အခန်း (၄၀) ချင်ရှီဟွမ် ခေါက်ဆွဲခြောက်စားခြင်း
“ဒါကို လက်နှိပ်ဓာတ်မီးလို့ ခေါ်ပါတယ်...” ကုန်းချန်က အလျင်စလို ရှင်းပြလိုက်၏။ “သူက လက်ကိုင်ဖုန်း မီးရောင်ထက် ပိုလင်းပြီး နေ့ခင်းဘက်မှာတောင် မီးရောင်က စူးရှနေတုန်းပါပဲ...”
ဝူကျဲ့က နောက်ထပ် တူညီသော လက်နှိပ်ဓာတ်မီး တစ်လက်ကို ထုတ်ယူလိုက်ပြီး ရင်းကျန့်ကို မည်သို့ ဖွင့်ရမည်ကို သင်ပေးလေသည်။ “ဒီမှာ ခလုတ်လေး ရှိပါတယ်။ အပေါ်ကို ပင့်တင်လိုက်ရုံနဲ့ ပွင့်သွားပါလိမ့်မယ်...”
ရင်းကျန့်က ချက်ချင်းပင် သဘောပေါက်သွားပြီး ခလုတ်ကို နှိပ်လိုက်၏။ ထို့နောက် အားကောင်းသော မီးရောင်တန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး နန်းတော်၏ ခေါင်မိုးကို လင်းထိန်သွားစေချေသည်။
“အံ့သြစရာပဲ...” ရင်းကျန့်က မီးရောင်တန်းကို ခန်းမထဲသို့ ဝှေ့ယမ်းကြည့်လိုက်ပြီး ကြေးဝါတိုင်ပေါ်တွင် ကခုန်နေသော အလင်းကွက်များကို ကြည့်ကာ အလွန် ဝမ်းသာသွားရသည်။ “ဒါက ညဘက်လင်းတဲ့ ပုလဲထက်တောင် ပိုလင်းသေးတယ်... ညဘက် စစ်ချီတဲ့အခါမှာ ဒါက အများကြီး အသုံးဝင်မှာပဲ”
လီစစ်နှင့် ဖုန်းကျဲ့တို့မှာ အံ့သြမှင်တက်သွားကြရသည်။ ဤလူများ သယ်ဆောင်လာသော အရာများက ထူးခြားဆန်းကြယ်ကြောင်း သူတို့ ကြားဖူးသော်လည်း တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ယခုတော့ သူတို့ တကယ်ကို အံ့သြတုန်လှုပ်မှုကို ခံစားနေရပြီ ဖြစ်၏။
ခန်းမထဲရှိ အခြား နန်းတွင်းအစေခံများသည်လည်း စူးရှသော အလင်းရောင်ကြောင့် အလွန်အမင်း အံ့အားသင့်သွားကြရာ သူတို့ကိုယ်သူတို့ ထိန်းချုပ်ရန်ပင် မေ့လျော့သွားခဲ့ကြသည်။
အားလုံး အံ့သြချီးကျူးနေကြစဉ်မှာပင် ဖုန်းယီမင်က သေတ္တာထဲမှ နှင်းလိုဖြူဖွေးနေသော စက္ကူထပ်တစ်ထပ်ကို ထုတ်ယူလိုက်ပြန်သည်။
A4 စက္ကူထပ်ကို မြင်လိုက်ရသောအခါ တစ်ခန်းလုံး ချက်ချင်း တိတ်ဆိတ်သွားချေသည်။
ရင်းကျန့်၏ လက်က ရုတ်တရက် ရပ်တန့်သွားပြီး လက်နှိပ်ဓာတ်မီးမှ အကြည့်လွှဲလိုက်၏။
မုန့်ရီ၊ လီစစ်၊ ဖုန်းကျဲ့နှင့် ကျောက်ကောင်းတို့သည်လည်း ဤအရာမှာ ထူးခြားကြောင်း သတိပြုမိသွားကြလေသည်။
“ဒါ... ဒါက ဘာလဲ” ရင်းကျန့်၏ အသံတွင် ရှားရှားပါးပါး တုန်လှုပ်မှုတစ်ခု ပေါ်လွင်နေချေသည်။
“အရှင်မင်းကြီး... ဒါက စက္ကူပါ” ဖုန်းယီမင်က ရိုသေစွာ ပြန်လည်ဖြေကြားလိုက်ပြီး သူ၏ အသံတွင် စိတ်လှုပ်ရှားမှုများ စွက်ဖက်နေခဲ့သည်။ “ဒါက စာရေးဖို့အတွက် စက္ကူပါ”
ကျန်းဟွိုင်မင်သည် စက္ကူကို မြင်သောအခါ မျက်ခုံးပင့်လိုက်၏။ သူ မသိသော သူတစ်ယောက်နှင့် ဆုံတွေ့လိုက်ရသကဲ့သို့ ဖြစ်သွားရသည်။
ရင်းကျန့်က လက်နှိပ်ဓာတ်မီးကို ဖြည်းညင်းစွာ ချထားလိုက်ပြီး စက္ကူကို ဆက်သရန် မုန့်ရီကို အချက်ပြလိုက်လေသည်။
နှင်းလိုဖြူဖွေးပြီး ငှက်မွှေးလို ပေါ့ပါးသော စက္ကူက သူ၏ လက်ချောင်းထိပ်များနှင့် ထိတွေ့သွားသောအခါ ပြည်နယ်ခြောက်ခုကို ပေါင်းစည်းခဲ့သော ဧကရာဇ်ကြီးမှာ အနည်းငယ် တုန်ယင်သွားရသည်။
“အရမ်းဖြူပြီး အရမ်းချောမွေ့တာပဲ...” ရင်းကျန့်က စက္ကူကို ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်ရာ သူ၏ အသံမှာ ကြားရုံလေးသာ ရှိနေချေသည်။
သူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏ အကြည့်များက လျှပ်စီးလို စူးရှနေခဲ့သည်။ “ကုန်ကျစရိတ်က ဘယ်လောက်ရှိလဲ။ အမြောက်အမြား ထုတ်လုပ်နိုင်သလား...”
ဖုန်းယီမင်သည် ထိုစူးရှသော အကြည့်အောက်တွင် ကျောချမ်းသွားသည်ကို ခံစားလိုက်ရပြီး အလျင်အမြန် ပြန်ဖြေလိုက်၏။ “ဒီစက္ကူအမျိုးအစားက ထုတ်လုပ်ရတာ ကုန်ကျစရိတ် သက်သာပြီး ကုန်ကြမ်းတွေကလည်း အလွယ်တကူ ရနိုင်ပါတယ်။ ထုတ်လုပ်တဲ့ နည်းလမ်းကိုသာ ကျွမ်းကျင်သွားရင် အမြောက်အမြား ထုတ်လုပ်နိုင်ပါတယ်”
ထိုနေရာတွင် ရှိနေသူများက ဤအရာက မည်သည့်အဓိပ္ပာယ်ဆောင်သည်ကို ကောင်းကောင်း သိရှိနေခဲ့ကြသည်။
ဤစက္ကူက ကြီးမားလေးလံသော ဝါးချပ်များထက် အများကြီး ပိုမိုပေါ့ပါးပြီး ပါးလွှာ၏။
၎င်းပေါ်ထွက်လာမှုက စာရွက်စာတမ်းများ ပေးပို့သည့် နည်းလမ်းကို လုံးဝ ပြောင်းလဲပစ်တော့မည် ဖြစ်သည်။
"ဘယ်လို ထုတ်လုပ်ရတာလဲ.."
ဤသည်က ဖုန်းယီမင်ကို ဆွံ့အသွားစေခဲ့ပြန်သည်။
ဤသည်ကို မြင်သောအခါ ကျန်းဟွိုင်မင်က စိတ်ထဲတွင် ရယ်မောလိုက်၏။ ‘ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရဦးမယ့်ပုံပဲ။ ဒါပေမဲ့ အလောတကြီး မလိုပါဘူး။ လောလောဆယ်တော့ ဒီကောင်လေးတွေကို အစွမ်းပြခွင့် ပေးထားလိုက်ဦးမယ်..’
“ကျွန်တော် ကူးယူဖို့ မေ့သွားတယ်” ဖုန်းယီမင်က အနေခက်စွာဖြင့် ခေါင်းကုတ်လိုက်၏။
ရင်းကျန့် - ...
လီစစ်နှင့် ဖုန်းကျဲ့တို့မှာ ရင်ဘတ်ကိုထုကာ ခြေဆောင့်ရလောက်အောင် ဒေါသထွက်သွားကြရသည်။
မုန့်ရီနှင့် ကျောက်ကောင်းတို့က ကောင်းကင်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်ကြလေသည်။
ဤသည်ကို မြင်သောအခါ ဖုန်းယီမင်က အခြေအနေကို ပြန်လည်ကယ်ဆယ်ရန် အလျင်အမြန် ကြိုးစားလိုက်ရပြန်သည်။ “နောက်တစ်ခေါက်ကျရင် ညွှန်မှူးကျန်းကို အရှင်မင်းကြီးဆီ ယူလာပေးခိုင်းလိုက်ပါ့မယ်”
ရင်းကျန့်တွင် အနည်းငယ် နောင်တရမှုများ ရှိသော်လည်း သူ့ကို အပြစ်မတင်ဘဲ ပြောလိုက်၏။ “ကောင်းပြီလေ”
ဖုန်းယီမင် ဆင်းသွားပြီးနောက် ကုန်းချန်၏ အလှည့် ရောက်လာခဲ့သည်။ “အရှင်မင်းကြီး... ဒီစက္ကူကို စာရေးဖို့အတွက် ဒီအရာနဲ့ တွဲသုံးမယ်ဆိုရင် ရလဒ်က အားစိုက်ထုတ်မှု တစ်ဝက်တည်းနဲ့ နှစ်ဆ ပိုကောင်းလာပါလိမ့်မယ်... ”
ကုန်းချန်က အခြောက်မြန်သော မှင်တံတစ်ချောင်းကို ကိုင်ထားပြီး အဖုံးကိုဖွင့်ကာ ကမ်းပေးလိုက်လေသည်။
မုန့်ရီက ထိုအရာကို သတိကြီးစွာဖြင့် ထပ်မံ ဆက်သလိုက်ပြန်သည်။
ရင်းကျန့်က အခြောက်မြန် မှင်တံကို ယူကာ စက္ကူပေါ်တွင် ညင်သာစွာ ခြစ်ဆွဲကြည့်လိုက်ရာ ရှင်းလင်းသော မှင်ကြောင်းတစ်ခု ချက်ချင်း ပေါ်လာလေသည်။
သူက တံဆိပ်စာလုံး အနည်းငယ်ကို ထပ်ရေးလိုက်ရာ စာလုံးအဆွဲအငင်များက မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ချောမွေ့စွာ စီးဆင်းနေခဲ့သည်။
“အရမ်းကောင်းတယ်...” ရင်းကျန့်က ရုတ်တရက် ရယ်မောလိုက်ရာ သူ၏ အသံက နန်းတော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားချေသည်။ “ဒီအရာနှစ်ခုနဲ့ဆိုရင် ငါတို့ မဟာချင်ရဲ့ စာရွက်စာတမ်းပေးပို့မှုက ဘယ်လိုလုပ် နှေးကွေးနိုင်တော့မလဲ။ ဒီအရာနှစ်ခုက တကယ့်ကို နိုင်ငံတော်ရတနာတွေပဲ”
ရင်းကျန့် အလွန် ပျော်ရွှင်နေသည်ကို မြင်သောအခါ ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်သုံးဦးမှာ ပိုမို ရဲတင်းလာခဲ့ကြသည်။
အမျိုးသားလေးဦးသည် သူတို့၏ ခရီးဆောင်သေတ္တာများထဲမှ အရောင်အသွေး တောက်ပသော ခေါက်ဆွဲခြောက်အချို့ကို လျှို့ဝှက်ဆန်းကြယ်စွာ ဆွဲထုတ်လိုက်ပြီး ရင်းကျန့်ထံသို့ ရိုသေစွာ ဆက်သလိုက်ကြပြန်သည်။
“အရှင်မင်းကြီး... ဒါက ကျွန်တော်တို့ နောင်လာနောက်သားတွေဆီက ခေါက်ဆွဲခြောက်လို့ခေါ်တဲ့ အစားအစာတစ်မျိုးပါ။ ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါ” ဝူကျဲ့က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
ရင်းကျန့်က အမဲသားနှပ် ခေါက်ဆွဲတစ်ခွက်ကို ယူကာ ၎င်းပေါ်တွင် ရိုက်နှိပ်ထားသော ပုံစံများနှင့် စာလုံးများကို စစ်ဆေးကြည့်ပြီး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်လေသည်။ “ဒါကို ဘယ်လိုစားရတာလဲ...”
ဝူကျဲ့က ချက်ချင်း ပြန်ဖြေလိုက်သည်။ “ရေနွေးပူပူထဲမှာ စိမ်ပြီး ခဏစောင့်လိုက်ရုံပါပဲ”
ထိုသို့ပြောပြီးနောက် သူက ဘေးရှိ နန်းတွင်းအစေခံဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “ရေနွေးပူပူ တစ်အိုးလောက် ယူလာပေးပါ...”
မကြာမီတွင် နန်းတွင်းအစေခံတစ်ဦးက အငွေ့တထောင်းထောင်း ထနေသော ရေနွေးအိုးတစ်အိုးကို သယ်ဆောင်ကာ ပြန်ရောက်လာခဲ့သည်။
ဝူကျဲ့က ရေနွေးအိုးကို ယူလိုက်ပြီး ရင်းကျန့်၊ မုန့်ရီ၊ ဖုန်းကျဲ့၊ လီစစ်နှင့် ကျောက်ကောင်းတို့ ရှေ့တွင်ပင် ခေါက်ဆွဲခြောက် အဖုံးကို ကျွမ်းကျင်စွာ ဆွဲဖွင့်လိုက်၏။
ထို့နောက် ဟင်းခတ်အမွှေးအကြိုင်ထုပ်ကို လောင်းထည့်ကာ ရေနွေးပူပူကို ဖြည်းညင်းစွာ လောင်းထည့်လိုက်ချေသည်။
ချက်ချင်းဆိုသလိုပင် မြင့်တက်လာသော အပူရှိန်နှင့်အတူ ကြွယ်ဝသော မွှေးရနံ့များ ပြန့်နှံ့သွားပြီး တစ်ခန်းလုံးတွင် အရင်က မရှိဖူးသော မွှေးရနံ့များဖြင့် ပြည့်နှက်သွားရသည်။
မုန့်ရီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မအော်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ “ဒီအနံ့က အရမ်းကို ဆွဲဆောင်မှုရှိတာပဲ”
ကျောက်ကောင်းက မျက်လုံးများကို မှေးလိုက်ပြီး သတိကြီးစွာဖြင့် ရှေ့သို့ တိုးလာလိုက်သည်။ “အရှင်မင်းကြီး... ဒီအရာက အနံ့မွှေးပေမဲ့ အရှင်မင်းကြီးရဲ့ ကျန်းမာရေး သေချာစေဖို့အတွက် ကျွန်တော့်ကို အရင် မြည်းစမ်းခွင့် ပြုပါ”
ရင်းကျန့်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
ကျောက်ကောင်းက တူကို ကောက်ကိုင်လိုက်ပြီး စတင်စားရန် ပြင်လိုက်သော်လည်း ချောင်ဝမ်ပေါ်က တားလိုက်လေသည်။
“အလောတကြီး မလုပ်ပါနဲ့။ ခဏလောက် စိမ်ထားဖို့ လိုပါသေးတယ်။ မကျက်သေးပါဘူး”
ချောင်ဝမ်ပေါ်က စားရန် အချိန်ကျပြီဟု ပြောသောအခါ ကျောက်ကောင်းက ခေါက်ဆွဲခြောက်ခွက်ထဲမှ ခေါက်ဆွဲအနည်းငယ်ကို ကောက်ယူကာ သတိကြီးစွာဖြင့် ပါးစပ်ထဲသို့ ထည့်လိုက်ချေသည်။
ခေါက်ဆွဲများ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားရသည်။
သူက ဖြည်းညင်းစွာ ဝါးနေရင်း လည်စေ့က နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ နောက်တစ်လုတ် ထပ်စားချင်သော်လည်း သူ၏ တာဝန်ကြောင့် သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်ရ၏။
“ဘယ်လိုနေလဲ...” ရင်းကျန့်က မေးလိုက်သည်။
ကျောက်ကောင်းက ခဏတာ တိတ်ဆိတ်သွားပြီးနောက် တိုးတိုးလေး ပြောလိုက်ချေသည်။ “အရှင်မင်းကြီး... ဒါက အရသာ အရမ်းကောင်းပြီး အဆိပ်လည်း မရှိပါဘူး”
သူ၏ လေသံထဲတွင် စားမဝသည့် နောင်တရမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေခဲ့သည်။
ထို့နောက် ရင်းကျန့်က ခေါက်ဆွဲခြောက်ခွက်ကို ယူကာ တူဖြင့် ခေါက်ဆွဲများကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် တစ်ပြည်လုံးကို သိမ်းပိုက်ထားသော ဧကရာဇ်ကြီးသည် မျက်လုံးများကို မှေးလိုက်ပြီး လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
ခေါက်ဆွဲများက ဝါးလို့ကောင်းပြီး အိစက်နေကာ ဟင်းရည်ကလည်း ကြွယ်ဝမွှေးကြိုင်နေချေသည်။ အနည်းငယ် စပ်ဖျဉ်းဖျဉ်း အရသာနှင့် ရောနှောနေသော အထူးရနံ့တစ်ခုက သူ၏ လျှာပေါ်တွင် ပေါက်ကွဲသွားခဲ့သည်။
‘ဒီအရသာက နန်းတော်ထဲက ဘယ်ဟင်းလျာထက်မဆို အများကြီး ပိုကောင်းတာပဲ...’
“အံ့သြစရာပဲ...” ရင်းကျန့်က အာမေဍိတ်သံဖြင့် ပြောလိုက်ရာ သူအတွက် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
သူက နောက်ထပ် အလုတ်အနည်းငယ် ထပ်စားလိုက်ပြီးမှ ချောင်ဝမ်ပေါ်နှင့် အခြားသူများထံသို့ မော့ကြည့်လိုက်၏။ “ဒါက တကယ်ကို အဆင်ပြေပြီး အရသာရှိတာပဲလား။ နောင်လာနောက်သားတွေက ဒါကို နေ့တိုင်း စားကြသလား...”
ချောင်ဝမ်ပေါ်က ခေါင်းကုတ်ကာ ရယ်မောလိုက်လေသည်။ “အရှင်မင်းကြီး... ဒါက ကျွန်တော်တို့ဆီမှာတော့ အရေးပေါ် အစားအစာအဖြစ် သတ်မှတ်ထားတာပါ။ ဒါပေမဲ့ အရသာက တော်တော်လေးကို ကောင်းပါတယ်”
စတင်ပေါ်ပေါက်လာချိန်တုန်းကတော့ စားတဲ့သူ အများကြီး ရှိခဲ့ပေမဲ့ အခုချိန်မှာတော့ စားတဲ့သူ သိပ်မရှိတော့ချေ။
သို့သော် ဒါက ဒဏ္ဍာရီလာကျူလုံကို ကြွားလုံးထုတ်ဖို့ အကောင်းဆုံး အခွင့်အရေးပင်။
(NT- ကျူလုံကလဲ ချင်ရှီဟွမ်က်ု ရည်ညွှန်းတာပါပဲဗျ)
ရင်းကျန့်က နောက်ထပ် တစ်လုတ် ထပ်စားလိုက်ပြီး သူ၏ မျက်လုံးများက အတွေးများဖြင့် တောက်ပနေချေသည်။ “စစ်ချီတဲ့အခါ ဒါကို သယ်သွားမယ်ဆိုရင် စစ်သည်တွေရဲ့ ဗိုက်ကို ပြည့်စေရုံသာမကဘဲ သူတို့ကို ကောင်းကောင်းမွန်မွန် စားသောက်ရဖို့ပါ သေချာစေမှာပဲ...”
ဤသည်ကို ကြားသောအခါ မုန့်ရီက ချက်ချင်း ရှေ့သို့ တိုးလာလေသည်။ “အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားလှပါတယ်။ ဒီအရာကို အမြောက်အမြား ထုတ်လုပ်နိုင်မယ်ဆိုရင် ကျွန်တော်မျိုးတို့စစ်တပ်ရဲ့ စည်းလုံးညီညွတ်မှုကို အများကြီး တိုးတက်စေမှာပါ”
လီစစ်က ခေါက်ဆွဲခြောက်ခွက်ကို စိုက်ကြည့်ရင်း မနေနိုင်ဘဲ အနီးသို့ တိုးလာကာ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။ “မီးဖိုချောင် မလိုဘဲ ရေနွေးလေး ရှိရုံနဲ့ အစားတစ်နပ် ဖြစ်သွားတာ တကယ့်ကို နတ်ဘုရားတွေရဲ့ အစွမ်းပဲ”
ရင်းကျန့်က ခေါက်ဆွဲတစ်ခွက်လုံးကို အလျင်အမြန် စားသောက်လိုက်ပြီး အားမရသေးသလို ခံစားနေရဆဲ ဖြစ်သည်။ “ဒီနေ့တော့ ငါ တကယ်ကို ဗဟုသုတတွေ ကျယ်ပြန့်သွားရပြီ...”
ဗဟုသုတ ကျယ်ပြန့်သွားသည်မှာ သူတစ်ယောက်တည်း မဟုတ်ချေ။ မုန့်ရီနှင့် အခြားသူများလည်း ထိုနည်းတူပင်။
နောင်လာနောက်သားများထံမှ ဤအံ့သြဖွယ်ကောင်းသော အရာများက အဆုံးရှိမည် မထင်။
သူက ကျန်းယဲ့ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အရင်က မရှိဖူးသော စိတ်ဝင်စားမှုများ ပြည့်နှက်နေခဲ့သည်။ “မိတ်ဆွေငယ်ကျန်း.... မင်း ခေါ်လာတဲ့ လူတွေက ငါ့ကို အမြဲ အံ့သြစေတာပဲ။ ဒီ ခေါက်ဆွဲခြောက်ချက်နည်းကို ချန်ထားခဲ့ပေးလို့ ရမလား”
ကျန်းယဲ့က အမှန်တိုင်း ပြန်ဖြေလိုက်၏။ “အရှင်မင်းကြီး... ဒါက နည်းနည်းတော့ ခက်ခဲနိုင်ပေမဲ့ ကျွန်တော်တို့ ကြိုးစားကြည့်လို့ ရပါတယ်”
ခေါက်ဆွဲခြောက်က ရိုးရှင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကျွမ်းကျင်မှု အချို့ လိုအပ်ပေသည်။
ဥပမာအနေဖြင့် ဟင်းခတ်အမွှေးအကြိုင်များကို ကြည့်လျှင် သို့မဟုတ် ခေါက်ဆွဲများကိုယ်တိုင် ပြင်ဆင်မှုကို ကြည့်လျှင် သိနိုင်ချေသည်။ ပထမဦးစွာ ခေါက်ဆွဲပြဿနာကို ဖြေရှင်းရန် လိုအပ်သည် စသဖြင့် ဖြစ်သည်။
ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်သုံးဦးမှာ ဤသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားကြရသည်။
ကျူလုံက ခေါက်ဆွဲခြောက်ကို သေချာပေါက် သဘောကျမည်ဆိုတာကို သူတို့ သိထားကြသည်မဟုတ်လော။
သူတို့လေးဦး ဆက်သပြီးသောအခါ နောက်ဆုံးတွင် အခြား CEO ခြောက်ဦး၏ အလှည့်သို့ ရောက်လာလေသည်။
ကျိုးရှင်းဖူက ရှေ့သို့ တိုးလာပြီး လက်အုပ်ချီကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။ “အရှင်မင်းကြီး... ကျွန်တော် ကျိုးရှင်းဖူကလည်း နောင်လာနောက်သားတွေအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ဖြစ်စေမယ့် အရာတစ်ခုကို ယူဆောင်လာပါတယ်”
“အိုး... အဲဒါက ဘာများလဲ” ရင်းကျန့်က စိတ်ဝင်စားစွာဖြင့် မေးလိုက်၏။
နောင်လာနောက်သားများအတွက် တကယ် အကျိုးရှိမရှိဆိုသည်မှာ ရင်းကျန့်အတွက် သိပ်အရေးမကြီးလှချေ။ ဤအရာက ချင်မင်းဆက်အတွက် အကျိုးရှိကြောင်း သိနေသရွေ့ အရာအားလုံးက ကောင်းသောအရာပင်။