အခန်း (၄) ခရီးသွား မစ်ရှင်
ကျန်းထောင်သည် တံတွေးကို ခဲယဉ်းစွာ မျိုချလိုက်ပြီး သူ၏အသံများ တုန်ယင်နေလျက် “ဒါရိုက်တာ ကျန်း... ခင်ဗျား နောက်နေတာ မဟုတ်ဘူးမလား။ ဒီနောက်လုံးက လုံးဝ မရယ်ရဘူးနော်” ဟု ပြောလိုက်သည်။
ကျန်လေးဦးသည်လည်း ကျန်းယဲ့ကို စိုက်ကြည့်နေကြပြီး သူတို့ တကယ်ပဲ ချင်မင်းဆက်ဆီ အချိန်ခရီးသွားခဲ့ပြီ ဆိုတာကို မယုံနိုင်သေးသည့် အရိပ်အယောင်များက သူတို့၏ မျက်လုံးများတွင် ပြည့်နှက်နေဆဲဖြစ်လေသည်။
ကျန်းယဲ့က ချောင်းတစ်ချက်ဟန့်လိုက်ပြီး “ကျွန်တော်တို့ရဲ့ ခရီးစဉ်က ချင်မင်းဆက်ပါလို့ ကျွန်တော် အရင်ကတည်းက ပြောခဲ့ပြီးပြီလေ။ ခင်ဗျားတို့ အားလုံး မသိကြဘူးလား”
‘သောက်ကျိုးနည်း... ချင်မင်းဆက်ကို သွားမယ်လို့ ပြောပေမယ့် တကယ်ကြီး ချင်မင်းဆက်ဆီ သွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲဟ’
သူတို့ငါးဦးလုံး စိတ်ထဲမှ ညည်းညူလိုက်ကြ၏။
ကျန်းယဲ့သည် ရှေ့ရှိလမ်းကို ကြည့်ကာ ပြောလိုက်လေသည်။ “ဒါက ကားမောင်းဖို့ သိပ်ကောင်းတဲ့နေရာ မဟုတ်ဘူး။ အားလုံးပဲ ကားပေါ်က ဆင်းပေးကြပါ”
“ကောင်းပါပြီ”
ကားတံခါး ပွင့်သွားပြီး လူငါးဦးသည် တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။
မဆင်းမီတွင် ကျန်းယဲ့က သူတို့၏ ရေသန့်ဘူးများနှင့် လက်ကိုင်ဖုန်းများကို ယူဆောင်သွားရန် ပြောလိုက်လေသည်။
ကျန်းယဲ့ ကားပေါ်မှ ဆင်းလိုက်သည့်အချိန်တွင်တော့ ရပ်ထားသော ခုနစ်ယောက်စီး SUV ကားကြီးမှာ ပျောက်ကွယ်သွားချေသည်။
ကျန်းထောင်၊ လီကျန့်ကော်နှင့် ကျန်းမင်ဟွေတို့၏ မျက်လုံးသူငယ်အိမ်များ ထပ်မံ ကျယ်ပြန့်သွားပြီး ကျန်းယဲ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။
ကျန်းယဲ့ ကိုယ်တိုင်လည်း အံ့ဩသွားသော်လည်း သူ၏ မျက်နှာပြင်ပေါ်တွင်မူ အရေးမကြီးသော ကိစ္စတစ်ခုကဲ့သို့ တည်ငြိမ်နေဟန် ပြသနေချေသည်။
ဤအမှုမဲ့အမှတ်မဲ့ နေဟန်ကြောင့် ထိုငါးဦးမှာ သူ့ကို ပို၍ပင် လေးစားကြောက်ရွံ့စွာ ကြည့်လာခဲ့ကြသည်။
‘သောက်ကျိုးနည်း... မပျောက်ကွယ်သွားခင် အနည်းဆုံးတော့ အသံလေးဘာလေး ပေးဦးပေါ့။ ငါ့လို လူချောလေးကို လန့်သေအောင် လုပ်နေတာလား’ ကျန်းယဲ့က စိတ်ထဲမှ ရေရွတ်လိုက်သည်။
လီကျန့်ကော်က မနေနိုင်ဘဲ တံတွေးကို ခဲယဉ်းစွာ မျိုချလိုက်ပြီး သူ၏အသံများ အနည်းငယ် တုန်ယင်နေလျက် “ဒါရိုက်တာ ကျန်း၊ ဘယ်လို... ဘယ်လိုလုပ် ဒီကားက ရုတ်တရက် ပျောက်သွားရတာလဲဗျ။ ခင်ဗျား ဘယ်... ဘယ်လို လုပ်လိုက်တာလဲ”
စနစ်က သူ့ကို ဤကဲ့သို့ ဆိုးရွားသော ပြဿနာကို ပေးလိုက်သဖြင့် သူ၏ အမြဲသုံးနေကျ စကားလုံးများကိုသာ ထပ်မံ အသုံးပြုရန် ဖိအားပေးခံလိုက်ရပေသည်။
ကျန်းယဲ့က ပြုံးကာ ပေါ့ပေါ့ပါးပါးနှင့် တည်ငြိမ်သော လေသံဖြင့် “စိတ်မလှုပ်ရှားပါနဲ့... ဒါက ပုံမှန်ပါပဲ။ ဒီလောက်ကြီးတဲ့ အရာကို ဒီမှာ ဒီတိုင်းထားခဲ့လို့ မရဘူးလေ... မဟုတ်ရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်မဟုတ်လား...”
“ပုံမှန် အခြေအနေ ဟုတ်လား” ကျန်းထောင် မျက်လုံးပြူးသွားပြီး ဤရှင်းပြချက်ကို လက်ခံနိုင်စွမ်း မရှိသည်မှာ သိသာနေချေသည်။ “ကားကြီးက လေထဲမှာ ဒီတိုင်း ပျောက်ကွယ်သွားတာကို ခင်ဗျားက ပုံမှန် အခြေအနေလို့ ခေါ်တယ်ပေါ့”
ကျန်းမင်ဟွေနှင့် အခြားနှစ်ဦးမှာ အချက်အလက်များကို လျင်မြန်စွာ ချေဖျက်နားလည်နိုင်ခဲ့သည်။
လျိုကျန်တုန်းက ရှေ့သို့ထွက်လာပြီး သူ၏ပခုံးကို ပုတ်ကာ ပြောလိုက်၏။ “ငါတို့က ချင်မင်းဆက်ဆီတောင် အချိန်ခရီးသွားလာခဲ့သေးတာပဲ... ငါတို့အတွက် ဘာက မဖြစ်နိုင်စရာ ရှိတော့လို့လဲ”
ထိုသို့ ပြောလိုက်ပြီးနောက် ကျန်းထောင်နှင့် လီကျန့်ကော်တို့က ခဏမျှ စဉ်းစားကြည့်ရာ ယင်းမှာ အလွန် အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်သွားကြရသည်။
လီကျန့်ကော်က မနေနိုင်ဘဲ မေးလိုက်၏။ “ဒါရိုက်တာ ကျန်း... ကျွန်တော်တို့ တကယ်ပဲ ချင်မင်းဆက်ကို ရောက်နေတာလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက်ကို...”
“ဟုတ်ပါတယ်”
ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် စနစ်၏ အေးစက်သော စက်သံက နားထဲတွင် မြည်ဟည်းလာလေသည်။
[ဒင်... ခရီးသွား မစ်ရှင် စတင်ပါပြီ- ခရီးသွားများကို လန်ယာ ရှုခင်းသာ ဧရိယာသို့ ခေါ်ဆောင်သွားပြီး ချင်ရှီဟွမ်ဧကရာဇ်၏ အရှေ့ပိုင်းခရီးစဉ်အဖွဲ့အား ကြိုဆိုသည့် လှုပ်ရှားမှုများတွင် ပါဝင်ပါ]
[မစ်ရှင် အောင်မြင်ပါက ဆုကြေးငွေ- အခြေခံ တိုက်ခိုက်ရေး ကျွမ်းကျင်မှု]
ကျန်းယဲ့သည် သမိုင်းနှင့် ပတ်သက်၍ အထူးတလည် ဗဟုသုတ ကြွယ်ဝသူ မဟုတ်သော်ငြားလည်း ချင်ရှီဟွမ် အုပ်စိုးစဉ်ကာလအတွင်း လူ့အဖွဲ့အစည်းမှာ အလွှာခွဲခြားမှု တင်းကျပ်ပြီး ဥပဒေများမှာလည်း ပြင်းထန်ကြောင်းကိုမူ သိထားပေသည်။
သာမန်အရပ်သားများက ‘ကိုယ်ပိုင် သက်သေခံကတ်ပြား’ (ရှေးဟောင်း မှတ်ပုံတင်ကတ်) ကို ကိုင်ဆောင်ထားရန် လိုအပ်ပြီး တစ်နိုင်ငံလုံးတွင် စစ်ဆေးရေးဂိတ်များနှင့် ကင်းစခန်းများ ရှိကြချေသည်။
သူတို့တွင် သက်သေခံကတ်ပြားများ မရှိကြပေ။ သူတို့အားလုံးက ၂၁ ရာစုမှ လူသစ်များဖြစ်သောကြောင့် ဤနေရာတွင် မှတ်ပုံတင်ထားခြင်း မရှိသည်မှာ သေချာလှသည်။
လန်ယာသို့ ဝင်ရောက်ရာတွင် အားလုံးက စစ်ဆေးမေးမြန်းမှုများကို ခံယူရမည် ဖြစ်၏။
ထို့အပြင် သူတို့၏ ဝတ်စားဆင်ယင်မှုများကြောင့် အနီးသို့ ရောက်သည်နှင့် ဖမ်းဆီးခံရပြီး အကျဉ်းချခံရမည်မှာ သေချာလေသည်။
ကျန်းယဲ့သည် ခရီးသွား မစ်ရှင်ကို ကြည့်လိုက်ရာ သူ၏ နဖူးပေါ်တွင် တွန့်လိပ်နေသော မျဉ်းမည်းများ ပေါ်လာ၏။
ကျန်းယဲ့သည် ဘယ်ဘက်ကို သွားရမည်ကို တွေးတောရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေသည်။
‘စနစ် ညီအစ်ကိုရေ... လမ်းညွှန်လေး ဘာလေး ပေးလို့ မရဘူးလား’
‘သောက်ကျိုးနည်း... ငါ လုံးဝ အမှောင်ထဲ ရောက်နေတာ.... ဘယ်ကို သွားရမှာလဲဟ’
[ဒင်... ပထမဆုံးအကြိမ် အဖွဲ့ဖွဲ့ခြင်းအတွက် ကြိုဆိုရေး လက်ဆောင်ထုတ် ချပေးလိုက်ပါပြီ]
ထိုစဉ် စနစ် မျက်နှာပြင်တစ်ခု သူ့ရှေ့တွင် ပေါ်လာပြီး လမ်းညွှန်အိုင်ကွန်များ၊ ချင်မင်းဆက် သက်သေခံ လက်မှတ်ခြောက်ခုနှင့် ဆံပင်တုများကို ပြသထားခဲ့သည်။
‘ဒါပဲလား...’
ကျန်းယဲ့သည် နည်းပါးလှသော စတင်ခြင်း လက်ဆောင်ထုတ်ကို ကြည့်ကာ တိတ်ဆိတ်စွာ အကြည့်လွှဲလိုက်ပြီးနောက် ပျောက်ကွယ်သွားသော SUV ကားကြီးကို သော့ခတ်သိမ်းဆည်းထားသည့် သိုလှောင်ခန်းဆီသို့ အကြည့်ရောက်သွားရာ ထိုနေရာတွင် နောက်ပြန်ရေတွက်နေသော အချိန်ပြစက်မှာ ၁၁:၅၆ ဟု ပြသနေချေသည်။
ကျန်းထောင်က မေးလိုက်၏။ “ဒါရိုက်တာ ကျန်း.. ကျွန်တော်တို့ အခု ဘယ်ကို သွားမှာလဲ”
“ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့ ခရီးစဉ်က လန်ယာခရိုင်ပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ချင်ရှီဟွမ်က လန်ယာကို ရောက်လာတော့မှာမို့ ဒီတစ်ခေါက်မှာ သူ့ကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရကောင်း ရနိုင်တယ်”
“ချင်ရှီဟွမ်” ကျန်းထောင်က အံ့အားသင့်စွာ အော်ပြောလိုက်၏။
အခြားသူများအားလုံးလည်း စိတ်လှုပ်ရှားသွားပုံရလေသည်။
သူက ချင်ရှီဟွမ်... ချင်မင်းဆက်ရဲ့ ပထမဆုံး ဧကရာဇ်.... ခေတ်အဆက်ဆက်ရဲ့ ပထမဆုံး ဧကရာဇ်ကြီးလေ။ ဘယ်သူကများ သူ့ကို လူကိုယ်တိုင် မတွေ့ချင်ဘဲ နေပါ့မလဲ။
“ဒါရိုက်တာကျန်း.... အစ်ကိုကျန်း.... ခင်ဗျား အမှန်တကယ် ပြောနေတာလား” ကျန်းထောင်က ကျန်းယဲ့၏ လက်ကို စိတ်လှုပ်ရှားစွာ ဖမ်းဆုပ်လိုက်၏။
“သေချာတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ လန်ယာကို မြန်မြန်သွားဖို့ လိုတယ်... မဟုတ်ရင် သူ့ကို မြင်တွေ့ခွင့်မရဘဲ နေလိမ့်မယ်”
စနစ်က ခရီးသွား မစ်ရှင်ကို ရှင်းလင်းစွာ သတ်မှတ်ပေးထားသည်ဖြစ်ရာ ဆိုလိုသည်မှာ ချင်ရှီဟွမ်၏ ခရီးစဉ်အဖွဲ့က လန်ယာသို့ ရောက်ရှိလာတော့မည် ဖြစ်၏။
“သွားကြစို့.. သွားကြစို့... လန်ယာကို မြန်မြန်သွားကြစို့” ကျန်းထောင်ဟာ အလွန် စိတ်လှုပ်ရှားနေချေသည်။
ပြန်ရောက်သွားတဲ့အခါ သူ ဒီအကြောင်းကို တစ်သက်လုံး ကြွားလို့ရပြီမဟုတ်လော။
“ဒါရိုက်တာကျန်း... ကျွန်တော်တို့ ဒီလိုပုံစံနဲ့ပဲ သွားကြမလို့လား။ မြို့နားမရောက်ခင်ကတည်းက ဖမ်းမခံချင်ဘူးနော်” ဝမ်ဟိုင်ဖုန်းက အားလုံးဝတ်ဆင်ထားသော အဝတ်အစားများကို လက်ညှိုးထိုးပြလိုက်လေသည်။
‘ဒီ လူသစ် လက်ဆောင်ထုတ်က ငါ့ကို သက်သေခံကတ်ပြားတော့ ပေးတယ်... ဒါပေမဲ့ ဘာလို့ ချင်မင်းဆက် အဝတ်အစား တစ်စုံ မပါရတာလဲကွာ’
ကျန်းယဲ့ စကားမပြောနိုင်မီ ကျန်းမင်ဟွေက “မြို့နား မရောက်ခင်မှာတင် ကျွန်တော်တို့ ပြဿနာတက်နေပြီ” ဟု ပြောလိုက်သည်။
အဖွဲ့လိုက်လုံး ကျန်းမင်ဟွေ ကြည့်နေသောဘက်သို့ လှမ်းကြည့်လိုက်ရာ ပုဆိန်များနှင့် ဓားမများကို ကိုင်ဆောင်ထားသည့် ဓားပြခြောက်ယောက်က သူတို့ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ကြရသည်။
ကျန်းယဲ့သည် ထိုဓားပြ ခြောက်ယောက်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများ အရောင်လက်သွားချေသည်။
‘ဝိုး... ပစ္စည်းတွေက ငါ့တို့တံခါးဝအထိ လာပို့ပေးနေပါလား’
“အစ်ကိုကြီး... ဒီလူတွေ ဝတ်ထားတာ အရမ်း ထူးဆန်းတယ်နော်”
“သူတို့ အဝတ်အစားတွေက ထူးဆန်းပေမယ့် သူတို့ရဲ့ ဖြူဖွေးနုဖတ်နေတဲ့ အသားအရည်ကို ကြည့်ရတာ သေချာပေါက် အလွယ်တကူ အနိုင်ကျင့်လို့ရမယ့် သားကောင်တွေပဲ” ဓားပြတစ်ယောက်က ဖြူဖွေးနုဖတ်ဟု ပြောလိုက်ချိန်တွင် သူ၏ အကြည့်များက ကျန်းယဲ့အပေါ်၌ စက္ကန့်အနည်းငယ်ခန့် ပိုမို ကြာရှည်စွာ ရပ်တန့်သွားချေသည်။
ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုပါက ချင်မင်းဆက်၏ ဘာသာစကားက ခေတ်သစ် ဘာသာစကားနှင့် အလွန် ကွာခြားသော်ငြားလည်း သူတို့ခြောက်ဦးလုံးဟာ တစ်ဖက်လူပြောသည်ကို အံ့ဩဖွယ်ကောင်းလောက်အောင် နားလည်နေကြလေသည်။
ဓားပြခြောက်ယောက်သည် သူတို့ထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာပြီး ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ခြိမ်းခြောက်ကာ အော်ပြောလိုက်၏။ “ဒီလမ်းကို ငါဖောက်တာ... ဒီသစ်ပင်တွေကိုလည် ငါစိုက်တာ... ဒါကြောင့် မင်းတို့ ဖြတ်သွားချင်ရင် ဖြတ်သန်းခ ပေးခဲ့ကြ”
ကျန်းထောင်သည် ထိုဘိုးဘေးခြောက်ယောက်ကို ကြည့်လိုက်ပြီး သူတို့ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါကို မြင်လိုက်ရသဖြင့် သူတို့မှာ အလွယ်တကူ အနိုင်ယူ၍ရသူများ မဟုတ်ကြောင်း သိလိုက်လေသည်။
သူက တိတ်ဆိတ်စွာပင် တံတွေးမျိုချလိုက်၏။
လီကျန့်ကော်သည် အမှတ်မဲ့ပင် ကျန်းယဲ့ကို ကြည့်လိုက်မိသည်။
ကျန်းယဲ့သည် ကျန်းမင်ဟွေနှင့် အခြားနှစ်ဦးကို ကြည့်လိုက်ပြီး တိုးတိတ်သော အသံဖြင့် “အစ်ကိုကျန်း... ကျွန်တော်တို့ လန်ယာကို ဝင်လို့ရမရဆိုတာ ခင်ဗျားတို့အပေါ်မှာပဲ မူတည်နေပြီ” ဟု ပြောလိုက်သည်။
ကျန်းမင်ဟွေနှင့် သူ၏ အဖော်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီး အချင်းချင်း၏ ရည်ရွယ်ချက်များကို နားလည်သွားကြ၏။
ကျန်းယဲ့နှင့် သူ၏ အဖွဲ့ဝင်ခြောက်ဦးက ငြိမ်သက်နေသည်ကို မြင်သောအခါ ဓားပြခြောက်ယောက်က အော်ပြောလိုက်လေသည်။ “မင်းတို့က သေချင်နေတာပဲ”
“ညီအစ်ကိုတို့... တိုက်ကြ”
‘တိုက်ကြ’ ဟူသော စကားလုံး ကျဆင်းသွားသည်နှင့် လူခြောက်ယောက်သည် လက်နက်ကိုယ်စီ ကိုင်ဆောင်ကာ ကျန်းယဲ့နှင့် သူ၏အဖွဲ့ဝင် ခြောက်ဦးထံသို့ ပြေးဝင်လာခဲ့ကြသည်။
ကျန်းထောင်၊ လီကျန့်ကော်နှင့် ကျန်းယဲ့တို့က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြ၏။
ကျန်းမင်ဟွေ၊ ဝမ်ဟိုင်ဖုန်းနှင့် လျိုကျန်တုန်းတို့ကမူ ရှေ့သို့ ပြေးထွက်သွားကြလေသည်။
၃ ယောက်နှင့် ၆ ယောက် အခြေအနေတွင် တစ်ဖက်က လူပိုများနေသော်လည်း ကြီးမားလှသော ခွန်အားကွာဟချက်အောက်တွင် ပြိုင်ဘက်များ ကျရှုံးသွားခဲ့ကြသည်။
လက်ဖက်ရည်တစ်ခွက် သောက်ရန် ကြာသည့်အချိန်ပင် မကုန်ဆုံးမီ ဓားပြဘိုးဘေးကြီးခြောက်ယောက်လုံး မြေပြင်ပေါ်တွင် လဲကျကာ နာကျင်စွာ ညည်းတွားနေကြရလေသည်။
သူတို့၏ လက်နက်များကိုလည်း ပထမအချီတွင်ပင် ကျန်းမင်ဟွေနှင့် အခြားနှစ်ဦးက လုယူသွားခဲ့ပြီး ဖြစ်၏။
ကျန်းယဲ့သည် ထိုလူခြောက်ယောက်၏ အဝတ်အစားများကို စိုက်ကြည့်ကာ ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။
ကျန်းယဲ့၏ ထိုအပြုံးကို မြင်လိုက်ရချိန်တွင် ဘိုးဘေးခြောက်ယောက်ဟာ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ကြရသည်။
“မင်း ဘာလုပ်ချင်လို့လဲ” ဓားပြခေါင်းဆောင်က ကျန်းယဲ့နှင့် သူ၏အဖွဲ့ကို ကြောက်လန့်တကြား ကြည့်လိုက်၏။
ကျန်းယဲ့က ကျန်းထောင်နှင့် အခြားလေးဦးကို ပြောလိုက်ချေသည်။ “သူတို့ကို အဝတ်အစားတွေ ချွတ်လိုက်... ”
လီကျန့်ကော်က တုံ့ဆိုင်းသွားပြီး “ဒါရိုက်တာကျန်း... ဒါက နည်းနည်း မသင့်တော်ဘူး မဟုတ်လား...”