အခန်း ( ၄၂ ) ဂုဏ်ယူဝင့်ကြွားခြင်း မရှိ
လီစစ်က တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်၏။ “မှန်ပါတယ်... ဆောင်းရာသီတိုင်းမှာ ထင်းမလုံလောက်လို့ ချမ်းအေးပြီး သေဆုံးရတဲ့သူတွေ အများကြီးပါပဲ..”
ကျန်းယီကျွင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံစတင်တည်ထောင်စ အစောပိုင်းကာလက သူ၏ ဇာတိရွာလေးကို သတိမရဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
၎င်းက ခေါင်ဖျားသော တောင်ကြားတစ်ခုတွင် တည်ရှိသော်လည်း ရွာကို ဝန်းရံထားသော တောင်တန်းများမှာ ပြောင်ရှင်းနေခဲ့သည်။ နောင်အခါမှ ပေါ်ပေါက်လာသော စိမ်းလန်းစိုပြည်သည့် တောင်တန်းများနှင့် ကြည်လင်သော ရေပြင်တို့မှာ နိုင်ငံတော်၏ တိုက်တွန်းနှိုးဆော်မှုကို တုံ့ပြန်သည့်အနေဖြင့် ရွာတစ်ရွာလုံး စုပေါင်း၍ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းခဲ့ကြသောကြောင့်သာ ပြန်လည်ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။
သူနေထိုင်ခဲ့သည့် ကျန်းနန် ဒေသမှာပင် ဤသို့ဖြစ်ခဲ့လျှင် အခြားနေရာများတွင် မည်သို့ရှိမည်ကို မှန်းဆကြည့်၍ ရနိုင်ပေသည်။
“သစ်တောတွေက ကန့်သတ်ချက်ရှိပါတယ်... ဒါပေမဲ့ လူဦးရေတိုးတက်လာတာနဲ့အမျှ သုံးစွဲမှုတွေ များလာတဲ့အခါ နှစ်ထောင်ပေါင်းများစွာ ကြာလာတဲ့အခါမှာ အလွန်အကျွံ သစ်ခုတ်မှုတွေကြောင့် နေရာတော်တော်များများမှာ တောတောင်တွေ ပြောင်ရှင်းသွားပြီး မြေဆီလွှာတိုက်စားမှုနဲ့ မြေဆီလွှာပျက်စီးမှုလို ပြဿနာမျိုးစုံကို ဖြစ်ပေါ်စေပါတယ်...”
သူက အနည်းငယ် ရပ်တန့်လိုက်ပြီး ဆက်ပြော၏။ “ပြီးတော့ ဒီကျောက်မီးသွေးက ပြုပြင်ပြီးသွားရင် ပိုပြီး ထိရောက်စွာ လောင်ကျွမ်းနိုင်ပါတယ်။ ပိုကြာကြာခံပြီး အပူချိန်လည်း ပိုမြင့်တဲ့အတွက် လက်နက်တွေ ပန်းပဲခတ်တဲ့နေရာမှာလည်း အများကြီး အထောက်အကူ ဖြစ်စေပါတယ်...”
“ဒီအရာရဲ့ အားနည်းချက်ကတော့ လေဝင်လေထွက် မကောင်းရင် လောင်ကျွမ်းတဲ့အခါ အဆိပ်ငွေ့တွေ အလွယ်တကူ ထွက်ပေါ်နိုင်တာပါပဲ...”
ရင်းကျန့် နှင့် အခြားသူများ မေးခွန်းမမေးနိုင်မီ ကျန်းယီကျွင်းက သူ ကြိုတင်ပြင်ဆင်လာခဲ့သော ပုံစံကြမ်းများကို ထုတ်ယူလိုက်၏။
“ဒါပေမဲ့ မီးခိုးခေါင်းတိုင်နဲ့ တွဲသုံးမယ်ဆိုရင်တော့ အဲဒီ အဆိပ်ငွေ့တွေကို အပြင်ဘက်ကို ဘေးကင်းစွာ စွန့်ထုတ်ပစ်နိုင်ပါတယ်...” သူက ပုံစံကြမ်းများကို လက်ညှိုးထိုးပြကာ အသေးစိတ် ရှင်းပြလေသည်။ “ဒါကတော့ လေဝင်လေထွက် စနစ်ရဲ့ အခြေခံသဘောတရားပါပဲ”
“အရှင်မင်းကြီးအတွက် ကျောက်မီးသွေး ပြုပြင်တဲ့ နည်းပညာ လမ်းညွှန်အကျဉ်းချုပ်နဲ့ ကျောက်မီးသွေးတွင်းတွေ ရှိတဲ့နေရာကို ပြသထားတဲ့ မြေပုံတစ်ခုကိုလည်း ကျွန်တော်မျိုး ပြင်ဆင်လာခဲ့ပါတယ်...”
ကျန်းယီကျွင်းက သေချာစွာ ပြင်ဆင်ထားသော စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူလိုက်ချေသည်။ ယင်းစာအုပ်တွင် ဆန်ရှီး၊ ရှန်းရှီးနှင့် အခြားနေရာများရှိ ကျောက်မီးသွေးတွင်းများ ဖြန့်ကျက်တည်ရှိပုံကို အသေးစိတ် ဖော်ပြထားခဲ့သည်။ “ဒီနေရာတွေက ကျောက်မီးသွေး ပေါကြွယ်ဝပါတယ်”
ရင်းကျန့်သည် မြေပုံကို ယူကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ရာ သူ၏ မျက်လုံးထဲမှ သံသယများမှာ တဖြည်းဖြည်းနှင့် အံ့သြမင်တက်မှုများအဖြစ်သို့ ပြောင်းလဲသွားချေသည်။
“မင်းပြောတာတွေသာ အမှန်ဆိုရင် ငါတို့ မဟာချင်က ပြည်သူတွေ ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံစားရတော့မှာ မဟုတ်ဘူး”
ကျန်းယီကျွင်းက ဆက်ပြောသည်။ “တူးဖော်တဲ့အခါမှာ ဘေးကင်းလုံခြုံရေးကိုလည်း ဂရုစိုက်ရပါမယ်... ဒါကြောင့် မြေအောက် ထောက်တိုင်တွေအတွက် နည်းပညာပိုင်းဆိုင်ရာ ပုံစံကြမ်းတွေကိုလည်း ကျွန်တော် ပြင်ဆင်လာခဲ့ပါတယ်...”
ထိုသို့ပြောရင်း အခြား စာရွက်စာတမ်း အထပ်လိုက်တစ်ခုကို ထပ်ထုတ်လိုက်လေသည်။
ဤအချက်အလက်များကို ကုမ္ပဏီဝန်ထမ်းများက ညတွင်းချင်း ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ စကားလုံး အသုံးအနှုန်း အနည်းငယ် ကွဲလွဲမှုများ ရှိနေခြင်းကလည်း ပြဿနာကြီးကြီးမားမား မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ဧည့်လမ်းညွှန်ကျန်း ရှိနေသရွေ့ သူက ဤနေရာသို့ မကြာခဏ လာရောက်မည်မှာ သေချာသောကြောင့် အချိန်ကျလာလျှင် သူ့ကိုသာ မေးမြန်းလိုက်ရုံပင်။
မုန့်ရီသည် ပုံစံကြမ်းများကို သေချာစွာ စစ်ဆေးရန် အနီးသို့ တိုးသွားပြီး အံ့သြတကြီး ရေရွတ်လိုက်၏။ “ဒီတည်ဆောက်ပုံတွေက တကယ်ကို ဉာဏ်ရည်ထက်မြက်လွန်းလှတယ်....”
ကျန်းယီကျွင်းက လေးနက်စွာ ပြောလိုက်၏။ “အရှင်မင်းကြီး... ကျွန်တော့်မှာ တောင်းဆိုစရာ သေးသေးလေးတစ်ခု ရှိပါတယ်။ ဒီကျောက်မီးသွေးတွေကို တူးဖော်ပြီးရင် ပြည်သူတွေ ဝယ်ယူသုံးစွဲနိုင်ဖို့ အသက်သာဆုံးဈေးနှုန်းနဲ့ ရောင်းချပေးဖို့ မျှော်လင့်ပါတယ်...”
ထိုသို့ပြောရင်း ကျန်းယီကျွင်းက ဒူးကွေးလိုက်ကာ ဒူးထောက်တောင်းဆိုရန် ပြင်လိုက်၏။
သူ တစ်ဝက်ခန့် ဒူးကွေးလိုက်ချိန်မှာပင် ရင်းကျန့် က ကိုယ်တိုင် ထူမပေးလိုက်ပြီး ပြောလိုက်သည်။ “ကျန်းချင့်... မင်းရဲ့ ဖြောင့်မတ်မှန်ကန်မှုက ချီးကျူးစရာပါပဲ။ ငါကိုယ်တော် မှတ်ထားပါ့မယ်..”
ကျန်းယီကျွင်း လက်ဆောင်ဆက်သပြီးနောက် လင်ရူ သည်လည်း ကျက်သရေရှိစွာ ရှေ့သို့ထွက်လာပြီး ရင်းကျန့် ကို အရိုအသေပေးလိုက်လေသည်။ “အရှင်မင်းကြီး... ကျွန်တော်မျိုးမ လင်ရူမှာလည်း ဆက်သစရာ ရှိပါတယ်”
သူမက သူမ၏ လက်ဆွဲအိတ်ကို ဖွင့်ကာ သေသပ်လှပသော အဝတ်အိတ်လေးတစ်ခုကို ထုတ်ယူလိုက်ပြီး ကြိုးကို ဖြေကာ အထဲမှ အရာများကို လောင်းချလိုက်၏။
“ဒါတွေက ဝါစေ့တွေပါ..”
ခန်းမထဲတွင် ဖယောင်းတိုင်မီးရောင်မှာ တဖျပ်ဖျပ် လင်းလက်နေပြီး သူမလက်ထဲရှိ အညိုရောင် မျိုးစေ့ငယ်လေးများကို အလင်းရောင်ပေးနေခဲ့သည်။
ရင်းကျန့် သည် အရှေ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်ရာ သရဖူပေါ်ရှိ ကျောက်စိမ်းပုတီးစေ့များက ညင်သာစွာ ယိမ်းခါသွားလေသည်။ “ဒါက ဘာအတွက် အသုံးဝင်တာလဲ...”
လင်ရူက သေတ္တာထဲမှ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ဝါဂွမ်းတစ်ဆုပ်ကို ထုတ်ယူလိုက်၏။ “ဒါက ဝါဂွမ်းတွေ ရင့်မှည့်လာတဲ့အခါ ဖြစ်လာတဲ့ ပုံစံပါ... သူက ပိုက်ဆံလျှော်မျှင်ထက် ပိုနူးညံ့ပြီး ပိုးသားထက်လည်း ပိုပြီး အလွယ်တကူ ရနိုင်ပါတယ်....”
သူမက ဝါဂွမ်းကို မုန့်ရီ ထံသို့ ကမ်းပေးလိုက်လေသည်။ မုန့်ရီက ယူ၍ ညင်သာစွာ ဆုပ်နယ်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ “ဒီလောက်တောင် ပေါ့ပါးပြီး နူးညံ့တာလား...”
“မှန်ပါတယ်.. ” လင်ရူက ခေါင်းညိတ်လိုက်၏။ “ဒီအပင်က မိုးခေါင်ရေရှားဒဏ်ကို ခံနိုင်ရည်ရှိပြီး ခြောက်သွေ့တဲ့ မြောက်ပိုင်းဒေသတွေမှာ စိုက်ပျိုးနိုင်ပါတယ်.... ဝါခင်း တစ်ဧကကနေ ဝါဂွမ်းစောင် အထည်နှစ်ဆယ် စာချုပ်လုပ်ဖို့ လုံလောက်တဲ့အထိ ထွက်ရှိနိုင်ပါတယ်...”
ယင်းကို ကြားသောအခါ လီစစ်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ “အထည်နှစ်ဆယ်....”
လင်ရူက သေသပ်လှပသော ချည်ထည်တစ်စကို ထုတ်ယူကာ ဆက်လက် ပြသလေသည်။ “ဒါက ဝါဂွမ်းကနေ ရက်လုပ်ထားတဲ့ အထည်ပါ။ ဆောင်းရာသီမှာ နွေးထွေးစေပြီး နွေရာသီမှာ လေဝင်လေထွက်ကောင်းစေလို့ ပိုက်ဆံလျှော်ထည်တွေထက် အများကြီး ပိုကောင်းပါတယ်...”
ကျောက်ကောင်း က လက်လှမ်း၍ စမ်းသပ်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အံ့သြမင်တက်သွားသည့် အရိပ်အယောင်တစ်ခု လက်ဖြာသွားခဲ့သည်။ “တော်တော်လေး နူးညံ့ပြီး သိမ်မွေ့တာပဲ”
နောက်ဆုံးတွင် လင်ရူက လက်ဝါးအရွယ်အစားရှိ သပ်ရပ်သော ဝါဂွမ်းစောင် ပုံစံငယ်လေးကို ထုတ်ယူလိုက်ချေသည်။ “ဒါက ဝါဂွမ်းစောင်ရဲ့ ပုံစံငယ်လေးပါ... တကယ့် ဝါဂွမ်းစောင်အစစ်က ဖောင်းပွပြီး နွေးထွေးပါတယ်.... ချမ်းအေးတဲ့ ဆောင်းရာသီမှာ ဒီစောင်တစ်ထည်က ပိုက်ဆံလျှော်စောင် သုံးထည်နဲ့ ညီမျှပါတယ်။ အဝတ်အစားချုပ်ဝတ်မယ်ဆိုရင် ဆောင်းရာသီဝတ် အဝတ်အစားအဖြစ် သုံးနိုင်ပြီး တော်တော်လေးကို နွေးထွေးပါတယ်...”
ရင်းကျန့် ၏ အကြည့်က ပစ္စည်းများကြားတွင် ဟိုမှဒီသို့ ရွေ့လျားသွားချေသည်။ “မင်းပြောတာတွေသာ အမှန်ဆိုရင် ဒီအရာက မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်ပေးနိုင်လိမ့်မယ်...”
“လုံးဝ အမှန်ပါပဲ...” လင်ရူက အတည်ပြုပြောကြားလိုက်၏။ “ဝါဂွမ်းဆိုတာ ရတနာသိုက်တစ်ခုပါ။ ဝါစေ့တွေကို ဆီကြိတ်နိုင်ပြီး ဝါပင်ရိုးတွေကို လောင်စာအဖြစ် သုံးနိုင်ပါတယ်။ သူ့ကိုသာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်မယ်ဆိုရင် မဟာချင်က ပြည်သူတွေ ဆောင်းရာသီရဲ့ အအေးဒဏ်ကို ကြောက်ရွံ့နေစရာ လိုတော့မှာ မဟုတ်ပါဘူး”
မုန့်ရီ က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ “အရှင်မင်းကြီး.... ဒီအရာကိုသာ စစ်တပ်ထဲမှာ သုံးမယ်ဆိုရင် နယ်စပ်က စစ်သည်တွေ ခြေလက် နှင်းကိုက်တဲ့ဒဏ်ကို ခံစားရတော့မှာ မဟုတ်ပါဘူး..”
ဖုန်းကျဲ့ကလည်း ချည်ထည်ကို ပွတ်သပ်ကြည့်ရင်း ရေရွတ်လိုက်သည်။ “ဒီအရာကိုသာ ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်မယ်ဆိုရင် ကမ္ဘာပေါ်က ပြည်သူတွေအားလုံးရဲ့ ဝတ်စားဆင်ယင်မှု ဓလေ့စရိုက်တွေကို သေချာပေါက် ပြောင်းလဲသွားစေမှာပဲ...”
လင်ရူက ထပ်မံဖြည့်စွက်ပြောကြားလိုက်လေသည်။ “ကျွန်တော်မျိုးမက စိုက်ပျိုးနည်းနဲ့ ရက်လုပ်နည်း စနစ်အပြည့်အစုံကို ပြုစုလာခဲ့ပါတယ်...”
သူမက သေသပ်စွာ စီစဉ်ထားသော စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူလိုက်၏။ “ချည်ငင်နည်း၊ အထည်ရက်လုပ်နည်း၊ စောင်နဲ့ ချည်ထည် အဝတ်အစား ချုပ်လုပ်နည်းတွေ အပါအဝင် ရက်ကန်းစင် ပုံစံကြမ်း အသေးစိတ်ကိုပါ ဒီစာအုပ်ထဲမှာ မှတ်တမ်းတင်ထားပါတယ်...”
ရင်းကျန့်သည် စာအုပ်ကို ယူကာ ပုံများနှင့် စာများကို အမြန်လှန်ကြည့်လိုက်ပြီး အလွန်အမင်း စိတ်ကျေနပ်သွားရသည်။ “ဒီအရာက လက်ရှိကာလရော နောင်လာမယ့် မျိုးဆက်တွေအတွက်ပါ အကျိုးကျေးဇူး ရှိစေတာပဲ...”
နောက်ခဏ၌ ကျန်းဟွိုင်မင်သည်လည်း တည်ငြိမ်စွာ ရှေ့သို့ထွက်လာပြီး ရင်းကျန့်ကို နက်ရှိုင်းစွာ ဦးညွတ်အရိုအသေပေးလိုက်၏။ “အရှင်မင်းကြီး... ကျွန်တော်မျိုး ကျန်းဟွိုင်မင်မှာလည်း ဆက်သစရာ ရှိပါတယ်”
သူက သူ၏ လက်ဆွဲအိတ်ကို ဖွင့်ကာ သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူလိုက်လေသည်။ ထို့နောက် အလွန်လှပသော လေးထောင့်တုံးငယ် ဒါဇင်ပေါင်းများစွာကို ထုတ်ယူပြီး ဧကရာဇ်၏ စားပွဲပေါ်တွင် သေသပ်စွာ စီထားလိုက်သည်။
လေးထောင့်တုံးတစ်ခုစီ၏ ထိပ်ပိုင်းတွင် ပြောင်းပြန်လှန်ထားသော ချင်တံဆိပ်တုံးစာလုံးများကို ထွင်းထုထားပြီး ဖယောင်းတိုင်မီးရောင်အောက်တွင် နွေးထွေးစွာ လင်းလက်နေခဲ့သည်။
သူသည် ဤအရာများကို သူ၏ လူများအား ညတွင်းချင်း ငွေအမြောက်အမြား အကုန်အကျခံ၍ ရှာဖွေဝယ်ယူခိုင်းခဲ့ခြင်းပင်။
“ဒါက ရွှေ့ပြောင်းနိုင်တဲ့ စာလုံးစီပုံနှိပ်စက်ပါ... ” ကျန်းဟွိုင်မင်က ချင်ဟူသော စာလုံးတုံးတစ်ခုကို ကောက်ကိုင်လိုက်ပြီး လေးနက်စွာ ရှင်းပြလေသည်။
“ဒီစာလုံးတုံးတွေကို အတူတကွ စီစဉ်ပြီး မင်သုတ်ကာ အပေါ်ကနေ စက္ကူဖြူဖုံးပြီး ဖိချလိုက်ရုံနဲ့ စာအုပ်တွေကို အမြန်ပုံနှိပ်နိုင်ပါတယ်...”
ထိုသို့ပြောရင်း သူက ချက်ချင်း သရုပ်ပြလိုက်သည်။ မဟာချင် နှင့် ဧကရာဇ်ကဲ့သို့သော စာလုံးများကို စီစဉ်ပြီးနောက် စောစောက ဖုန်းယီမင် ဆက်သခဲ့သော စက္ကူဖြူကို ယူ၍ ညင်သာစွာ ဖိချလိုက်လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သပ်ရပ်သော စာလုံးအချို့က စက္ကူပေါ်တွင် ပေါ်လာခဲ့သည်။
ရင်းကျန့်၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွား၏။ “ဒါတွေ ဘယ်လောက်အထိ ပုံနှိပ်နိုင်သလဲ...”
“အရှင်မင်းကြီး... ရွှေ့ပြောင်းနိုင်တဲ့ စာလုံးစီစနစ် တစ်ခုကို ထပ်ခါတလဲလဲ အသုံးပြုနိုင်ပြီး တစ်ရက်ကို စာရွက်တစ်ထောင်အထိ ပုံနှိပ်နိုင်ပါတယ်” ထို့နောက် ကျန်းဟွိုင်မင်က သေတ္တာထဲမှ ချုပ်ထားသော စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူလိုက်၏။
“ဒါက ကျွန်တော်မျိုး ပြုစုထားတဲ့ ပုံနှိပ်ခြင်းဆိုင်ရာ အသေးစိတ်ရှင်းလင်းချက် နဲ့ စက္ကူလုပ်ငန်းဆိုင်ရာ နည်းလမ်းတွေပါ။ အဲဒီအထဲမှာ စာလုံးပုံသွင်းခြင်း၊ စာလုံးစီခြင်းနဲ့ အဆင့်မြှင့်တင်ထားတဲ့ စက္ကူလုပ်ငန်းဖြစ်စဉ် နည်းပညာတွေကို အသေးစိတ် မှတ်တမ်းတင်ထားပါတယ်...”
ချောင်ဝမ်ပေါ် နှင့် အခြားသုံးဦးမှာ ကျန်းဟွိုင်မင် မည်မျှ သေချာစွာ ပြင်ဆင်လာခဲ့သည်ကို မြင်ပြီး ဆွံ့အသွားကြရသည်။
‘တောက်... လူတွေကြားက ကွာခြားချက်ဆိုတာ ဒါမျိုးလား... ’
လီစစ်က စာရွက်အနည်းငယ်ကို လှန်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ တုန်ယင်နေပြီး တုန်ခိုက်နေသော အသံဖြင့် ရေရွတ်လိုက်၏။ “ဒီအရာက သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းပြီး ခေတ်အဆက်ဆက်အတွက် စံနမူနာတစ်ခု ဖြစ်လာတော့မှာပဲ”
ဖုန်းကျဲ့၏ မုတ်ဆိတ်မွေးများ အနည်းငယ် တုန်ယင်နေလေသည်။ “ပညာရှင်တွေနဲ့ လူကြီးမင်းတွေအနေနဲ့ စာကူးရတဲ့ ဒုက္ခကို ခံစားစရာ မလိုတော့ဘူးပေါ့...”
ထိုနေရာတွင် ရှိနေသူများမှာ ၎င်းက ဘာကိုဆိုလိုကြောင်း ပို၍ပင် သတိပြုမိသွားကြသည်။
ဤသည်မှာ ပညာရေးကို လူအနည်းစုကသာ လက်ဝါးကြီးအုပ်ထားနိုင်တော့မည် မဟုတ်ဟူသော အဓိပ္ပာယ်ပင်။
ကျန်းဟွိုင်မင်က ဆက်ပြော၏။ “စက္ကူဖြူကို အသုံးပြုတဲ့အတွက် စာအုပ်ရဲ့ ကုန်ကျစရိတ်က မူလကုန်ကျစရိတ်ရဲ့ တစ်ရာခိုင်နှုန်းအထိ လျော့ကျသွားပါလိမ့်မယ်။ သာမန်မိသားစုတွေတောင် ချင် ဥပဒေစာအုပ်တစ်အုပ်ကို ဝယ်ယူနိုင်စွမ်း ရှိလာပါလိမ့်မယ်”
ရင်းကျန့်သည် စာလုံးများကို ဖြည်းညှင်းစွာ ပွတ်သပ်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခု လက်ဖြာသွားခဲ့သည်။
ထို့နောက် သူက ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်၏။ “အနိုင်ပဲ... အကြီးအကျယ် အနိုင်ရတာပဲ”
ထို့နောက် ရင်းကျန့်သည် ကျန်းဟွိုင်မင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ အကြည့်များက စူးရှနေချေသည်။ “ကျန်းချင့်... ဒီနေ့ မင်းဆက်သလိုက်တဲ့ အရာက တစ်ပြည်လုံးရဲ့ ပညာရေးနဲ့ ယဉ်ကျေးမှု အခင်းအကျင်းကို ပြောင်းလဲပေးလိမ့်မယ်ဆိုတာ မင်းသိရဲ့လား...”
ကျန်းဟွိုင်မင်က နက်ရှိုင်းစွာ ဦးညွတ်လိုက်၏။ “မဟာချင်က ပြည်သူအားလုံး ဥပဒေကို နားလည်ပြီး ကျင့်ဝတ်တွေကို သိရှိစေဖို့ပဲ ကျွန်တော်မျိုး မျှော်လင့်ပါတယ်...”
ရင်းကျန့် သည် ကျန်းဟွိုင်မင်ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။ “ကမ္ဘာပေါ်က ပညာရှင်အားလုံး ကိုယ်စား ကျန်းချင့်ကို ငါကိုယ်တော် ကျေးဇူးတင်ပါတယ်..”
ကျန်းဟွိုင်မင်သည် ဝမ်းမြောက်ဂုဏ်ယူမှုဖြင့် အရိုအသေ ပြန်ပေးလိုက်ပြီး လေးနက်စွာ ပြောကြားလေသည်။ “အရှင်မင်းကြီး... ဒီအတွက် ဂုဏ်ယူဝင့်ကြွားဖို့ ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ ဒီကျွမ်းကျင်မှု နှစ်ခုလုံးကို ကျွန်တော်မျိုး တီထွင်ခဲ့တာ မဟုတ်ပါဘူး။ နောင်လာမယ့် မျိုးဆက်တွေက ပညာရှိကြီးတွေရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုတွေကနေ တီထွင်ဖန်တီးထားတာပါ”