အခန်း (၃၉) စူးစမ်းချင်စိတ်ကြီးသော မုန့်ရီ
ချင်မင်းဆက် တတိယမြောက် ခရီးသွားအဖွဲ့မှ အဖွဲ့ဝင်ဆယ်ဦးသည် ရထားလုံး အသီးသီးမှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြပြီး တစ်ယောက်ချင်းစီတိုင်းက အရွယ်အစားနှင့် အရောင်အသွေး အမျိုးမျိုးရှိသော ခရီးဆောင်သေတ္တာများကို သယ်ဆောင်လာကြလေသည်။
တောက်ပသော အရောင်အသွေးရှိသည့် သေတ္တာများကို မြင်သောအခါ အစောင့်များမှာ အလွန် စူးစမ်းချင်စိတ် ဖြစ်သွားကြရသည်။ အချို့သေတ္တာများဆိုလျှင် လူတစ်ယောက် ဝင်ဆံ့လောက်အောင်ပင် ကြီးမားလှ၏။
စည်းကမ်းချက်များအရ ဤထူးဆန်းပြီး လှပသော သေတ္တာများကို ဖွင့်လှစ်စစ်ဆေးရမည် ဖြစ်သည်။
“ဒါတွေက...” တပ်မှူးက ရှေ့သို့ တိုးလာပြီး ဤခရီးဆောင်သေတ္တာများကို မည်သို့ ဖော်ပြရမည်ကို မသိဖြစ်နေရသည်။
သူက ဤအရာများကို တစ်ခါမှ မမြင်ဖူးချေ။ သစ်သားသေတ္တာများနှင့် တူသော်လည်း သူတို့ ပုံမှန်အသုံးပြုနေကျ သစ်သားသေတ္တာများနှင့် မတူပေ။ လူတွေက ဆွဲသွားလို့ရနေသည်မှာ တကယ်ကို ပါရမီပါပါ ဖန်တီးထားခြင်းပင်။
“စစ်ဆေးဖို့အတွက် ဖွင့်ပြဖို့ လိုပါတယ်” တပ်မှူးက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သော်လည်း သူ၏ မျက်လုံးများက သေတ္တာအောက်ခြေရှိ သွက်လက်စွာ လှိမ့်သွားနေသော ဘီးများကို စူးစမ်းချင်စိတ်ဖြင့် စူးစိုက်ကြည့်နေချေသည်။
ကျန်းယဲ့က ရှေ့သို့တိုးလာပြီး မုန့်ရီကို တိုးတိုးလေး ပြောလိုက်၏။ “သေတ္တာတွေထဲမှာ အရှင်မင်းကြီးကို ဆက်သဖို့ ရည်ရွယ်ထားတဲ့ ဒေသထွက် လက်ဆောင်ပစ္စည်းတွေ အများစု ပါပါတယ်။ လူပုံအလယ်မှာ ဖွင့်ပြီး စစ်ဆေးဖို့က သင့်တော်မယ် မထင်ဘူး”
မုန့်ရီက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး တပ်မှူးကို ပြောလိုက်လေသည်။ “ငါ အာမခံတယ်... စစ်ဆေးစရာ မလိုဘူး”
တပ်မှူးမှာ ခဏတာ တွေဝေသွားပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်၏။
လူစုသည် နန်းတော်တံခါးကို ဖြတ်၍ သူတို့၏ သေတ္တာများကို ဆွဲသွားကြရာ ဘီးများက ကျောက်ပြားပြာများပေါ်တွင် တလိမ့်လိမ့်နှင့် အသံတိုးတိုးလေး ထွက်ပေါ်နေခဲ့သည်။
မုန့်ရီက ကျန်းယဲ့ဘေးမှ လျှောက်လာရင်း သူ၏ အကြည့်များက ခရီးဆောင်သေတ္တာများဆီသို့ ရံဖန်ရံခါ ရောက်သွားလေသည်။
နောက်ဆုံးတွင် သူက မနေနိုင်ဘဲ မေးလိုက်၏။ “ဒီသေတ္တာတွေရဲ့ အောက်ခြေက ဝင်ရိုးတွေက တော်တော်လေး လက်ရာမြောက်တာပဲ။ ဘာပစ္စည်းနဲ့ လုပ်ထားတာလဲ မသိဘူး။ ဒီလောက် အလေးချိန်ကို ဘယ်လိုများ ခံနိုင်ရည်ရှိနေတာလဲ”
သူက ခုလေးတင် သေတ္တာကို ရထားလုံးပေါ်မှ ချရန် ကူညီပေးခဲ့သဖြင့် ၎င်း၏ အလေးချိန်ကို ကိုယ်တိုင်ကိုယ်ကျ သိရှိထားပေသည်။
ဤစကားကို ကြားသောအခါ ကျန်းဟွိုင်မင်က သဘာဝကျကျပင် ပြန်ဖြေလိုက်၏။ “ဒါက အထူး သတ္တုစပ်တစ်မျိုးနဲ့ လုပ်ထားတာပါ... ဒါကြောင့် ပေါ့ပါးပေမဲ့ ခိုင်ခံ့နေတာပေါ့”
သူက သရုပ်ပြရန်အတွက် သေတ္တာကို အနည်းငယ် မပြလိုက်သည်။ “ဘီးတစ်ခုစီတိုင်းမှာ ဘောလ်ဘယ်ရင် တပ်ဆင်ထားတဲ့အတွက် လှည့်ရတာ ပိုလွယ်ကူသွားတာပါ”
မုန့်ရီက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ “အစ်ကိုကျန်း... ခုနက ပြောလိုက်တဲ့ သတ္တုစပ်ဆိုတာ ဘာလဲ။ ငါက ကြေးဝါနဲ့ သံစိမ်းကိုပဲ ကြားဖူးတယ်။ ဒါကိုတော့ တစ်ခါမှ မကြားဖူးဘူး”
မုန့်ရီ၏ စူးစမ်းချင်စိတ်ကို မြင်သောအခါ ကျန်းဟွိုင်မင်က စိတ်အားထက်သန်စွာဖြင့် ရှင်းပြလေသည်။ “သတ္တုစပ်ဆိုတာ သတ္တုတစ်ခုစီရဲ့ အားသာချက်တွေကို ပေါင်းစပ်ဖို့အတွက် သတ္တုနှစ်မျိုး ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ သတ္တုတွေကို အတူတကွ အရည်ကျိုပြီး လုပ်ထားတာပါ။ ဥပမာအနေနဲ့ ဒီဘီးဝင်ရိုးမှာ သုံးထားတဲ့ ပစ္စည်းက အဓိကအားဖြင့် သံဖြစ်ပြီး တခြား အထူးသတ္တုအချို့ကို ထည့်သွင်းပေါင်းစပ်ထားတာပါ”
ထိုစကားကြောင့် မုန့်ရီ၏ မျက်လုံးများထဲတွင် အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ “ငါတို့ မဟာချင်ရဲ့ ကြေးဝါကလည်း ကြေးနီနဲ့ သံဖြူကို ပေါင်းစပ်ထားတာဆိုတော့ အဲဒါမျိုးများလား..”
ကျန်းဟွိုင်မင်က ပြုံးကာ ခေါင်းညိတ်လိုက်၏။ “ကြေးဝါက အစောဆုံး သတ္တုစပ်တွေထဲက တစ်ခုဖြစ်တာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ သုံးတဲ့ သတ္တုစပ်က ပိုပြီး ရှုပ်ထွေးပါတယ်။ သတ္တုဒြပ်စင် အမျိုးအစားတွေ ပိုထည့်ထားလို့ ပိုမာကျောပြီး ပိုအကြမ်းခံတာပါ...”
သူက စကားပြောရင်း ခရီးဆောင်သေတ္တာ၏ ဘီးများကို ညင်သာစွာ ကန်ပြလိုက်လေသည်။ “ဥပမာပြောရရင် ဒီဘီးတွေကို ခရိုမီယမ်နဲ့ နီကယ်လို သတ္တုတွေ ပေါင်းထည့်ထားတဲ့ စတီးလ်နဲ့ လုပ်ထားတာပါ။ ဒါကြောင့် ခိုင်ခံ့ရုံတင်မကဘဲ သံချေးလည်း မတက်တော့ဘူး။ ပြီးတော့ ဘီးမျက်နှာပြင်တစ်ခုလုံးကို ဆီလီကွန် တစ်လွှာနဲ့ ဖုံးအုပ်ထားလို့ အသံလည်း သိပ်မထွက်သလို ဆွဲရတာလည်း ချောမွေ့တာပါ...”
မုန့်ရီက ဆောင့်ကြောင့်ထိုင်ချကာ ပါရမီပါပါ ဖန်တီးထားသော ဘီးကို သေချာစွာ စစ်ဆေးကြည့်နေခဲ့သည်။ သူက ဘီးကို လက်ချောင်းဖြင့် ညင်သာစွာ တောက်ကြည့်လိုက်ရာ ချက်ချင်းပင် သွက်လက်စွာ လည်ပတ်သွားလေသည်။
“ငါတို့ မဟာချင်သာ ဒီနည်းလမ်းကို ကျွမ်းကျင်သွားမယ်ဆိုရင် စစ်ရထားတွေနဲ့ လက်နက်တွေ သွန်းလုပ်တဲ့နေရာမှာ သေချာပေါက် အဆင့်သစ်တစ်ခုကို ရောက်သွားမှာပဲ” မုန့်ရီက အာမေဍိတ်သံဖြင့် ပြောလိုက်ပြီးနောက် စိတ်အားထက်သန်စွာ မေးလိုက်၏။ “ဒီလောက် သေသပ်လှပတဲ့ လက်ရာပဲ။ အစ်ကိုကျန်း... ဒီစတီးလ်ချက်တဲ့ နည်းလမ်းကို ငါ့ကို သင်ပေးဖို့ ဝန်မလေးပါနဲ့...”
“အမတ်ကြီးမုန့်... ခင်ဗျားက အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်က ဒီအကြောင်းကို နည်းနည်းပါးပါးပဲ သိတာပါ။ အစစ်အမှန် နည်းပညာတွေကိုတော့ မသိပါဘူး။ ဒါပေမဲ့ ရှောင်ယဲ့ကို မေးကြည့်လို့ရပါတယ်။ သူ သိကောင်းသိနိုင်တယ်..” ကျန်းဟွိုင်မင်က သူ မသိသည့်အရာကို သိဟန်ဆောင်ရန် မရည်ရွယ်ဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။
ကျန်းယဲ့က ချင်မင်းဆက်ကို ထပ်လာနိုင်သေးသည်ဖြစ်ရာ နောက်တစ်ခေါက်လာလျှင် အချက်အလက်များကို ရှာဖွေပြီး ယူလာပေးရန် သူ့ကို အကူအညီတောင်းနိုင်ချေသည်။
သို့သော်လည်း မုန့်မိသားစုဆိုသည်မှာ မုန့်မိသားစုပင် ဖြစ်သည်ဟု ဆိုရမည်။ သူတို့က လောလောဆယ် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေခြင်း မရှိသော်လည်း ဤအရာများနှင့် ထိတွေ့ရသောအခါ သူတို့၏ ပထမဆုံး တွေးမိသည့်အရာမှာ စစ်ရေးကိစ္စများတွင် မည်သို့ အသုံးချရမည်နည်း ဆိုသည်ပင်။
တကယ့်ကို မျိုးရိုးပဲ။
မုန့်ရီက ချက်ချင်းပင် သူ၏ အကြည့်များကို ကျန်းယဲ့ထံသို့ လှည့်လိုက်၏။
ကျန်းယဲ့က ချက်ချင်းပင် အရှုံးပေးလိုက်ရသည်။ “ဒါက အလောတကြီး မလိုပါဘူး။ နောက်တစ်ခေါက်ကျရင် စာအုပ်တချို့ ယူလာပေးပါ့မယ်”
ဘုရားရေ.... သူက ခရီးသွားလမ်းညွှန် တစ်ယောက်သက်သက်ပဲလေ... ပန်းပဲဆရာ မဟုတ်ဘူးဟ...
ထို့ပြင် ဤနည်းပညာများကိုလည်း သူ နားမလည်ချေ။
ထို့အပြင် ကျန်းဟွိုင်မင် ခုလေးတင် ပြောသွားသည့် အရာများကို သူ ဘာတစ်ခုမှ မသိချေ။
‘သူ့ခရီးဆောင်သေတ္တာက ဘီးတွေက သာမန် ပလတ်စတစ်တွေပဲ။ ဒါပေမဲ့ တခြားလူတွေရဲ့ သေတ္တာတွေကို ကြည့်လိုက်တော့... အင်း.... အကုန်လုံးက တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေချည်းပဲ။ သုံးထားတဲ့ ပစ္စည်းတွေက တကယ်ကို ကွာခြားတာပဲ’
မုန့်ရီက ခေါင်းညိတ်လိုက်ပြီးနောက် အရောင်အသွေး တောက်ပနေသော သေတ္တာကိုယ်ထည်ဆီသို့ သူ၏ အကြည့်များကို လှည့်လိုက်သည်။ “ဒီသေတ္တာကို ဘာပစ္စည်းနဲ့ လုပ်ထားတာလဲ မသိဘူး။ သစ်သားနဲ့လည်း မတူသလို သတ္တုနဲ့လည်း မတူဘူး”
မုန့်ရီ၏ သင်ယူလိုစိတ် ပြင်းပြမှုက လူဆယ်ယောက်အဖွဲ့ကို သဘောကျစေသော်လည်း ခေါင်းလည်း ကိုက်စေလေသည်။
“ဒါကို ပလတ်စတစ်လို့ ခေါ်ပါတယ်။ အဲဒါက အထူးပစ္စည်းတစ်မျိုးပါ...”
မုန့်ရီက မည်သို့ ပြုလုပ်ရသနည်းဟု မေးရန် ဟန်ပြင်နေစဉ် ကျန်းယဲ့က ကြိုတင်၍ ဖြတ်ပြောလိုက်၏။ “လက်မှုပညာနဲ့ ပတ်သက်တဲ့ ဒီအသေးစိတ် အချက်အလက်တွေကို အရှင်မင်းကြီးနဲ့ တွေ့ပြီးမှ ဆွေးနွေးကြရင်ရော...”
ဘုရားရေ....
ဒီမုန့်ရီက မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ ကလေးပေါက်စ တစ်ယောက်လိုတောင် ဖြစ်နေပြီ။
ဒါက တကယ်ကို ခံနိုင်ရည်မရှိစရာပဲ။
မုန့်ရီက သူ၏ ရိုင်းပြမှုကို သတိပြုမိသွားပြီး တောင်းပန်သည့်ဟန်ဖြင့် ပြောလိုက်၏။ “ငါက စည်းကျော်သွားတယ်။ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ကြပါ။ အရှင်မင်းကြီးက ကျန်းထိုက်နန်းတော်မှာ စောင့်နေတာ ကြာလှပြီ”
သူတို့ တစ်ယောက်ချင်းစီတိုင်းက ခရီးဆောင်သေတ္တာ တစ်လုံးစီကို ဆွဲကာ ရှန်းယန်နန်းတော်ကို ဖြတ်လျှောက်သွားကြရာ ထူးခြားသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။
လမ်းတစ်လျှောက်တွင် ကြုံတွေ့ရသော နန်းတွင်းအစေခံများက စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာ လိုက်နာကြသော်လည်း သူတို့၏ မျက်လုံးများက အရောင်အသွေး စုံလင်လှသော ဤသေတ္တာများဆီသို့ အလိုအလျောက် ရောက်သွားတတ်ကြလေသည်။
ယွန်းဗန်းကို ကိုင်ဆောင်လာသော နန်းတွင်းအစေခံမလေးတစ်ဦးက ဖြတ်သွားစဉ် သူမ၏ ခြေလှမ်းများကို အနည်းငယ် နှေးလိုက်ပြီး လင်းရူ၏ မိုးပြာရောင် ခရီးဆောင်သေတ္တာကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်၏။
ကင်းလှည့်နေသော အစောင့်များကလည်း စည်းစနစ်ကျသော တန်းစီမှုကို ထိန်းသိမ်းထားသော်လည်း သူတို့အလိုလို လမ်းလျှောက်နိုင်သော ထူးဆန်းသည့် အရာများကို မျက်ခြေမပြတ် စောင့်ကြည့်နေကြလေသည်။
သူတို့ နန်းတော်အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ နန်းတွင်းအစေခံ များပြားလာသည်က ဤထူးဆန်းသော အိတ်များကို သတိပြုမိလာကြသည်။
မည်သူမျှ ရိုင်းစိုင်းစွာ လက်ညှိုးထိုးပြခြင်း သို့မဟုတ် တိုးတိုးတိတ်တိတ် ပြောဆိုခြင်းမျိုး မရှိသော်လည်း စူးစမ်းလိုသော မျက်လုံးများက သွက်လက်သော ဘီးများနှင့် တက်ကြွသော အရောင်များနောက်သို့ အဆက်မပြတ် လိုက်ပါနေခဲ့ကြသည်။
ခမ်းနားထည်ဝါသော ကျန်းထိုက်နန်းတော်အတွင်း၌ ဖယောင်းတိုင်မီးများက တဖျပ်ဖျပ် တောက်လောင်နေပြီး ကျယ်ဝန်းလှသော ခန်းမကြီးကို လင်းထိန်နေစေခဲ့သည်။
နဂါးပလ္လင်ပေါ်တွင် အမြင့်၌ ထိုင်နေသော ရင်းကျန့်အပြင် မုန့်ရီ၊ ဖုန်းကျဲ့၊ လီစစ်ဟူသော ရင်းနှီးသည့် အမတ်သုံးဦးနှင့် ကျောက်ကောင်း အပါအဝင် နန်းတွင်းအစေခံ အနည်းငယ်တို့သာ ခေါင်းငုံ့ကာ အခစားဝင်နေခဲ့ကြသည်။
ဤပုံမှန်မဟုတ်သော ရိုးရှင်းမှုက ဤတွေ့ဆုံမှု၏ အထူးသဘောသဘာဝကို ပေါ်လွင်စေပေသည်။
ကျန်းယဲ့က လူတိုင်းကို ဦးဆောင်ကာ ကြီးကျယ်ခမ်းနားသော အရိုအသေပေးမှုကို ပြုလုပ်ပြီးနောက် ရင်းကျန့်၏ အကြည့်များက သရဖူမှ တွဲကျနေသော ကျောက်စိမ်းပုတီးစေ့များကို ကျော်လွန်ကာ ထိုထူးဆန်းသော ခရီးဆောင်သေတ္တာများထံသို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
သူက လက်ကို အနည်းငယ် မြှောက်လိုက်ရာ နန်းတွင်းအစေခံများက ခန်းမ၏ ထောင့်ဆီသို့ ချက်ချင်းပင် တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြ၏။
“ငါ့ရဲ့ နောင်လာနောက်သားတွေက ဘာတွေများ ယူဆောင်လာကြသလဲ...” ရင်းကျန့်၏ အသံက နက်ရှိုင်းပြီး ဩဇာပါပါဖြင့် ဟာလာဟင်းလင်းဖြစ်နေသော ခန်းမထဲတွင် ပဲ့တင်ထပ်သွားချေသည်။
အခြားသူများက ချင်ရှီဟွမ်ကို မြင်ရ၍ စိတ်လှုပ်ရှားနေကြဆဲဖြစ်သော်လည်း ချောင်ဝမ်ပေါ်က အရင်စတင်ပြောဆိုလိုက်၏။ “အရှင်မင်းကြီးကို လျှောက်တင်ပါရစေ။ ဒါတွေအားလုံးက ကျန်းခိုင်နဲ့ အခြားသူတွေက ကျွန်တော်တို့ကို ယူလာပေးဖို့ အကူအညီတောင်းလိုက်တဲ့ လက်ဆောင်တွေပါ”
ကျန်းခိုင်ဟူသော နာမည်ကို ကြားသောအခါ ရင်းကျန့်၏ မျက်လုံးများက သရဖူနောက်ကွယ်မှ သိသာစွာ အရောင်လက်သွားလေသည်။
သူက ရှေ့သို့ အနည်းငယ် ကိုင်းလိုက်၏။ “မိတ်ဆွေငယ်ကျန်း နေကောင်းရဲ့လား”
“သူ နေကောင်းပါတယ်။ သူက အရှင်မင်းကြီးကို ထပ်တွေ့ချင်သေးတယ်လို့ပဲ အမြဲပြောနေတာ။ ဒီတစ်ခေါက် သူက အရှင်မင်းကြီးကို ဆက်သဖို့ အသစ်အဆန်းနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ အများကြီးကို အထူးတလည် ယူလာခိုင်းလိုက်ပါတယ်...”
ရင်းကျန့်၏ နှုတ်ခမ်းများက အနည်းငယ် ကော့တက်သွားပြီး ဤအဖြေကို သိသာစွာ ကျေနပ်သွားချေသည်။
‘ကျန်းခိုင်တို့ နောင်လာနောက်သားတွေက တကယ်ကို ကိုယ်ကျင့်တရား ကောင်းမွန်ကြတာပဲ’
သူက လက်ယမ်းလိုက်၏။ “အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး... ငါတို့ကို ပြဖို့ လက်ဆောင်တွေ ထုတ်လိုက်ဦး...”
ခွင့်ပြုချက်ရသည်နှင့် ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်သုံးဦးက ချက်ချင်းပင် သူတို့၏ ခရီးဆောင်သေတ္တာများကို အပြာအလဲ ဖွင့်ကြလေတော့သည်။
ချောင်ဝမ်ပေါ်က သူ၏ သေတ္တာထဲမှ ကောင်းကင်ကို ထိုးဖောက်နိုင်လောက်အောင် လင်းသည့် ငွေရောင် လက်နှိပ်ဓာတ်မီးတစ်လက်ကို ထုတ်ယူလိုက်ပြီး လက်နှစ်ဖက်ဖြင့် ရိုသေစွာ ဆက်သလိုက်၏။ “အရှင်မင်းကြီး... ကျေးဇူးပြုပြီး ဒါလေးကို ကြည့်ရှုပေးပါ”
မုန့်ရီက ၎င်းကို ဂရုတစိုက် လက်ခံယူလိုက်ပြီး အရာအားလုံး မှန်ကန်ကြောင်း စစ်ဆေးပြီးမှသာ ရင်းကျန့်ထံသို့ ဆက်သလိုက်လေသည်။
ရင်းကျန့်က သတ္တုဆလင်ဒါကို စစ်ဆေးကြည့်ရင်း နားမလည်စွာဖြင့် မေးလိုက်၏။ “ဒါက ဘာလဲ”