အခန်း (၃၈) ရှန်းယန်
"မှန်ပါတယ်" ကျောက်ကောင်းက ညွှန်ကြားလိုက်၏။ "သခင်လေး... သူတို့နဲ့ မိတ်ဆွေဖွဲ့နိုင်ဖို့ မနက်ဖြန် လက်ဆောင်ကောင်းတွေ ပြင်ဆင်ထားရမယ်... ဒီလူတွေက..."
"ကျွန်တော် သိတယ်... သိတယ်။" ဟူဟိုင်က စိတ်မရှည်စွာဖြင့် လက်ယမ်းလိုက်ပြီး ယိမ်းယိုင်စွာ မတ်တပ်ရပ်လိုက်သည်။ "သူတို့က ဘာမှမဟုတ်တဲ့ လူတွေပဲဟာကို... ရွှေငွေ နည်းနည်းပါးပါး ပေးလိုက်ရုံပေါ့..."
သူက ကျောက်ကောင်း၏ ပခုံးကို ဖက်ကာ အရက်မူးပြီး ဗလုံးဗထွေး ပြောလိုက်၏။ "မပူပါနဲ့ ဆရာ... ကျွန်တောိ... ဟစ်... မနက်ဖြန် သေချာပေါက် သွားတွေ့ပါ့မယ်။"
ကျောက်ကောင်းက ဟူဟိုင်၏ လုံးဝ အရက်မူးနေသော အခြေအနေကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။
သူက ဟူဟိုင်၏ ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကို စိတ်ရှည်လက်ရှည် သပ်ရပ်အောင် ပြင်ပေးရင်း ပြောလိုက်လေသည်။ "သခင်လေး... မှတ်ထားပါ။ ဒီလူတွေက သခင်လေးရဲ့ ဆန္ဒတွေ ပြည့်ဝဖို့ ကူညီပေးနိုင်ပါတယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး မိတ်ဆွေဖွဲ့ရပါမယ်..."
မိုးလင်းလာပြီး ရှန်းယန်မြို့တံခါးများ ပွင့်သွားသည်နှင့် ထိပ်တန်း မြင်းတပ်ဖွဲ့တစ်ဖွဲ့က မြို့အရှေ့ဘက်ရှိ ဧည့်ဂေဟာဆီသို့ တိုက်ရိုက် ဒုန်းစိုင်းနှင်လာခဲ့ကြသည်။ ခေါင်းဆောင်ဖြစ်သူမှာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကြေးဝါဓားရှည်ကို ချိတ်ဆွဲထားကာ သူကား အခြားသူမဟုတ်ဘဲ နာမည်ကျော် မုန့်ရီပင်။
တည်းခိုဆောင်အပြင်ဘက်ရှိ ချင်စစ်သားများက အဝေးမှ အလံများကို မြင်သောအခါ တပ်မှူးထံသို့ အလျင်အမြန် သတင်းပို့လိုက်ကြလေသည်။
"အမတ်ကြီးကို အရိုအသေပေးပါတယ်" တပ်မှူးက အလျင်အမြန် အဝတ်အစားဝတ်ကာ ထွက်ကြိုပြီး ဒူးတစ်ဖက်ထောက်၍ အရိုအသေပေးလိုက်၏။
မုန့်ရီက မြင်းပေါ်မှ သွက်လက်စွာ ဆင်းလိုက်ပြီး အသံဩဩဖြင့် မေးလိုက်ချေသည်။ "သံနက်တံဆိပ်ပြား ကိုင်ဆောင်ထားတဲ့သူ ဘယ်မှာလဲ..."
"သူတို့ အိပ်မောကျနေတုန်းပါပဲ..." တပ်မှူးက မုန့်ရီ၏ မျက်နှာကို အကဲခတ်လိုက်၏။ "ကျွန်တော် သွားနှိုးလိုက်ရမလား..."
မုန့်ရီက သူ့ကို တားရန် လက်ကာပြလိုက်၏။ "မလိုပါဘူး..."
သူက မြင်းကို သက်တော်စောင့်များထံ ကမ်းပေးရင်း ပြောလိုက်လေသည်။ "ငါ ဒီမှာပဲ စောင့်နေမယ်"
ဤသို့စောင့်ဆိုင်းခြင်းက တစ်နာရီခန့် ကြာမြင့်သွားချေသည်။
နေမြင့်လာသည်နှင့်အမျှ နောက်ဆုံးတွင် တည်းခိုဆောင်အတွင်း၌ လှုပ်ရှားမှုအချို့ ရှိလာခဲ့သည်။
ကျန်းယဲ့က အခန်းထဲမှ ပထမဆုံး ထွက်လာသူပင်။ သူက အကြောဆန့်ရင်း ခန်းမထဲသို့ ခြေလှမ်းလိုက်ရာ အလယ်တွင် ထိုင်နေသော မုန့်ရီကို မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများ အရောင်လက်သွားရသည်။ "အမတ်ကြီးမုန့်..."
"မိတ်ဆွေငယ်ကျန်း" မုန့်ရီက မတ်တပ်ရပ်ကာ ပြန်လည် နှုတ်ဆက်လိုက်ပြီး သူ၏ တည်ကြည်သော မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ "ငါတို့ နောက်ဆုံး တွေ့ခဲ့ကြတာ နှစ်လရှိသွားပြီ။ မင်းက အရင်လို ဆွဲဆောင်မှု ရှိနေတုန်းပဲ..."
သူတို့နှစ်ဦး စကားပြောဆိုနေကြစဉ် နောက်ဘက် ခြံဝင်းထဲမှ ခြေသံများ ထွက်ပေါ်လာချေသည်။
ကျန်းဟွိုင်မင်နှင့် သူ၏ အဖော်ခြောက်ဦးတို့ အတူတကွ ရောက်လာခဲ့ကြသည်။ သူတို့က ခန်းမထဲတွင် စစ်တပ်တစ်ခု အပိုရောက်နေသည်ကို မြင်သောအခါ အစပိုင်းတွင် အံ့ဩသွားကြသော်လည်း မုန့်ရီ၏ ခန့်ညားသော ရုပ်သွင်ကို သူတို့၏ အာရုံစိုက်မှုက လျင်မြန်စွာ ရောက်ရှိသွားချေသည်။
ကျန်းယဲ့က သူတို့ကို လက်ဝှေ့ယမ်းပြကာ မိတ်ဆက်ပေးလိုက်၏။ "ဒါက မုန့်ရီ... အမတ်ကြီးမုန့်.... ဒီလူတွေကတော့ ဒီတစ်ခေါက် ကျွန်တော် ခေါ်လာတဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေပါ..."
"မုန့်ရီ..." လီချင်းယီက အံ့ဩတကြီး ရေရွတ်လိုက်၏။
မုန်တိုင်းများစွာကို ဖြတ်သန်းဖူးပြီး အတွေ့အကြုံရင့်ကျက်သော စီးပွားရေးခေါင်းဆောင်များပင်လျှင် သမိုင်းဝင် ပုဂ္ဂိုလ်များကို မြင်ရသောအခါ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြချေ။
ကျန်းယီကျွင်းက ရှေ့သို့ လျင်မြန်စွာ တက်လာပြီး ချင်ခေတ် အရိုအသေပေးပုံကို အတုခိုးကာ ပြောလိုက်လေသည်။ "ကျွန်တော်က ကျန်းယီကျွင်းပါ.... လူကြီးမင်းရဲ့ ကျော်ကြားတဲ့ နာမည်ကို လေးစားလာခဲ့တာ ကြာပါပြီ"
မုန့်ရီက ကျန်းယီကျွင်းကို ထူပေးရင်း ပြောလိုက်၏။ "ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး.."
ကျောက်ဟုန်ကလည်း ရှေ့သို့ တက်လာကာ နှုတ်ဆက်လိုက်လေသည်။ "အမတ်ကြီးမုန့်နဲ့ အစ်ကိုတော်မုန့်ထျန်းတို့ရဲ့ နာမည်က နေရာအနှံ့ ကျော်ကြားပါတယ်။ ဒီနေ့ တွေ့ဆုံရတာက ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး ကံကောင်းမှုပါပဲ..."
နှုတ်ခွန်းဆက် စကားများ ပြောဆိုပြီးနောက် မုန့်ရီက ကျန်းယဲ့ကို ပြောလိုက်လေသည်။ "အရှင်မင်းကြီးက မင်းတို့ ပြန်ရောက်နေတာကို ကြားလို့ လာကြိုဖို့ ငါ့ကို အထူး အမိန့်ပေးလိုက်တယ်။ ရထားလုံးတွေ အဆင်သင့်ဖြစ်နေပြီမို့ အချိန်မရွေး ရှန်းယန်ကို ဝင်လို့ရပြီ.."
ဤစကားကို ကြားသောအခါ ကျန်းဟွိုင်မင်နှင့် အခြားသူများကြားတွင် ဆူညံမှုတစ်ခု ထပ်မံ ဖြစ်ပေါ်သွားရပြန်သည်။
"ငါတို့ ပထမဆုံးဧကရာဇ်ကြီးနဲ့ တွေ့ရတော့မယ်" ကျိုးရှင်းဖူမှာ သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ချေ။
ကျန်းယဲ့က ခေါင်းအနည်းငယ် ညိတ်လိုက်၏။ "ဟုတ်တယ်.."
သူတို့က ချင်မင်းဆက်၏ ပထမဆုံး ဧကရာဇ်ဖြစ်သော ချင်ရှီဟွမ်နှင့် တွေ့ဆုံရတော့မည် ဖြစ်၏။
စီအီးအိုခြောက်ယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဤနှစ်ရက်တာ ချင်မင်းဆက် ခရီးစဉ်က ယွမ်လေးထောင်သာ ကျသင့်သည်မှာ တကယ်ကို အရမ်းတန်လွန်းသည်ဟု ခံစားလိုက်ကြရသည်။
သူတို့ စကားပြောနေကြစဉ် နောက်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချောင်ဝမ်ပေါ်နှင့် အခြားသုံးဦးက နောက်ဖေးခြံဝင်းထဲမှ လမ်းလျှောက်ထွက်လာကြပြီး အိပ်ရေးမဝသေးချေ။ ဖုန်းယီမင်ကလည်း ခါးပတ်ပတ်နေဆဲပင်။ "မင်းတို့ ဘာလို့ ဒီလောက် အစောကြီး ထနေကြတာလဲ။ ငါ အိပ်ရာတောင် မနိုးသေးဘူး..."
မကြာမီတွင် သူတို့လေးဦးလုံး၏ အကြည့်များက ခန်းမအလယ်ရှိ မုန့်ရီထံသို့ တစ်ပြိုင်နက် ကျရောက်သွားခဲ့သည်။
ဝူကျဲက မျက်တောင်ခတ်လိုက်ပြီး သူ့ရှေ့ရှိ လူကို အလွန် ရင်းနှီးနေသလို တစ်နေရာရာတွင် မြင်ဖူးသလို ခံစားလိုက်ရပေသည်။
ချောင်ဝမ်ပေါ်က ပထမဆုံး တုံ့ပြန်လာပြီး မုန့်ရီကို လက်ညှိုးထိုးကာ အော်လိုက်ချေသည်။ "မုန့်ရီ... တကယ်ကြီး မုန့်ရီပဲဟ"
ကန်ချန်မှာ အရမ်းစိတ်လှုပ်ရှားနေသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်တော့ချေ။ "ဓာတ်ပုံထဲကအတိုင်း တစ်ပုံစံတည်းပဲ။ မဟုတ်ဘူး... ဓာတ်ပုံထဲကထက်တောင် ပိုပြီး ခန့်ညားသေးတယ်"
မုန့်ရီက ဤရုတ်တရက် အားတက်သရော ဖြစ်မှုကြောင့် အံ့အားသင့်သွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ "မိတ်ဆွေငယ်တို့က ငါ့ကို သိလို့လား..."
"သိတာပေါ့... အရမ်းကို သိတာပေါ့ဗျ.." ဖုန်းယီမင်က စိတ်လှုပ်ရှားစွာဖြင့် လက်ဟန်ခြေဟန်ပြလိုက်၏။ "ကျန်းခိုင်က အတူတူရိုက်ထားတဲ့ ဓာတ်ပုံကို ပြဖူးတယ်လေ..."
"ကျန်းခိုင်..." မုန့်ရီ၏ မျက်နှာအမူအရာက ချက်ချင်း နူးညံ့သွားပြီး ရှေ့သို့ တစ်လှမ်း တိုးလာလိုက်သည်။ "မင်းတို့က မိတ်ဆွေငယ်ကျန်းရဲ့ သူငယ်ချင်းတွေလား.."
ချောင်ဝမ်ပေါ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။ "ကျွန်တော်တို့က အချစ်ဆုံး သူငယ်ချင်းတွေလေ။ သူက လူကြီးမင်းအတွက် လက်ဆောင်တွေ အများကြီး ပေးလိုက်ဖို့ အထူးတလည် မှာလိုက်သေးတယ်"
သူက လှည့်ကာ နောက်ဖေးခြံဝင်းရှိ ဘေးခန်းဆီသို့ ပြေးသွားရင်း ပြောလိုက်သည်။ "အခုချက်ချင်း သွားယူလိုက်မယ်..."
"နေပါဦး..." ကျန်းယဲ့က သူ၏ ကော်လံနောက်ဘက်မှ လှမ်းဆွဲလိုက်ရသည်။ "ရှန်းယန်ကို ရောက်မှ လက်ဆောင်ကိစ္စ ပြောကြတာပေါ့..."
ထို့နောက် သူက မုန့်ရီကို ကြည့်ကာ ပြောလိုက်ချေသည်။ "ဒီကောင်လေးတွေက အရမ်း ကမူးရှူးထိုး နိုင်လွန်းလို့... အမတ်ကြီး ရယ်စရာ ဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်.."
မုန့်ရီက အားရပါးရ ရယ်မောလိုက်လေသည်။ "သူက မိတ်ဆွေငယ်ကျန်းရဲ့ ညီအစ်ကိုဆိုတော့ မိသားစုဝင်တွေပါပဲ..."
သူက ချောင်ဝမ်ပေါ်၏ ပခုံးကို ခင်မင်ရင်းနှီးစွာ ပုတ်လိုက်၏။ "မိတ်ဆွေငယ်ကျန်းရော နေကောင်းရဲ့လား"
"သူ နေကောင်းပါတယ်။" ဝူကျဲက ရှေ့သို့ တိုးထွက်လာခဲ့သည်။ "သူက အမတ်ကြီးဆီကို ထပ်လာပြီး လက်ဆောင်ကောင်းတွေ ယူလာပေးချင်တယ်လို့ ခဏခဏ ပြောနေတာ။ ဒီတစ်ခေါက် အခွင့်အရေး မရလိုက်တာပဲ နှမြောစရာ ကောင်းတယ်"
"ဟားဟား... မိတ်ဆွေငယ်ကျန်းက ဒီကိစ္စကို စိတ်ထဲ မှတ်ထားသေးတာကိုး..." မုန့်ရီက အားရပါးရ ရယ်မောလိုက်ချေသည်။
ကျန်းယဲ့က ကောင်းကင်ကို တစ်ချက်ကြည့်ကာ အတိတ်ကို လွမ်းဆွတ်နေမှုအား အချိန်မီ ဖြတ်ပြောလိုက်ရသည်။ "ကဲပါ... ပစ္စည်းတွေ သိမ်းပြီး သွားဖို့ ပြင်ကြတော့။ အမတ်ကြီးမုန့် ခုလေးတင် ပြောသွားတယ်... အရှင်မင်းကြီးက မင်းတို့ကို တွေ့ချင်နေတယ်တဲ့.."
ဤစကားကို ကြားသောအခါ ချောင်ဝမ်ပေါ်နှင့် အခြားသုံးဦးမှာ အံ့ဩဝမ်းသာ ဖြစ်သွားကြရသည်။
"ဟားဟား... ငါတို့ မကြာခင် ဧကရာဇ်နဂါးကြီးနဲ့ တွေ့ရတော့မယ်ကွ.."
ဝူကျဲနှင့် ကန်ချန်တို့က စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ဖက်လိုက်ကြ၏။ "ငါတို့ သမိုင်းကို မျက်မြင်ကိုယ်တွေ့ ကြုံရတော့မယ်"
ထိုလူစုကို ကြည့်ရင်း မုန့်ရီသည် ကျန်းခိုင်နှင့် အခြားသူများကို သတိမရဘဲ မနေနိုင်တော့ပေ။
ဤနောင်လာနောက်သား မျိုးဆက်များက အရှင်မင်းကြီးအပေါ် ထူးထူးခြားခြား ရိုသေလေးစားမှု ရှိပုံရလေသည်။
ဤအချက်က နောင်လာနောက်သားများက အရှင်မင်းကြီးအား မည်သို့ အကဲဖြတ်ကြမည်ကို သူ့အား အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။
ထို့နောက် လူအုပ်ကြီးက အထုပ်အပိုးများ ယူရန် သူတို့၏ အခန်းများဆီသို့ ပျော်ရွှင်စွာ ပြန်သွားလိုက်ကြသည်။
သူတို့၏ အလျင်စလို ထွက်ခွာသွားပုံကို ကြည့်ရင်း မုန့်ရီက ပြုံးစိစိဖြင့် ပြောလိုက်၏။ "သူတို့က မိတ်ဆွေငယ်ကျန်းနဲ့ သူ့သူငယ်ချင်းတွေရဲ့ ဟန်ပန်မျိုး ရှိတာပဲ"
ကျန်းယဲ့က ရယ်မောကာ ပြောလေသည်။ "ဟားဟားဟား... ဒါက အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ဆွဲဆောင်မှုတွေကြောင့်ပါ..."
ရထားလုံးဘီးများက ရှန်းယန်မြို့၏ ကြီးမားလေးလံသော ကျောက်ပြားပြာကြီးများပေါ်တွင် လိမ့်သွားကာ တဒုန်းဒုန်းမြည်သံများ ထွက်ပေါ်နေခဲ့သည်။
လှပစွာ အလှဆင်ထားသော ရထားလုံးသုံးစီးတွင် လူဆယ့်တစ်ယောက် စီးနင်းလိုက်ပါလာပြီး ထွင်းထုထားသော ပြတင်းပေါက်များမှတစ်ဆင့် ရှန်းယန်မြို့၏ စည်ကားလှသော မြင်ကွင်းက ပန်းချီကားတစ်ချပ်ပမာ ဖြည်းညင်းစွာ ပေါ်လွင်လာချေသည်။
ကျန်းဟွိုင်မင်နှင့် အခြားသူများက ရထားလုံးပြတင်းပေါက်တွင် ကပ်နေကြပြီး သူတို့၏ မျက်လုံးများက လမ်းပေါ်သို့ စူးစိုက်ကြည့်နေခဲ့ကြသည်။
လမ်း၏ တစ်ဖက်တစ်ချက်စီတွင် သပ်ရပ်သော မြေစေးအဆောက်အအုံများ တန်းစီနေပြီး အပေါ်သို့ ကော့တက်နေသော ခေါင်မိုးစွန်းများမှ ချီပိုးသား၊ ချူ ပိုးသား နှင့် ကျောက်မြေထည်ကဲ့သို့သော ဆိုင်းဘုတ်အမျိုးမျိုးကို ချိတ်ဆွဲထားရာ ဤအင်ပါယာမြို့တော်၏ အားလုံးကို လက်ခံနိုင်သော စိတ်ဓာတ်ကို ဖော်ပြနေချေသည်။
(NT- ချီပိုးသားက ချီပြည်နယ်ထွက်၊ ချူက ချူပြည်နယ်ထွက်၊ ကျောက်မြေထည်က ကျောက်ပြည်နယ်ထွက်ပါ ... အဲ့ပြည်နယ်တွေကို ချင်ရှီဟွမ်က သိမ်းပိုက်ပြီးနောက်မှာတောင် ချင်လူမျိုးတွေရဲ့ ပစ္စည်းပဲရောင်းရမယ်ဆိုတာမျိုး မကန့်သတ်ထားတဲ့အတွက် ချီးကျူးတာပါဗျ )
လမ်းသွားလမ်းလာများက မုန့်ရီ၏ အစောင့်အရှောက်များအတွက် လမ်းဖယ်ပေးလိုက်ကြသည်။ ဝန်ထမ်းထားသော ကုန်သည်များ၊ ခြင်းတောင်းကိုင်ထားသော အမျိုးသမီးများနှင့် ခေါင်းဆောင်းအမြင့်များ ဆောင်းထားသော ပညာရှိများလည်း ရှိနေခဲ့သည်။
လေထုထဲတွင် ကင်ထားသော ပြောင်းဆန်မုန့်များ၏ အမွှေးအကြိုင်များ၊ ယွန်းထည်များမှ သစ်စေးအနံ့များနှင့် အဝေးရှိ အလုပ်ရုံများမှ ကြေးဝါကျိုသည့် သတ္တုနံ့များ ပြည့်နှံ့နေလေသည်။
"ဟိုမှာ ကြည့်လိုက်ဦး..." ချောင်ဝမ်ပေါ်က လမ်းဘေးရှိ လမ်းပေါ် ဖျော်ဖြေသူတစ်ဦးကို လက်ညှိုးထိုးပြလိုက်၏။
ဖျော်ဖြေသူက သူ၏ ပါးစပ်ထဲမှ မီးတောက်များကို မှုတ်ထုတ်နေပြီး လူအုပ်ကြီးက အားပေးသံများ ဆူညံစွာ ထွက်ပေါ်နေခဲ့သည်။
ယာဉ်တန်းက ဈေးတစ်ခုကို ဖြတ်သန်းသွားသောအခါ မျက်စိကျိန်းစရာ ကောင်းလောက်အောင် များပြားလှသော ကုန်ပစ္စည်းများက လူတိုင်း၏ မျက်လုံးများကို ဖမ်းစားထားလေသည်။
ကျိုးရှင်းဖူက တောင်လိုပုံနေသော မြေအိုးများကို လက်ညှိုးထိုးကာ အာမေဍိတ်သံဖြင့် ပြောလိုက်၏။ "ဒီပစ္စည်းတွေကို ခေတ်သစ်ကို ပြန်ယူသွားရင် ရှေးဟောင်းပစ္စည်းတွေ ဖြစ်မသွားဘူးလား"
"ရှေးဟောင်းပစ္စည်း ဖြစ်ချင်မှ ဖြစ်မှာပါ.. " ကျန်းဟွိုင်မင်က ခေါင်းခါလိုက်ချေသည်။
ဘာကြောင့်လဲ...
ကျန်းဟွိုင်မင်က ခွဲခြမ်းစိတ်ဖြာပြလိုက်၏။ "ရှေးဟောင်းပစ္စည်းတွေက အချိန်တွေကြာလာတာနဲ့အမျှ ရင့်ရော်ပျက်စီးမှုတွေ ရှိလာတယ်။ ငါတို့ တိုက်ရိုက်ယူသွားတဲ့ ပစ္စည်းတွေက ချင်မင်းဆက်က အစစ်အမှန်တွေ ဖြစ်ပေမဲ့ အချိန်ရဲ့ သက်တမ်းရင့် အမှတ်အသားတွေ မရှိဘူးလေ။ ငါတို့ကို ခေါ်လာတဲ့ အချိန်လမ်းကြောင်းက ဒီပစ္စည်းတွေအပေါ်မှာ အချိန်ရဲ့ သက်တမ်းရင့် အမှတ်အသားတွေကို ထည့်မပေးဘူးဆိုရင်ပေါ့.."
ရထားလုံးထဲရှိ လူများက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ဒါလည်း ယုတ္တိရှိတာပဲ"
"တကယ်ကို နှမြောစရာပဲ..."
"နှမြောစရာ ဘာရှိလို့လဲ။ အမှတ်တရအနေနဲ့ ပြန်ယူသွားရုံပေါ့..." လင်းရူက ပြုံးကာ ပြောလိုက်၏။
ရထားလုံးက ကျယ်ဝန်းသော လမ်းမကြီးတစ်ခုပေါ်သို့ ရုတ်တရက် ကွေ့ဝင်သွားရာ လမ်းမျက်နှာပြင်မှာ သဘာဝ ကတ္တရာဖြင့် ပြုလုပ်ထားပြီး ဘီးများ ဖြတ်သွားချိန်တွင် အသံလုံးဝ မထွက်သလောက်ဖြစ်သွားခဲ့သည်။
အနီးတွင် ရပ်နေသော တပ်မှူးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိတ်ဆက်ပေးလိုက်၏။ "ဒါက အီဖန်နန်းတော်ကို တိုက်ရိုက်သွားတဲ့ ဧကရာဇ်ရဲ့ လမ်းမကြီးပါ။ ရထားလုံး ဆယ့်နှစ်စီး ယှဉ်ပြီး မောင်းလို့ရလောက်အောင် ကျယ်ဝန်းပါတယ်"
လူတိုင်းက ဤအသက်ဝင်နေသော ရှေးဟောင်းမြို့တော်ကြီးတွင် နစ်မြောနေကြစဉ် ရှေ့မှ ခရာမှုတ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
ခမ်းနားထည်ဝါသော မြို့တံခါးကြီးတစ်ခုက မြေပြင်မှ ထိုးထွက်ထွက်ပေါ်လာပြီး အနက်ရောင်နောက်ခံတွင် ရွှေရောင်စာလုံးများဖြင့် ရှန်းယန်နန်းတော်ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကို အပေါ်တွင် အမြင့်ကြီး ချိတ်ဆွဲထားခဲ့သည်။
လှံရှည်များ ကိုင်ဆောင်ထားသော အစောင့်များက အနီရင့်ရောင် နန်းတော်တံခါးရှေ့တွင် ပန်းပုရုပ်များကဲ့သို့ ရပ်နေကြပြီး အနက်ရောင်အလံများက လေထဲတွင် တလွင့်လွင့် ဖြစ်နေချေသည်။
"ရောက်ပြီ...."
ရထားလုံးများက နန်းတော်တံခါးရှေ့တွင် ဖြည်းညင်းစွာ ရပ်တန့်သွားလေသည်။