အခန်း (၃၅) တည်းခိုဆောင်တွင် တည်းခိုခြင်း
ချင်မင်းဆက်သို့ အချိန်ခရီးသွားခဲ့သည့် အချိန်မှစ၍ ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာမှုက ကျန်းဟွိုင်မင်နှင့် အခြားစီအီးအိုများကို ကျန်းယဲ့အပေါ်ထားရှိသော သူတို့၏အမြင်များကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းလဲသွားစေလေသည်။
ဤသာမန် ဧည့်လမ်းညွှန်လေးဟု ထင်ရသူက သူတို့ စိတ်ကူးယဉ်နိုင်သည်ထက် များစွာ သာလွန်သော အာဏာကို ကိုင်စွဲထား၏။
အထက်လူကြီးများက ခေတ်သစ်နည်းပညာထက် သာလွန်သော ဤစွမ်းရည်ကို ရယူလိုသော်လည်း မလှုပ်ရှားဝံ့ဘဲ တိတ်တဆိတ်ပင် ကာကွယ်ပေးထားပုံရသည်။ ထို့ကြောင့် ကျန်းယဲ့တွင် မသိရသေးသော လျှို့ဝှက်ချက်များစွာ ရှိနေသည်မှာ သေချာသလောက်ပင်။
“သွားကြစို့...”
ကျန်းယဲ့က လူတိုင်းကို အနည်းငယ် ပြုံးပြလိုက်ပြီး ရှန်းယန်မြို့ဆီသို့ ဦးဆောင်ကာ လျှောက်သွားလိုက်သည်။
လူတိုင်း၏ အမြင်တွင် ကျန်းယဲ့၏ ကျောပြင်က နေရောင်အောက်၌ အထူးတလည် လျှို့ဝှက်ဆန်းကြယ်နေပုံရချေသည်။
ထောင်းချီမှ ရှန်းယန်သို့သွားသော ရုံးသုံးလမ်းတစ်လျှောက်တွင် ချင်စစ်တပ်က နွားလှည်းအနည်းငယ်ကို အမြန်စေလွှတ်ပေးခဲ့ကြသည်။ ကြမ်းတမ်းသော သစ်သားလှည်းဘောင်များကို မြက်ခြောက်များဖြင့် ဖုံးအုပ်ထားရာ ရိုးရှင်းသော်လည်း လမ်းလျှောက်ရသည်ထက်တော့ ပိုကောင်းနေသေးပေသည်။
ကျန်းဟွိုင်မင်နှင့် အခြား အမှုဆောင်အရာရှိကြီးများက ၎င်းကို လိုလိုလားလားပင် လက်ခံခဲ့ကြပြီး ၎င်းမှာ ရှေးခေတ်အတွေ့အကြုံအတွက် သူတို့၏ မျှော်လင့်ချက်များနှင့် ကွက်တိကျနေသောကြောင့် ဖြစ်၏။
သို့သော် ချောင်ဝမ်ပေါ် အပါအဝင် လူငယ်လေးယောက်ကမူ ချင်စစ်တပ် စီးနင်းလာသော စစ်မြင်းများဆီမှ မျက်လုံးမခွာနိုင်ကြချေ။
ဤစစ်မြင်းများက ပခုံးအမြင့် ခြောက်ပေခန့်ရှိပြီး ကြွက်သားများက ထွားကြိုင်းကာ အရောင်လက်နေသော အမွေးအမှင်များရှိပြီး သူတို့ မြင်းစီးကလပ်တွင် တွေ့ဖူးသော ယဉ်ကျေးသည့် ပြိုင်မြင်းများနှင့် လုံးဝ မတူညီပေ။
ဝူကျဲက တိုးတိုးလေး ရေရွတ်လိုက်၏။ “ဒါကမှ တကယ့် BMW အစစ်ပဲ...”
ဆက်ပြီး မထိန်းထားနိုင်တော့သဖြင့် ကန်ချန်းက သတ္တိမွေးကာ အဖွဲ့ကို ဦးဆောင်လာသော ချင်စစ်တပ် အရာရှိအား အရိုအသေပေးလိုက်၏။ “စစ်သူကြီး... ကျွန်တော်တို့ မြင်းခဏလောက် စီးလို့ရမလား”
အရာရှိက အခက်တွေ့သွားဟန်ဖြင့် ကျန်းယဲ့ကို လှမ်းကြည့်လိုက်ချေသည်။
‘တစ်ခုခု မှားယွင်းသွားရင် ဘယ်လိုလုပ်မလဲ’
ရှရွမ်းသံမည်းတံဆိပ်ပြားနှင့် လာသူတိုင်းကို ကောင်းမွန်စွာ ဆက်ဆံရမည်ဖြစ်ပြီး သူတို့ကို ဘာအန္တရာယ်မှ မဖြစ်စေရဟု အမတ်ကြီးက သူတို့ကို အထပ်ထပ် မှာကြားထားချေသည်။
ချောင်ဝမ်ပေါ်နှင့် ကျန်သုံးယောက်က ကျန်းယဲ့ကို မျှော်လင့်တကြီး ကြည့်လိုက်ကြ၏။ “ဒါရိုက်တာကျန်း.... ”
ကျန်းယဲ့။ "....."
ဒီကလေးလေးယောက်၏ အကြည့်များကြောင့် ကျန်းယဲ့၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။
“မင်းတို့ စီးတတ်လို့လား...”
“စီးတတ်ပါတယ်” လေးယောက်သား ခေါင်းညိတ်လိုက်ကြသည်။
ကျန်းယဲ့က ခဏမျှ စဉ်းစားလိုက်၏။ “မင်းတို့ကို စမ်းစီးခိုင်းဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ သူတို့နဲ့အတူတွဲပြီး စီးရမယ်.... တစ်ယောက်တည်း စီးလို့မရဘူး... မဟုတ်ရင်တော့ ခွင့်မပြုနိုင်ဘူး”
‘တစ်ခုခု မှားယွင်းသွားရင် တကယ့် ပြဿနာပဲ’
ချောင်ဝမ်ပေါ်နှင့် အခြားသုံးယောက်က သူတို့၏ ကိုယ်ပိုင်အတိုင်းအတာကို သိထားကြပြီး မြင်းစီးကလပ်တွင် သင်ယူခဲ့ရသည်များက လုံလောက်မှုမရှိကြောင်း သိထားသောကြောင့် ကန့်ကွက်ခြင်း မရှိကြချေ။
ကျန်းယဲ့က အရာရှိကို ကြည့်ကာ ပြောလိုက်၏။ “လူငယ်တွေက အရမ်း စပ်စုချင်ကြတာမို့ သူတို့ကို သေချာစောင့်ကြည့်ပေးဖို့ စစ်သူကြီးနဲ့ စစ်သားတွေကို ဒုက္ခပေးရတော့မယ်...”
အရာရှိက ခေါင်းညိတ်လိုက်ပြီး မကြာမီတွင် အထက်တန်းစား မြင်းစီးစစ်သည်လေးဦးက သူတို့၏ စစ်မြင်းများကို ဆွဲခေါ်လာခဲ့ကြသည်။
ချောင်ဝမ်ပေါ်က ချင်စစ်သားတစ်ယောက်၏ ဒူးကိုနင်းကာ မြင်းပေါ်တက်ရန် မစောင့်နိုင်တော့ချေ။ နေရာတကျဖြစ်သွားသည်နှင့် တစ်ပြိုင်နက် သူ၏အောက်မှ စစ်မြင်း၏ ဂနာမငြိမ်သော လှုပ်ရှားမှုကို သူ ခံစားလိုက်ရ၏။
အညိုရောင်မြင်းက နှာမှုတ်သံ ဆက်တိုက်ပေးနေပြီး ၎င်း၏ ရှေ့ခွာများဖြင့် မြေကြီးကို ယက်နေကာ မျက်မှန်းမတန်းသည့် မြင်းစီးသူအသစ်ကို အလွန် မကျေနပ်ကြောင်း ရှင်းလင်းစွာ ပြသနေခဲ့သည်။
“ကုန်းနှီးကွင်းတွေကို တင်းတင်းကျပ်ကျပ် ကိုင်ထား” သူ၏နောက်မှ ချင်စစ်သားတစ်ယောက်က သတိပေးလိုက်သည်။ သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စစ်မြင်းက ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားလေတော့သည်။
ချောင်ဝမ်ပေါ်က အော်သံတစ်ချက် ပြုလိုက်ပြီး နောက်သို့ လန်သွားကာ ချင်စစ်သားတစ်ဦးက သူ့ကို အနောက်မှ လှမ်းဖမ်းထားလိုက်၍သာ မတ်မတ် ပြန်နေနိုင်သွားလေသည်။
စစ်မြင်းလေးကောင်က ရုံးသုံးလမ်းတစ်လျှောက် ဒုန်းစိုင်းပြေးသွားရာ သူတို့၏ ခွာများကြောင့် အဝါရောင် ဖုန်လုံးကြီးများ လွင့်စင်သွားရသည်။
ဖုန်းယီမင်က အံ့ဩဝမ်းသာစွာဖြင့် အော်လိုက်၏။ “အရမ်းမြန်တာပဲ.... စပေါ့ကားထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းသေးတယ်...”
ကန်ချန်း၏ မြင်းက ရုတ်တရက် အကွေ့ကြမ်းတစ်ခု ကွေ့လိုက်သဖြင့် သူ့ကို အလွန် လန့်သွားစေကာ အော်ဟစ်မိသွားသော်လည်း သူက အလျင်အမြန်ပင် စိတ်လှုပ်ရှားစွာ ထပ်မံ ရယ်မောလိုက်ပြန်သည်။
သူတို့အားလုံးထဲတွင် အရဲရင့်ဆုံးဖြစ်သော ဝူကျဲက ကုန်းနှီးကို ကိုင်ထားသော သူ၏လက်ကိုပင် ဖြေလျှော့လိုက်ပြီး တိုက်ခတ်လာသော လေပြင်းကို ခံစားရန် သူ၏လက်နှစ်ဖက်ကို ဆန့်တန်းလိုက်၏။ “ဒါက အံ့မခန်းပဲ... ဒါမျိုးကမှ ယောက်ျားတစ်ယောက် စီးသင့်တဲ့မြင်းကွ...”
လမ်းဘေး လယ်ကွင်းများတွင် အလုပ်လုပ်နေသော လယ်သမားများက ခါးဆန့်လိုက်ပြီး ဆူညံပွက်လောရိုက်နေသော လူငယ်များကို မှင်သက်စွာ စိုက်ကြည့်နေကြလေသည်။
နွားလှည်းပေါ်တွင် ထိုင်နေသော ကျန်းဟွိုင်မင်က လူငယ်လေးယောက် အရူးလုပ်နေသည်ကို ကြည့်ရင်း ခေါင်းမရမ်းဘဲ မနေနိုင်ခဲ့ချေ။ “လူငယ်တွေကတော့ အရူးအမူး လုပ်ရတာကို သဘောကျကြတာပဲ”
ကျိုးရှင်းဖူကလည်း အလွန် စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့သည်။ “သူတို့ကို ပျော်ပါစေ... ရှန်းယန်ကို ရောက်သွားရင် အခုလို လွတ်လွတ်လပ်လပ် နေရတော့မှာ မဟုတ်ဘူးလေ”
ရဲရင့်ပြီး ကျွမ်းကျင်သော ဤချင်စစ်သားများ၏ ကာကွယ်မှုဖြင့် ကျန်းယဲ့က စိတ်သက်သာရာ ရသွားရသည်။
လူငယ်လေးယောက် အားရပါးရ ပျော်ရွှင်ပြီးနောက် နွားလှည်းသို့ ပြန်ရောက်လာသောအခါ သူတို့၏ မျက်နှာများမှာ နီမြန်းနေပြီး အလွန် စိတ်လှုပ်ရှားနေသဖြင့် ပျော်ရွှင်စွာ ကခုန်နေခဲ့ကြသည်။
ချောင်ဝမ်ပေါ်က သူ၏ ရင်ဘတ်ကို ပုတ်ကာ သူ၏အဖော်များကို ကြွားလုံးထုတ်လိုက်၏။ “ငါ ပြန်ရောက်ရင် ကလပ်က အဲဒီ အသက်မပါတဲ့မြင်းကို လဲပစ်လိုက်မယ်။ မြင်းစီးတယ်ဆိုတာ ဒီလိုမျိုး ဖြစ်ရမှာ...”
လမ်းတစ်လျှောက်တွင် အဖွဲ့က သာယာသော နွေဦးခရီးထွက်နေသကဲ့သို့ မကြာခဏ လမ်းလျှောက်လိုက် ရပ်လိုက်ဖြင့် သွားလာနေခဲ့ကြသည်။
လယ်ကွင်းများကို ဖြတ်သန်းသွားတိုင်း ကျန်းဟွိုင်မင်နှင့် အခြားသူဌေးကြီးများက ပတ်ဝန်းကျင်ရှိ စိုက်ပျိုးရေးကို စိတ်ဝင်စားသည်ကို တွေ့ပါက ကျန်းယဲ့က အဖွဲ့ကို ရပ်ရန် အချက်ပြပြီး ချင်မင်းဆက်၏ စိုက်ပျိုးရေး မြင်ကွင်းများကို အနီးကပ် လေ့လာခွင့် ပေးလေသည်။
ကျန်းဟွိုင်မင်က လယ်ကန်သင်းဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေကြီးတစ်ဆုပ်ကို လက်ချောင်းများဖြင့် ကောက်ယူကာ သေချာစွာ ပွတ်ချေကြည့်လိုက်၏။
သူက ဘေးရှိ ကျန်းရိကျွင်းကို တိုးတိုးလေး ပြောလိုက်သည်။ “ဒီမြေက ခေတ်သစ် ရှန်ရှီးပြည်နယ်က မြေဝါတွေနဲ့ လုံးဝ ကွဲပြားတယ်။ ပိုပြီး မြေဆီလွှာ ကောင်းတယ်”
စီအီးအိုအချို့ကလည်း လယ်သမားကြီးတစ်ဦး ထယ်ထိုးနေသည်ကို အလွန် စိတ်ဝင်တစားဖြင့် ကြည့်နေခဲ့ကြသည်။
ထိုမျှမက အဖွဲ့က လယ်သမားကြီးနှင့်လည်း စိတ်အားထက်သန်စွာ စကားစမြည် ပြောဆိုခဲ့ကြသည်။
ရှေးဟောင်း တရုတ်ဘာသာစကားနှင့် ခေတ်သစ် ဘာသာစကားများက အသံထွက် ကွဲပြားသော်လည်း စနစ်၏ အစွမ်းထက်သော စွမ်းရည်များကြောင့် နှစ်ဖက်စလုံး ကြားရသော စကားလုံးများမှာ တစ်ပြေးညီ ဖြစ်သွားကာ ဆက်သွယ်ရေး အတားအဆီးများအားလုံး ဖယ်ရှားခံလိုက်ရ၏။
ဤသူတို့မှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်က သူတို့၏ ဘိုးဘေးများ ဖြစ်ကြရာ သူတို့နှင့် စကားပြောခြင်းက ထိုခေတ်က သာမန်လူများ၏ ဘဝများကို ပိုမိုနားလည်နိုင်စေပေသည်။
၎င်းကို အချိန်ခရီးသွားခြင်း၏ အဓိပ္ပာယ်များထဲမှ တစ်ခုဟု သတ်မှတ်နိုင်၏။
“အဘ... လူးကို ဘယ်တော့ စိုက်မှာလဲ” လီချင်းယီက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
(NT- လူးဆိုတာ အရင်ခေတ်က စပါးအစား စိုက်ပျိုးတဲ့ အပင်ပါ... စပါးလိုပဲ အနှံထွက်ပါတယ်)
လယ်သမားအိုကြီးက ရိုးသားစွာ ဖြေလိုက်သည်။ “ဒုတိယလမှာ ကြဲပြီး အဋ္ဌမလမှာ ရိတ်သိမ်းမှာပါ”
သူက စကားပြောရင်း စိမ်းလန်းနေသော လူးနှံတစ်နှံကို ချိုးကာ သူတို့ကို ပြသရန် ကမ်းပေးလိုက်၏။
ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်သုံးဦးကလည်း လမ်းဘေးရှိ ရေတဟတ်ကို အထူး စိတ်ဝင်စားသွားကြသည်။
ခြေနင်း ရေတဟတ်က ချောင်းဘေးတွင် တကျီကျီမြည်ကာ လည်ပတ်နေပြီး လယ်ကွင်းများထဲသို့ ရေများ သွယ်တန်းပေးနေခဲ့သည်။
(NT- ချင်နှင့် ဟန်မင်းဆက်များမှ နဂါးရိုး ရေတဟတ် ခေါ် ရေရဟက်)
လူတိုင်းကို အံ့အားအသင့်ဆုံး ဖြစ်စေသည်မှာ လမ်းဖောက်လုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ဖြတ်သန်းသွားရခြင်းပင်။
ကြီးကြပ်သူများ၏ ကြာပွတ်အောက်တွင် အကျဉ်းသား ရာပေါင်းများစွာက ပူလောင်နေသော ကတ္တရာစေးများကို ကျစ်လစ်အောင် လုပ်ထားသော လမ်းသားပေါ်သို့ လောင်းချနေခဲ့ကြသည်။
ထို့ကြောင့် လေထုထဲတွင် စူးရှသော အနံ့အသက်များ ပြည့်နှက်နေလေသည်။ ကျိုးရှင်းဖူက နှာခေါင်းကို ပိတ်ထားရင်း အံ့မခန်း အာမေဍိတ်သံ ပြုလိုက်၏။ “ဒီ လက်မှုပညာက ခေတ်သစ် နည်းစနစ်တွေနဲ့ ယှဉ်နိုင်တယ်... ”
(NT- ချင်မင်းဆက်တွင် လမ်းဖောက်လုပ်ရန် သဘာဝ ကတ္တရာများကို အသုံးပြုနေပါပြီ...)
နေမင်းကြီး အနောက်ဘက်သို့ တဖြည်းဖြည်း ဝင်သွားသည်နှင့်အမျှ ရုံးသုံးလမ်းပေါ်တွင် ဖြတ်သန်းသွားလာသူဦးရေ တိုးများလာလေသည်။
ထင်းသယ်လာသော ထင်းခုတ်သမားများ၊ လက်တွန်းလှည်းများ တွန်းလာသော လမ်းဘေးဈေးသည်များနှင့် ထောက်ပံ့ရေးပစ္စည်းများကို စောင့်ရှောက်လာသော စစ်သားအုပ်စုများ ရှိနေခဲ့သည်။
ဤလူများကို ဖြတ်သန်းသွားတိုင်း ကျန်းဟွိုင်မင်နှင့် သူ၏အဖော်များက ထပ်မံ၍ မကြည့်ဘဲ မနေနိုင်ကြဘဲ ချင်မင်းဆက်လူများ၏ နေထိုင်မှုပုံစံကို လေ့လာနေကြ၏။
နေဝင်ချိန်၏ နောက်ဆုံး အလင်းရောင်များ ကျရောက်နေချိန်တွင် ရှန်းယန်မြို့ကို အဝေးမှ ဝေဝါးစွာ မြင်တွေ့နိုင်လေသည်။
ဂိတ်တံခါးမျှော်စင်ပေါ်တွင် အမည်းရောင်အလံများက ညနေခင်း လေပြေထဲတွင် လွင့်ဝဲနေကြပြီး လှံရှည်များ ကိုင်ဆောင်ထားသော အစောင့်များ၏ ပုံရိပ်များကို ဝေဝါးစွာ မြင်တွေ့နိုင်၏။
အရာရှိက ကျန်းယဲ့၏ ဘေးသို့ မြင်းစီးလာပြီး ရိုသေစွာ ပြောလိုက်၏။ “အရှင်... ရှန်းယန်က အရှေ့နားလေးမှာပါ။ အချိန်လည်း လင့်နေပြီဆိုတော့ တည်းခိုဆောင်မှာ အရင် နားကြမလား”
ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး စိတ်ဝင်တစား ကြည့်ရှုနေသော လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။ “ဒီည မြို့ပြင်က တည်းခိုဆောင်မှာ တည်းကြပြီး မနက်ဖြန် အစောကြီး မြို့ထဲဝင်ကြမယ်”
နေမင်းကြီး မိုးကုတ်စက်ဝိုင်းအောက်သို့ လုံးဝ ဝင်သွားချိန်တွင် သူတို့ဟာ နောက်ဆုံး၌ မြို့၏ အရှေ့ဘက်ရှိ အစိုးရပိုင် စာပို့စခန်းသို့ ရောက်ရှိလာကြသည်။
ဤနေရာက မြေသားကို ရိုက်နှိပ်ထားသော နံရံများဖြင့် ဝန်းရံထားသည့် ခြံဝင်းတစ်ခုဖြစ်ပြီး ဝင်ပေါက်တွင် “ချွမ်းရှဲ့”ဟု ရေးထားသော သစ်သားဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားခဲ့သည်။
အညိုရောင် လက်တိုအင်္ကျီများကို ဝတ်ဆင်ထားသော စာပို့စခန်းမှူးအချို့က ဂိတ်တံခါးအပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေကြလေသည်။
အရာရှိက တည်းခိုဆောင်ရှိ ဧည့်ခန်းများကို အထူးခန်းများအဖြစ် အထူးတလည် စီစဉ်ထားခဲ့သော်လည်း ၎င်းတို့က ချောင်ဝမ်ပေါ်နှင့် သူ၏ အဖော်များ အမြင်တွင်မူ အလွန်ပင် စုတ်ချာလှ၏။
နံရံများကို မြေသားများ ရိုက်နှိပ်၍ တည်ဆောက်ထားပြီး ထုံးများ သုတ်ထားခဲ့သည်။
ထိုအခန်းထဲတွင် ကောက်ရိုးဖျာများ ခင်းထားသော နိမ့်ပါးသည့် ခုတင်တစ်လုံး၊ ရိုးရှင်းသော စားပွဲနှင့် ကုလားထိုင်တစ်စုံနှင့် မှိန်ဖျော့ဖျော့ အလင်းရောင် ထွက်ပေါ်နေသော ယိမ်းယိုင်နေသည့် ဆီမီးခွက် တစ်ခွက်တို့သာ ပါဝင်၏။