အခန်း (၃၄) ချင်မင်းဆက်သို့ ရောက်ရှိခြင်း
အသွားအလာများသော အဝေးပြေးလမ်းမပေါ်တွင် ဂျင်းဝါရောင် ကော့စတာမီနီဘတ်စ်တစ်စီးက ပိုင်ထန်းဝူ ဥမင်လိုဏ်ခေါင်းထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားပြီး မှိန်ပျပျ ကားမီးရောင်က ပြတင်းပေါက်များပေါ်တွင် စီးဆင်းနေသော အရိပ်များကို ကျရောက်နေစေခဲ့သည်။
ကျန်းယဲ့က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ၏အသံမှာ တည်ငြိမ်ပြီး အားပါနေချေသည်။ “အားလုံးပဲ... ကျေးဇူးပြုပြီး သေချာထိုင်ပြီး ခိုင်ခိုင်ကိုင်ထားကြပါ... အချိန်ခရီးသွားတာ စတင်တော့မှာပါ”
ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကားပြတင်းပေါက် အပြင်ဘက်ရှိ သာမန် ကွန်ကရစ်နံရံက လိမ်ကောက်ကာ ပုံပျက်သွားပြီး အပူချိန်မြင့်မားမှုကြောင့် အရည်ပျော်နေသော ဖန်များကဲ့သို့ စီးဆင်းသွားလေသည်။
မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းတစ်ခုက ဥမင်လိုဏ်ခေါင်း၏ အဆုံးမှ ပေါက်ကွဲထွက်လာပြီး ချက်ချင်းပင် ဘတ်စ်ကားတစ်စီးလုံးကို ဝါးမျိုသွားချေသည်။
အဖြူရောင် အလင်းတန်းက အလွန်တောက်ပလွန်းသဖြင့် ကားထဲရှိ လူတိုင်း မျက်လုံးမဖွင့်နိုင်တော့ဘဲ မသိစိတ်အရ မျက်လုံးများကို ကာကွယ်ရန် လက်များကို မြှောက်ထားလိုက်ကြ၏။
ကားကို မမြင်ရသော လက်တစ်ဖက်က အချိန်နှင့် နေရာ ဟင်းလင်းပြင် ဝဲဂယက်ထဲသို့ ပြင်းထန်စွာ ဆွဲသွင်းလိုက်သည့်အလား အဖြူရောင်အလင်းတန်းသည် ပိုပိုပြီး အားကောင်းလာကာ နောက်ဆုံးတွင် ဘတ်စ်ကားတစ်စီးလုံးကို လုံးဝ လွှမ်းခြုံသွားလေသည်။
မျက်စိကျိန်းမတတ် အလင်းရောင်များ နောက်ဆုံးတွင် ပျောက်ကွယ်သွားသောအခါ ကားပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းမှာ လုံးဝ ကွဲပြားခြားနားသွားချေပြီ။
မြေသားများကို ကျစ်လစ်အောင် ရိုက်နှိပ်ထားသည့် ရုံးသုံးလမ်း၏ နှစ်ဖက်စလုံးတွင် လှိုင်းတွန့်နေသော ဂျုံခင်းများရှိပြီး အဝေးတွင် နိမ့်ပါးသော သက်ငယ်မိုးအိမ်များကို ဝေဝါးစွာ မြင်တွေ့နိုင်၏။
တိတ်ဆိတ်နေသော ကားထဲတွင် ကျန်းယဲ့၏အသံက ထွက်ပေါ်လာပြီး သူက ပြုံးလျက် ပြောလိုက်၏။ “ဘီစီ ၂၁၈.... ချင်မင်းဆက်ကို ကြိုဆိုပါတယ်”
ကားထဲရှိ ချမ်းသာသော သူဌေးကြီးများနှင့် လူငယ်များအားလုံး မှင်သက်သွားကြရသည်။
ကျိုးရှင်းဖူက ကားပြတင်းပေါက်ကို စိတ်လှုပ်ရှားစွာ ချလိုက်ရာ ခေတ်သစ်မြို့ပြနှင့် လုံးဝ ကွဲပြားခြားနားသော မြေကြီးနှင့် မြက်နံ့သင်းသင်းလေး ရောယှက်နေသည့် လေပြေတစ်ခုက ဝင်ရောက်လာချေသည်။
အဝေးတွင် သံချပ်ကာဝတ် ချင်စစ်သားတစ်တပ်က မြင်းစီး၍ ဝင်လာပြီး သူတို့၏ မြင်းခွာများကြောင့် လွင့်စင်လာသော ဖုန်မှုန့်များကို နေရောင်အောက်တွင် ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
“ငါ တကယ် အချိန်ခရီးသွားခဲ့တာပဲ...” လီချင်းယီက လုံးဝ ပြောင်းလဲသွားသော ပြတင်းပေါက်အပြင်ဘက် မြင်ကွင်းကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်ဖြစ်နေခဲ့သည်။
ကျောက်ဟုန်က စက်မှုလုပ်ငန်းများ၏ ညစ်ညမ်းမှု အရိပ်အယောင် လုံးဝမရှိသလို ခေတ်သစ်တွင် အများအားဖြင့် တွေ့ရလေ့ရှိသော လေယာဉ်နောက်က မီးခိုးတန်းများလည်း မရှိသည့် ကြည်လင်ပြာလွင်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။
သူက သူ့ဟာသူ တိုးတိုးလေး ရေရွတ်လိုက်ချေသည်။ “ဒါက တကယ်ကို မယုံနိုင်စရာပဲ....”
အချိန်ခရီးသွားခြင်းကို သူတို့ ယုံကြည်လျှင်တောင်မှ တကယ်တမ်း ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရပြီးနောက် ခံစားရသည့် ခံစားချက်က လုံးဝကို ကွဲပြားခြားနားလှ၏။
လူငယ်လေးယောက်မှာမူ လုံးဝ ထိတ်လန့်သွားကြသည်။
ကန်ချန်းက သူ၏ဖုန်းကို တုန်ယင်စွာ ထုတ်ကြည့်လိုက်ရာ ဆစ်ဂနယ်ပြသောနေရာတွင် "No Service" ဟုသာ ပေါ်နေပြီး အရေးပေါ်ဖုန်းခေါ်ဆိုမှုပင် ပြုလုပ်၍မရကြောင်း တွေ့လိုက်ရ၏။
ဖုန်းယီမင်၏ အသံမှာ တုန်ယင်နေလေသည်။ “ငါတို့ တကယ်ပဲ... အချိန်ခရီးသွားခဲ့တာလား...”
ကျန်းယဲ့က တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်ပြီး သူ၏နှုတ်ခမ်းများပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လွင်နေခဲ့သည်။ “အားလုံးပဲ... အခုကစပြီး ကျွန်တော့်နောက်ကို အနီးကပ် လိုက်ခဲ့ကြပါ။ ဒီနေရာက ခေတ်သစ်ကမ္ဘာနဲ့ မတူပါဘူး။ အဓိပ္ပာယ်မရှိတဲ့ စကားတွေ... လုပ်ရပ်တွေက ခင်ဗျားတို့ကို သေတွင်းပို့နိုင်ပါတယ်”
ကျန်းယဲ့က သူဌေးကြီးများအတွက် စိုးရိမ်မနေချေ။
သူက အဓိကအားဖြင့် စည်းကမ်းမဲ့နေသော သူဌေးသားလေးယောက်ကို ရည်ရွယ်ပြောဆိုခြင်း ဖြစ်၏။
ကားအပြင်ဘက်တွင် ချင်စစ်သားများက ပိုပို၍ နီးကပ်လာပြီး သူတို့၏ ကြေးဝါလက်နက်များက နေရောင်အောက်တွင် အေးစက်စွာ တောက်ပနေခဲ့သည်။
ကားထဲရှိ လေထုမှာ အေးခဲသွားသကဲ့သို့ ဖြစ်သွားပြီး လူတိုင်း အသက်အောင့်ထားမိကာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ချင်မင်းဆက်သို့ သူတို့ အမှန်တကယ် ရောက်ရှိနေပြီဖြစ်ကြောင်း ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွားကြရသည်။
ကျန်းဟွိုင်မင်က ပြတင်းပေါက်မှ အပြင်သို့ ခေါင်းပြူထွက်ကာ တစ်လှမ်းချင်း ချဉ်းကပ်လာသော ချင်စစ်တပ်ကို ကြည့်ရင်း ကျန်းယဲ့ကို သတိပေးလိုက်လေသည်။ “ရှောင်ယဲ့... အဲဒီ ချင်စစ်သားတွေက ကြမ်းကြမ်းတမ်းတမ်း လာနေကြတယ်။ ငါတို့ မြန်မြန် မောင်းပြေးသင့်တာ မဟုတ်ဘူးလား”
ကျန်းယဲ့က တည်ငြိမ်စွာ ခေါင်းယမ်းလိုက်၏။ “စိုးရိမ်စရာ မလိုပါဘူး...”
မျက်တောင်တစ်ခတ်အတွင်းမှာပင် သံချပ်ကာဝတ်ဆင်ပြီး လက်နက်များ ကိုင်ဆောင်ထားသော ချင်စစ်တပ်က ဘတ်စ်ကားကို လုံးဝ ဝန်းရံသွားချေပြီ။
ဦးဆောင်လာသော စစ်သူကြီးမှာ အရပ်ရှစ်ပေခန့် မြင့်ပြီး သူ၏ ကြေးဝါဦးထုပ်အောက်မှ စူးရှသော မျက်လုံးတစ်စုံက ထွက်ပေါ်နေကာ သူ၏ လက်ထဲရှိ လှံရှည်မှာ အေးစက်စွာ တောက်ပနေသည်။
ကားထဲရှိ ချမ်းသာသော သူဌေးကြီးများမှာ အသက်ပင် မရှူရဲကြသလို ဝူကျဲနှင့် သူ၏အဖော်သုံးဦးမှာ ထိုင်ခုံများတွင် ကျုံ့ကျုံ့လေး ထိုင်နေပြီး လှုပ်ပင် မလှုပ်ရဲကြချေ။
“အားလုံးပဲ ခရီးဆောင်အိတ်တွေကို ယူပြီး ကားပေါ်က ဆင်းကြပါ” ကျန်းယဲ့က တည်ငြိမ်စွာ ညွှန်ကြားလိုက်၏။
“ကား... ကားပေါ်က ဆင်းရမယ်...” ဖုန်းယီမင်၏ အသံမှာ တုန်ယင်နေပေသည်။ “သူတို့ ငါတို့ကို သတ်လိမ့်မယ်...”
ကျန်းယဲ့က အရင်ဆုံး မတ်တပ်ရပ်လိုက်ပြီးဖြစ်သည်။ “ကျွန်တော့်ကို ယုံပါ... ဘာမှမဖြစ်စေရဘူး”
ကျန်းယဲ့၏ အာမခံချက်ကြောင့် လူတိုင်းက သူတို့၏ ခရီးဆောင်အိတ်များကို ဆွဲကာ ကားပေါ်မှ စိုးရိမ်တကြီး ဆင်းလာခဲ့ကြသည်။
နွေရာသီ အစောပိုင်း နေရောင်ခြည်က မျက်နှာပေါ်သို့ ကျရောက်နေပြီး လေထဲတွင် မြေကြီးနှင့် မြင်းအနံ့များ ပြည့်နှက်နေလေသည်။
ဆယ်ဂဏန်းခန့်ရှိသော ချင်စစ်သားများက သူတို့ကို ဝန်းရံထားပြီး သူတို့၏ ထက်မြက်သော လှံများက နေရောင်အောက်တွင် အေးစက်စွာ တောက်ပနေ၏။
ကျန်းယဲ့က စစ်သူကြီးထံသို့ တည်ငြိမ်စွာ လျှောက်သွားပြီး သူ၏ အိတ်ကပ်ထဲမှ မည်းနက်သော တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုတံဆိပ်ပြားက တစ်ခုလုံး မည်းနက်နေပြီး ၎င်းပေါ်တွင် "玄" ဟူသော အက္ခရာကို တံဆိပ်တုံး စာလုံးပုံစံဖြင့် ထွင်းထုထားကာ ၎င်းက နေရောင်အောက်တွင် ခြောက်ခြားဖွယ် ကောင်းသော အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။
ထိုတံဆိပ်ပြားကို မြင်လိုက်ရသောအခါ စစ်သူကြီး၏ မျက်လုံးများ ပြင်းထန်စွာ ကျုံ့ဝင်သွားချေသည်။
သူက ရုတ်တရက် ဒူးတစ်ဖက် ထောက်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်၏။ “ဂါရဝပြုပါတယ် အရှင်...”
သူ၏ အနောက်ရှိ ချင်စစ်သားများအားလုံး တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြရာ လက်နက်များ ထိခိုက်သံက ကြည်လင်ပြီး နားထောင်လို့ ကောင်းလှသည်။
ဤမြင်ကွင်းကြောင့် ခေတ်သစ်ကမ္ဘာမှ ဆယ်ယောက်ပါ အဖွဲ့မှာ မှင်သက်သွားကြရသည်။
ကျန်းဟွိုင်မင်နှင့် အခြားသူများမှာ အလွန် စပ်စုချင်စိတ် ဖြစ်သွားကြလေသည်။ ချင်မင်းဆက် စစ်သူကြီးတစ်ဦးကို ဤမျှ ကြီးကျယ်ခမ်းနားသော အရိုအသေပေးစေနိုင်သည့် တံဆိပ်ပြားမျိုးကို ကျန်းယဲ့က ဘယ်လိုလုပ် ရထားသည်နည်း။
ကျန်းယဲ့က တံဆိပ်ပြားကို သိမ်းလိုက်ပြီး ဒူးထောက်နေသော စစ်သူကြီးကို မေးလိုက်၏။ “ဒီနေရာက ဘယ်နေရာလဲ...”
“အရှင်.... ဒီနေရာက ထောင်းချီလို့ ခေါ်ပါတယ်”
‘ထောင်းချီမှာလား...’
ကျန်းယဲ့က ဤနေရာအကြောင်း တစ်ခါမျှ မကြားဖူးသော်လည်း သူ အနည်းငယ်တော့ သိထားသည်။ ချင်မင်းဆက်တွင် ကျေးရွာများကို များသောအားဖြင့် လီဟု ခေါ်ကြသည်။
‘ဒါက ချင်မင်းဆက်က ရွာတစ်ရွာရဲ့ နာမည် ဖြစ်လောက်တယ်’
“အနီးအနားမှာ ဘယ်မြို့တွေ ရှိလဲ...”
သူက ဘာကြောင့် ဤအရာကို မသိရသနည်းဟု စစ်သူကြီးက သံသယဝင်သွားသော်လည်း ရိုးရိုးသားသားပင် ပြန်ဖြေလိုက်ချေသည်။ “ဒီနေရာက ရှန်းယန်မြို့နဲ့ လီသုံးဆယ်ပဲ ဝေးပါတယ်”
‘ရှန်းယန်မြို့နား ရောက်နေလိမ့်မယ်လို့ မထင်ထားဘူး...’
“အရှင်မင်းကြီးက ရှန်းယန်ကို ပြန်ရောက်နေပြီလား”
စစ်သူကြီးက ခေါင်းညိတ်လိုက်၏။ “မနေ့ကမှ ရှန်းယန်ကို ပြန်ရောက်ပါတယ်...”
ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ “ကျွန်တော့် မိတ်ဆွေအဖွဲ့က အရှင်မင်းကြီးကို တွေ့ဖို့ သွားမလို့ပါ။ ကျေးဇူးပြုပြီး လမ်းပြပေးပါ စစ်သူကြီး”
“ဟုတ်ကဲ့ပါ အရှင်...” စစ်သူကြီးက ရိုသေစွာ ပြန်ဖြေလိုက်၏။
ထိုအခါမှသာ လူတိုင်း သက်ပြင်းချနိုင်သွားခဲ့ကြသည်။
ထိုစဉ် ကျန်းယဲ့၏ စိတ်ထဲတွင် စနစ်၏ အသံ ထွက်ပေါ်လာချေသည်။
[ဒင်။ ခရီးသွားမစ်ရှင် ပေးအပ်ခြင်း- ကျေးဇူးပြုပြီး ခရီးသွားများကို ရှန်းယန်မြို့သို့ လည်ပတ်ရန်၊ ဒေသခံတွေရဲ့ ရိုးရာဓလေ့ထုံးစံများကို လေ့လာရန်၊ နန်းတော်ညစာစားပွဲသို့ တက်ရောက်ရန်နှင့် ချင်မင်းဆက် ယဉ်ကျေးမှုကို ပြသသည့် ဖျော်ဖြေပွဲတစ်ခုကို ကြည့်ရှုရန် ဦးဆောင်ပါ]
[မစ်ရှင် ဆုကြေး- အမျိုးမျိုးသော သေနတ်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း]
"....."
စနစ်က တစ်ကြိမ်ထက် တစ်ကြိမ် ပိုပိုပြီး အဓိပ္ပာယ်မရှိတာတွေ လုပ်လာပေသည်။
ကျန်းယဲ့က သူ့ဟာသူ တိတ်တဆိတ် ညည်းညူနေစဉ် ကျိုးရှင်းဖူက ကျန်းဟွိုင်မင်၏ နားနားသို့ ကပ်ကာ ပြောလိုက်၏။ “အဘိုးကြီးကျန်း... ရှောင်ယဲ့က ချင်မင်းဆက်မှာ တော်တော်လေး ဩဇာညောင်းပုံရတယ်”
ထိုအချိန်မှာပင် ဂျင်းဝါရောင် ကော့စတာမီနီဘတ်စ်ကားက ရုတ်တရက် “ဝီ” ဟူသော တိုးညင်းသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ ကိုယ်ထည်က ခဲဖျက်ဖြင့် တစ်စစီ ဖျက်ခံနေရသော ပန်းချီကားတစ်ချပ်ကဲ့သို့ ပွင့်လင်းမြင်သာလာချေသည်။
“ကားက ပျောက်သွားပြီ” ဖုန်းယီမင်က ဘတ်စ်ကားကို လက်ညှိုးထိုးပြရင်း ထိတ်လန့်စွာ အော်လိုက်၏။
လူတိုင်းက ရုတ်တရက် လှည့်ကြည့်လိုက်ရာ ယာဉ်တစ်စီးလုံး၏ အကြမ်းဖျင်းပုံသဏ္ဍာန်က လေထဲတွင် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရကြသည်။
ချင်စစ်သားများက တစ်ပြိုင်နက်တည်း အံ့သြတကြီး အသက်ရှူသွင်းလိုက်ကြပြီး အချို့က မသိစိတ်အရ နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်လိုက်မိကြသည်။
ဦးဆောင်လာသော စစ်သူကြီးက မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းများ တုန်ယင်စွာဖြင့် ရေရွတ်လိုက်၏။ “ငါ့လုပ်ဖော်ကိုင်ဖက် ပြောသလိုပဲ တကယ်ကို အံ့ဩစရာကောင်းတာပဲ”
သူသည် အရှေ့ပိုင်းခရီးစဉ်တွင် အရှင်မင်းကြီး၏ အခြွေအရံအဖြစ် လိုက်ပါသွားခြင်း မရှိသော်လည်း မနေ့က အရှင်မင်းကြီး ပြန်ရောက်ပြီးနောက် လိုက်ပါသွားခဲ့သော သူ၏ လုပ်ဖော်ကိုင်ဖက်များက သူတို့ကို နတ်ဘုရား၏ အံ့ဖွယ်အမှုများအကြောင်း ဆက်တိုက် ပြောပြနေခဲ့ကြသည်။
ထို့အပြင် မုန့်ရှန်ချင်းက ဤစစ်သူကြီးများအား သံမည်းတံဆိပ်ပြား ကိုင်ဆောင်ထားသူ မည်သူ့ကိုမဆို တွေ့တိုင်း အလွန်အမင်း ရိုသေလေးစားရမည်ဖြစ်ပြီး အရမ်းကာရော မလုပ်ရန် သတိပေး ညွှန်ကြားထား၏။
သံမည်းတံဆိပ်ပြားက မူလကတည်းက အရှင်မင်းကြီး ကိုယ်တိုင်ရောက်ရှိခြင်းကို ကိုယ်စားပြုသောကြောင့် အမတ်ကြီးက သူ့ကို ထပ်မံ သတိပေးရန် မလိုအပ်ချေ။
ဤအချိန်၌ ထိုအဆင့်မြင့် အရာရှိကြီးက ဤအချက်ကို အဘယ်ကြောင့် အထူးတလည် ပြောခဲ့သနည်းဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားချေပြီ။
စက္ကန့်ပိုင်းအတွင်း ၁၈ ယောက်စီး ကော့စတာ ဘတ်စ်ကားက လေတိုက်ခံရသော သဲပန်းချီကားများကဲ့သို့ အရိပ်အယောင်မျှမကျန်ဘဲ လူတိုင်း၏ အမြင်အာရုံမှ လုံးဝ ပျောက်ကွယ်သွားလေသည်။
ကားရပ်ထားသော နေရာက ယခုအခါတွင် ကားတစ်စီး အမှန်တကယ် ရပ်ထားခဲ့ကြောင်း သက်သေပြနေသည့် ကွေးညွတ်နေသော ပေါင်းပင်များသာ ကျန်ရှိတော့ပေသည်။
ချောင်ဝမ်ပေါ်၏ အသံမှာ တင်းမာသွားရသည်။ “ငါတို့ ကား...”
ကျန်းယဲ့က တစ်ဖက်လူကို စိတ်သက်သာရာရစေသော အပြုံးတစ်ခု ပြုံးပြလိုက်၏။ “စိတ်မပူပါနဲ့... ခရီးစဉ်ပြီးရင် အလိုလို ပြန်ရောက်လာပါလိမ့်မယ်”
တန်ချိန် နှစ်တန်ရှိသော ကားတစ်စီးကို လေဟာပြင်ထဲတွင် ပျောက်ကွယ်သွားအောင် လုပ်ခြင်းက ထူးဆန်းသောအရာ မဟုတ်သကဲ့သို့ သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ချေသည်။
ဤတည်ငြိမ်သော အမူအရာက ဆယ်ယောက်ပါ အဖွဲ့ကို စိတ်အေးသွားစေခဲ့သည်။
ချင်စစ်သားများကလည်း ကျန်းယဲ့ကို လုံးဝကို ရိုသေကိုင်းရှိုင်းသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
ဦးဆောင်လာသော စစ်သူကြီးမှာ အံ့အားသင့်သွားပြီး သူ၏ အမူအရာက ယခင်ကထက် ပို၍ပင် ရိုသေလေးစားမှု ရှိလာချေသည်။ “အရှင်... ကျေးဇူးပြုပြီး ကျွန်တော်မျိုးနောက်ကနေ မြို့ထဲကို လိုက်ခဲ့ပါ”