အခန်း (၄၄) လူသတ်လက်နက်
လူတိုင်းက တညီတညွတ်တည်း ကြည့်နေကြချိန်တွင် ကျောက်ဟုန်က သူ၏ လက်ဆွဲအိတ်ကို အေးအေးဆေးဆေး ဖွင့်ကာ ပါဆယ်ထုပ်တစ်ခုကို ထုတ်ယူလိုက်၏။
ပါဆယ်ထုပ်ကို ဖွင့်လိုက်သောအခါ သစ်သားသေတ္တာတစ်လုံးပေါ်လာပြီး ကျောက်ဟုန်က ရိုသေစွာ ပြောလိုက်လေသည်။ “ကျွန်တော်မျိုး ကျောက်ဟုန်ကလည်း အရှင်မင်းကြီးကို လက်ဆောင်တစ်ခု ဆက်သချင်ပါတယ်။ ဒါပေမဲ့ ဒီအရာက နည်းနည်းတော့ ကြမ်းတမ်းပါတယ်..”
“ကြမ်းတမ်းတယ်”ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် မုန့်ရီသည် ရင်းကျန့် ၏ ဘေးတွင် ချက်ချင်း နေရာယူလိုက်ပြီး သစ်သားသေတ္တာကို သတိကြီးစွာဖြင့် စိုက်ကြည့်နေခဲ့သည်။
နောင်လာမည့်ခေတ်က လူတွေက ဤအရာကို ကြမ်းတမ်းသည်ဟု ပြောဆိုနေမှတော့ သေချာပေါက် အန္တရာယ်ရှိနိုင်ပြီး သတိထားကိုင်တွယ်ရမည် ဖြစ်သည်။
ချင်လူမျိုးများက ထိုသစ်သားသေတ္တာထဲတွင် ဘာရှိသည်ကို မသိနိုင်သော်လည်း ထိုနေရာတွင် ရှိနေသော ခေတ်သစ်လူသားများအားလုံးကမူ ဘာလဲဆိုတာကို ခန့်မှန်းမိကြလေသည်။
“တောက်... မဖြစ်နိုင်တာ” ချောင်ဝမ်ပေါ် က အံ့သြတကြီး ရေရွတ်လိုက်၏။
“တောက်... ဦးလေးကျောက်က အရမ်း ရက်စက်တာပဲ။ ဒီလောက် အစွမ်းထက်တဲ့ လက်နက်ကြီးကို တန်းပြီး ပေးလိုက်တာပဲ” ဝူကျဲ မှာ အထင်ကြီးသွားရသည်။
ကန်ချန်က သူ၏ အသံတွင် နောင်တရနေသည့် အရိပ်အယောင်ဖြင့် တီးတိုးရေရွတ်လိုက်လေသည်။ “တကယ်တော့ ငါလည်း ဒီအရာကို ယူလာဖို့ စဉ်းစားမိသားပဲ... ”
သူ ထိုသို့ပြောလိုက်သည်နှင့် ဖုန်းယီမင် နှင့် အခြားနှစ်ဦး၏ အထင်သေးသော အကြည့်များကို ခံလိုက်ရပေသည်။
မလာခင်က သူတို့လေးယောက်လုံး ချင်မင်းဆက်ကို သွားရမည်ဟု မယုံကြည်ခဲ့ကြချေ။ ထို့ကြောင့် ဤအရာများကို သူတို့ မည်သို့ ယူလာနိုင်ပါမည်နည်း။
သူတို့၏ လက်ဆွဲအိတ်ထဲတွင် ထည့်လာခဲ့သည့် အရာအများစုမှာ အစားအစာများသာဖြစ်ပြီး အနည်းငယ် အသုံးဝင်သည့် အရာများမှာလည်း ကျန်းခိုင်က အတင်းအကျပ် ယူခိုင်းခဲ့သောကြောင့် ယူလာခဲ့ခြင်းပင်။
မဟုတ်လျှင် သူတို့ဟာ အဝတ်အစား တစ်စုံနှစ်စုံသာ ယူလာပြီး အခြားဘာမှ ယူလာမည် မဟုတ်ချေ။
ယခု ပြန်တွေးကြည့်သောအခါ ကျန်းခိုင်၏ အကြံပေးချက်အချို့ကို နားထောင်ပြီး အသုံးဝင်သော ပစ္စည်းအချို့ ယူလာမိသည်မှာ ကံကောင်းသည်ဟု မခံစားဘဲ မနေနိုင်အောင် ဖြစ်သွားကြရသည်။
သို့သော် ကျန်းခိုင်၏ စကားကို အပြည့်အဝ နားမထောင်ခဲ့မိသည်ကိုလည်း နောင်တရမိချေသည်။ သို့မဟုတ်ပါက ယခု အထင်ကြီးလေးစားခံနေရသူများမှာ ထိုအဘိုးကြီးခြောက်ယောက်မဟုတ်ဘဲ သူတို့သာ ဖြစ်နေမည် ဖြစ်သည်။
မုန့်ရီ နှင့် အခြားသူများ၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ကျောက်ဟုန်က တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီအရာကို ယမ်းမှုန့်လို့ ခေါ်ပါတယ်။ ချင်စစ်တပ်အတွက် စစ်မြေပြင်ကို ရှင်းလင်းပေးနိုင်တဲ့ အရာပါ...”
သူက သစ်သားသေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ အတွင်း၌ မီးခိုးရောင် ရင့်ရင့် အမှုန့်များကို မြင်တွေ့လိုက်ရ၏။
ရင်းကျန့်သည် သူ့ရှေ့ရှိ အရာကို စပ်စုချင်စိတ်ဖြင့် သေချာကြည့်ရှုလိုက်လေသည်။ “ဒီလို သာမန်အမှုန့်လေးက ဘယ်လိုလုပ်ပြီး အံ့သြစရာကောင်းတဲ့ အစွမ်းတွေ ရှိနေနိုင်မှာလဲ...”
“အရှင်မင်းကြီး....ကျေးဇူးပြုပြီး ကြည့်ရှုတော်မူဖို့ နန်းတော်အပြင်ဘက်ကို ကြွပေးပါ...”
သူတို့အားလုံး ခန်းမအပြင်ဘက်သို့ လိုက်ထွက်သွားကြလေသည်။
ထို့နောက် ကျောက်ဟုန်က ကြိုတင်ပြင်ဆင်လာခဲ့သော ယမ်းမှုန့်ထုတ်တစ်ခုကို ယူ၍ ခန်းမအပြင်ဘက်ရှိ ကျောက်ပြားပေါ်တွင် တင်လိုက်ပြီးနောက် စနက်တံတစ်ခုကို တပ်ဆင်ကာ သူ၏ အိတ်ကပ်ထဲမှ မီးခြစ်တစ်လုံးကို တည်ငြိမ်စွာ ထုတ်ယူလိုက်ချေသည်။
ကျန်းယဲ့က သတိပေးလိုက်၏။ “အရှင်မင်းကြီး... ကျေးဇူးပြုပြီး နည်းနည်းလောက် နောက်ဆုတ်ပေးပါ”
မုန့်ရီနှင့် အခြားသူများက နောင်လာမည့်ခေတ်မှ လူများအားလုံး နန်းတော်အပေါက်ဝတွင် အဝေးကြီးမှာ ရပ်နေကြပြီး အနားသို့ မကပ်ရဲကြသည်ကို သတိပြုမိလိုက်ကြသည်။
သူတို့၏ အပြုအမူများကို ကြည့်ခြင်းအားဖြင့် ဤအရာ၏ အစွမ်းကို အကြမ်းဖျင်း နားလည်နိုင်ချေသည်။
ကျန်းယဲ့ နှင့် အခြားသူများမှာ စနက်တံ မီးလောင်ကျွမ်းမှုအဆုံးသို့ ရောက်လာသည်ကို မြင်သောအခါ အားလုံးက အလိုအလျောက် နားကို ပိတ်ထားလိုက်ကြသည်။
ရင်းကျန့် သည် သူတို့၏ အပြုအမူများကို သဘာဝကျစွာ သတိပြုမိသော်လည်း ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကြောင့် ထိုသို့သောအမူအရာမျိုး လုပ်ရန် ပြတ်သားစွာ ငြင်းဆန်ခဲ့ချေသည်။
စစ်ဗိုလ်ချုပ်မျိုးရိုးမှ ဆင်းသက်လာသော မုန့်ရီကလည်း ထိုသို့သော အပြုအမူမျိုးကို မည်သည့်အခါမျှ လုပ်မည် မဟုတ်ပေ။
လီစစ်၊ ဖုန်းကျဲ့၊ ကျောက်ကောင်း နှင့် အခြားသူများအတွက်လည်း သူတို့၏ အဆင့်အတန်းအရ ထိုသို့ မလျော်ကန်သော အပြုအမူမျိုးကို လုပ်ကြမည် မဟုတ်ချေ။
ဤအခြေအနေကြောင့် ကျန်းထိုက်ခန်းမဆောင်၏ အဓိကဝင်ပေါက်တွင် ဆန့်ကျင်ဘက် မြင်ကွင်းနှစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
တစ်ဖက်ရှိ လူများက နားကိုပိတ်ကာ လည်ပင်းကို ကျုံ့ထားကြပြီး သူရဲဘောကြောင်သော ပုံစံပေါက်နေလေသည်။
အခြားတစ်ဖက်ရှိ လူများကမူ ခါးမတ်မတ်ရပ်ကာ တည်ငြိမ်အေးဆေးစွာဖြင့် မျက်နှာအမူအရာ တစ်ချက်မျှ မပြောင်းလဲကြချေ။
ကျောက်ဟုန်တွင် ရှည်လျားသော စနက်တံတစ်ခု ရှိသည်။ သူက အခြားတစ်ဖက်စွန်းတွင် ဆောင့်ကြောင့်ထိုင်ကာ မီးခြစ်ဖြင့် စနက်တံကို မီးညှိလိုက်၏။
စနက်တံက တဖြည်းဖြည်း လောင်ကျွမ်းသွားပြီး...
“ဘုန်း...”
နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ မီးတောက်တစ်ခု ကောင်းကင်သို့ ပေါက်ကွဲထွက်သွားပြီး အောက်ရှိ ကျောက်ပြားများက အပိုင်းပိုင်းအစစ ကွဲထွက်သွားခဲ့ကြသည်။
ကင်းလှည့်နေသော သက်တော်စောင့်များနှင့် အနီးတစ်ဝိုက်တွင် သန့်ရှင်းရေးလုပ်နေသော နန်းတွင်းအစေခံများအားလုံးက ကျယ်လောင်သော ပေါက်ကွဲသံကြောင့် လန့်ဖျပ်သွားကြပြီး ကြောက်လန့်တကြား လှမ်းကြည့်လိုက်ကြလေသည်။
မီးခိုးများ ကင်းစင်သွားသောအခါ ရင်းကျန့်၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခု လက်ဖြာသွားရသည်။ “ဒီအရာက တကယ်ကို ကြမ်းတမ်းတာပဲ။ ကျောက်ချင့်.... ဒါကို ဖန်တီးဖို့ ဘယ်လောက်ခက်ခဲသလဲ..”
ရင်းကျန့်ကဲ့သို့ အမြဲတည်ငြိမ်နေသူပင် ယမ်းမှုန့်ကို မြင်တွေ့လိုက်ရသောအခါ စိတ်ခံစားမှုများ မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်သွားရပေသည်။
“အရှင်မင်းကြီး... ဖန်တီးဖို့က သိပ်မခက်ခဲပါဘူး။ နည်းစနစ်တွေကို ကျွမ်းကျင်ပြီး လိုအပ်တဲ့ ပစ္စည်းတွေ အလုံအလောက်ရှိမယ်ဆိုရင် အမြောက်အမြား ထုတ်လုပ်နိုင်ပါတယ်” ကျောက်ဟုန်က သူ ကြိုတင်ပြင်ဆင်လာခဲ့သော မှတ်စုစာအုပ်ငယ်လေးကို ကမ်းပေးလိုက်၏။
“အခုမြင်ရတာက သူ့ရဲ့ အနိမ့်ဆုံး ပေါက်ကွဲအားပဲ ရှိပါသေးတယ်။ ဆက်ပြီး လေ့လာမယ်ဆိုရင် ဒီထက်ပိုပြီး အသက်အန္တရာယ်ပေးနိုင်တဲ့ လက်နက်တွေ ဖန်တီးနိုင်ပါတယ်။ ဥပမာအနေနဲ့ သံပိုက်လုံးနဲ့ တွဲသုံးမယ်ဆိုရင် ခြေလှမ်းတစ်ရာအကွာက လူတစ်ယောက်ရဲ့ အသက်ကို အိတ်ထဲက ပစ္စည်းယူသလို လွယ်လွယ်ကူကူ နှုတ်ယူနိုင်တဲ့ သေနတ်အဖြစ် ဖန်တီးနိုင်ပါတယ်..”
ဤသည်မှာ အချိန်တိုအတွင်း သူရရှိနိုင်ခဲ့သော ယမ်းမှုန့်များသာ ဖြစ်ပြီး တစ်ပိုင်းတစ်စ ပြီးစီးနေသော အရာဖြစ်သော်လည်း ပထမဧကရာဇ်ရှေ့တွင် သရုပ်ပြရန်အတွက်တော့ လုံလောက်လေသည်။
ယမ်းမှုန့်ကို ရှာဖွေတွေ့ရှိခြင်းက မုန့်ရီအတွက် အလွန်စိတ်လှုပ်ရှားစရာ အကောင်းဆုံးအရာ ဖြစ်မည်မှာ သေချာပေသည်။
စစ်ဗိုလ်ချုပ်မျိုးရိုးမှ မွေးဖွားလာခဲ့သော မုန့်ရီသည် ငယ်စဉ်ကတည်းက ဤကဲ့သို့သောအရာများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီး စစ်မြေပြင်တွင် အသုံးပြုလိုက်ပါက မည်မျှအစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိမည်ကို အလွန်ကောင်းစွာ သိထားချေသည်။
မုန့်ရီသည် ကျောက်ဟုန် ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်၏။ “ညီအစ်ကိုကျောက်... ဒီအရာကိုသာ နယ်စပ်မှာ သုံးမယ်ဆိုရင် ရှုံးနူမြင်းစီးတပ်တွေက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတော့မှာ မဟုတ်ဘူး... မင်းယူလာတဲ့ အရာက ငါတို့ ချင်စစ်တပ်ရဲ့ အသေအပျောက်ကို အများကြီး လျှော့ချပေးနိုင်လိမ့်မယ်..”
“ညီအစ်ကိုကျောက်... ကျေးဇူးပြုပြီး ငါ့ရဲ့ အရိုအသေပေးမှုကို လက်ခံပါ..”
ကျောက်ဟုန်က ထိုလူကို ကမန်းကတန်း ပြန်ထူပေးလိုက်ပြီး “မလိုပါဘူး... မလိုပါဘူး။ ဒါတွေအားလုံးက တရုတ်ပြည်အတွက်.... ချင်မင်းဆက်ရဲ့ ထာဝရ သာယာဝပြောရေးအတွက်ပါ..”
“ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်” မုန့်ရီက ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်လေသည်။
“ထာဝရ”ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ လီစစ်၊ ဖုန်းကျဲ့ နှင့် အခြားသူများကလည်း ခေါင်းကို ဆက်တိုက် ညိတ်ပြကြ၏။
ထို့နောက် ကျောက်ဟုန်က လူတိုင်းကို ရှင်းပြလေသည်။ “ဒီအရာကို အဲဒီလို သုံးလို့ရရုံသာမကဘဲ မြို့ရိုးကို ဝိုင်းရံတိုက်ခိုက်တဲ့အခါ ရန်သူ့တပ်ထဲကို ပစ်သွင်းနိုင်ပြီး စစ်သည်ထောင်ပေါင်းများစွာကို ခုခံနိုင်တဲ့ မိုးကြိုးဗုံးအဖြစ်လည်း ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ ဒီအရာက အန္တရာယ်ရှိပြီး ဖော်စပ်နည်းကိုတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားရပါမယ်”
ဤအရာ၏ အရေးပါမှုကို ထိုနေရာတွင် စုရုံးနေကြသော အဆင့်မြင့် မှူးမတ်များက မည်သူ့ထက်မဆို ပို၍ နားလည်သဘောပေါက်ကြချေသည်။
ဤအမှုန့်လေးများက စစ်ပွဲ၏ သဘောသဘာဝကို မည်သို့ပြောင်းလဲသွားစေမည်ကို သူတို့ နားလည်ကြ၏။
လီစစ်က ဝင်ပြောလိုက်သည်။ “အရှင်မင်းကြီး... ဒါက နိုင်ငံတော်အတွက် အရေးကြီးတဲ့ ရတနာတစ်ခုဖြစ်ပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသင့်ပါတယ်...”
ရင်းကျန့်ကလည်း ခေါင်းညိတ်လိုက်၏။ “ဒါက တကယ်ကို အဲဒီလိုပါပဲ...”
ကျန်းယဲ့သည် အခြားသူများအားလုံးက ကျူလုံကို လက်ဆောင်များ ဆက်သနေကြသော်လည်း သူတစ်ယောက်တည်းသာ ဘာတစ်ခုမှ မပေးရသေးသည်ကို သတိပြုမိလိုက်သည်။
ထို့နောက် သူက ချောင်းဟန့်လိုက်၏။ “ဟို...”
သူ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အကြည့်များက ကျန်းယဲ့ ထံသို့ ရောက်ရှိသွားကြလေသည်။
“အရှင်မင်းကြီး... ကျွန်တော့်မှာလည်း အရှင်မင်းကြီးကို ပေးစရာရှိပါတယ်။ ဒါပေမဲ့ တခြားသူတွေကို ပြဖို့တော့ အဆင်မပြေပါဘူး...”
အခြားသူများထံမှ လက်ဆောင်များက ရင်းကျန့် ကို အတော်လေး စိတ်ကျေနပ်မှု ရစေခဲ့ပြီး ဖြစ်၏။
ယခု ကျန်းယဲ့၏ စကားကြောင့် ရင်းကျန့်ဟာ သူ၏ လက်ဆောင်အပေါ် ပို၍ စပ်စုချင်စိတ် ဖြစ်သွားရသည်။
ရင်းကျန့်သည် နန်းတော်တံခါးပေါက်အပြင်ဘက်တွင် ရှိနေသော လူအုပ်ကြီးအား လှမ်းပြောလိုက်ချေသည်။ “ဒီမှာပဲ စောင့်နေကြ”
ရင်းကျန့် နှင့် ကျန်းယဲ့တို့သည် ကျန်းထိုက် နန်းတော်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားလိာက်ကြသည်။ လေးလံသော တံခါးကြီးများ ဖြည်းညှင်းစွာ ပိတ်သွားပြီး ကျယ်ဝန်းလှသော နန်းတော်ကြီးထဲတွင် သူတို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
ကျန်းယဲ့သည် သူ၏ အတွေးများကို စုစည်းကာ ပြောလိုက်၏။ “သူတို့ ယူလာခဲ့တဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိစေမယ့် အရာတွေကို အရှင်မင်းကြီး မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ပြီးပါပြီ။ အရှင်မင်းကြီး အနေနဲ့ ချင်မင်းဆက်ရဲ့ အနာဂတ် လမ်းကြောင်းကို သိရဖို့ ပိုပြီး စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်...”
ရင်းကျန့်ဟာ တိတ်ဆိတ်နေပြီး သူ၏ အကြည့်များက သူ့ကို စူးစိုက်စွာ ကြည့်နေခဲ့သည်။
ကျန်းယဲ့က ဆက်ပြောလိုက်သည်။ “ချင်မင်းဆက်ဟာ ဘီစီ ၂၀၇... ဆိုလိုတာက ယခုအချိန်ကစပြီး နောက်ထပ် ဆယ့်တစ်နှစ်အကြာမှာ ပြိုလဲသွားပါလိမ့်မယ်...”
ခန်းမထဲရှိ ဖယောင်းတိုင်မီးရောင်မှာ ရုတ်တရက် တဖျပ်ဖျပ် ဖြစ်သွားပြီး ရင်းကျန့်၏ လက်ချောင်းများမှာ ရုတ်တရက် တင်းတင်းဆုပ်သွားသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ “ဆက်ပြောပါ...”
“ချင်မင်းဆက်က ဒုတိယဧကရာဇ်ဟူဟိုင် လက်ထက်မှာ ပျက်စီးခဲ့တာပါ” ကျန်းယဲ့၏ အသံမှာ တည်ငြိမ်နေပြီး အလျင်စလို မရှိချေ။
“ကျောက်ကောင်းက တော်ဝင်အမိန့်တော်ကို အတုအပလုပ်ခဲ့ပြီး ဖူဆုက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကာ မုန့်ထျန်းက အသတ်ခံခဲ့ရပါတယ်။ ဟူဟိုင် ထီးနန်းတက်ပြီးတဲ့နောက်မှာတော့ ကျောက်ကောင်းက အာဏာကို သိမ်းပိုက်ခဲ့ပြီး သမင်ကို လက်ညှိုးထိုးပြီး မြင်းလို့ခေါ်ဆိုခဲ့ကာ တစ်ပြည်လုံးကို ကသောင်းကနင်း ဖြစ်စေခဲ့ပါတယ်”
(NT- ကျောက်ကောင်းက ဘယ်သူက သူ့အပေါ်သစ္စာရှိပြီး ဘယ်သူက ဆန့်ကျင်ချင်လဲသိချင်တာကြောင့် ဧကရာဇ်ဟူဟိုင်ရှေ့မှာ သမင်တစ်ကောင်ကို ခေါ်လာပြီး မြင်းကောင်းဆိုပြီးဆက်သပါတယ်... အဲ့ခါက ဧကရာဇ်ဟူဟိုင်က သမင်လို့ ပြန်ငြင်းဆိုရာ ကျောက်ကောင်းက တစ်ခြားအမတ်တွေကို မြင်းလားသမင်လားမေးတော့ သူ့ကို သစ္စာရှိတဲ့သူက မြင်းလို့ပြောကြပြီး တစ်ခြားသူတွေက သမင်လို့ အမှန်အတိုင်းဖြေခဲ့ကြတယ်... နောက်ပိုင်းကျတော့ ကျောက်ကောင်းက အမှန်တိုင်းဖြေခဲ့တဲ့ အမတ်တွေကို နောက်ပိုင်းမှာ နည်းမျိုးစုံနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ် )
ရင်းကျန့်၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။ “ငါ့ရဲ့... ဖူဆု... ”
ကျန်းယဲ့က တိုးတိုးလေး ပြောလိုက်၏။ “မင်းသား ဖူဆုဟာ စာအုပ်တွေကို မီးရှို့ပြီး ပညာရှင်တွေကို အရှင်လတ်လတ်မြှုပ်နှံမယ့် မူဝါဒကို ဆန့်ကျင်ဖို့ အရှင်မင်းကြီးကို အကြံပေးခဲ့တဲ့အတွက် ရှန်းကျွင်း ဒေသက စစ်တပ်ကြီးကြပ်ရေးမှူးအဖြစ် ရာထူးချထားခံခဲ့ရပါတယ်။ အရှင်မင်းကြီး ကွယ်လွန်ပြီးတဲ့နောက်မှာတော့ ကျောက်ကောင်း နဲ့ လီစစ်တို့က တော်ဝင်အမိန့်တော်ကို ပြင်ဆင်ဖို့ ကြံစည်ခဲ့ကြပါတယ်”
“လီစစ်...” ရင်းကျန့် ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်ဖြာသွားချေသည်။
ကျန်းယဲ့ က အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။ “လီစစ်ဟာ နောက်ဆုံးမှာတော့ ကျောက်ကောင်းရဲ့ အမိန့်နဲ့ ခါးကို ထက်ပိုင်းဖြတ်ပြီး သတ်ဖြတ်ခံခဲ့ရသလို သူ့ရဲ့ ဆွေမျိုးတစ်စုလုံးလည်း သတ်ဖြတ်ခံခဲ့ရပါတယ်”
သေမတတ် တိတ်ဆိတ်မှုတစ်ခုက ခန်းမကြီးကို ဖုံးလွှမ်းသွားလေသည်။
ရင်းကျန့်သည် ကြေးဝါဖယောင်းတိုင်စင်ဆီသို့ လျှောက်သွားပြီး တဖျပ်ဖျပ် လောင်ကျွမ်းနေသော ဖယောင်းတိုင်မီးတောက်တစ်ခုကို ငြိမ်းသတ်လိုက်၏။ “ရွှီဖူရဲ့ အသက်ရှည်ဆေးတွေကရော ဘယ်လိုလဲ...”
“အလွန်ပြင်းထန်တဲ့ အဆိပ်ပြင်းတစ်ခုပါ” ကျန်းယဲ့ က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။ “အဲဒီအထဲမှာ ပြဒါးနဲ့ ခဲလိုမျိုး သတ္တုကြမ်းတွေ အများကြီး ပါဝင်ပါတယ်။ အဲဒါတွေကို ဟင်္သာပြဒါး နဲ့ ဆာလဖာ လို့လည်း ခေါ်ကြပါတယ်။ ရေရှည်သုံးစွဲမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာကို ဖြစ်စေနိုင်ပါတယ်။ အရှင်မင်းကြီးဟာ နောက်ဆုံးမှာတော့ ဒါကြောင့်ပဲ...”
ဒီလောက်ဆို လုံလောက်ချေပြီ။
“ကျောက်ကောင်းဆိုတဲ့ကောင်.... ရွှီဖူဆိုတဲ့ ကောင်...” ရင်းကျန့်၏ အကြည့်များက ဓားတစ်လက်လို စူးရှနေခဲ့သည်။
ကျန်းယဲ့သည် သူ့ပတ်ဝန်းကျင်ရှိ ဖိအားပေးနေသော လေထုကို ခံစားမိသဖြင့် သူ၏ စကားများကို ချင့်ချိန်ပြီးနောက် ဆက်လက်ဖော်ထုတ်လိုက်၏။
“အရှင်မင်းကြီး... နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်... ဟူဟိုင် ထီးနန်းတက်ပြီးတဲ့နောက်မှာ ကျောက်ကောင်းရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် သူ့ရဲ့ အာဏာကို ခိုင်မာအောင်လို့ အရှင်မင်းကြီးရဲ့ တခြား သားသမီးတွေ အားလုံးကိုပါ သတ်ပစ်ခဲ့ပါတယ်”