အခန်း (၃၆) ဒေသထွက် အစားအစာများ
“ဒါက အဓိကအခန်းလား...” ဝူကျဲက ပြတင်းပေါက်ဘောင်ကို လက်ချောင်းများဖြင့် ပွတ်ဆွဲကြည့်လိုက်၏။ “သန့်ရှင်းသားပဲ”
ကံမကောင်းစွာဖြင့် အိမ်သာမရှိချေ။
ထို့နောက် သူက ထောင့်ရှိ ညအိုးကို ကြည့်လိုက်လေသည်။
(NT- သေးအိုးလို ပုံစံထင်တယ် )
‘ဒီဟာကို တီဗီထဲမှာပဲ မြင်ဖူးတာ... တစ်ခါမှ မသုံးဖူးဘူး..’
ကန်ချန်းက ကောက်ရိုးဖျာခင်းထားသော ခုတင်ကို ကြည့်ရင်း ပြောလိုက်၏။ “ဒီလို ခုတင်မျိုးမှာ တစ်ခါမှ မအိပ်ဖူးဘူး... ဒီည အိပ်ပျော်ပါ့မလား မသိဘူး”
သူတို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်က ကျန်းဟွိုင်မင်နှင့် သူ၏ အဖော်ခြောက်ဦးပင်။
ဤအတွေ့အကြုံရင့် အမှုဆောင်အရာရှိကြီးများက ရှေးခေတ် အခြေအနေများအတွက် ကောင်းစွာ ပြင်ဆင်လာခဲ့ကြသည်။
ကျန်းရိကျွင်းက နံရံပေါ်ရှိ မြေသားရိုက်နှိပ်ထားသော အမှတ်အသားများကိုပင် အလွန် စိတ်ဝင်တစားဖြင့် လေ့လာနေလေသည်။ “ဒီမြေသားလွှာတွေကို ကြည့်စမ်း... တစ်လွှာကို ခြောက်လက်မလောက် ရှိတယ်... ဒါက ကောင်ကုန်းကျီးထဲက မှတ်တမ်းတွေနဲ့ ကိုက်ညီတယ်”
(NT-ကောင်ကုန်းကျီဆိုတာ ရှေးခေတ်တရုတ်ပြည်ရဲ့ နည်းပညာနဲ့ လက်မှုပညာတွေကို မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်ကျမ်းပါ )
လုံးဝ မှောင်သွားပြီးနောက် တည်းခိုဆောင်မှူးက လူတိုင်းကို ထမင်းစားရန် ရိုသေစွာ ဖိတ်ကြားလိုက်၏။
(NT- ကျန်းယဲ့တို့ တည်းတဲ့နေရာကို အုပ်ချုပ်ရတဲ့ အရာရှိကို ဘယ်လိုသုံးရမလဲ မသိလို့ တည်းခိုဆောင်မှူးလို့ သုံးထားပါတယ်)
ခန်းမထဲတွင် နိမ့်ပါးသော စားပွဲငယ် အနည်းငယ်ကို ချထားပြီး ထိုအပေါ်တွင် ကြွေပန်းကန်ခွက်ယောက်များကို တင်ထားချေသည်။
ခန်းမကို လင်းထိန်နေစေရန် အရာရှိက ဆီမီးခွက် အများအပြားကို ထွန်းထားရန် အထူး ညွှန်ကြားထား၏။
“အားလုံးပဲ အရသာရှိရှိ သုံးဆောင်ကြပါ” တည်းခိုဆောင်မှူးက ပြုံးရွှင်သော မျက်နှာဖြင့် ပန်းကန်ခွက်ယောက်များ၏ အဖုံးကို ဖွင့်လိုက်လေသည်။ “ဒါက အဆင့်မြင့် အရာရှိကြီးတစ်ဦးအတွက် သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ပြင်ဆင်ထားတာပါ...”
ငုံ့ကြည့်လိုက်သောအခါ စားပွဲငယ်လေးပေါ်တွင် လူးထမင်းတစ်ပန်းကန်၊ ပြုတ်ထားသော အသားတချို့၊ အရောင်ထူးဆန်းသော အချဉ်ဖတ်တစ်ပန်းကန်နှင့် ဆန်အရက်တစ်အိုးကို တွေ့လိုက်ရ၏။
ဟင်းလျာများကို ချလိုက်သည်နှင့် တစ်ပြိုင်နက် မနှစ်မြို့ဖွယ် ကောင်းသော အညှီနံ့တစ်ခုက သူတို့၏ နှာခေါင်းထဲသို့ ဝင်ရောက်လာချေသည်။
ချောင်ဝမ်ပေါ်နှင့် အခြား သုံးယောက်၏ မျက်နှာများမှာ ချက်ချင်းပင် စိမ်းသွားရသည်။
ဖုန်းယီမင်က နှာခေါင်းကို ပိတ်ကာ နောက်သို့ ဆုတ်လိုက်၏။ “ဒီအသားက အညှီနံ့ကို မဖျောက်ထားဘူးလား...”
ကျန်းဟွိုင်မင်နှင့် အခြားသူများက လုံးဝ ဂရုမစိုက်ကြဘဲ လူငယ်လေးယောက်ကို နောက်ပြောင်ကာ ဆူပူလိုက်ကြလေသည်။ “ဒီက အစားအစာတွေက ငါတို့ဆီကနဲ့ မတူဘူးလို့ ရှောင်ယဲ့ အရင်က မပြောခဲ့ဘူးလား။ ရောက်လာပြီဆိုမှတော့ ဒေသခံတွေလို နေထိုင်ပြီး ကောင်းကောင်း အတွေ့အကြုံယူသင့်တယ်... ဒါမှ ဒီခရီးက အလကား မဖြစ်မှာပေါ့”
ထို့နောက် ကျိုးရှင်းဖူက ဒုက္ခကို တစ်ခါမျှ မကြုံဖူးသော ထိုလူငယ်လေးယောက်ကို သတိပေးလိုက်၏။ “မင်းတို့က နေ့တိုင်း ကောင်းကောင်း စားလွန်းတော့ ဒီနေ့က ဗိုက်ထဲက အဆီပိုတွေကို ဖယ်ရှားဖို့ အခွင့်ကောင်းပဲ...”
ကျန်းရိကျွင်းက အသားတစ်ဖတ်ကို ကောက်ယူရင်း ပြောလိုက်ချေသည်။ “အရမ်း လတ်ဆတ်ပြီး အရသာရှိတာပဲ... ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေပဲ။ မင်းတို့ လူငယ်တွေက ဘာက ကောင်းတယ်ဆိုတာ မသိကြပါဘူး....”
လူကြီးအချို့၏ လမ်းညွှန်မှုကို ရင်ဆိုင်ရချိန်တွင် ချောင်ဝမ်ပေါ်နှင့် အခြားသုံးယောက်က ဘာပြောနိုင်မည်နည်း.... ဘာပြောရဲမည်နည်း.... သူတို့က နာခံစွာ နားထောင်ရုံသာ တတ်နိုင်ကြပေသည်။
ကျန်းရိကျွင်းက အသားတစ်ဖတ်ကို ပါးစပ်ထဲသို့ ဖြည်းညင်းစွာ ထည့်လိုက်၏။
နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာအမူအရာက ခဲသွားလေသည်။
အသားက မာကျောပြီး အရသာမရှိသလို ဖော်ပြ၍မရသော အညှီနံ့နှင့် မကောင်းသော အနံ့တစ်ခုလည်း ရှိနေခဲ့သည်။
လင်းရုက လူးထမင်း တစ်လုတ်ကို မြည်းစမ်းကြည့်လိုက်ရာ အခွံများကို သေချာ မဖယ်ရှားထားသကဲ့သို့ ကြမ်းတမ်းပြီး လည်ချောင်းထဲတွင် တနင့်တပိုး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူမဟာ ပါးစပ်ထဲရှိ ပြောင်းဖူးထမင်းကို အတင်း မျိုချလိုက်ရလေသည်။
အဆိုးဆုံးကတော့ လီချင်းယီပင်။ သူက မည်းနက်ပြီး နောက်ကျိနေသော အချဉ်ဖတ်များကို ဇွန်းတစ်ဇွန်း ခပ်ယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ချက်ချင်းပင် ပြင်းထန်စွာ ချောင်းဆိုးသွားရတော့သည်။ “အဟွတ် အဟွတ်.... ဒါက ဘာကြီးလဲ။ တရုတ်ဆေးထက်တောင် ပိုခါးသေးတယ်”
အရာရှိနှင့် တည်းခိုဆောင်မှူးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများအရ အစားအစာက မျိုချရ ခက်ခဲနေကြောင်း သိလိုက်ကြ၏။
ထို့ကြောင့် အရာရှိက တည်းခိုဆောင်မှူးကို ညွှန်ကြားလိုက်လေသည်။ “သွားပြီး လတ်ဆတ်တဲ့ ဟင်းရည်တစ်အိုး ချက်လိုက်... ဒါပေမဲ့ ဆားတို့ ပဲပိစပ် အချဉ်ဖောက်ထားတာတို့ မထည့်နဲ့”
ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်သုံးဦးက ကျန်းဟွိုင်မင်နှင့် အခြားသူများ၏ နာကျင်နေသော မျက်နှာအမူအရာများကို ကြည့်ကာ တိတ်တဆိတ် ဝမ်းသာနေကြပြီး သူတို့၏ ရယ်မောမှုကို အတတ်နိုင်ဆုံး ထိန်းထားခဲ့ကြသည်။
‘ဟားဟား... ကိုယ့်ဘာသာတောင် မစားနိုင်ဘဲနဲ့ ငါတို့ကိုများ ဆရာလာလုပ်နေသေးတယ်’
“နေဦး... ” ကျန်းယဲ့က ထွက်သွားမည့် တည်းခိုဆောင်မှူးကို တားရန် ရုတ်တရက် လက်ကာပြလိုက်ပြီး ချောင်ဝမ်ပေါ်နှင့် အခြား သုံးယောက်ကို လှည့်ကြည့်လိုက်၏။ “အစားအသောက်တွေ ယူလာဖို့ ကျန်းခိုင်က မင်းတို့ကို အထူးတလည် ပြောထားတာ မဟုတ်ဘူးလား။ ဘယ်မှာလဲ...”
ထိုစကားတစ်ခွန်းက လူလေးယောက်ကို အောင်မြင်စွာ အလင်းပြလိုက်နိုင်လေသည်။
ဝူကျဲက သူ၏ နဖူးကို ရိုက်လိုက်၏။ “အမလေးဗျာ.. ငါ မေ့တော့မလို့”
လေးယောက်သား ချက်ချင်း ခုန်ထကာ ဧည့်ခန်းဆီသို့ ပြေးသွားကြပြီး သူတို့၏ ခရီးဆောင်အိတ်များကို ဆူညံစွာ မွှေနှောက် ရှာဖွေကြလေသည်။
ခဏအကြာတွင် ချောင်ဝမ်ပေါ်က ဖောင်းကားနေသော ခရီးဆောင်အိတ်တစ်လုံးကို ကိုင်ကာ ပြန်ရောက်လာခဲ့သည်။
ဇစ်ကို ဖွင့်လိုက်သောအခါ ၎င်းအတွင်း၌ အသင့်စား ခေါက်ဆွဲထုပ်လေးဆယ်ကို သပ်ရပ်စွာ စီထားပြီး လေလုံအောင် ထုပ်ပိုးထားသော ပဲငံပြာရည်ကြက်ဥများနှင့် ဝက်အူချောင်းအချို့ကိုလည်း တွေ့လိုက်ရ၏။
ဤသည်မှာ သူတို့၏ ပြင်ဆင်မှု အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး သူတို့က အသင့်စားခေါက်ဆွဲဘူး ငါးဘူးကိုလည်း ပြင်ဆင်ခဲ့သေးသော်လည်း ၎င်းတို့မှာ ချင်ရှီဟွမ်အတွက် ပြင်ဆင်ရန် ကျန်းခိုင်က အထူးတလည် မှာကြားထားခြင်းပင်။
အထုပ်လိုက်ဖြစ်သော အသင့်စား ခေါက်ဆွဲများနှင့် ပတ်သက်၍ ကျန်းခိုင်၏စကားအရဆိုလျှင် အထုပ်ခေါက်ဆွဲများက ပမာဏပိုများများ သယ်ဆောင်ရလွယ်ကူပြီး သူတို့ကိုယ်တိုင် စားရန် သင့်တော်သောကြောင့် ဖြစ်၏။
ယခင်က ကျန်းခိုင်က သူတို့ကို အသင့်စား ခေါက်ဆွဲများ အများကြီး ယူလာခိုင်းသောအခါ သူတို့ သဘောမတူခဲ့ကြချေ။
ယခု ပြန်တွေးကြည့်သောအခါ ကျန်းခိုင်က တကယ်ကို ဉာဏ်အမြော်အမြင် ရှိသည်ဟု ဆိုရပေမည်။
“ငါတို့က ရှေးခေတ် အစားအစာတွေနဲ့ အသားကျမှာ မဟုတ်ဘူးလို့ ကျန်းခိုင်က ပြောခဲ့တယ်လေ..” ကန်ချန်းက အမဲသားခေါက်ဆွဲထုပ်တစ်ထုပ်ကို ဆွဲထုတ်လိုက်ရာ ထုပ်ပိုးမှုက ဆီမီးခွက်အောက်တွင် အလင်းပြန်နေလေသည်။ “ဒါတွေကို စစ်ဗျူဟာမြောက် အရင်းအမြစ်တွေလို့ သဘောထားလိုက်ကြရအောင်..”
တည်းခိုဆောင်မှူးနှင့် အစေခံအချို့က အရောင်အသွေး စုံလင်သော ထုပ်ပိုးထားသည့် အိတ်များကို စပ်စုချင်စိတ်ဖြင့် ကြည့်နေခဲ့ကြသည်။
အဲဒါတွေက ဘာမှန်း သူတို့မသိကြသော်လည်း အိတ်များက လှပပြီး အရောင်လက်ကာ အလွန် လှပချေသည်။
အရာရှိက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ “အရှင်.. ဒါတွေက ဘာတွေလဲ...”
“ဒါက ဒေသထွက် အစားအစာပါ” ကျန်းယဲ့က ပြုံးလျက် ရှင်းပြလိုက်သည်။ “ဆရာ... သန့်ရှင်းတဲ့ အိုးတစ်လုံး ပြင်ဆင်ပေးပြီး ရေနည်းနည်း ဆူအောင် တည်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်”
နောက်ခဏ၌ ဧည့်တည်းခိုဆောင်၏ မီးဖိုချောင်မှာ ချက်ချင်းပင် ရှုပ်ပွသွားလေသည်။
အစေခံများက ဟင်းရည်ချက်ရန်အတွက် အထူးပြုလုပ်ထားသော ကြေးဝါအိုးကြီးတစ်လုံးကို ယူလာကြပြီး ချောင်ဝမ်ပေါ်က ၎င်းအတွင်းသို့ ရေတစ်ဝက်ခန့် လောင်းထည့်ရန် ညွှန်ကြားလိုက်၏။
ရေမဆူမီ ဝူကျဲက ရှေးကျသော မီးဖိုချောင်ကို ပျင်းရိစွာ လေ့လာနေခဲ့သည်။ ထောင့်တွင် ကြမ်းတမ်းသော မြေအိုးများ ပုံထားပြီး ရက်မများမှ အခြောက်လှန်းထားသော တောဟင်းသီးဟင်းရွက်များကို ချိတ်ဆွဲထားကာ မီးဖိုဘေးတွင် ကျောက်ကြိတ်ဆုံတစ်ခု ရှိနေပြီး အရာအားလုံးက စိတ်ကူး၍မရလောက်အောင် အခြေခံကျလွန်းလှသည်။
ရေဆူလာသည်နှင့် တစ်ပြိုင်နက် ကန်ချန်းနှင့် အခြားသူများက ဖောက်ထားပြီးသားဖြစ်သော ခေါက်ဆွဲဖတ်များအားလုံးကို ဆူပွက်နေသော ရေထဲသို့ ပစ်ထည့်လိုက်ကြလေသည်။
မကြာမီတွင် ဂျုံ၏ ထူးခြားသော အမွှေးအကြိုင်များက လေထုထဲတွင် ပျံ့နှံ့လာခဲ့သည်။
“ဟင်းခတ်မှုန့်ထုပ်။ ဟင်းခတ်မှုန့်ထုပ်...” ချောင်ဝမ်ပေါ်က အလျင်စလို ပြောလိုက်၏။
သူတို့လေးယောက်က ဟင်းခတ်မှုန့်များနှင့် ဆီထုပ်များအားလုံးကို အိုးထဲသို့ အလျင်စလို ညှစ်ထည့်လိုက်ကြပြီး ဖုန်းယီမင်က ပဲငံပြာရည်ကြက်ဥ နှစ်လုံးကိုပင် အပိုင်းပိုင်းချိုးကာ အိုးထဲသို့ ပစ်ထည့်လိုက်လေသည်။
ခေါက်ဆွဲများ ဆူပွက်လာသည်နှင့်အမျှ အရင်က တစ်ခါမှ မကြုံဖူးလောက်အောင် ပြင်းထန်သော အမွှေးအကြိုင်များက ပေါက်ကွဲထွက်လာပြီး မီးဖိုချောင်တစ်ခုလုံး ပြည့်နှံ့သွားခဲ့သည်။
အပြင်ဘက်မှ ချောင်းကြည့်နေသော တည်ခိုဆောင်မှူးက ရုတ်တရက် အနံ့ခံလိုက်ပြီး အထဲသို့ စပ်စုချင်စိတ်ဖြင့် ဝင်လာခဲ့သည်။ “ဘာ... ဘာ အစားအစာလဲ။ အနံ့က အရမ်း ဆွဲဆောင်မှု ရှိတာပဲ”
သူ၏ မျက်လုံးများက ကြေးဝါအိုးထဲတွင် ဆူပွက်နေသော ခေါက်ဆွဲများဆီသို့ စူးစိုက်နေပြီး သူ၏ လည်စေ့က အထက်အောက် လှုပ်ရှားနေချေသည်။
မီးမွှေးနေသော အစေခံအချို့ကလည်း သူတို့ လုပ်နေသည်များကို မသိစိတ်အရ ရပ်လိုက်ကြပြီး အိုးအနီးသို့ အလိုအလျောက် တိုးကပ်လာခဲ့ကြသည်။
အမွှေးအကြိုင်များက တံခါးအကွဲကြောင်းမှတစ်ဆင့် အရှေ့ခန်းမသို့ ပျံ့လွင့်သွားရာ လူးထမင်းစားနေသော အရာရှိကလည်း ရုတ်တရက် မတ်မတ် ထိုင်လိုက်၏။ “ဘာအနံ့က ဒီလောက်ထိ မွှေးနေတာလဲ...”
ခြံဝင်းအပြင်ဘက်တွင် ကင်းစောင့်နေသော ချင်စစ်သားများပင်လျှင် ထိုအမွှေးအကြိုင်များကြောင့် ဆွဲဆောင်ခံလိုက်ရပြီး အချို့က ပြတင်းပေါက်မှ စပ်စုချင်စိတ်ဖြင့် ချောင်းကြည့်လာကြခေသည်။
ရွှေရောင် အသင့်စားခေါက်ဆွဲ ပန်းကန်လုံးကြီး တစ်လုံးကို ချပေးလိုက်သောအခါ လူတိုင်း၏ မျက်လုံးများက ၎င်းဆီသို့ ဆွဲဆောင်ခံလိုက်ရ၏။
ခေါက်ဆွဲများကို တောက်ပသော အနီရောင် ဟင်းရည်ထဲတွင် စိမ်ထားပြီး ဆီနှင့် ကြက်သွန်မြိတ်များ အုပ်ထားကာ လှီးထားသော ပဲငံပြာရည်ကြက်ဥများနှင့် ဝက်ပေါင်ခြောက် အချပ်များဖြင့် အလှဆင်ထားရာ ဆီမီးခွက်အောက်တွင် ဆွဲဆောင်မှုရှိစွာ တောက်ပနေပေသည်။
ခေတ်သစ် အသင့်စား ခေါက်ဆွဲများနှင့် မတူဘဲ ဤခေါက်ဆွဲဟင်းလျာကို ကြေးနီအိုးထဲတွင် မီးပြင်းပြင်းဖြင့် ချက်ပြုတ်ထားသောကြောင့် ရေနွေးပူပူဖြင့် ဖျော်ထားသော ခေါက်ဆွဲများထက် ပို၍ မွှေးကြိုင်နေခဲ့သည်။
အရာရှိနှင့် ချင်စစ်သားများက ဘေးတွင် ရပ်နေကြပြီး သူတို့၏ ဗိုက်များက ထိုအမွှေးအကြိုင်များကြောင့် တဂွီဂွီ မြည်နေကြသည်။
သို့သော် အစားအစာက ဤဂုဏ်သရေရှိ ဧည့်သည်များပိုင်ဖြစ်သောကြောင့် သူတို့ အိပ်မက်ပင် မမက်ရဲကြချေ။ သူတို့က တိတ်တဆိတ် အသက်ပြင်းပြင်း အနည်းငယ် ရှူရုံသာ တတ်နိုင်ကြပြီး အနံ့လေး ရှူရရုံဖြင့် ကျေနပ်နေခဲ့ရသည်။
ချောင်ဝမ်ပေါ်က အရာရှိကို မျက်လုံးထောင့်မှ မြင်လိုက်ရာ မတ်တပ်ရပ်ပြီး ပန်းကန်လုံးတစ်လုံး အပြည့် ခပ်ယူကာ အရာရှိအား ကမ်းပေးလိုက်လေသည်။ “စစ်သူကြီး... ကျွန်တော်တို့ကို စောင့်ရှောက်ပြီး လိုက်ပို့ပေးရတာ ခရီးကြမ်းတော့ ပင်ပန်းနေရောပေါ့။ ကျွန်တော်တို့ ဒေသထွက် အရသာလေးကို မြည်းစမ်းကြည့်ပါဦး...”
အရာရှိက ကပျာကယာ နောက်ဆုတ်လိုက်ပြီး ပြောလိုက်လေသည်။ “ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ...”
“စစ်သူကြီး... ကျေးဇူးပြုပြီး မငြင်းပါနဲ့” ကျန်းယဲ့က အချိန်ကိုက် ဝင်ပြောလိုက်၏။ “ဒါက ကျွန်တော်တို့ရဲ့ ကျေးဇူးတင်တဲ့ အထိမ်းအမှတ်အနေနဲ့ပါ”
အရာရှိ တုံဆိုင်းနေစဉ်မှာပင် ဖုန်းယီမင်က ချင်စစ်သားတစ်ဦးစီကို ပန်းကန်လုံးတစ်လုံးစီ အမြန် ခပ်ပေးလိုက်ပြီးဖြစ်သည်။
အမြဲတမ်း တည်ကြည်လေးနက်နေတတ်သော ဤစစ်သားများက သူတို့၏ ကြမ်းတမ်းသော မြေပန်းကန်လုံးများကို ကိုင်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့ထဲမှ တစ်ယောက်က မနေနိုင်တော့ဘဲ တစ်လုတ် စားကြည့်လိုက်၏။