အခန်း ( ၄၁ ) နောင်လာနောက်သားများအတွက် အကျိုးကျေးဇူးများ
ကျိုးရှင်းဖူသည် ၎င်း၏ လက်ဆွဲအိတ်ကို ဖွင့်ကာ လေးလံသော အိတ်သုံးလုံးကို ထုတ်ယူလိုက်၏။
သူ ချင်မင်းဆက်သို့ ရောက်လာမည်ကိုရော ချင်ရှီဟွမ်နှင့် တွေ့ဆုံခွင့်ရမည်ကိုပါ သူ သေချာပေါက် သိထားခဲ့သည်။
ထို့ကြောင့် မည်သည့် လက်ဆောင်ပေးရမည်ကို သူ စတင်စဉ်းစားခဲ့လေသည်။
သမိုင်းတစ်လျှောက် မင်းဆက်တိုင်းတွင် သာမန်ပြည်သူ မြောက်မြားစွာတို့မှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးခဲ့ကြရသည်။
ဝမ်းဝရုံ စားနိုင်ရန်အတွက် တစ်သက်လုံး ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ကြရပြီး သို့တိုင်အောင် လူအတော်များများမှာ မသေခင် အချိန်အထိ ကောင်းမွန်သော ထမင်းတစ်နပ်ကိုပင် မစားကြရချေ။
ရှေးခေတ်ကာလများကတည်းက တရုတ်လူမျိုးတို့က "စားနပ်ရိက္ခာသည် ပြည်သူတို့အတွက် ပထမဆုံး လိုအပ်ချက်ဖြစ်သည်" ဟု အမြဲတမ်း အလေးထားပြောဆိုခဲ့ကြရာ စားနပ်ရိက္ခာ မည်မျှအရေးကြီးကြောင်းကို ပြသနေချေသည်။
လူအများ၏ စပ်စုချင်နေသော အကြည့်များကြားတွင် သူဟာ ဘယ်ဘက်အစွန်ဆုံးရှိ မီးခိုးရောင် အဝတ်အိတ်ကို အရင်ဆုံး ကောက်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
သူ ပေးဆက်မည့်အရာက တရုတ်ယဉ်ကျေးမှုသမိုင်းတစ်ခုလုံး၏ လမ်းကြောင်းကို ပြောင်းလဲပေးနိုင်သည့် ရတနာတစ်ပါးဖြစ်ကြောင်း သူ သိထားပေသည်။
“အရှင်မင်းကြီး.... ဒါကို ကြည့်ရှုတော်မူပါ” ကျိုးရှင်းဖူက ပထမဆုံးအိတ်ကို ဖြေလိုက်ပြီး ဖောင်းကားနေသော ဆန်စေ့တစ်ဆုပ်ကို သူ၏ လက်ဝါးထဲသို့ လောင်းထည့်လိုက်၏။ “ဒါက နောင်လာမယ့်ခေတ်တွေမှာ စိုက်ပျိုးထားတဲ့ အရည်အသွေးမြင့် ဆန်မျိုးစေ့ ဖြစ်ပါတယ်...”
ဖယောင်းတိုင်အလင်းရောင်အောက်တွင် ဆန်စေ့တိုင်းမှာ ဖောင်းကားလုံးဝန်းနေပြီး ချင်မင်းဆက်တွင် ရှိသော ဆန်မျိုးစေ့များထက် အရွယ်အစား ပိုကြီးမားနေချေသည်။
ရင်းကျန်းမှာ အရှေ့သို့ အနည်းငယ် ကိုင်းညွတ်သွားပြီး သူ၏ အနက်ရောင်သရဖူမှ တွဲလောင်းကျနေသော ကျောက်စိမ်းပုတီးစေ့များမှာ ညင်သာစွာ ယိမ်းခါသွားခဲ့သည်။
“ဒီဆန်မျိုးစေ့က မိုးခေါင်ရေရှားဒဏ်နဲ့ ရောဂါဘေးကို ခံနိုင်ရည်ရှိပါတယ်။ ပြီးတော့ တစ်မုကို ထွက်နှုန်းက...” ကျိုးရှင်းဖူ အနည်းငယ် ရပ်တန့်လိုက်ပြီး သူ၏ အသံမှာ အလိုအလျောက် ကျယ်လောင်သွားလေသည်။ “ဆယ်ရှီထက်တောင် ပိုထွက်နိုင်ပါတယ်...”
“ဆယ်ရှီ....” လီစစ်လို လူမျိုးပင် တစ်မုအထွက်နှုန်းကို ကြားလိုက်ရချိန်တွင် အံ့သြတကြီး ရေရွတ်လိုက်မိ၏။
မု့န်ရီနှင့် ဖုန်းကျဲ့တို့၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကြပြီး အသက်ရှူရန်ပင် မေ့လျော့သွားကြရသည်။
လက်အိတ်ဝကျယ်ထဲတွင် ဖုံးကွယ်ထားသော ကျောက်ကောင်း၏ လက်ချောင်းများမှာ အလိုအလျောက် တင်းတင်းဆုပ်သွားခဲ့သည်။
ဆယ်ရှီ.... မယုံနိုင်စရာကောင်းလောက်အောင် များပြားလှသည့် အထွက်နှုန်းပင်။
ကျောက်ကောင်းသည် ကျိုးရှင်းဖူ၏ လက်ထဲမှ ဆန်များကို ကမန်းကတန်း လှမ်းယူလိုက်၏။
ရင်းကျန့်က ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ရာ သရဖူပေါ်ရှိ ကျောက်စိမ်းပုတီးစေ့များ အချင်းချင်း ထိခတ်မိပြီး ကြည်လင်သော အသံထွက်ပေါ်လာခေသည်။ ထို့နောက် ကျောက်ကောင်း၏ လက်ထဲမှ ဆန်မျိုးစေ့များကို ယူလိုက်ပြီး သူ၏ လက်ချောင်းထိပ်များကြားတွင် ညင်သာစွာ ပွတ်သပ်ကြည့်လိုက်၏။ “တကယ်လား”
ကျိုးရှင်းဖူက လေးနက်စွာ ခေါင်းညိတ်လိုက်၏။ “ပိုလို့တောင် ထွက်နိုင်ပါသေးတယ်။ ဒီဆန်က ကျန်းနန်ရေမြို့တော်တွေမှာ စိုက်ပျိုးဖို့ အသင့်တော်ဆုံးပါပဲ... ရေပေးဝေမှု စနစ်တကျရှိမယ်ဆိုရင် တစ်နှစ်ကို နှစ်ကြိမ် ရိတ်သိမ်းနိုင်ပါတယ်...”
ခန်းမတစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားပြီး ပြင်းထန်သော အသက်ရှူသံများသာ ပဲ့တင်ထပ်နေချေသည်။
ရင်းကျန့်၏ လက်ချောင်းထိပ်များမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။ ၎င်းက ဘာကို ဆိုလိုသည်နည်း။
ဤသည်မှာ မဟာချင်၏ စပါးကျီများ ပြည့်လျှံနေမည် ဖြစ်ပြီး ငတ်မွတ်နေသော ပြည်သူများ ပုန်ကန်ထကြွခြင်းများ ရှိတော့မည်မဟုတ်ဘဲ သူ၏ အင်ပါယာကြီးက ကျောက်ဆောင်တစ်ခုကဲ့သို့ ခိုင်မာတည်တံ့နေမည် ဟူသော အဓိပ္ပာယ်ပင်။
“ဆက်ပြောပါ...” ရင်းကျန့်၏ အသံမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးလျနေချေသည်။
သူတို့ ခေါင်းထဲတွင် တွေးတောစဉ်းစား၍ပင် မပြီးသေးခင် ကျိုးရှင်းဖူက ဒုတိယမြောက် အဝါရောင် အဝတ်အိတ်ကို ဖြေလိုက်၏။
ဒီတစ်ကြိမ် ထွက်ကျလာသည်မှာ အဝါနုရောင် အခွံရှိပြီး ပုံပန်းသဏ္ဍာန် မမှန်သော ထူးဆန်းသည့် ဥတစ်ဥ ဖြစ်သည်။
“ဒီအပင်ကို အာလူးလို့ ခေါ်ပါတယ်... အအေးဒဏ်ကို ခံနိုင်ရည်ရှိပြီး မြေဩဇာညံ့တဲ့ မြေမှာလည်း ရှင်သန်နိုင်တဲ့အတွက် မိုးခေါင်ရေရှားတဲ့ မြောက်ပိုင်းဒေသတွေမှာ စိုက်ပျိုးနိုင်ပါတယ်...”
သူက အာလူးတစ်လုံးကို လက်ဝါးထဲ ထည့်ထားလိုက်၏။ “အထွက်နှုန်းကတော့ တစ်မုကို သုံးဆယ်ရှီလောက် ထွက်ပါတယ်...”
“သုံးဆယ်... သုံးဆယ်ရှီ...” မုန့်ရီက အလွန်အံ့သြစွာ အော်ဟစ်လိုက်ပြီး သူ၏ အသံများပင် တုန်ယင်နေခဲ့သည်။
လီစစ်မှာ သူ၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အရှေ့သို့ ကမန်းကတန်း တိုးသွားကာ ကျိုးရှင်းဖူ၏ လက်ထဲမှ အာလူးတစ်လုံးကို သတိတရယူ၍ သေချာစွာ စစ်ဆေးကြည့်ရှုလေသည်။
သူ၏ စစ်မှန်သော ခံစားချက်များကို ရှားရှားပါးပါးသာ ဖော်ပြလေ့ရှိသည့် ကျောက်ကောင်းပင် အံ့အားသင့်စွာ ရေရွတ်လိုက်မိပြီး အလိုအလျောက် ခြေတစ်ဝက်ခန့် ရှေ့သို့ တိုးသွားမိ၏။
ရင်းကျန့်၏ မျက်လုံးများက စူးရှသွားပြီး ရိုးရှင်းလှသော ထိုမြေဥများကို အာရုံစိုက် ကြည့်ရှုနေခဲ့သည်။ “ဒီအရာက တကယ်ပဲ အဲဒီလောက် အများကြီး ထွက်နိုင်တာလား...”
“လုံးဝ အမှန်ပါပဲ...” ကျိုးရှင်းဖူက အတည်ပြုပြောကြားလိုက်၏။ “ဒီအရာက အထွက်နှုန်းကောင်းရုံသာမကဘဲ အာဟာရပြည့်ဝပြီး အဓိက အစားအစာအဖြစ်လည်း သုံးနိုင်ပါတယ်... အေးခဲတဲ့ ဆောင်းရာသီမှာ မြေအောက်ခန်းထဲ မြှုပ်ထားမယ်ဆိုရင် မပုပ်မသိုးဘဲ ခြောက်လလောက် သိုလှောင်ထားနိုင်ပါတယ်...”
နောက်ဆုံး အနီရောင် အဝတ်အိတ်ကို ဖြေလိုက်ချိန်တွင် ကျိုးရှင်းဖူမှာ အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်သည်။
အနီရင့်ရောင် ဥများကို သူ ထုတ်ယူလိုက်သည်။ “ဒါကတော့ ကန်စွန်းဥ ဖြစ်ပါတယ်... မိုးခေါင်ရေရှားဒဏ်နဲ့ ပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိပြီး တောင်ကုန်းတွေနဲ့ ခြောက်သွေ့တဲ့မြေတွေမှာ စိုက်ပျိုးနိုင်ပါတယ်...”
ကျောက်ကောင်းက ကန်စွန်းဥကို ယူပြီး ဧကရာဇ်၏ စားပွဲပေါ်တွင် ညင်သာစွာ တင်ထားလိုက်၏။
ကျိုးရှင်းဖူ ဆက်လေသည်။ “အထွက်နှုန်းက တစ်မုကို နှစ်ဆယ်ရှီကနေ စပါတယ်.. ပြီးတော့ အရွက်တွေကိုလည်း တိရစ္ဆာန် အစာအဖြစ် သုံးနိုင်ပြီး ဥတွေက ချိုမြိန်အရသာရှိပါတယ်။ အစိမ်းရော အကျက်ပါ စားလို့ရပါတယ်”
လီစစ်၏ မုတ်ဆိတ်မွေးများမှာ ပြင်းထန်စွာ တုန်ယင်နေခဲ့ရသည်။ အမြဲတမ်း တည်ငြိမ်လေ့ရှိသော ဝန်ကြီးချုပ်မှာ ယခုအချိန်တွင် စကားတစ်ခွန်းမျှ မပြောနိုင်အောင် ဆွံ့အလျက် ရှိပေသည်။
ဖုန်းကျဲ့မှာ ခံစားချက်များ လွှမ်းမိုးသွားပြီး သူ၏ အသံမှာ ရှိုက်သံများဖြင့် တစ်ဆို့နေ၏။ “အရှင်မင်းကြီး... ဒါက ကျွန်တော်တို့ မဟာချင်အတွက် ကောင်းကင်ဘုံက ချပေးတဲ့ ကောင်းချီးတစ်ခုပါပဲ...”
ရင်းကျန့်သည် နဂါးပလ္လင်ပေါ်တွင် ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်ရာ သရဖူအောက်ရှိ သူ၏ မျက်နှာကို အကဲခတ်၍ မရနိုင်ချေ။
သို့သော် ဤမဟာဧကရာဇ်ကြီး၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို လူတိုင်း မြင်တွေ့နိုင်လေသည်။
အချိန်အတော်ကြာပြီးနောက် သူ၏ ဩဇာပါသော အသံကြီးက ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ “ဒါတွေအားလုံး ချင်ပြည်မှာ ရှင်သန်နိုင်ပါ့မလား”
ကျိုးရှင်းဖူက နက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။ “အရှင်မင်းကြီး... မှန်ကန်တဲ့ စိုက်ပျိုးနည်းစနစ်တွေကိုသာ ကျွမ်းကျင်မယ်ဆိုရင် သေချာပေါက် အထွက်နှုန်း ကောင်းမှာပါ။ စိုက်ပျိုးနည်းတွေ၊ မြေဩဇာကျွေးနည်းတွေနဲ့ သိုလှောင်နည်းတွေကို စာအုပ်တစ်အုပ်အဖြစ် ကျွန်တော် ပြုစုထားပြီးသားပါ...”
ရင်းကျန့်သည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ရာ ထိုအသံမှာ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားချေသည်။ “ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်..”
သူက ကောင်းတယ်ဟု သုံးခွန်းဆက်တိုက် ပြောပြီးနောက် လီစစ်ဘက်သို့ လှည့်ကြည့်လိုက်၏။ “လီစစ်..”
“အမတ်ဟောင်း အသင့်ရှိပါတယ်” လီစစ်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်လေသည်။
“ဒီနေ့မှစပြီး လီရှန်းမှာရှိတဲ့ မြေဩဇာကောင်းမွန်တဲ့ မြေတွေကို ဒီအရာသုံးခုကို စမ်းသပ်စိုက်ပျိုးဖို့ သီးသန့် သတ်မှတ်ပေးရမယ်...”
ရင်းကျန့်၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခု လက်ဖြာသွားခဲ့သည်။ “အနည်းငယ်မျှလောက် အမှားအယွင်းရှိခဲ့ရင်...”
“အမတ်ဟောင်းရဲ့ ခေါင်းကို ဖြတ်ပြီး အရှင်မင်းကြီးကို လာတွေ့ပါ့မယ်...” လီစစ်က ကြမ်းပြင်နှင့် နဖူးထိကာ အလေးအနက် အရိုအသေပေးလိုက်၏။
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကျိုးရှင်းဖူ၏ ရင်ထဲတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေချေသည်။
သူ ပေးဆက်နေသည်မှာ မျိုးစေ့တစ်အိတ်မျှသာ မဟုတ်ဘဲ တရုတ်လူမျိုးတစ်မျိုးလုံး၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည့် သော့ချက်တစ်ခု ဖြစ်ကြောင်း သူ သိလေသည်။
ယခုမှစ၍ ချင်ပြည်သူများမှာ ငတ်မွတ်ခေါင်းပါးမှုအတွက် ပူပန်ရန် လိုတော့မည် မဟုတ်ချေ။
နောင်လာမည့် မင်းဆက်များတွင်လည်း ကလေးများကို လဲလှယ်စားသောက်ခြင်းဟူသော ကြောက်မက်ဖွယ် မြင်ကွင်းမျိုး ထပ်မံပေါ်ပေါက်လာတော့မည် မဟုတ်ပေ။
ရင်းကျန့်သည် ပလ္လင်ပေါ်မှ ထလာပြီး ကျိုးရှင်းဖူထံ ဖြည်းညှင်းစွာ လျှောက်လာကာ အနည်းငယ် ဦးညွတ်လိုက်သည်။ “ကျိုးချင့်.... ကမ္ဘာပေါ်က ပြည်သူအားလုံးကိုယ်စား မင်းကို ငါကိုယ်တော် ကျေးဇူးတင်ပါတယ်...”
(NT- ကျိုးဆိုတာ နာမည်ပါ ချင့်ဆိုတာက အမတ်ကြီးကို ဆိုလိုတာပါ)
ဤအမူအရာက အလွန်ကြီးမားသော အလေးချိန်ရှိသည်။
ဤ ကျိုးချင့်ဟူသော ခေါ်ဝေါ်မှုတွင် ဧကရာဇ်တစ်ပါးထံမှ ရခဲလှသော လေးစားမှုတစ်ခု ပါဝင်နေပြီး နှစ်ထောင်ပေါင်းများစွာကို ကျော်လွန်သွားသည့် အသိအမှတ်ပြုမှု တစ်ခုလိုပင်။
ဤမြင်ကွင်းက ကျန်းယဲ့နှင့် အခြားသူများကို အလွန် စိတ်လှုပ်ရှားသွားစေသည်။
ရင်းကျန့် ခါးပြန်မတ်လိုက်ချိန်တွင် ကျန်ယီကျွင်းက ရှေ့သို့ တက်လာပြီး ပြောလိုက်၏။ “ကျွန်တော်မျိုး ကျန်းရိကျွင်းမှာလည်း အရှင်မင်းကြီးအတွက် လက်ဆောင်တစ်ခု ရှိပါသေးတယ်...”
ရင်းကျန့်က ကျန်းယီကျွင်းထံ သိမ်မွေ့သော အကြည့်ဖြင့် လှည့်ကြည့်လိုက်၏။ “အိုး... ဘာများလဲ...”
ကျန်းယီကျွင်းက သူ၏ လက်ဆွဲအိတ်ကို ဖွင့်ကာ အမည်းရောင် သတ္တုရိုင်းတုံးအချို့နှင့် ပြုပြင်ထားသော ကျောက်မီးသွေးတုံးအချို့ကို ထုတ်ယူလိုက်ပြီး ဧကရာဇ်၏ စားပွဲပေါ်တွင် သေသပ်စွာ စီထားလိုက်သည်။
သူက စတင်ရှင်းပြလေသည်။ “အရှင်မင်းကြီး... ဒီ ကျောက်မီးသွေးက ထင်းထက် ပိုပြီး အသုံးဝင်တဲ့ လောင်စာတစ်ခု ဖြစ်ပါတယ်...”
ရင်းကျန့်က ကျောက်မီးသွေးရိုင်း တစ်တုံးကို ကောက်ကိုင်လိုက်ပြီး လက်ထဲတွင် အလေးချိန်ချိန်ကြည့်လိုက်၏။ “ဒါကို ငါကိုယ်တော် အရင်က မြင်ဖူးတယ်... ဒါပေမဲ့ သာမန်ပြည်သူတွေ သုံးတာတော့ ရှားပါတယ်”
“အဲဒါ ကျွန်တော် ပြောချင်တဲ့ အချက်ပါပဲ” ကျန်းယီကျွင်းက ရိုသေစွာ ပြောလိုက်သည်။ “ကျွန်တော်တို့ ခေတ်မှာတော့ ဒီအရာက အိမ်တိုင်းမှာ အများဆုံး သုံးကြပြီး အနွေးဓာတ်ပေးဖို့နဲ့ ဟင်းချက်ဖို့ သုံးပါတယ်.... ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်နဲ့ လက်ဖက်ရည်ဆိုတဲ့ ရှေးစကားပုံတစ်ခု ရှိပါတယ်။ ထင်းက ဟင်းချက်ဖို့၊ အပူပေးဖို့နဲ့ အနွေးဓာတ်ရဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့အတွက် သူ့ကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတာပါ...”
ကျန်းယီကျွင်းသည် ဤအရာကို ပြင်ဆင်နေစဉ်က အချက်အလက်များကို သေချာလေ့လာခဲ့ရာ ချင်မင်းဆက်တွင် အပူချိန်မြင့်မားစွာ လိုအပ်သော ပန်းပဲလုပ်ငန်းများ၌ မြေပြင်ပေါ်ရှိ ကျောက်မီးသွေး အနည်းငယ်ကို အသုံးပြုခဲ့ကြသော်လည်း နည်းပညာနှင့် လူမှုရေးအခြေအနေ ကန့်သတ်ချက်များကြောင့် အဓိက လောင်စာတစ်ခု မဖြစ်လာခဲ့သလို ပြည်သူများကြားတွင်လည်း ရေပန်းမစားခဲ့ကြောင်း သိရှိခဲ့လေသည်။
သာမန်ပြည်သူများမှာ အနွေးဓာတ်ရရန် ထင်းကို လိုအပ်ကြသည်။
သို့သော် ထင်းမှာ ကွာခြားလေသည်။ ထင်းခုတ်ရန် မည်သည့်တောင်ကိုမဆို ဒီတိုင်း သွားခုတ်၍ မရချေ။ မြို့ သို့မဟုတ် ရွာအနီးရှိ တောင်တိုင်းတွင် ပိုင်ရှင်ရှိကြ၏။ တောင်ပေါ်တက်ပြီး ထင်းခုတ်ရန် ရဲဝံ့ပါက ထောင်ဒဏ်ကျခံရမည် ဖြစ်သည်။
ထို့ကြောင့် ရှေးခေတ်တွင် ထင်းခုတ်သမားဟူသော အသက်မွေးဝမ်းကျောင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုသူများမှာ မိုင်ပေါင်းများစွာ ဝေးကွာသော သို့မဟုတ် ပိုင်ရှင်မရှိသော တောင်နက်များထဲသို့ ဝင်ကာ ထင်းခုတ်ပြီး ဈေးတွင် ပြန်ရောင်းချရသော ဆင်းရဲသားများသာ ဖြစ်ကြလေသည်။
ဤအချက်က ထင်းရရှိရန် မည်မျှခက်ခဲပြီး မည်မျှအရေးကြီးကြောင်းကို ပြသနေချေသည်။