အခန်း (၄၇) ကြေးဝါဓားလက်ဆောင်
“ငါလည်း သိချင်တယ်” ကန်ချန်က တီးတိုးရေရွတ်လိုက်၏။
လူတိုင်း အံ့အားသင့်နေဆဲအချိန်မှာပင် ရင်းကျန့်က အမိန့်တစ်ခု ချမှတ်လိုက်လေသည်။ “ဒီည နောင်လာမယ့်မျိုးဆက်တွေကို ဂုဏ်ပြုဖို့ စားပွဲသောက်ပွဲ တစ်ခု ပြင်ဆင်ကြ... ပေါ့ဆမှုတစ်ခုခုရှိခဲ့ရင် မင်းတို့ တာဝန်ယူရမယ်...”
ကျောက်ကောင်းက ကျန်းယဲ့၏ မျက်နှာအမူအရာကို အကဲခတ်လိုက်ပြီး ကမန်းကတန်း ဦးညွတ်ကာ ပြောလိုက်လေသည်။ “အရှင်မင်းကြီး... ကျွန်တော်မျိုး အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်။ ကျွန်တော်တို့ရဲ့ မဟာချင်မင်းဆက်က ရှောင် နဲ့ ဝူ တေးဂီတတွေကို ဂုဏ်သရေရှိ ဧည့်သည်တော်တွေ အပြည့်အဝ ခံစားနိုင်အောင် လုပ်ဆောင်သွားပါ့မယ်”
ခန်းမအပြင်ဘက်တွင် ရပ်နေသော ဆယ်ယောက်အဖွဲ့မှာ သူတို့အတွက် စားပွဲသောက်ပွဲ ကျင်းပပေးမည်ဟု ကြားလိုက်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြချေသည်။
သူတို့သည် နောက်ထပ် တစ်ည ထပ်နေရမည်ဖြစ်ပြီး မနက်ဖြန် နံနက် ၉ နာရီခွဲတွင် ခေတ်သစ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
ကျန်းယဲ့က အစ်ကိုကျန့်ကို ပြောလိုက်၏။ “အရှင်မင်းကြီး... ကျွန်တော် သူတို့ကို ရှန်းယန်မြို့ထဲ အရင် လိုက်ပြလိုက်ပါဦးမယ်...”
ရင်းကျန့် က ခေါင်းညိတ်လိုက်သည်။ “မုန့်ရီ.. သူတို့ကို သေချာ လိုက်ပို့ပေးလိုက်”
မုန့်ရီက ဦးညွတ်ကာ အမိန့်ခံယူလိုက်လေသည်။
ချောင်ဝမ်ပေါ်က သူ၏ သူငယ်ချင်းဖြစ်သူ၏ အင်္ကျီလက်ကို ဆွဲလိုက်၏။ “နည်းနည်းလောက် ကြွားချင်သေးလား...”
သူတို့ ယူလာခဲ့သည့် အရာများက သူတို့ကို ထင်ပေါ်စေပြီး ပထမဧကရာဇ်ကြီးကို သဘောကျစေလိမ့်မည်ဟု နဂိုက ထင်ထားခဲ့သော်လည်း တကယ်တမ်း သူတို့ ယူလာခဲ့သည်များမှာ သနားစရာကောင်းလောက်အောင် အသုံးမဝင်ဖြစ်နေပြီး အခွင့်အရေးကို ဖြုန်းတီးပစ်လိုက်သလို ဖြစ်သွားကြောင်း သူတို့ တွေ့ရှိခဲ့ရသည်။
ယင်းကို ကြားသောအခါ ကျန်သုံးယောက်က အသံကို နှိမ့်လိုက်ကြလေသည်။
“မင်းမှာ ဘာအကြံရှိလို့လဲ” ကန်ချန် က မေးလိုက်၏။
ချောင်ဝမ်ပေါ် က တခြားသူတွေ ကြားသွားမည်ကို စိုးရိမ်သဖြင့် သူတို့သုံးယောက်ကို ဘေးသို့ ဆွဲခေါ်သွားလိုက်ကာ...
“ရှောင်ခိုင်က ငါတို့ကို ဟင်းခတ်အမွှေးအကြိုင်တွေ ယူလာဖို့ မှာလိုက်တာ မင်းတို့ မေ့နေကြပြီလား။ ကျူလုံက ဒီည ငါတို့အတွက် စားပွဲသောက်ပွဲ လုပ်ပေးတော့မယ်။ ချင်မင်းဆက်က ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ထားတဲ့ အစားအစာတွေကို ငါတို့ သေချာပေါက် စားတတ်မှာ မဟုတ်ဘူး။ ပြီးရင် ခေါက်ဆွဲခြောက်တွေချည်းပဲ ထိုင်စားနေလို့မှ မရတာ.. ဟုတ်တယ်မလား”
ခေါက်ဆွဲခြောက်က စားလို့ကောင်းပေမဲ့ အကြိမ်ရေ အနည်းငယ် ဆက်တိုက်စားလိုက်တာနဲ့ သူတို့ အီသွားကြလိမ့်မည်။
အဲဒီအရာက တစ်ထုပ်လောက်ဆို လုံလောက်ချေပြီ။ အရမ်းစားလွန်းရင် အစာအိမ်အတွက် အရမ်းဆိုးရွားလှသည်။
“နန်းတွင်း မီးဖိုချောင်ကို သွားပြီး အဲဒီက စားဖိုမှူးတွေကို ဘယ်လို ချက်ပြုတ်ရမလဲဆိုတာ သင်ပေးကြရအောင်။ ဧကရာဇ်ကြီးနဲ့ ချင်မင်းဆက်က ပညာရှိတွေကို ငါတို့ သဘောကျသွားအောင် လုပ်ပြရင် ဘယ်လိုလဲ...”
သူတို့က ထမင်းဟင်း မချက်ဖူးသလို ဝက်ကိုလည်း မသတ်ဖူးကြသော်လည်း ဝက်တွေ ပြေးနေတာကိုတော့ အနည်းဆုံး မြင်ဖူးကြလေသည်။
(NT- ထမင်းဟင်းမချက်တတ်ပေမဲ့ ချက်တာတော့ မြင်ဖူးခြင်းကို ဆိုလိုတာပါ)
“ခိုင်က ငါတို့ကို ဆားချက်တဲ့ စာအုပ်လေးတစ်အုပ် ပေးလိုက်တာ ငါ မှတ်မိသေးတယ်” ကန်ချန်၏ မျက်လုံးများ အရောင်လက်သွားချေသည်။
ချောင်ဝမ်ပေါ်က အပြစ်ရှိသလို ခံစားရကာ ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်သည်။
ဝူကျဲက ကန်ချန်၏ ပခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်၏။ “အဲဒီအကြောင်း တွေးတောင် မတွေးနဲ့တော့။ အကိုချောင် က အဲဒီဟာက နေရာယူလွန်းတယ်ဆိုပြီး လွှင့်ပစ်ခဲ့လိုက်ပြီ....”
ဖုန်းယီမင်က မီးလောင်ရာ လေပင့်လိုက်ချေသည်။ “အဲဒီဟာသာ ရှိနေရင် အကိုချောင် ငြိမ်နေမယ်လို့ မင်း ထင်လို့လား။ သူ ဘာမှမပြောရင်တောင် ဘာဖြစ်နေလဲဆိုတာ မင်း နားမလည်ဘူးလား”
ကန်ချန်က ချောင်ဝမ်ပေါ်ကို ကြည့်လိုက်ရာ သူ၏ ညီအစ်ကိုကောင်း မျက်နှာပေါ်မှ အပြစ်ရှိသလို အမူအရာကို မြင်လိုက်ရသည်။ သူ အရမ်းဒေါသထွက်သွားသော်လည်း အပြစ်တင်စကား မဆိုရက်ချေ။
အဘယ်ကြောင့်ဆိုသော် သူလည်း ထိုနည်းတူ လုပ်ခဲ့ဖူးသောကြောင့်ပင်။
သူတို့နှစ်ယောက်စလုံးက အတူတူပဲ ဆိုးကြပြီး တစ်ယောက်ကိုတစ်ယောက် ဝေဖန်၍ မရနိုင်ချေ။
ချောင်ဝမ်ပေါ် က အသာအယာ ချောင်းဟန့်လိုက်၏။ “ဒါဆို ဒီအကြံက ကောင်းလား... ဆိုးလား။ မင်းတို့ ဘယ်လိုထင်လဲ”
ဝူကျဲ က သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။ “အဲဒါ အကြံကောင်းပဲ...”
“ငါလည်း သဘောတူတယ်” ကန်ချန်က ခေါင်းညိတ် ထောက်ခံလိုက်သည်။
“အိုး... နှမြောစရာပဲ။ ငါတို့ အချိုမှုန့်နဲ့ ဆားနုလုပ်တဲ့ နည်းလမ်းတွေကို ယူမလာခဲ့ရဘူး” ဖုန်းယီမင်က နောင်တရနေသည့် အမူအရာဖြင့် ပြောလိုက်လေသည်။
အဝေးတွင် မတ်တတ်ရပ်ကာ တီးတိုးစကားပြောနေကြသော ထိုလေးယောက်ကို ကျန်းယဲ့ သတိထားမိသွားပြီး လှမ်းခေါ်လိုက်၏။ “မင်းတို့ လေးယောက် ဒီကိုလာခဲ့... ငါတို့ ခဏနေ ရှန်းယန်မြို့ထဲ လည်ကြမလို့..”
ချောင်ဝမ်ပေါ် နှင့် အခြားသုံးဦးက အသံကြားသည်နှင့် လျှောက်လာကြပြီး ပြုံးကာ ပြောလိုက်ကြချေသည်။ “အကိုကျန်း... ကျွန်တော်တို့ လေးယောက် လုပ်စရာလေးတွေ ရှိသေးလို့ မလိုက်တော့ဘူး။ ဦးလေးကျန်းတို့ကိုပဲ ခေါ်သွားပြီး ပျော်ပျော်ပါးပါး လည်ကြပါ...”
ကျန်းယဲ့က သူတို့လေးယောက်ကို သံသယဖြင့် ကြည့်လိုက်၏။ “မင်းတို့ လေးယောက် ဘာတွေကြံနေကြတာလဲ...”
“ဘာမှမကြံပါဘူး”
“အမှန်တိုင်း မပြောရင် မင်းတို့ကို ငါ သွားခွင့်ပြုမှာ မဟုတ်ဘူး...”
ဒီ အလိုလိုက်ခံထားရတဲ့ ကလေးတွေ ပြဿနာတစ်ခုခု သွားမရှာဖို့ အရေးကြီးပေသည်။
အစ်ကိုကျန့်က သူ့ကို အပြစ်တင်မည်ကို စိုရိမ်ခြင်းမဟုတ်ပဲ ထိုကလေးများ တစ်ခုခု အန္တရာယ်ကြုံရမည်ကိုသာ စိုးရိမ်နေခြင်းပင်။
ချောင်ဝမ်ပေါ်က ကျန်းဟွိုင်မင် နှင့် သူ၏ ခြောက်ယောက်အဖွဲ့ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ပြီးနောက် ကျန်းယဲ့အနားသို့ လျှောက်သွားကာ နားနားကပ်၍ တီးတိုးပြောလိုက်၏။ “ကျွန်တော်တို့လည်း ပထမဧကရာဇ်ကြီးနဲ့ ချင်မင်းဆက်က အရာရှိတွေအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ ဆားနဲ့ အချိုမှုန့်တွေ ယူလာတယ်...”
သူက အစီအစဉ်ကို ရိုးသားစွာ ရှင်းပြလိုက်ရာ ကျန်းယဲ့ လည်း ရုတ်တရက် သဘောပေါက်သွားလေသည်။ ထို့နောက် ခေတ္တမျှ စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီလေ...”
ကျန်းယဲ့ သဘောတူလိုက်သည်ကို မြင်သောအခါ သူတို့လေးယောက်မှာ ဝမ်းသာအားရ ဖြစ်သွားကြရသည်။
ကျန်းယဲ့က ကျောက်ကောင်း အနားသို့ လျှောက်သွားပြီး ပြောလိုက်သည်။ “သခင်ကြီးကျောက်... ခင်ဗျားကို အကူအညီတောင်းစရာလေး တစ်ခုရှိတယ်”
ကျောက်ကောင်း၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးများ ပြည့်နှက်နေလေသည်။ “အို သခင်လေး... အားနာစရာ မလိုပါဘူး။ ဘာလိုချင်လဲဆိုတာသာ ပြောပါ”
ချောင်ဝမ်ပေါ် နှင့် အခြားသုံးဦးက ပညာရှိများနှင့် အရာရှိများကို ပေးချင်သော လက်ဆောင်များအကြောင်း ကျန်းယဲ့ ရှင်းပြပြီးနောက် သူက ဆက်ပြောလေသည်။
“ဒီကိစ္စအတွက် သခင်ကြီးကျောက်ကို အလုပ်ရှုပ်ခံစေရပါလိမ့်မယ်။ ကျေးဇူးပြုပြီး သူတို့လေးယောက်ကို နန်းတွင်း မီးဖိုချောင်ဆီ ခေါ်သွားပေးပါ။ တစ်ယောက်ယောက်ကို သူတို့ကို စောင့်ကြည့်ခိုင်းထားပြီး ဘာအန္တရာယ်မှ မဖြစ်အောင် ဂရုစိုက်ပေးပါဦး”
“ဒါက ကိစ္စသေးသေးလေးပါ။ စိတ်ချပါ သခင်လေး... သူတို့ကို ဘယ်သူမှ အနိုင်ကျင့်ခွင့် ပေးမှာမဟုတ်ပါဘူး” ကျောက်ကောင်း က ပြုံးကာ ပြန်ဖြေလိုက်၏။
“ဒါဆိုရင် သခင်ကြီးကျောက်ကိုပဲ ဒုက္ခပေးရတော့မယ်..”
ကျန်းယဲ့သည် ကျောက်ကောင်း နှင့် စကားပြောပြီးနောက် ချောင်ဝမ်ပေါ် နှင့် အခြားသုံးဦးကို နောက်ထပ် မှာကြားစရာ အနည်းငယ် မှာကြားရန် လှည့်လာခဲ့လေသည်။
သူတို့ နားထောင်နေသည်ကို မြင်သောအခါ သူ စိတ်အေးသွားပြီး သူတို့ကို ကျောက်ကောင်း လက်ထဲသို့ အပ်နှံလိုက်သည်။
မထွက်ခွာမီ သူက ထပ်မံ သတိပေးလိုက်သေးချေသည်။
“မင်းတို့ လေးယောက်... ဒါကို မှတ်ထား။ ဘာပြောသင့်တယ်... ဘာမပြောသင့်ဘူးဆိုတာကိုပေါ့”
ကန်ချန်က လက်ကို ဝှေ့ယမ်းပြလိုက်၏။ “အကိုကျန်း... ကျွန်တော်တို့ အားလုံး မှတ်ထားပါတယ်”
ဝူကျဲက ဝင်ပြောလေသည်။ “အကိုကျန်း... မပူပါနဲ့။ ကျွန်တော်တို့ တုံးအမနေပါဘူး”
ဖုန်းယီမင်က သူ၏ နဖူးကို လက်ညှိုးထိုးပြလိုက်လေသည်။ “ကျွန်တော် အကုန်မှတ်မိပါတယ်... ကျွန်တော် မမေ့နိုင်ပါဘူး”
ကျန်းယဲ့က ကောင်လေးလေးယောက်ကို ဉာဏ်ရည်မမီသော ကလေးလေးယောက်လို မှာကြားနေသည်ကို မြင်သောအခါ ကျိုးရှင်းဖူက ပြုံးကာ ပြောလိုက်၏။ “ရှောင်ယဲ့... သူတို့အတွက် မင်း စိတ်ပူစရာ မလိုပါဘူး။ သူတို့က လူကြီးတွေဖြစ်နေပြီပဲ... ကိုယ့်နေရာကိုယ် သိကြပါတယ်”
ကျန်းယဲ့က ဘာမှဆက်မပြောတော့ဘဲ မုန့်ရီ အနားသို့ လျှောက်သွားလိုက်လေသည်။ “သခင်ကြီးမုန့်... နောက်တစ်ဆင့်အတွက် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်”
“ရပါတယ်”
ကျန်းယဲ့ နှင့် သူ၏ ခုနစ်ယောက်အဖွဲ့ဟာ မုန့်ရီ နောက်သို့လိုက်ကာ ရှန်းယန် နန်းတော်ထဲမှ ထွက်လာခဲ့ကြသည်။
ယခုအချိန်တွင် ကျန်းယဲ့က အချိန်ပြည့် ဧည့်လမ်းညွှန်တစ်ဦးဖြစ်နေပြီး မုန့်ရီကတော့ ဒေသခံဧည့်လမ်းညွှန်တစ်ဦးအဖြစ် ပြောင်းလဲသွားကာ သူတို့ကို ရှန်းယန် မြို့၏ ရှုခင်းသာ ဧရိယာများဆီသို့ ဦးဆောင် ခေါ်သွားလေသည်။
မုန့်ရီက လူခုနစ်ဦးကို ရှန်းယန်မြို့၏ စည်ကားလှသော လမ်းမများတစ်လျှောက် ခေါ်ဆောင်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ လမ်းများနှင့် ဒေသထွက် အထူးအစားအစာများကို တစ်ခါတစ်ရံ မိတ်ဆက်ပေးကာ ချင်မင်းဆက်၏ သရေစာများကို မြည်းစမ်းခွင့်ရရန် တစ်ခါတစ်ရံ ရပ်တန့်ပေးခဲ့သည်။
လက်ရှိအချိန်လောက် ခေတ်မမီသော်လည်း ရင်ထဲတွင် ထူးခြားသော ခံစားမှုတစ်ခုကိုတော့ ဖြစ်ပေါ်စေဆဲပင်။
လမ်းထောင့်အနည်းငယ်ကို ကွေ့ပတ်သွားပြီးနောက် လက်နက်တိုက်တစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ကြေးဝါလက်နက်အမျိုးမျိုးကို ချိတ်ဆွဲထားပြီး ဝင်စနေဝန်း၏ ရောင်ခြည်အောက်တွင် ရှေးဟောင်းအလင်းရောင်များဖြင့် တလက်လက် တောက်ပနေချေသည်။
“သိပ်ကောင်းတဲ့ ဓားပဲ...” ကျိုးရှင်းဖူက သုံးပေခန့် ရှည်လျားပြီး သေးသွယ်သော ဓားသွားနှင့် အေးစက်စူးရှသော အလင်းရောင်များ တောက်ပနေသည့် ဓားတစ်လက်ကို ချက်ချင်းပင် သဘောကျသွားခဲ့သည်။
သူက ဓားကျောပေါ်ရှိ တိမ်တိုက်ပုံစံ အလှဆင်ထားမှုများကို သိသိသာသာ ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်လိုက်ပြီးနောက် ဆိုင်ရှင်ကို ကြည့်ကာ မေးလိုက်၏။ “ဒီဓားက ဘယ်လောက်လဲ”
သူတို့နှင့်အတူ လိုက်ပါလာသော မုန့်ရီကို မြင်သောအခါ ဆိုင်ရှင်မှာ ဈေးတင်မပြောရဲဘဲ တရားမျှတသော ဈေးနှုန်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။
ကျိုးရှင်းဖူက အလိုအလျောက် သူ၏ ကတ်ကို ပွတ်ရန် ပြင်လိုက်သော်လည်း လမ်းတစ်ဝက်တွင် အနေရခက်စွာ ရပ်တန့်သွားချေသည်။
“သခင်ကြီးမုန့်... ကျွန်တော်တို့က ချင်ငွေကြေးတွေ ယူမလာခဲ့ဘူး။ ခင်ဗျား ကျွန်တော်တို့ကို ငွေနည်းနည်းလောက် အရင် ချေးပေးလို့ ရမလား။ နောက်မှ ရှောင်ယဲ့ကို ပြန်ဆပ်ခိုင်းလိုက်ပါ့မယ်...”
ကျိုးရှင်းဖူ စကားမဆုံးမီမှာပင် မုန့်ရီက အားရပါးရ ရယ်မောလိုက်ပြီး သူ၏ ခါးမှ လေးလံသော သားရေအိတ်တစ်လုံးကို ဖြုတ်ယူလိုက်လေသည်။ “မင်းတို့က အဝေးကြီးကနေ လာကြတာဆိုတော့ ငါ မုန့်ရီ အနေနဲ့ အိမ်ရှင်ကောင်းပီသအောင် အကောင်းဆုံး ဧည့်ခံသင့်တာပေါ့..”
ပြောရင်းဆိုရင်းဖြင့် သူက ရွှေတုံးတစ်ဆုပ်ကို လောင်းချလိုက်ရာ စားပွဲပေါ်သို့ ကျဆင်းသွားပြီး ချွင်ချွင်မြည်သံများ ထွက်ပေါ်လာချေသည်။
လင်ရူက ရွှေတုံးများကို အံ့အားသင့်စွာ ကြည့်လိုက်၏။ “ဒါက တန်ဖိုးကြီးလွန်းပါတယ်..”
“ရပါတယ်” မုန့်ရီ က လက်ကို ဝှေ့ယမ်းပြလိုက်လေသည်။ “အရှင်မင်းကြီးက မင်းတို့အားလုံးကို သေချာ ဧည့်ခံဖို့ အမိန့်ပေးထားတာ... ကျေးဇူးပြုပြီး ကြိုက်တဲ့ဟာကိုသာ လွတ်လွတ်လပ်လပ် ရွေးချယ်ကြပါ”
ထို့ကြောင့် အဖွဲ့သားများက အဖန်တလဲလဲ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
ကျန်းဟွိုင်မင်က ဓားသွားပေါ်တွင် ငှက်စာလုံး ထွင်းထုထားသည့် ဓားတစ်လက်ကို ဂရုတစိုက် ရွေးချယ်လိုက်သည်။ သူက ဓားသွားကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ပုတ်ကြည့်လိုက်ရာ ကြည်လင်သာယာသော တုန်ခါသံလေး ထွက်ပေါ်လာလေသည်။ “အရမ်းကောင်းမွန်တဲ့ လက်ရာပဲ... ဒါကို ငါ့မွေးရပ်မြေကို ပြန်ယူသွားရင် သေချာပေါက် တန်ဖိုးဖြတ်လို့မရတဲ့ ရတနာတစ်ခု ဖြစ်လာမှာပဲ...”
ကျန်းယီကျွင်း နှင့် လီချင်းယီတို့က ဓားတိုတစ်လက်စီ ရွေးချယ်ခဲ့ကြပြီး ကျောက်ဟုန်ကတော့ ရှေးဟောင်းဒီဇိုင်းဖြင့် အလှဆင်ထားသော အခမ်းအနားသုံး ဓားတစ်လက်ကို ရွေးချယ်ခဲ့ပေသည်။
လူတိုင်းက မိမိတို့ ရွေးချယ်ထားသည်ကို သဘောကျနေကြစဉ် မုန့်ရီက ရုတ်တရက် ကျန်းယဲ့ကို ကြည့်ကာ မေးလိုက်၏။ “မိတ်ဆွေငယ်ကျန်း... မင်း ဘာလို့ တစ်လက်လောက် မရွေးတာလဲ”
ဆိုင်အပြင်ဘက်တွင် ရပ်ကာ လမ်းမပေါ်မှ မြင်ကွင်းကို ကြည့်နေသော ကျန်းယဲ့မှာ ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားရသည်။
ထို့နောက် သူက ဆိုင်ထဲသို့ လျှောက်ဝင်လာပြီး ခင်းကျင်းပြသထားသော လက်နက်များကို အကြည့်ဝေ့ဝဲလိုက်ရာ နောက်ဆုံးတွင် သာမန်ဟုထင်ရသော ကြေးဝါဓားတစ်လက်ပေါ်တွင် အကြည့်ရပ်တန့်သွားလေသည်။
ထိုဓားတွင် အလှဆင်ထားမှုများ မရှိသော်လည်း ဓားသွားက အေးစက်စူးရှသော အလင်းရောင်များဖြင့် တလက်လက် တောက်ပနေခဲ့သည်။
“ဒါပဲ...” ကျန်းယဲ့က ဓားကို ညင်သာစွာ ကောက်ကိုင်လိုက်ပြီး လက်ကောက်ဝတ်ကို လှည့်လိုက်ရာ ဓားသွားထိပ်က လေထဲတွင် လှပသော စက်ဝန်းခြမ်းပုံစံလေး ရေးဆွဲသွားလေသည်။
မုန့်ရီ၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု လက်ဖြာသွား၏။ “သခင်လေးကျန်းက မျက်စိရှင်တာပဲ။ ဒီဓားက အလှမဆင်ထားပေမဲ့ အကောင်းဆုံး သံဖြူကြေးဝါစပ် အလွိုင်းနဲ့ သွန်းလုပ်ထားတာဖြစ်ပြီး ဒီဆိုင်ရဲ့ အဖိုးတန်ဆုံး ပစ္စည်းပဲ”
ဆိုင်ရှင်က အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။ “ဒီ ဖောက်သည်က ရွေးတတ်တာပဲ.. ဒီဓားကို ကျွန်တော့်ရဲ့ ဘိုးဘေးတွေက ရှေးဟောင်း ရှန်း နဲ့ ကျိုး မင်းဆက်တွေရဲ့ နည်းပညာတွေကို အသုံးပြုပြီး သွန်းလုပ်ခဲ့တာပါ”
နေဝင်သွားသောအခါ လူခုနစ်ဦး ဆိုင်ထဲမှ ထွက်လာကြပြီး တစ်ယောက်စီတိုင်းတွင် အသစ်ရရှိထားသော ကြေးဝါဓား တစ်လက်စီကို ကိုင်ဆောင်ထားကြလေသည်။ ဓားအိမ်များက သူတို့၏ ခါးပတ်များနှင့် ထိခတ်ကာ တောက်တောက်ဆိုသည့် အသံလေးများ ထွက်ပေါ်နေခဲ့သည်။
ဝမ်းသာပျော်ရွှင်နေကြသော ဤနောင်လာမည့် မျိုးဆက်များအဖွဲ့ကို ကြည့်ရင်း မုန့်ရီမှာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ရလေသည်။