အခန်း (၃၇) လူတိုင်းအား ဝေစုခွဲပေးခြင်း
နောက်တစ်စက္ကန့်တွင် အံ့သြသံများက ခန်းမတစ်ခုလုံး၌ ပြည့်နှံ့သွားလေသည်။
“ဘုရားရေ... ဒီခေါက်ဆွဲက အရမ်း နူးညံ့တာပဲ”
“ငါ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်လာတာ ဆယ်နှစ်ရှိပြီ... ဒီလောက် အရသာရှိတဲ့ အစားအစာကို တစ်ခါမှ မမြည်းစမ်းဖူးဘူး...”
“အား.... စပ်တယ်...စပ်တယ်။ ဒါပေမဲ့ ဘာလို့ ပိုစပ်လေ ပိုစားချင်လေ ဖြစ်နေရတာလဲ”
အမဲသားပေါင်း ခေါက်ဆွဲ ဖြစ်သော်လည်း အစပ်မစားဖူးသော ချင်စစ်သားများအတွက်မူ အနည်းငယ် စပ်နေသေးချေသည်။
ချင်မင်းဆက်ကာလတွင် ငရုတ်သီးဟူ၍ အမှန်တကယ် မရှိသေးချေ။ ဒေသထွက် ဂျင်းနှင့် ဇီးသီးရိုင်းတို့သာ ရှိပြီး အနည်းငယ် စပ်သော အရသာရှိသော်လည်း ခေတ်သစ် ငရုတ်သီးများနှင့် ယှဉ်လျှင် သိပ်မစပ်လှပေ။
ချင်မင်းဆက် မှတ်တမ်းများတွင် စပ်သည်ဟူသော အသုံးအနှုန်းမရှိဘဲ စူးရှသည်ဟုသာ ရှိ၏။
ချဉ်၊ ချို၊ ခါး၊ စပ်ဟူသော အရသာလေးမျိုးကို ရှေးခေတ်တွင် မကြာခဏ ဖော်ပြလေ့ရှိကြသည်။ ထိုအရသာလေးမျိုး၏ သဘောတရားကို ထန်နှင့် ဆုန့်မင်းဆက်များတွင် စတင်ပုံဖော်ခဲ့သော်လည်း ယင်းအရသာလေးမျိုးအပေါ် နားလည်မှုမှာ ချင်မင်းဆက်မတိုင်မီ ကာလကတည်းက မြစ်ဖျားခံလာခြင်း ဖြစ်နိုင်ပေသည်။
သို့ရာတွင် လုရှစ်ချွန်းချိုးကျမ်း၏ ပန်းဝေ့အခန်းအရ ၎င်းကို ချဉ်သော်လည်း မစူးရှ၊ ငန်သော်လည်း မပေါ့၊ ချိုသော်လည်း မအီ၊ စပ်သော်လည်း လျှာမပူဟု ဖော်ပြထားပြီး စူးရှခြင်းက အစပ်အရသာကို ကိုယ်စားပြုချေသည်။
အရာရှိမှာ ချွေးများ ရွှဲနစ်လာသည်အထိ စားနေသော်လည်း မရပ်တန့်နိုင်ချေ။ နောက်ဆုံးတွင် သူက ဟင်းရည်တစ်စက်မကျန် သောက်ချလိုက်၏။
ထို့နောက် သူက ချောင်ဝမ်ပေါ်ကို လေးနက်စွာ အရိုအသေပေးကာ ပြောလိုက်လေသည်။ “မိတ်ဆွေငယ်ချောင်.... မင်းရဲ့ ကျေးဇူးကို တကယ်ကို မေ့နိုင်စရာ မရှိပါဘူး...”
ရုတ်တရက် မီးဖိုချောင်ထဲမှ တရှပ်ရှပ် အသံတစ်ခု ထွက်ပေါ်လာလေသည်။
ဝူကျဲက လှမ်းကြည့်လိုက်ရာ တည်းခိုဆောင်မှ အစေခံအချို့က သူတို့ ခုလေးတင် လွှင့်ပစ်လိုက်သော ဟင်းခတ်မှုန့်ထုပ်များကို ခိုးပြီး လျက်နေကြသည်ကို မြင်လိုက်ရ၏။
ထို့မြင်ကွင်းကြောင့် သူ၏ ရင်ထဲတွင် ဝမ်းနည်းစိတ်တစ်ခု ဖြစ်ပေါ်သွားပြီး နောက်တစ်အိုး ထပ်ပြုတ်ရန် လှည့်လိုက်ကာ အထူးအစီအစဉ်အနေဖြင့် ဝက်အူချောင်းများကိုပါ ထပ်ထည့်ပေးလိုက်သည်။
ထို့နောက် သူက အစေခံများကို လှမ်းခေါ်လိုက်၏။ “လာကြ... လူတိုင်း ဝေစုရမယ်”
သို့သော် တည်းခိုဆောင်မှူးက စကားမဟမချင်း အစေခံများက ရှေ့သို့ မတိုးရဲကြချေ။ ခွင့်ပြုချက်ရမှသာ ပန်းကန်များကို စိုးရိမ်တကြီး လက်ခံယူလိုက်ကြ၏။
ပိန်ပါးသော အစေခံကောင်လေးတစ်ယောက်မှာ တစ်လုတ်စားလိုက်ရုံဖြင့် အရသာရှိလွန်းလှသဖြင့် ဆွံ့အသွားပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။
‘ဒါက အရမ်း အရသာရှိတာပဲ...’
သူ ဘယ်လို ဖော်ပြရမည်ကို မသိသော်လည်း ဒါက သူ၏ ဘဝတစ်သက်တာတွင် စားဖူးသမျှ အကောင်းဆုံး အစားအစာဖြစ်ကြောင်း ခံစားလိုက်ရ၏။
“ဝါး... အရမ်း အရသာရှိတာပဲ။ ဒီလောက်ကောင်းတဲ့ အစားအစာမျိုးကို တစ်ခါမှ မစားဖူးဘူး”
အသက်ကြီးပြီဖြစ်သော တည်းခိုဆောင်မှူး၏ လက်များမှာ ပန်းကန်ကို ကိုင်ထားရင်း တုန်ယင်နေချေသည်။ “ငါ အသက်ငါးဆယ် နေလာခဲ့တာ... အခုမှပဲ စစ်မှန်တဲ့ ဟင်းလျာဆိုတာ ဘာလဲဆိုတာကို သိတော့တယ်..”
အသင့်စား ခေါက်ဆွဲတစ်အိုးက တည်းခိုဆောင်ထဲရှိ လူတိုင်းကို ပိုမို ရင်းနှီးသွားစေပြီး ရွှင်လန်းသော လေထုနှင့် ခေါက်ဆွဲ၏ ထူးခြားသော အမွှေးအကြိုင်များက တည်းခိုဆောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားချေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ကျန်းဟွိုင်မင်က သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ “ခေတ်သစ်မှာတော့ ဒါက ဧည့်ခံလို့တောင် မကောင်းတဲ့ အသင့်စား ခေါက်ဆွဲတစ်ပန်းကန်ပဲ ဖြစ်ပေမဲ့ ဒီမှာတော့ သူတို့အတွက် ရှားပါးဟင်းလျာတစ်ခွက် ဖြစ်နေတာပဲ..”
လီချင်းယီက လူအုပ်ဝိုင်းရံနေခြင်းကို ခံနေရသော ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်သုံးဦးကို ကြည့်ကာ ပြုံးလိုက်၏။ “နှစ်ပေါင်း ထောင်ချီ ကြာလာပြီးတဲ့နောက်မှာ ငါတို့ရဲ့ အရသာခံဖုလေးတွေက ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးနဲ့ ပြည့်နက်လာပြီး ငါတို့ရဲ့ လျှာတွေက ပိုပိုပြီး ရွေးချယ်တတ်လာသလို ထိုင်းမှိုင်းလာကြတယ်။ ငါတို့ရဲ့ ဘိုးဘေးတွေနဲ့ ယှဉ်ရင် သူတို့ရဲ့ အရသာခံနိုင်စွမ်းက မူလအစ အခြေအနေမှာပဲ ရှိနေသေးတယ်လေ”
ညဉ့်နက်ပိုင်းတွင်မူ လူတိုင်းမှာ စားသောက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြလေသည်။
တည်းခိုဆောင်၏ မီးဖိုချောင်တွင်သာ မီးလင်းနေသေးပြီး အစေခံအချို့က ကြေးအိုးထဲရှိ ကျန်နေသော ဟင်းရည်များကို သစ်သားဇွန်းများဖြင့် ခြစ်ယူနေကြကာ တစ်စက်လေးမျှပင် အလေအလွင့် မခံချင်ကြချေ။
ခြံဝင်းနံရံ အပြင်ဘက်တွင်မူ ညကင်းစောင့်နေသော ချင်စစ်သားများမှာ အရင်က တစ်ခါမှ မကြုံဖူးသော အစပ်အရသာကို ပြန်လည် မြည်းစမ်းရင်း တစ်ခါတစ်ရံ သူတို့၏ နှုတ်ခမ်းများကို လျက်နေကြ၏။
ထိုစဉ် အနီးရှိ ရှန်းယန်မြို့တော်တွင် အမှောင်ထုက မြို့တစ်မြို့လုံးကို ဖုံးလွှမ်းထားပြီး ရှန်းယန်နန်းတော်အတွင်းရှိ ဆီမီးရောင်က ညလေပြေထဲတွင် တလွင့်လွင့် ဖြစ်နေခဲ့သည်။
ရင်းကျန့်က သူ၏ လက်ထဲရှိ ဝါးစာလိပ်ကို ချလိုက်ပြီး နာကျင်နေသော နားထင်များကို လက်ဆစ်များဖြင့် ဖြည်းညင်းစွာ ပွတ်သပ်လိုက်၏။
သူက စားပွဲပေါ်ရှိ တင်ပြလွှာအများစုကို ဖတ်ရှုစစ်ဆေးပြီးဖြစ်သော်လည်း သူ၏ အကြည့်များက နန်းတော်တံခါးဆီသို့သာ ရောက်ရှိနေပေသည်။
“ကျောက်ကောင်း...” ဧကရာဇ်က ရုတ်တရက် စကားစလိုက်ရာ သူ၏ အသံက ဟာလာဟင်းလင်းဖြစ်နေသော ခန်းမထဲတွင် ပုံမှန်ထက် ပို၍ ဩဇာပါနေချေသည်။ “မကြာသေးခင်က ရွှမ်းထျဲ့ (သံနက်)တံဆိပ်ပြားနဲ့ တွေ့ဆုံခွင့်တောင်းတဲ့သူ ရှိသလား”
ဘေးတွင် ရပ်နေသော ကျောက်ကောင်းက အလျင်အမြန် ဦးညွှတ်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး... တံဆိပ်ပြားနဲ့ ရောက်လာသူ မရှိသေးပါဘူး”
ယင်းကျန့်က မသိမသာ မျက်မှောင်ကြုတ်လိုက်၏။ လေ့ကျင့်ရေးကွင်းမှ ဂျင်းဝါရောင်ကားလေး ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်လခွဲ ကြာခဲ့ချေပြီ။
‘နောင်လာနောက်သား မျိုးဆက်တွေလို့ ဆိုတဲ့သူတွေက အပြီးအပိုင် ထွက်သွားကြပြီလား....’
“အရှင်မင်းကြီး...” ကျောက်ကောင်းက ဧကရာဇ်၏ မျက်နှာအမူအရာကို အကဲခတ်ကာ သတိထား၍ ပြောလိုက်၏။ “သခင်လေး ကျန်းယဲ့က ကတိတည်တဲ့သူတစ်ယောက်လို့ ကျွန်တော်မျိုး မြင်ပါတယ်။ သူက အရှင်မင်းကြီးကို ကတိပေးထားပြီးပြီဆိုမှတော့ သေချာပေါက် ကတိဖျက်မှာ မဟုတ်ပါဘူး။ အနာဂတ်မှာ ကိစ္စတစ်ခုခုကြောင့် နှောင့်နှေးနေတာ ဖြစ်နိုင်ပါတယ်...”
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့” ရင်းကျန့်က အေးစက်စွာ ဖြတ်ပြောလိုက်သော်လည်း ထုံးစံအတိုင်း ဒေါသမထွက်ခဲ့ချေ။
သူက စားပွဲပေါ်ရှိ ယခုလေးတင် ဖွင့်ထားသော လက်ကိုင်ဖုန်းအသစ်ကို လှမ်းယူလိုက်ပြီး အေးစက်နေသော မျက်နှာပြင်ပေါ်တွင် သူ၏ လက်ချောင်းထိပ်များဖြင့် ဖြည်းညင်းစွာ ပွတ်ဆွဲလိုက်လေသည်။
နောင်လာနောက်သားများ ချန်ထားရစ်ခဲ့သော ပစ္စည်းများထဲမှ နှစ်ခုမှာ အလင်းမလင်းတော့ဘဲ ပျက်သွားပုံရသည်။ ကျန်ရှိနေသော နှစ်ခုကလည်း မည်မျှကြာကြာ ခံမည်ကို မသိရသေးချေ။
ကျောက်ကောင်းက ပါးနပ်စွာဖြင့် တိတ်ဆိတ်နေလိုက်သော်လည်း ဧကရာဇ်က ရုတ်တရက် မတ်တပ်ရပ်လိုက်သည်ကို မြင်လိုက်ရပြီး သူ၏ အနက်ရောင် နဂါးဝတ်ရုံမှာ ဆီမီးရောင်အောက်တွင် မှိန်ပျပျ တောက်ပနေလေသည်။
ရင်းကျန့်က နန်းတော်၏ အပြင်ဘက် စင်္ကြံဆီသို့ လျှောက်သွားကာ ကြယ်တွေစုံနေသော ကောင်းကင်ကြီးကို တိတ်ဆိတ်စွာ ငေးကြည့်နေချေသည်။
ညလေပြေက သူ၏ ချည်နှောင်မထားသော ဆံပင်မည်းများကို တလွင့်လွင့် ဖြစ်စေပြီး တိကျသေချာသော မျက်နှာကျကို ပေါ်လွင်စေခဲ့သည်။
“ဒီနှစ်ကုန်တဲ့အထိ ဘယ်သူမှ ရောက်မလာခဲ့ရင်...” ဧကရာဇ်က လေဟာနယ်ကို စကားပြောနေသကဲ့သို့ ရုတ်တရက် တိုးတိုးလေး ပြောလိုက်၏။ “လန်ယာကုန်းမြင့်ဆီကို လူလွှတ်ပြီး သွားစစ်ခိုင်းလိုက်...”
ကျောက်ကောင်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး အလျင်အမြန် သဘောတူလိုက်၏။
သူက စင်္ကြံတွင် ရပ်နေသော အရှင်မင်းကြီး၏ ကျောပြင်ကို ငေးကြည့်ရင်း ပြည်ထောင်အနှံ့ကို သိမ်းပိုက်နိုင်ခဲ့သော ဤဧကရာဇ်ထံမှ မသိမသာ မှုန်ဝါးဝါး စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် သတိထားမိလိုက်လေသည်။
ညဉ့်နက်လာချိန်တွင် ရှန်းယန်နန်းတော်၏ အပြင်ဘက်မှ အလျင်စလို မြင်းခွာသံများ ထွက်ပေါ်လာခဲ့သည်။
နန်းတော်သက်တော်စောင့်များက မည်သူဖြစ်ကြောင်း မြင်လိုက်သောအခါ အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြ၏။
အလွန် အရေးပေါ် အခြေအနေသာ မဟုတ်ပါက အမတ်ကြီး မုန့်ရီသည် ဤကဲ့သို့ ညသန်းခေါင်ယံအချိန်တွင် နန်းတော်ထဲသို့ ဝင်လာမည် မဟုတ်ချေ။
အိပ်ဆောင်ထဲသို့ ယခုလေးတင် ဝင်သွားသော ရင်းကျန့်က အကြောင်းကြားသံကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်၏။ “ခေါ်လိုက်..”
ခန်းမထဲတွင် ဆီမီးရောင်က တလွင့်လွင့် ဖြစ်နေပြီး သာမန် အပေါ်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသော ရင်းကျန့်က ခုတင်စောင်းတွင် ထိုင်နေခဲ့သည်။
မုန့်ရီက ခန်းမထဲသို့ ဝင်လာပြီး ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး... သံနက်တံဆိပ်ပြား ကိုင်ဆောင်ထားတဲ့ လူတွေ ရှန်းယန်ကို ရောက်လာပြီလို့ အရှေ့တံခါးစောင့်တပ်မှူးက သတင်းပို့လာပါတယ်။ စုစုပေါင်း ဆယ့်တစ်ယောက် ရှိပြီး အခု ဆင်ခြေဖုံးက တည်းခိုဆောင်တစ်ခုမှာ တည်းခိုနေကြပါတယ်”
ထိုစကားကြားသည်နှင့် ရင်းကျန့်၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု လက်သွားပြီး ရက်ပေါင်းများစွာ တွန့်ချိုးနေခဲ့သော သူ၏ မျက်ခုံးများမှာ နောက်ဆုံးတွင် ပြေလျော့သွားရသည်။
“ဆယ့်တစ်ယောက် ဟုတ်လား” ရင်းကျန့်၏ အသံတွင် ထူးထူးခြားခြား အလျင်လိုမှုတစ်ခု ပါဝင်နေချေသည်။ “အဲဒီအထဲမှာ ကျန်းယဲ့ပါသလား”
“တပ်မှူးက ခေါင်းဆောင်က ကျန်းယဲ့လို့ ပြောပါတယ်” မုန့်ရီက မော့ကြည့်လိုက်ရာ ဧကရာဇ်၏ နှုတ်ခမ်းများ အနည်းငယ် ကော့တက်နေသည်ကို သတိပြုမိလိုက်လေသည်။
“ကောင်းပြီ” ယင်းကျန့်က လက်ကို နောက်ပစ်ကာ မတ်တပ်ရပ်လိုက်၏။ “မနက်ဖြန် မိုးလင်းတာနဲ့ မင်းကိုယ်တိုင် နန်းတွင်းသက်တော်စောင့်တွေကို ဦးဆောင်ပြီး သူတို့ကို သွားကြိုရမယ်”
မုန့်ရီက ဧကရာဇ်၏ အမိန့်ကို ရိုသေစွာ ခံယူလိုက်လေသည်။ “ကျွန်တော်မျိုး နာခံပါ့မယ်...”
အိပ်မပျော်မီတွင် ရင်းကျန့်၏ မျက်ခုံးများ ပြေလျော့နေပြီး သူက အလွန် သက်သောင့်သက်သာ ရှိပုံရသည်။
ကျောက်ကောင်းက ရင်းကျန့်ကို အိပ်ရာဝင်ရန် ကူညီပေးပြီးနောက် အိပ်ဆောင်ထဲမှ ခြေဖျားထောက်ကာ ထွက်လာခဲ့လေသည်။ ထို့နောက် သူက လှည့်ကာ သူ၏ ဝတ်ရုံကို မပြီး များပြားလှသော နန်းတော်တံခါးများကို ဖြတ်၍ အလျင်အမြန် သွားလိုက်၏။
ညနှင်းရည်များက သူ၏ ဖိနပ်ကို စိုရွှဲသွားစေသော်လည်း သူ၏ အလျင်စလို ခြေလှမ်းများကိုမူ မနှေးကွေးစေခဲ့ချေ။
ဟူဟိုင်၏ နန်းဆောင်မှာ လင်းထိန်နေပြီး ကြိုးတပ်တူရိယာများနှင့် လေမှုတ်တူရိယာသံများကို တဆက်တည်း ကြားနေရ၏။
ကျောက်ကောင်းက နန်းဆောင်ထဲသို့ ခြေချလိုက်သည်နှင့် သူ့ရှေ့ရှိ အဓိပ္ပာယ်မရှိသော မြင်ကွင်းကြောင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြန်လည် ပြေလျော့သွားခဲ့သည်။
အသက်ဆယ့်နှစ်နှစ်အရွယ်ရှိ မင်းသားဟူဟိုင်က နူးညံ့သော ကုတင်ပေါ်တွင် မှီထိုင်နေပြီး ဝတ်စားဆင်ယင်မှု ဖရိုဖရဲဖြစ်နေသော ကချေသည်သုံးဦးက ဝိုင်းရံကာ အရက်တိုက်နေကြ၏။
မှောက်ကျနေသော သစ်သီးပန်းကန်များနှင့် အရက်ခွက်များက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး တုန်ရီနေသော ဂီတပညာရှင်တစ်ဦးက ထောင့်တွင် စောင်းတီးနေချေသည်။
“အားလုံး ဆုတ်ကြစမ်း... ” ကျောက်ကောင်းက အော်လိုက်ရာ ဂီတပညာရှင်မှာ လန့်ဖြတ်သွားပြီး တုန်ရီကာ သူ၏ တူရိယာမှ ကြိုးတစ်ချောင်းပင် ပြတ်သွားရသည်။
ဟူဟိုင်က အရက်မူးပြီး ဝေဝါးနေသော မျက်လုံးများဖြင့် ခေါင်းမော့လာလေသည်။ “အိုး... နန်းတွင်းရထားလုံးဌာနက အကြီးအကဲပါလား...”
သူက ကြို့ထိုးလိုက်၏။ “ဒီလောက် နောက်ကျမှ လာတာ... ဟစ်... သခင်လေးနဲ့ အရက်လာသောက်တာလား...”
ကျောက်ကောင်းက လက်ဝှေ့ယမ်းကာ လူအားလုံးကို ခန်းမထဲမှ နှင်ထုတ်လိုက်လေသည်။
နန်းတော်တံခါးများ ပိတ်သွားသည်နှင့် တစ်ပြိုင်နက် သူက အသံကို နှိမ့်ကာ ပြောလိုက်၏။ “သခင်လေး... နောင်လာနောက်သား မျိုးဆက်တွေဆိုတဲ့ လူစုက ရှန်းယန်ကို ရောက်နေပါပြီ။ မနက်ဖြန် အရှင်မင်းကြီးနဲ့ တွေ့ဆုံကြပါလိမ့်မယ်...”
“နောင်လာနောက်သားမျိုးဆက်တွေ ဟုတ်လား” ဟူဟိုင်က သူ၏ အရက်ခွက်ကို ပျင်းရိပျင်းတွဲဖြင့် ကစားနေချေသည်။ “ခမည်းတော် အမြဲတမ်း ပြောပြောနေတဲ့ လူတွေလား”