အခန်း (၄၅) မင်းဆက်များ
ရင်းကျန့်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲခြင်းမရှိဘဲ သူ၏အသံမှာ တည်ငြိမ်နေခဲ့သည်။ “အသေးစိတ် ရှင်းပြ...”
“မင်းသားကျန်းလု အပါအဝင် မင်းသားဆယ့်နှစ်ပါးကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တုယိုမှာ ကွပ်မျက်ခဲ့ပါတယ်။ မင်းသမီးဆယ်ပါးကိုလည်း ရှန်းယန်လမ်းမတွေပေါ်မှာ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ပါတယ်” ကျန်းယဲ့သည် သူ၏ လေသံကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း တုံ့ဆိုင်းသွားသည့် အရိပ်အယောင်တစ်ခုကို ကြားနေရဆဲ ဖြစ်သည်။
“အငယ်ဆုံး မင်းသားကောင်းဟာ သူ့ရဲ့ မိသားစုကို ကာကွယ်ဖို့အတွက် အရှင်မင်းကြီးနဲ့အတူ အရှင်လတ်လတ် အမြှုပ်ခံဖို့ ကိုယ်တိုင် တောင်းဆိုခဲ့ပါတယ်...”
သမိုင်းရဲ့ ဒီအပိုင်းကို ဖတ်ရတိုင်း ဒီမင်းသားနဲ့ မင်းသမီးတွေအတွက် သက်ပြင်းမချဘဲနဲ့ စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။
“ငါ့ရဲ့ သွေးသားရင်းချာတွေတောင်... တကယ်ပဲ...” ရင်းကျန့် ၏ ခံစားချက်များမှာ လှိုင်းထန်နေချေသည်။
ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုတစ်ခုက ခန်းမကြီးကို ဖုံးလွှမ်းသွားပြီး ရင်းကျန့်၏ ပြင်းထန်သော အသက်ရှူသံများသာ လေထုထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
“သမိုင်းက အခုတော့ ပြောင်းလဲသွားပါပြီ” ကျန်းယဲ့ က တည်ငြိမ်စွာ ပြောလိုက်၏။ “ကျွန်တော်တို့ ရှန်းယန်နန်းတော်ထဲကို ခြေချလိုက်တဲ့ အချိန်ကစပြီး အနာဂတ်ဟာ အရင်လို မဟုတ်တော့ပါဘူး။ ယခု အရှင်မင်းကြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းက သမိုင်းသစ်ကို ဖန်တီးပေးပါလိမ့်မယ်...”
“ကျန်းယဲ့... မင်းပြောတာက... ငါသာ ဒီအရာတွေကို လွန်ခဲ့တဲ့ ဆယ်နှစ်စောပြီး သိခဲ့မယ်ဆိုရင်...”
“သမိုင်းမှာ အကယ်၍ဆိုတာ မရှိပါဘူး...” ကျန်းယဲ့က တိုးတိုးလေး ပြောလိုက်၏။ “ဒါပေမဲ့ အနာဂတ်က အရှင်မင်းကြီးရဲ့ လက်ထဲမှာ ရှိနေပါတယ်....”
ရင်းကျန့်သည် လှည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူ၏ မျက်လုံးများထဲတွင်သာ အေးစက်သော အလင်းရောင်တစ်ခု လက်ဖြာနေခဲ့သည်။
ကျန်းယဲ့သည် သူသိသော သမိုင်းကြောင်းများကိုသာ ရင်းကျန့်အား ပြောပြခဲ့ခြင်း ဖြစ်၏။ ရင်းကျန့်အနေဖြင့် ထိုလူများကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်မှာ သူ စိုးရိမ်ပူပန်ရမည့် ကိစ္စမဟုတ်ချေ။
သူသည် သာမန် ခေတ်သစ်နိုင်ငံသားတစ်ယောက်သာ ဖြစ်ရာ နိုင်ငံရေးအခြေအနေကို နားလည်ခြင်းနှင့် နန်းတွင်းအမတ်များကြား ဟန်ချက်ညီအောင် ထိန်းသိမ်းခြင်းတို့နှင့် ပတ်သက်လာလျှင် ခေတ်အဆက်ဆက်ကို အုပ်စိုးခဲ့သော ဧကရာဇ်တစ်ပါးနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
ထို့ကြောင့် အရှက်ကွဲခြင်းမှ ကင်းဝေးစေရန် ကိုယ့်ကိုယ်ကိုယ် လူရွှင်တော်မဖြစ်အောင် ရှောင်ကြဉ်ခြင်းက အကောင်းဆုံးပင်။
ကျန်းယဲ့မှာ ကိုယ့်ကိုယ်ကိုယ် သိမြင်မှု အတော်လေး ရှိပေသည်။
“ကျန်းယဲ့... နောင်လာမယ့်ခေတ်တွေက မင်းဆက်အသီးသီးအကြောင်း ငါ့ကို ပြောပြပါ” ရင်းကျန့် က တိုးတိုးလေး ပြောလိုက်၏။
ကျန်းယဲ့သည် ရင်းကျန့် ၏ တည်ငြိမ်မှုကို ပြန်လည်ရယူနိုင်သည့် စွမ်းရည်ကို အားကျမိချေသည်။ အချိန်တိုအတွင်းမှာပင် သူက တည်ငြိမ်အေးဆေးစွာ နေနိုင်ခဲ့သည်။
ကျူလုံက သိချင်နေမှတော့ ကျန်းယဲ့ကလည်း စကားကို ဝေ့လည်ကြောင်ပတ် မပြောတော့ချေ။
သူက သူ၏ အတွေးများကို အကျဉ်းချုပ် စုစည်းလိုက်ပြီး ဖြည်းညှင်းစွာ စတင်ပြောကြားလေသည်။ “ချင်မင်းဆက်ပြီးတဲ့နောက် ဟန်မင်းဆက်ပေါ်လာပါတယ်။ လျိုပန်းဟာ အနောက်ဟန်မင်းဆက်ကို တည်ထောင်ခဲ့ပြီး ဝမ် နဲ့ ကျင်တို့ရဲ့ အုပ်စိုးမှုလို့ ခေါ်တဲ့ ခေတ်ကာလက ဆက်ခံခဲ့ပါတယ်။ ဟန်ဧကရာဇ်ဝူ လက်ထက်မှာတော့ နိုင်ငံတော်ဟာ အထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး ရှုံးနူတွေကို ဝေးကွာတဲ့ ဒေသအထိ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်..”
ရင်းကျန့်က အနည်းငယ် ခေါင်းညိတ်လိုက်၏။ “ဒီ လျိုပန်းက တကယ်ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ...”
ယင်းကို ကြားသောအခါ ကျန်းယဲ့သည် ဧကရာဇ်ရင်းကျန့် ၏ ကြီးမြတ်သော စိတ်ဓာတ်ကို အားကျသွားပေသည်။
သူသာ ဧကရာဇ်တစ်ပါးဖြစ်ပါက ဤလူက သူ၏ မင်းဆက်ကို ဖြုတ်ချခဲ့ကြောင်း သိလိုက်ရသောအခါ ထိုလူကို အရိုးထဲအထိ မုန်းတီးသွားပေလိမ့်မည်။
တခြားသူကို ချီးကျူးဖို့ဆိုတာတော့ ဝေးသေး။
ဤသည်မှာ သာမန်လူတစ်ယောက်ဖြစ်သည့် သူနှင့် ခေတ်အဆက်ဆက် အမြင့်ဆုံးအာဏာကို ချုပ်ကိုင်ခဲ့သော ဧကရာဇ်တစ်ပါးကြားက ကွာဟချက် ဖြစ်ကောင်းဖြစ်နိုင်ချေသည်။
ကျန်းယဲ့သည် စိတ်ထဲတွင် မြည်တွားနေသော်လည်း ဆက်ပြေလိုက်သည်။
“အနောက်ဟန်မင်းဆက်ရဲ့ အဆုံးပိုင်းမှာတော့ ဝမ်မန် က ထီးနန်းကို လုယူခဲ့ပြီး တစ်ပြည်လုံး ကသောင်းကနင်း ဖြစ်ခဲ့ပါတယ်။ ဧကရာဇ်ကွမ်ဝူ ဖြစ်တဲ့ လျိုရှို့က အရှေ့ဟန်မင်းဆက်ကို တည်ထောင်ခဲ့ပေမဲ့ မိန်းမစိုးတွေနဲ့ မိဖုရားကြီးရဲ့ဆွေမျိုးတွေက အာဏာကို ချုပ်ကိုင်ထားခဲ့ကြလို့ နောက်ဆုံးမှာ သုံးပြည်ထောင်ခေတ်ကို ရောက်ရှိသွားခဲ့ပါတယ်”
“သုံးပြည်ထောင်...” ရင်းကျန့် က မျက်ခုံးပင့်လိုက်၏။
“ဝေ့၊ ရှူ နဲ့ ဝူဆိုတဲ့ မင်းဆက်တွေက နိုင်ငံတော်ကို သုံးပိုင်းခွဲလိုက်ပြီး အဆုံးမရှိ အချင်းချင်း တိုက်ခိုက်ခဲ့ကြပါတယ်” ကျန်းယဲ့က သက်ပြင်းချလိုက်လေသည်။ “အဲဒီနောက်မှာတော့ စမာမိသားစုက ဝေ့ရဲ့ ထီးနန်းကို လုယူပြီး ကျင်မင်းဆက်ကို တည်ထောင်ခဲ့ပေမဲ့ မကြာခင်မှာပဲ လူရိုင်းငါးမျိုး ကျူးကျော်မှုဖြစ်ပွားခဲ့ပါတယ်”
ဤနေရာတွင် ကျန်းယဲ့ ၏ အသံမှာ လေးလံသွားချေသည်။ “အဲဒီနောက်ဆက်တွဲ ဖြစ်ရပ်ကတော့ သမိုင်းမှာ အမှောင်မိုက်ဆုံး ကာလတွေထဲက တစ်ခုပါပဲ။ ဟူ လူမျိုးတွေက တောင်ဘက်ကို ပြောင်းရွှေ့လာကြပြီး ဟန်လူမျိုးတွေကို ခြေနှစ်ချောင်းရှိတဲ့သိုးတွေလို့ ခေါ်ဆိုခဲ့ကြကာ အမျိုးသမီးတွေနဲ့ ကလေးတွေကို စစ်တပ်အတွက် စားနပ်ရိက္ခာအဖြစ် သုံးခဲ့ကြပါတယ်...”
သူ၏ လက်သီးများ အလိုအလျောက် ကျစ်ကျစ်ပါအောင် ဆုပ်သွားရသည်။ “မိုင်တစ်ထောင်အတွင်းမှာ ကြက်တွန်သံတစ်ချက်မှ မကြားရဘဲ လူသေအရိုးတွေက တောရိုင်းတွေထဲမှာ ကျန်နေခဲ့ပါတယ်”
ရင်းကျန့်က မျက်လုံးများကို ကျဉ်းလိုက်ရာ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်ဖြာသွားခေသည်။ “ဒီလူရိုင်းတွေက ဒါမျိုးလုပ်ဖို့ ဘယ်လိုများ ရဲတင်းရတာလဲ”
ကျန်းယဲ့သည် လေးလံစွာ သက်ပြင်းချလိုက်၏။ လူရိုင်းငါးမျိုး ကျူးကျော်မှုသမိုင်းကြောင်းကို ဖတ်ရတိုင်း သူ၏ ရင်ထဲတွင် နာကျင်ရသည်။ ၎င်းက တရုတ်လူမျိုးများအတွက် အမှောင်မိုက်ဆုံး အချိန်ကာလတစ်ခု ဖြစ်သည်မှာ သေချာပေသည်။
“ဆွေဧကရာဇ်ဝမ်ဖြစ်တဲ့ ယန်ကျန်းက နိုင်ငံတော်ကို ပြန်လည်ပေါင်းစည်းတဲ့ အချိန်အထိပါပဲ။ ဒါပေမဲ့ ဆွေ ဧကရာဇ်ယန်ရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုကြောင့် ဆွေမင်းဆက်ဟာ သက်တမ်းတိုတောင်းခဲ့ရပါတယ်။ တကယ်ပဲ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှု ဖြစ်ခဲ့သလားဆိုတာကိုတော့ နောင်လာမယ့် မျိုးဆက်တွေက ငြင်းခုံနေကြတုန်းပါပဲ” ကျန်းယဲ့သည်လည်း ဤသမိုင်းကို ကိုယ်တိုင်မတွေ့ကြုံဖူးသောကြောင့် သေချာမသိချေ။
ကျန်းယဲ့သည် ထိုကိစ္စတွင် ဆက်လက်နစ်မြုပ်မနေတော့ဘဲ ဆက်ပြောလေသည်။ “နောက်ထပ် ပြောပြမယ့် မင်းဆက်ကတော့ တရုတ်ယဉ်ကျေးမှုရဲ့ အထွတ်အထိပ်လို့ ခေါ်ဆိုနိုင်တဲ့ ထန်မင်းဆက်ပါပဲ”
ကျန်းယဲ့က အကြောင်းအရာကို ပြောင်းလိုက်၏။ “ဒါပေမဲ့ အရှင်မင်းကြီး တည်ဆောက်ခဲ့တဲ့ အဖွဲ့အစည်းဆိုင်ရာ အခြေခံအုတ်မြစ်နဲ့တော့ ဘယ်လိုမှ ယှဉ်လို့မရပါဘူး... အရှင်မင်းကြီးက ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ချပေးခဲ့လို့သာ နှစ်ထောင်ပေါင်းများစွာ တည်တံ့နိုင်ခဲ့တာပါ”
ရင်းကျန့်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်၏။ “ဒါတွေ ပြောဖို့ မလိုပါဘူး...”
ကျန်းယဲ့က ရိုးသားမှုအပြည့်ရှိသော မျက်နှာဖြင့် သူ၏ ရင်ဘတ်ကို ပုတ်လိုက်လေသည်။ “တကယ်ပါ။ ကျွန်တော့် ရင်ဘတ်ထဲက လာတဲ့ စကားပါ”
ရင်းကျန့်က မငြင်းဆန်ဘဲ ကျန်းယဲ့ ကို ဆက်ပြောခိုင်းလိုက်လေသည်။
“ထန်မင်းဆက် အကြောင်းပြောရင် ဒီဧကရာဇ် လီရှစ်မင် အကြောင်းကို မပြောဘဲ မနေနိုင်ပါဘူး”
“လီရှစ်မင်ဟာ အသက် တစ်ဆယ့်ရှစ်နှစ်မှာ သူ့အဖေနဲ့အတူ စစ်တပ်တစ်ခု ဖွဲ့စည်းခဲ့ပြီး အသက်နှစ်ဆယ့်လေးနှစ်မှာ တစ်ပြည်လုံးကို အေးချမ်းစေခဲ့ပါတယ်” ကျန်းယဲ့က သူသိထားသော အချက်အလက်များကို တစ်ခုချင်းစီ ပြန်လည်ပြောပြလေသည်။
“သူ စတင်ခဲ့တဲ့ ကျန်ကွမ်ရဲ့ အုပ်စိုးမှုကာလအတွင်းမှာ အစိုးရက အုပ်ချုပ်ရေးစနစ် ကျွမ်းကျင်ထိရောက်ခဲ့ပြီး နိုင်ငံခြားလူမျိုးစုတွေကလည်း သူ့ကို အညံ့ခံခဲ့ကြပါတယ်။ တာ့ကစ် ခန် ဖမ်းဆီးခံရပြီးတဲ့နောက်မှာ သူက ချန်အန်းလမ်းမတွေပေါ်မှာ ကခုန်ခဲ့ပါတယ်။ ဂျပန်ကလည်း သူ့ဆီက သင်ယူဖို့ ထန်သံတမန်တွေ စေလွှတ်ခဲ့ပါတယ်။ ပိုးလမ်းမကြီးဟာလည်း ကုန်သည်တွေနဲ့ စည်ကားခဲ့ပါတယ်။ ချန်အန်းမြို့ဟာ ကမ္ဘာတစ်ဝန်းက သံတမန်တွေ၊ ကုန်သည်တွေ၊ ကျောင်းသားတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ တကယ်ကိုပဲ နန်းတော်တံခါးတွေက ကောင်းကင်ဆီ ဖွင့်လှစ်ထားပြီး လူမျိုးပေါင်းစုံက အရာရှိတွေက ဧကရာဇ်ကို အရိုအသေပေးဖို့ လာရောက်ကြတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်...”
ရင်းကျန့်၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု လက်ဖြာသွားချေသည်။ “လူမျိုးပေါင်းစုံက အခွန်ဆက်သကြတယ်...”
“ဟုတ်ပါတယ်။ ဒါကြောင့်မို့ ထန်ယဉ်ကျေးမှုက နက်ရှိုင်းတဲ့ ဩဇာလွှမ်းမိုးမှု ရှိခဲ့ပြီး နိုင်ငံခြားရောက် တရုတ်လူမျိုးတွေက ဒီနေ့အချိန်အထိ သူတို့ကိုယ်သူတို့ ထန်လူမျိုးတွေလို့ ခေါ်ဆိုနေကြဆဲပါပဲ...”
ယင်းကို ကြားသောအခါ ရင်းကျန့် ၏ မျက်ခုံးများမှာ အနည်းငယ် ပြေလျော့သွားလေသည်။ “ဒီလီရှစ်မင် က တော်တော်လေး စွမ်းတဲ့လူပဲ...”
“ကံမကောင်းစွာနဲ့ပဲ အန်းလုရှန်း ပုန်ကန်မှု ပြီးတဲ့နောက်မှာ ထန်မင်းဆက်ဟာ သူ့ရဲ့ အထွတ်အထိပ်ကနေ ကျဆင်းသွားခဲ့ပါတယ်”ကျန်းယဲ့ က ဆက်လေသည်။
“အဲဒီနောက်မှာ ကသောင်းကနင်း ဖြစ်နေတဲ့ မင်းဆက်ငါးခုနဲ့ နိုင်ငံဆယ်ခု ခေတ်ကာလကို ရောက်ရှိခဲ့ပြီး ကျောက်ခွမ်းယင်က စုန့်မင်းဆက်ကို တည်ထောင်တဲ့အချိန်အထိပါပဲ...”
“စုန့် ဧကရာဇ်ထိုက်ကျူဖြစ်တဲ့ ကျောက်ခွမ်းယင်ဟာ စစ်ရေးအာဏာကို စွန့်လွှတ်ဖို့အတွက် ဝိုင်တစ်ခွက်ကို အသုံးပြုခဲ့ပြီး စစ်ရေးကိစ္စတွေထက် အရပ်ဘက်ကိစ္စတွေကို ပိုအလေးထားခဲ့ပါတယ်” ကျန်းယဲ့၏ အသံတွင် နောင်တရသည့် အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။
“စုန့်မင်းဆက်ဟာ စီးပွားရေးနဲ့ ယဉ်ကျေးမှုပိုင်းမှာ အလွန်သာယာဝပြောခဲ့ပေမဲ့ စစ်ရေးအင်အားကတော့ အားနည်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျင်လူမျိုးတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဧကရာဇ်ဟွေးကျုံး နဲ့ ချင်ကျုံးတို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကို သမိုင်းမှာ ကျင်ခန်း ဖြစ်ရပ်လို့ လူသိများပါတယ်”
ရင်းကျန့်က နှာမှုတ်လိုက်၏။ “စစ်ရေးကိစ္စတွေထက် အရပ်ဘက်ကိစ္စတွေကို ပိုဦးစားပေးတယ်... ဘေးအန္တရာယ်ဆီ ဦးတည်သွားတဲ့ လမ်းပဲ”
“အဲဒီနောက်မှာတော့ မွန်ဂိုတွေက အာဏာရလာပြီး ယွမ်မင်းဆက်ကို တည်ထောင်ခဲ့ပါတယ်” ကျန်းယဲ့ ၏ အသံမှာ ပြန်လည်လေးလံသွားခဲ့သည်။
“ဟန်လူမျိုးတွေကို အနိမ့်ဆုံး အတန်းအစားအဖြစ် သတ်မှတ်ခဲ့ပြီး လက်နက်ကိုင်ဆောင်ခွင့် တားမြစ်ထားကာ အိမ်ထောင်စုဆယ်စုက ဟင်းချက်ဓား တစ်လက်ကိုပဲ မျှဝေသုံးစွဲခဲ့ရပါတယ်”
“ကံကောင်းထောက်မစွာနဲ့ပဲ ကျူးယွမ်ကျန်းဟာ ယွမ်မင်းဆက်ကို ပုန်ကန်ထကြွပြီး မင်မင်းဆက်ကို တည်ထောင်နိုင်ခဲ့ပါတယ်” ကျန်းယဲ့ က အကြောင်းအရာကို ပြောင်းလိုက်သည်။
“သူဖုန်းစား နောက်ခံကနေ လာခဲ့တဲ့ ဒီဧကရာဇ်ဟာ တာတာတွေကို မောင်းထုတ်ပြီး တရုတ်ပြည်ကို ပြန်လည်တည်ထောင်ကာ အကျင့်ပျက် ခြစားတဲ့ အရာရှိတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ပါတယ်။ သူ့ကို ခေတ်တစ်ခေတ်ရဲ့ ကြီးမြတ်တဲ့ အုပ်စိုးသူတစ်ပါးလို့ ခေါ်ဆိုနိုင်ပါတယ်”
ရင်းကျန့်က ရှားရှားပါးပါး သဘောကျသည့် အရိပ်အယောင်တစ်ခုကို ပြသလိုက်လေသည်။ “သူကလည်း တော်တော်လေး စွမ်းတဲ့လူပဲ...”
“ဒါပေမဲ့ မင်မင်းဆက်ဟာ နောက်ပိုင်းကာလတွေမှာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး တံခါးပိတ်နေခဲ့တာကြောင့် နောက်ဆုံးမှာတော့ မန်ချူး ချင်းမင်းဆက်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်”
ကျန်းယဲ့သည် ချင်းမင်းဆက် အကြောင်းကို ပြောလိုက်သောအခါ သူ၏ အသံမှာ ပြောင်းလဲသွားပြီး သူ၏ လက်ချောင်းများမှာ အလိုအလျောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကာ လက်ဆစ်များပင် ဖြူလာရသည်။
ရင်းကျန့်သည် သူ၏ ခံစားချက်ပြောင်းလဲသွားမှုကို လျင်မြန်စွာ ရိပ်မိလိုက်ပြီး သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်၏။ “မင်းက ဒီ မန်ချူးတွေအပေါ် အထူးတလည် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေပုံရတယ်”
ကျန်းယဲ့က အသက်ပြင်းပြင်းရှူလိုက်ရာ သူ၏ မျက်လုံးများထဲတွင် မထိန်းချုပ်နိုင်သော ဒေါသမီးတောက်များ တောက်လောင်နေခဲ့သည်။ “လူရိုင်းငါးမျိုး ကျူးကျော်မှုက တရုတ်ပြည်အတွက် ပထမဆုံး ဘေးအန္တရာယ်ဖြစ်ခဲ့တယ်ဆိုရင် ချင်းမင်းဆက်က တရုတ်ပြည်ကို ရာစုနှစ်တစ်စုကြာတဲ့အထိ အမှောင်တွင်းထဲ ဆွဲချသွားခဲ့တဲ့ တရားခံပါပဲ...”
ရင်းကျန့်၏ မျက်နှာအမူအရာမှာ ခက်ထန်သွားရသည်။ “အသေးစိတ် ပြောစမ်း...”
“ချင်းနန်းတွင်းက ကျူးကျော်ဝင်ရောက်လာပြီးတဲ့နောက်မှာ သူတို့က ခေါင်းရိတ်ပြီး အဝတ်အစားလဲလှယ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဆံပင်ကို ထားမလား၊ ခေါင်းကို အဖြတ်ခံမလားပါပဲ” ကျန်းယဲ့၏ အသံမှာ မထိန်းချုပ်နိုင်သော ဒေါသများဖြင့် ပြည့်နှက်နေချေသည်။
(NT- ဟန်လူမျိုးတွေမှာ အယူအဆတစ်ခုရှိပါတယ်... ခန္ဓာကိုယ်နဲ့ ဆံပင်ဆိုတာ မိဘာဘ်ိုးဘွားတွေဆီက ရထားတာမို့ မဖြတ်မတောက်ပဲ တန်ဖိုးထားရမယ်လို့ ယုံကြည်ကြပါတယ်.. ဒါကိုအခွင့်ကောင်းယူပြီး မန်ချူးတွေက သူတို့ကို သစ္စာရှိမရှိ စမ်းသပ်ဖို့အတွက် မန်ချူးဆံပင်ပုံစံ နဖူးရှေ့တစ်ဝက်ကို ပြောင်နေအောင်ရိတ်ပြီး နောက်ပိုင်းဘက်မှာ ကျစ်ဆံမြီးကျစ်ပုံစံထားခိုင်းတာပါ... မထားတဲ့သူဆိုရင် ပုန်ကန်သူဟု သတ်မှတ်ကာ သတ်ပြစ်ပါတယ်)
“ယန်ကျိုး လူသတ်ပွဲနဲ့ ကျားတင်းလူသတ်ပွဲမှာတင် ဟန်လူမျိုး တစ်သန်းနီးပါး သတ်ဖြတ်ခံခဲ့ရပါတယ်။ ဟန်လူမျိုးတွေကို ကျွန်လို့ ခေါ်ဆိုစေဖို့ အတင်းအကျပ် ခိုင်းစေခဲ့ပြီး နန်းတွင်းမှာ မန်ချူး ဘာသာစကားကိုပဲ အရိုအသေပေးတဲ့ ဘာသာစကားအဖြစ် သုံးခဲ့ကြပါတယ်။ ဟန်အရာရှိတွေဆိုရင် မတ်တတ်ရပ်ပြီး စကားပြောရင်တောင် အပြစ်ပေးခံရပါတယ်...”
ရင်းကျန့် ၏ မျက်နှာမှာ ပို၍ပို၍ မှုန်မှိုင်းလာပြီး သရဖူအောက်ရှိ သူ၏ အကြည့်များက ဓားတစ်လက်လို စူးရှနေချေသည်။
“ပိုပြီး မုန်းစရာကောင်းတာက...” ကျန်းယဲ့က အံကြိတ်လိုက်၏။ “သူတို့က ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဂန္ထဝင်စာပေတွေ အားလုံးကို မီးရှို့ပစ်ခဲ့ပြီး ခေတ်အဆက်ဆက်စုဆောင်းလာခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဂန္ထဝင်စာပေတွေကိုတော့ ဂိုဒေါင်တွေထဲမှာ သော့ခတ်သိမ်းဆည်းထားခဲ့ကြလို့ ကျွန်တော်တို့ရဲ့ တရုတ်ယဉ်ကျေးမှုဟာ တုံ့ဆိုင်းသွားခဲ့ရပါတယ်။ အနောက်နိုင်ငံတွေက ကျူးကျော်လာတဲ့အခါမှာတော့...”
ကျန်းယဲ့သည် သူမ၏ ဖုန်းကို ထုတ်ယူကာ ယခင်က ပြတိုက်သို့ သွားလည်စဉ်က ရိုက်ထားခဲ့သော ဓာတ်ပုံများကို ပြသလိုက်၏။
“အရှင်မင်းကြီး... ကျေးဇူးပြုပြီး ကြည့်ရှုတော်မူပါ။ ဒါတွေက ပြတိုက်မှာ ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ ဘောက်ဆာ လျော်ကြေးငွေစာချုပ်၊ ၁၉၀၁ စာချုပ် နဲ့ ရှီမိုနိုဆဲကိ စာချုပ်လိုမျိုး အရှက်ရစရာ ကောင်းတဲ့ စာချုပ်တွေပါပဲ။ အဲဒီ နိုင်ငံခြားသားတွေက တရုတ်မြေပေါ်မှာ တရုတ်နဲ့ ခွေးတွေ ဝင်ခွင့်မပြုဆိုတဲ့ ဆိုင်းဘုတ်တွေကိုတောင် စိုက်ထူခဲ့ကြပါတယ်။ ဒီအရာတွေအားလုံးဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး ပြည်သူတွေကို မသိနားမလည်ဘဲ အားနည်းအောင် ထားခဲ့တဲ့ ချင်းမင်းဆက်ရဲ့ တံခါးပိတ်မူဝါဒကနေ စတင်ခဲ့တာပါ...”
ဤစာချုပ်များအကြောင်းကို ပြောလိုက်ရုံဖြင့် ကျန်းယဲ့မှာ မုန်းတီးလွန်း၍ သွားများကို ကြိတ်ထားမိရသည်။
ရင်းကျန့်၏ အသံမှာလည်း ရေခဲလို အေးစက်နေခဲ့လေသည်။ “ဒီလူရိုင်းတွေက တရုတ်ပြည်ကို အုပ်ချုပ်ဖို့တောင် ရဲတင်းနေတာလား”