေသည်။
မင်းသား ဖူဆုအပါအဝင် နေရာယူရန် ပြင်နေကြသော မင်းသားများမှာ သူတို့၏ နေရာများကို အခြားသူများက ယူထားသည်ကို မြင်သောအခါ ကြက်သေ သေသွားကြလေသည်။
ဖူဆု၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု လက်ဖြာသွားသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
နောက်ခဏ၌ နန်းတွင်းအစေခံတစ်ဦး ရှေ့သို့ထွက်လာပြီး မင်းသား ဖူဆုနှင့် အခြားသူများကို အခြားနေရာတစ်ခုသို့ ခေါ်ဆောင်သွားချေသည်။
ဟူဟိုင်က မျက်မှောင်ကြုတ်လိုက်သော်လည်း ဖူဆုက ဘာမှ ကန့်ကွက်မှု မလုပ်သည်ကို မြင်သောအခါ သူလည်း သည်းခံလိုက်ပြီး နန်းတွင်းအစေခံများနောက်သို့ လိုက်ကာ အခြားနေရာများသို့ ပြောင်းရွှေ့လိုက်၏။
ထို့ကြောင့် အခြားမင်းသားများမှာ အံ့အားသင့်သွားသော်လည်း တိတ်ဆိတ်စွာ နေလိုက်ကြသည်။
ဤအရာကို မြင်သောအခါ အရာရှိအားလုံးက ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြပြီး ဤလူများက ဘယ်ကလာသနည်း၊ ဧကရာဇ်မင်းမြတ်က သူတို့ကို ဤမျှကောင်းမွန်စွာ ဆက်ဆံရလောက်အောင် သူတို့တွင် ဘယ်လို စွမ်းရည်တွေ ရှိသနည်းဟု တွေးတောနေခဲ့ကြသည်။
နောက်ခဏ၌ ကြည်လင်ပြတ်သားသော သံစုံခေါင်းလောင်းသံနှင့်အတူ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားချေသည်။
"အရှင်မင်းကြီး ကြွလာပါပြီ..."
မိန်းမစိုးများ၏ စူးရှသော အသံဖြင့် ကြေညာချက်များအကြားတွင် အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းပုတီးဆိုင်း ဆယ့်နှစ်ခု ပါသော သရဖူကို ဆောင်းထားသည့် ရင်းကျန့်သည် နောက်ဘက်ခန်းမမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။
သရဖူဆွဲကြိုးများပေါ်ရှိ ကျောက်စိမ်းပုတီးလုံးလေးများက အနည်းငယ် ယိမ်းနွဲ့နေပြီး ဖယောင်းတိုင်မီးရောင်အောက်တွင် နွေးထွေးသော အလင်းရောင်များ တောက်ပနေခဲ့သည်။
"အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ ရိုသေစွာ ကြိုဆိုပါတယ်"
ခန်းမထဲရှိ နန်းတွင်းအမတ်များနှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံး ပြိုင်တူ ဒူးထောက်ကာ ဦးညွတ်လိုက်ကြ၏။
ကျန်းယဲ့နှင့် သူ၏အဖွဲ့လည်း လူအုပ်ကြီးနှင့်အတူ ဒူးထောက်လိုက်ကြသည်။
ရင်းကျန့်သည် ပလ္လင်ရှေ့တွင် ရပ်လိုက်ပြီး သူ၏ အကြည့်များက ဘယ်နှင့်ညာတွင် ထိုင်နေကြသော ဧကရာဇ်၏ မြေးတော်များအပေါ်သို့ ဝေ့ဝဲသွားကာ သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာချေသည်။ "အားလုံးပဲ ထကြပါ..."
လူတိုင်း နေရာယူပြီးနောက် ရင်းကျန့်က စားပွဲပေါ်ရှိ ရွှေဖလားကို ညင်သာစွာ ပွတ်သပ်လိုက်၏။ "ဒီနေ့ စားပွဲသောက်ပွဲက ငါကိုယ်တော့်ရဲ့ မိတ်ဆွေငယ်ကျန်းယဲ့နဲ့ သူ့ရဲ့အဖွဲ့ကို ကြိုဆိုဖို့ အထူးပြင်ဆင်ထားတာဖြစ်တယ်..."
အရာရှိများက နောက်ဆက်တွဲ ပြောမည့်စကားကို စောင့်နေကြသော်လည်း အရှင်မင်းကြီးက ရုတ်တရက် ရပ်တန့်လိုက်ပြီး ကျန်းယဲ့နှင့် သူ၏အဖွဲ့ မည်သူမည်ဝါဖြစ်ကြောင်း သူတို့ကို ဘာမှ မပြောပြပေ။ ဤသည်က အရာရှိများ၏ စူးစမ်းလိုစိတ်ကို ပိုမို ကြီးထွားလာစေခဲ့သည်။
ရင်းကျန့် စကားပြောရန် မလိုဘဲ ကျောက်ကောင်းက လက်ခုပ်တီးလိုက်၏။
တစ်ပြိုက်နက် နန်းတွင်း အစေခံတစ်တန်းက ရွှေရောင်ချယ်ထားသော အစားအသောက်သေတ္တာများကို ခန်းမထဲသို့ သယ်ဆောင်လာခဲ့ကြသည်။ သေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အရင်က တစ်ခါမှ မရဖူးသော ကြွယ်ဝလှသည့် ရနံ့များက ခန်းမတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားချေသည်။
အရင်က အရသာပေါ့ပျက်ပျက် ဖြစ်နေသော အကင်တုံးများမှာ ယခုအခါ ဆွဲဆောင်မှုရှိသော ရွှေရောင်အဆင်းဖြင့် တောက်ပနေပြီး ၎င်းတို့၏ မျက်နှာပြင်ပေါ်တွင် ဟင်းခတ်အမွှေးအကြိုင်များကို ညီညာစွာ သုတ်လိမ်းထားချေသည်။
ဖယောင်းတိုင်မီးရောင်အောက်တွင် အဆီများက တရှဲရှဲမြည်နေပြီး ဇီရာ၊ ငရုတ်ကောင်းနှင့် ပျားရည်တို့ ပေါင်းစပ်ထားသော အံ့ဩဖွယ် စပ်ရှားရှား ရနံ့တစ်ခုကို ထုတ်လွှတ်နေ၏။
"ဒါက…" လီစစ်သည် သူ့ရှေ့မှ ရွှေအိုရောင် အကင်ကို စိုက်ကြည့်နေပြီး သူ၏ လည်စေ့က အလိုအလျောက် နိမ့်ချည်မြင့်ချည် ဖြစ်သွားရသည်။
ရနံ့က သူ၏ နှာခေါင်းထဲသို့ အတင်း ဝင်ရောက်လာရာ သူ၏ အစာအိမ်ထဲတွင် တဂွီဂွီ မြည်သံလေး ထွက်ပေါ်လာစေလေသည်။