အခန်း (၃၃) ပူးပေါင်းဆောင်ရွက်ရန် ရှာဖွေခြင်း
ဖုန်းယီမင်။ [မဖြစ်နိုင်တာ.... သူတို့အကုန်လုံးက ဉာဏ်ကောင်းတဲ့သူတွေချည်းပဲကို... အဲဒါကို တကယ်ယုံသွားကြတာတော့ မဟုတ်ပါဘူးနော်]
ချောင်ဝမ်ပေါ်။ [ငါတကယ် စပ်စုချင်လာပြီ... ဒါရိုက်တာကျန်းက သူတို့ကို ဘယ်လိုများ စည်းရုံးလိုက်တာလဲဟ....]
ကန်ချန်း။ [စပ်စုချင်စိတ် +၁]
ဝူကျဲ။ [စပ်စုချင်စိတ် +၁]
ဖုန်းယီမင်။ [စပ်စုချင်စိတ် +၁]
ထိုလေးယောက်သည် လူကြီးများကို အပြစ်တင်ကာ လှောင်ပြောင်ရင်း ဂရုအသေးလေးထဲတွင် စကားပြောနေကြလေသည်။
ကျန်းယဲ့က ကြိုတင်ကာကွယ်ရမည့် အချက်များကို ရှင်းပြပြီးနောက် ရုတ်တရက် ထွက်ပေါ်လာသော ချီးမွမ်းသံများကြောင့် သူတို့လေးယောက်မှာ အံ့အားသင့်သွားကြရသည်။
“ဟားဟား... ရှောင်ယဲ့ရဲ့ ရှင်းပြချက်က တကယ်ကို ပြည့်စုံတာပဲ” ကျန်းဟွိုင်မင်က ချီးမွမ်းလိုက်၏။
ကျောက်ဟုန်ကလည်း ဆက်လက်ချီးမွမ်းလေသည်။ “ရှောင်ယဲ့က ဧည့်လမ်းညွှန်လုပ်လာတာ ကြာပြီ မဟုတ်လား... သူက တကယ်ကို စေ့စပ်သေချာတာပဲ”
“ဒီဘက်ခေတ် လူငယ်ဧည့်လမ်းညွှန်တွေက ပေါ့ဆကြတယ်... ဒါပေမဲ့ ရှောင်ယဲ့ဆီမှာ အဲဒါမျိုး လုံးဝမတွေ့ရဘူး။ ရှောင်ယဲ့က တို့တွေအတွက် တကယ်ကို အများကြီး စဉ်းစားပေးတာပဲ” လင်ရူက ချီးမွမ်းသည်။
“ဟားဟား...ရှောင်ယဲ့.... တို့ကုမ္ပဏီက ဝန်ထမ်းခရီးစဉ်တစ်ခု စီစဉ်နေတယ်.... အစီအစဉ်ဆွဲဖို့ မင်းရဲ့အကူအညီ လိုလိမ့်မယ်” ကျန်းရိကျွင်းက သူ၏စီးပွားရေးကိစ္စကို တိုက်ရိုက်ပင် ကမ်းလှမ်းလိုက်၏။
လူကြီးခြောက်ယောက်က ကျန်းယဲ့ကို ချီးမွမ်းနေသည်ကို ကြားပြီးနောက် ချောင်ဝမ်ပေါ်နှင့် ကျန်သုံးယောက်မှာ လုံးဝ ဆွံ့အသွားကြချေသည်။
အားလုံး၏ ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားရသည်။
ဒါရိုက်တာကျန်းဆီမှာ ဘာတွေကများ အဲဒီလောက်ကောင်းနေလို့လဲဆိုတာကို သူတို့ ဘာလို့ မမြင်နိုင်ရတာလဲ။
‘သူက အရင်က ငါတို့ကြုံဖူးတဲ့ ဧည့်လမ်းညွှန်တွေထက်တောင် အများကြီး နိမ့်ကျနေသေးတယ်လေ’
ထိုလေးယောက်က ဂရုချက်ထဲတွင် ပြင်းပြင်းထန်ထန် ဝေဖန်ညည်းညူနေခဲ့ကြသည်။
ချောင်ဝမ်ပေါ်။ [ဦးလေးကျန်းတို့ အဆင်ရောပြေရဲ့လား...]
ဝူကျဲ။ [တစ်ခုခု မှားနေတယ်လို့ ငါ အမြဲခံစားနေရတယ်။ ဒါရိုက်တာကျန်းအပေါ် သူတို့ဆက်ဆံပုံက တော်တော်လေး ပုံမှန်မဟုတ်ဘူး...]
ကန်ချန်း။ [အေး... ငါလည်း အဲဒါကို သတိထားမိတယ်။ ဥက္ကဋ္ဌကျန်းတို့က ဒါရိုက်တာကျန်းဆီက မျက်နှာသာရဖို့ ကြိုးစားနေပုံရတယ်]
ဖုန်းယီမင်။ [ဟုတ်တယ်...ဟုတ်တယ်... ငါလည်း အဲဒီလိုပဲ ခံစားရတယ်။ ဒါပေမဲ့ သူက နာမည်မသိတဲ့ ခရီးသွားအေဂျင်စီလေးက ဧည့်လမ်းညွှန်တစ်ယောက်ပဲလေ... ဘာလို့ သူ့ကို ဖားယားနေကြတာလဲ]
ချောင်ဝမ်ပေါ်။ [ဖြစ်နိုင်တာက... ငါဆိုလိုတာကလေ... ငါတို့ရဲ့ အချိန်ခရီးသွားတာ တကယ်များလား]
ဝူကျဲနှင့် သူ၏အဖော်နှစ်ယောက်။ [.....…]
သူတို့ တစ်ယောက်ပြီးတစ်ယောက် အံ့အားသင့်သည့် အမူအရာများကို ပြသလာကြသည်။
ချောင်ဝမ်ပေါ်။ [အဲဒါကလွဲရင် တခြားအကြောင်းပြချက်ကို ငါ စဉ်းစားလို့မရဘူး]
ထိုစဉ် ကျန်းယဲ့က ကားထဲရှိ ခရီးဆောင်အိတ်ကို ဖွင့်လိုက်ရာ စနစ်ထံမှ သူဝယ်ယူထားသော ချင်မင်းဆက် ဝတ်စုံများနှင့် ဆံပင်တုများ အပြည့်ပါဝင်နေခဲ့သည်။
ယခင်အသုတ်ကဟာတွေကို ဘာလို့ မသုံးတာလဲလို့တော့ လာမမေးနှင့်......
ထိုကျိန်စာသင့်စနစ်က လုပ်ငန်းစဉ် ပြီးဆုံးသွားပြီးနောက် ၎င်းတို့ကို အလိုအလျောက် ပြန်လည်သိမ်းဆည်းသွားချေပြီ။
အကယ်၍ ဤပစ္စည်းများကို လိုချင်ပါက စနစ်၏ စတိုးဆိုင်မှ ထပ်မံဝယ်ယူရပေမည်။
ကျန်းယဲ့က ရိုးရှင်းသော ချင်မင်းဆက်ဝတ်စုံများ၊ လိုက်ဖက်သော ဆံပင်တုများနှင့် ဦးထုပ်များကို သေသပ်စွာ စီထားလိုက်၏။
“အားလုံးပဲ... ကျေးဇူးပြုပြီး ဒီအဝတ်အစားတွေကို လဲဝတ်လိုက်ကြပါ” ကျန်းယဲ့က အဝတ်အစားများကို တစ်စုံစီ ဝေငှပေးလိုက်လေသည်။ “ဒါက ချင်မင်းဆက် ပတ်ဝန်းကျင်နဲ့ အားလုံး ပိုပြီး အသားကျသွားစေဖို့ ကူညီပေးမှာပါ”
စီအီးအို ခြောက်ဦးသည် ဘာမှမပြောဘဲ အဝတ်အစားများကို ယူကာ အမြန်လဲဝတ်လိုက်ကြချေသည်။
ကျန်းဟွိုင်မင်က သူ၏ဝတ်ရုံခါးပတ်ကို ချည်နှောင်ရင်း အာမေဍိတ်သံဖြင့် ပြောလိုက်၏။ “အထည်သားက တကယ်ကို အရည်အသွေးကောင်းတာပဲ... ပြတိုက်တွေမှာ ငါတွေ့ဖူးတဲ့ ပုံတူပစ္စည်းတွေထက် အများကြီး ပိုပြီး သေသပ်လှပတယ်”
ဆံပင်တုကို ဆောင်းရမည့်အချိန်တွင် ပို၍အံ့ဩဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပျက်သွားလေသည်။
ကျိုးရှင်းဖူက ဆံပင်တုကို ခေါင်းပေါ် တင်လိုက်သည်နှင့် တစ်ပြိုင်နက် ဆံထုံးက သူ၏ဦးရေပြားနှင့် အလိုအလျောက် အံဝင်ခွင်ကျဖြစ်သွားပြီး အသက်ရှိနေသည့်အလား ၎င်း၏ပုံစံကို ချိန်ညှိသွားခဲ့သည်။
သူက အံ့အားသင့်စွာဖြင့် ခေါင်းကို စမ်းကြည့်လိုက်၏။ “ဒီ... ဒီဆံပင်တုက ငါ့ခေါင်းပေါ်မှာ ပေါက်နေသလိုပဲ...”
ကျောက်ဟုန်က သူ၏ခေါင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြင်းပြင်းထန်ထန် ခါရမ်းကြည့်သော်လည်း ဆံပင်တုမှာ လှုပ်ရှားသွားခြင်း မရှိချေ။ “ဟေး.... ဘယ်လောက်ပဲ ခါခါ ပြုတ်မကျဘူးဟ”
ကျန်းရိကျွင်း၏ မျက်လုံးများတွင် အလင်းရောင်တစ်ချက် လက်သွားချေသည်။ သူက အခြားသူများကို ကော်လာတည့်မတ်ပေးနေသည့် ကျန်းယဲ့ကို တွေးတောနေဟန်ဖြင့် ကြည့်ကာ အသံကို နှိမ့်၍ ကျန်းဟွိုင်မင်အား ပြောလိုက်သည်။ “အဘိုးကြီးကျန်း... အထက်လူကြီးတွေက ဘာလို့များ ဒါရိုက်တာကျန်းကို ဒီလောက်တန်ဖိုးထားရတာလဲဆိုတာကို အခုတော့ ငါ တကယ် နားလည်သွားပြီ”
လင်ရူက ဆံပင်တုကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ၎င်း၏ အံ့သြဖွယ်ကောင်းလောက်အောင် အံဝင်ခွင်ကျဖြစ်မှုကို ခံစားလိုက်ရသည်။ “ဒီလိုနည်းပညာမျိုး ဈေးကွက်ထဲမှာ လုံးဝ မရနိုင်ဘူး...”
အမှုဆောင်အရာရှိကြီးများက တစ်ယောက်ကိုတစ်ယောက် နားလည်သဘောပေါက်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ကျိုးရှင်းဖူသည် ရုတ်တရက် ကျန်းယဲ့အနီးသို့ စိတ်အားထက်သန်စွာ လျှောက်သွားလိုက်၏။ “ဒါရိုက်တာကျန်း... ဒီအဝတ်အစားတွေက ဝတ်ရတာ တကယ်ကို သက်တောင့်သက်သာရှိတယ်။ ဒီနည်းပညာကို စီးပွားဖြစ်ထုတ်လုပ်ဖို့ စဉ်းစားထားဖူးလား။ ငါ့ရဲ့ ရှင်းဖူဂရုက ရင်းနှီးမြှုပ်နှံဖို့ အရမ်းကို လိုလားပါတယ်”
“အဘိုးကြီးကျိုး... အဲဒါတော့ မတရားဘူးလေ” ဟု ကျောက်ဟုန်က ချက်ချင်း ဝင်ပြောလေသည်။ “ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဟုန်ယွမ်ကလည်း အစုရှယ်ယာ ပါရမှာပေါ့”
“ဟားဟား... ငါကတော့ ဒီဆံပင်တုကို သဘောကျတယ်။ အခုခေတ်မှာ လူလတ်ပိုင်းနဲ့ သက်ကြီးရွယ်အို အများစုက ဆံပင်ပြဿနာတွေ ရှိနေကြတာ။ ဒီဆံပင်တုရဲ့ ဒီဇိုင်းကို နည်းနည်းလေး ပြုပြင်လိုက်ရင် ဈေးကွက်ထဲ တင်ရောင်းလို့ရမယ် ထင်တယ်” လင်ရူက ပြုံးလျက် ကျန်းယဲ့ကို ကြည့်လိုက်၏။
“ရှောင်ယဲ့... မင်း ဒီနည်းပညာကို ပေးချင်လား။ တို့တွေ အတူတူ ထုတ်လုပ်ကြတာပေါ့။ မင်းက နည်းပညာကိုပေး.... ငါက ဝန်ထမ်းတွေနဲ့ ဈေးကွက်ရှာဖွေရေးကို တာဝန်ယူမယ်”
ပူးပေါင်းဆောင်ရွက်ရန် အလုအယက် ကြိုးစားနေသော အခြားသူများနှင့်မတူဘဲ ကျန်းဟွိုင်မင်ကမူ ကျန်းယဲ့၏ လှုပ်ရှားမှုတိုင်းကို တိတ်တဆိတ် အကဲခတ်နေချေသည်။
အဝတ်အစားများ ဝေငှပေးချိန်တွင် ကျန်းယဲ့၏ အမှုမဲ့အမှတ်မဲ့နေသော အမူအရာကို သူ သတိပြုမိလိုက်၏။ ခေတ်သစ်နည်းပညာထက် သာလွန်နေသော ဤထုတ်ကုန်က သူ့အတွက် ထူးဆန်းသောအရာ မဟုတ်သကဲ့သို့ပင်။
စီအီးအိုများထံမှ အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှု ကမ်းလှမ်းချက်များကို ရင်ဆိုင်ရချိန်တွင် ကျန်းယဲ့က ပြုံးလျက် တုံ့ပြန်လိုက်သည်။ “လူကြီးမင်းတို့... ကျွန်တော်က သာမန် ဧည့်လမ်းညွှန်လေး တစ်ယောက်ပါ။ ဒီကိစ္စတွေကို နားမလည်ပါဘူး။ ခရီးသွားလုပ်ငန်းရဲ့ အဓိကအနှစ်သာရဆီကိုပဲ ပြန်သွားကြရအောင်”
ကျန်းယဲ့ ငြင်းဆိုလိုက်သည်ကို မြင်သော်လည်း အမှုဆောင်အရာရှိကြီးများထဲမှ မည်သူကမျှ ဒေါသမထွက်ကြချေ။
သို့သော် လျှို့ဝှက်ဆန်းကြယ်သော ဤဒါရိုက်တာကျန်းနှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားရမည်ကို သူတို့၏ ရင်ထဲတွင် သိနေခဲ့ကြသည်။
ကျန်းယဲ့က ရိုးရှင်းသော ချင်မင်းဆက်ပုံစံ အဝတ်အစားများကို ချောင်ဝမ်ပေါ်နှင့် ကျန်သုံးယောက်ထံ ကမ်းပေးလိုက်သောအခါ ဝူကျဲက ကြမ်းတမ်းသော ပိုက်ဆံလျှော်ချည်ထည်ကို တိတ်တဆိတ် ညှစ်ကြည့်လိုက်ပြီး ဂရုချက်ထဲတွင် အမြန်ရိုက်ထည့်လိုက်လေသည်။
[ဒီအဝတ်အစားတွေက အရမ်းအရုပ်ဆိုးတာပဲ။ ဒါတွေကို ဝတ်လိုက်ရင် တူးဖော်တွေ့ရှိထားတဲ့ ရှေးဟောင်းပစ္စည်းနဲ့ တူသွားမှာပဲ...]
ကန်ချန်းက အလွန်ကြီးမားသော ကုတ်အင်္ကျီကို ဆွဲဝတ်ရင်း နှုတ်ခမ်းဆူကာ ဂရုချက်ထဲသို့ ငိုနေသောမျက်နှာ အီမိုဂျီတစ်ခု ပို့လိုက်ချေသည်။ [အမေဝယ်ပေးထားတဲ့ နာမည်ကြီးဘရန်း ဟူဒီကို ငါ အချိန်ကုန်ခံပြီး ဝတ်လာခဲ့တာကွာ..]
ဖုန်းယီမင်က ဆဲလ်ဖီတစ်ခု တိတ်တဆိတ် ရိုက်ကာ ဂရုချက်ထဲသို့ ပို့လိုက်ပြန်သည်။ [ညီအစ်ကိုတို့... ငါက ရှေးခေတ်ဝတ်စုံဇာတ်လမ်းတွဲထဲက နောက်ခံသရုပ်ဆောင်တစ်ယောက်နဲ့ တူမနေဘူးလား...]
ခါးပတ်ချည်နေစဉ် ချောင်ဝမ်ပေါ်က လူကြီးများကို တစ်ချက်ကြည့်လိုက်ပြီး ဂရုချက်ထဲတွင် ညည်းညူလိုက်၏။ [ဒီသူဌေးကြီးတွေက တော်တော် သရုပ်ဆောင်ကောင်းကြတာပဲ။ ဆံပင်တုတွေကိုတောင် မိုးထိအောင် ချီးမွမ်းနေကြတယ်။ သူတို့ရဲ့ သရုပ်ဆောင်မှုက ငါ့အဘိုးကြီးထက်တောင် ပိုပြီး ပိုလွန်းနေသေးတယ်... ]
အဝတ်လဲရာတွင် အချိန်ဆွဲနေကြသော ထိုလေးယောက်က သူဌေးခြောက်ဦးက ကျန်းယဲ့၏ အဝတ်အစားများနှင့် ဆံပင်တု အသေးစိတ်အချက်အလက်များကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်ကို ကြည့်ရင်း မသက်မသာ ခံစားလာရလေသည်။
ကျန်းယဲ့က ဆံပင်တုကို သူတို့ထံ ကမ်းပေးလိုက်ရာ ဖုန်းယီမင်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လှမ်းယူလိုက်၏။
“ဒီဟာကြီးက တကယ်ရော မြဲပါ့မလား...” ဝူကျဲက သူ့ဟာသူ ရေရွတ်ရင်း ဆံပင်တုကို ခေါင်းပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်ချေသည်။
နောက်တစ်စက္ကန့်တွင် လေးယောက်သားလုံး အေးခဲသွားကြရသည်။
ကန်ချန်းသည် ရုတ်တရက် ခေါင်းပေါ်သို့ လက်မြှောက်စမ်းလိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ “ကျစ်။ ဘာ.... ဘာတွေဖြစ်ကုန်တာလဲ”
သူ၏ ဆံပင်တုမှာ အရည်ပျော်သွားသကဲ့သို့ ဦးရေပြားနှင့် အတိအကျ အံဝင်ခွင်ကျဖြစ်သွားပြီး သူ၏ ဆံစပ်လိုင်းပင်လျှင် သူ၏ကိုယ်ပိုင်ဆံပင်ကဲ့သို့ သဘာဝကျနေချေသည်။
ချောင်ဝမ်ပေါ်က သူ၏ခေါင်းကို ရူးသွပ်စွာ ခါရမ်းလိုက်သော်လည်း ဆံပင်တုမှာ လုံးဝ ငြိမ်သက်နေဆဲပင်။
တုန်ယင်နေသော လက်ချောင်းများဖြင့် သူက ဂရုချက်ထဲတွင် မက်ဆေ့ချ်တစ်ခု ပို့လိုက်၏။ [ညီအစ်ကိုတို့၊ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ။ ဒီဆံပင်တုက အရမ်းကို ကြီးမားတဲ့ ပြဿနာကြီးပဲ...]
ဖုန်းယီမင်က အံ့အားသင့်စွာဖြင့် အာမေဍိတ်သံ ထွက်လာခဲ့သည်။ [လခွမ်း... ဒီဆံပင်တုက အရမ်းကို ထူးဆန်းတယ်... ဆံပင်တုတွေနဲ့ ပတ်သက်တဲ့ ငါ့ရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဟ..]
လေးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဗဟုသုတကြွယ်ဝသော ထိုသူဌေးကြီးများက ကျန်းယဲ့အပေါ် အဘယ်ကြောင့် ဤမျှ လေးစားမှုထားရသနည်းဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားကြချေသည်။
ဝူကျဲက တံတွေးကို ခပ်ပြင်းပြင်း မျိုချလိုက်ပြီး ကျန်းယဲ့ကို ပြန်ကြည့်လိုက်သောအခါ သူ၏အကြည့်များ လုံးဝ ပြောင်းလဲသွားလေသည်။ သူက အဖော်ဖြစ်သူကို တိုးတိုးလေး ပြောလိုက်၏။ “အရင်က ငါတို့ အရမ်းမိုက်ရူးရဲ ဆန်မနေခဲ့ဘူးလား”
ဤအချိန်တွင် စီအီးအို ခြောက်ဦးသည် လူငယ်လေးဦး၏ အံ့အားသင့်နေသော အမူအရာများကို အဓိပ္ပာယ်ပါပါ ကြည့်နေခဲ့ကြသည်။
ကျန်းဟွိုင်မင်က ရယ်မောလိုက်ပြီး ကျန်းရိကျွင်းကို တိုးတိုးလေး ပြောလိုက်၏။ “ကလေးတွေလည်း တစ်ခုခု မှားနေပြီဆိုတာ သတိထားမိသွားပုံရတယ်”
ကျန်းရိကျွင်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ “ငါတို့တွေ ဒါရိုက်တာကျန်းကို ဒီတိုင်း အထောက်အပံ့ပေးနေတာ မဟုတ်ဘူးဆိုတာ အခုတော့ သူတို့ သိလောက်ပြီ..”
ကောင်လေးလေးယောက် ဘာတွေပြောမလဲဆိုတာကို သူတို့ မသိသော်လည်း သူတို့၏ အမူအရာများမှတစ်ဆင့် အချက်အလက်အချို့ကို ကောက်ချက်ချနိုင်ခဲ့သည်။