အခန်း (၃၁) မင်းတို့ကို အခွင့်အရေးတစ်ခု ပေးမယ်
ကျန်းခိုင်က လက်ခုပ်တီးကာ ဖဲဝိုင်းဆီသို့ လှမ်းအော်လိုက်၏။ “ဟေ့ကောင်တွေ... ဖဲကစားတာ ခဏနားလိုက်ဦး။ ဒါရိုက်တာကျန်း ရောက်နေပြီ... လာပြီး စာချုပ် လက်မှတ်ထိုးကြတော့”
ချောင်ဝမ်ပေါ်က သူ၏ဖဲချပ်များကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး ပြုံးလျက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ။ ခင်ဗျားသာ မြန်မြန်မလာရင်.... သူတို့ပိုက်ဆံတွေ အကုန်လုံး ကျွန်တော် နိုင်သွားတော့မှာ”
ကန်ချန်း၊ ဝူကျဲနှင့် ဖုန်းယီမင်တို့ကလည်း သူတို့၏ဖဲချပ်များကို ချထားကာ ပျင်းရိပျင်းတွဲဖြင့် စုဝေးလာကြလေသည်။
ကျန်းခိုင်က စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလိုက်၏။ “ဒါက တတိယအကြိမ်မြောက် ချင်မင်းဆက် ခရီးသွားအဖွဲ့ရဲ့ ဧည့်လမ်းညွှန် ဒါရိုက်တာကျန်းယဲ့ပဲ။ ဒါရိုက်တာကျန်း... ဒီလေးယောက်က ကျွန်တော် ပြောပြဖူးတဲ့ ညီအစ်ကိုတွေဖြစ်တဲ့ ချောင်ဝမ်ပေါ်၊ ကန်ချန်း၊ ဝူကျဲနဲ့ ဖုန်းယီမင်ပါ။ သူတို့အကုန်လုံးက ကျွန်တော်တို့လူတွေချည်းပါပဲ... ”
ကျန်းယဲ့က ခေါင်းညိတ်ကာ ပြုံးပြပြီး လက်ကို ကမ်းပေးလိုက်ချေသည်။ “ခင်ဗျားတို့အကြောင်း အများကြီး ကြားဖူးပါတယ်။ အခုလို တွေ့ရတာ ဝမ်းသာပါတယ်”
ချောင်ဝမ်ပေါ်က အရင်ဆုံး လက်ဆွဲနှုတ်ဆက်လိုက်ပြီး မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြောလိုက်၏။ “ကျန်းခိုင်က ခင်ဗျားကို တော်တော်လေး ချီးမွမ်းထားတာပဲ။ ခင်ဗျား တကယ်ပဲ အဲဒီလောက် အံ့သြဖို့ကောင်းလား ဆိုတာကို ကျွန်တော်တို့ ကြည့်ချင်သေးတယ်ဗျ...”
ကန်ချန်းက အိတ်ကပ်ထဲ လက်နှိုက်ထားရင်း ပျင်းရိပျင်းတွဲ ဝင်ပြောလေသည်။ “ဟုတ်တယ်... ကျွန်တော်တို့ကို စိတ်မပျက်စေနဲ့နော်”
ကျန်းခိုင်က အခြေအနေကို အမြန်ထိန်းလိုက်ချေသည်။ “စိတ်မပူပါနဲ့။ ဒါရိုက်တာကျန်းရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော့်မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတာ... သူက လုံးဝ ယုံကြည်စိတ်ချရတယ်။ စာချုပ် လက်မှတ်ထိုးပြီးတာနဲ့ မင်းတို့ တိတ်တဆိတ် ဝမ်းသာသွားလိမ့်မယ်...”
ဝူကျဲက ရယ်မောလိုက်၏။ “သေချာတာပေါ့။ ငါက အချိန်ဖြုန်းချင်ရုံ သက်သက်မို့လို့ လိုက်လုပ်ပေးမယ်”
ဖုန်းယီမင်က စာချုပ်ကို ကောက်ကိုင်ပြီး လှန်လှောကြည့်လိုက်လေသည်။ “စကားများနေတာ တော်တော့။ ဘယ်နေရာမှာ လက်မှတ်ထိုးရမလဲ”
ကျန်းယဲ့က လက်မှတ်ထိုးရမည့် နေရာကို လက်ညှိုးထိုးပြလိုက်ရာ လေးယောက်သား သေသပ်စွာ လက်မှတ်ရေးထိုးလိုက်ကြသည်။
ကျန်းခိုင်က စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။ “အဲဒါမှ မှန်တာပေါ့... နောက်ကျရင် ငါ့ကို သေချာပေါက် ကျေးဇူးတင်ကြလိမ့်မယ်... ငါ့ကို ယုံ”
ဝူကျဲက ဘောပင်အဖုံးကို ပြန်ပိတ်ကာ စာချုပ်ကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး မျက်ခုံးတစ်ဖက်ကို ပင့်ကာ မေးလိုက်လေသည်။ “အကုန် လက်မှတ်ထိုးပြီးပြီလား။ ငါတို့ ဘယ်တော့ ထွက်မှာလဲ...”
ကန်ချန်းကလည်း သရော်သည့်လေသံဖြင့် ဝင်ပြောလိုက်၏။ “ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်နှစ်ထောင်က ချင်မင်းဆက်ဆီ ပြန်ခေါ်သွားပေးနိုင်တယ်ဆိုတာ ငါ ကြားတယ်။ ငါတို့ကိုတောပ အကြာကြီး မစောင့်ခိုင်းနဲ့နော်”
ဤလူလေးယောက် လုံးဝ မယုံကြည်ကြောင်းနှင့် ကျန်းခိုင်ကြောင့်သာ ခရီးစဉ်ကို စာရင်းသွင်းခဲ့ခြင်းဖြစ်ကြောင်း သူတို့၏ လေသံမှ အလွယ်တကူ သိနိုင်ချေသည်။
ကျန်းယဲ့က သူတို့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဂရုမစိုက်ဘဲ ပြုံးလိုက်၏။ သူ၏ ခရီးသွားအဖွဲ့ထဲ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အဆုံးတွင်တော့ သူတို့ ယုံကြည်သွားကြမည်သာမဟုတ်လော။
“အကုန်လုံး အဆင်ပြေရင် မနက်ဖြန်မနက် ကိုးနာရီမှာ ခင်ဗျားတို့ကို လာကြိုဖို့ အိမ်ရာအဝင်ပေါက်ကို ကားရောက်လာပါလိမ့်မယ်...”
အိတ်ကပ်ထဲ လက်နှိုက်ထားသော ဖုန်းယီမင်က ပျင်းရိပျင်းတွဲ မေးလိုက်၏။ “မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်လာရင်ကော”
“စိတ်မပူပါနဲ့” ကျန်းယဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။ “အပြောင်းအလဲ တစ်ခုခုရှိရင် ကျွန်တော် ကြိုတင်ပြီး စာတိုပို့ပါ့မယ်...”
ချောင်ဝမ်ပေါ်က ပခုံးတွန့်လိုက်ချေသည်။ “ကောင်းပြီလေ... ဘယ်အချိန်ဖြစ်ဖြစ် ငါတို့ သွားလို့ရပါတယ်”
ကျန်းခိုင်က သူ၏ညီအစ်ကိုများ၏ ပခုံးကို ပုတ်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ “စိတ်မပူပါနဲ့... ဒါရိုက်တာကျန်း ဘာတွေ စွမ်းဆောင်နိုင်လဲဆိုတာ မနက်ဖြန် မင်းတို့ တွေ့ရလိမ့်မယ်”
လူလေးယောက်ထံမှ ခရီးစဉ်စရိတ်ကို ကောက်ခံပြီးနောက် ဆက်နေရန် မသင့်တော်ဟု ကျန်းယဲ့ ခံစားလိုက်ရ၏။ ထို့ကြောင့် သူက ကျန်းခိုင်ကို ညွှန်ကြားချက်အချို့ ပေးကာ တစ်ဆင့်ပြန်ပြောပြရန် တောင်းဆိုလိုက်လေသည်။
သူကိုယ်တိုင် ပြောလျှင် သူတို့ နားထောင်မည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိပေသည်။ အခြားတစ်ဖက်တွင်တော့ ကျန်းခိုင်၏စကားကို သူတို့ ပို၍ နားထောင်လောက်သည်။
ညွှန်ကြားချက်များ ပေးပြီးနောက် ကျန်းယဲ့ဟာ ကျန်းမင်ဟွေ့နှင့်အတူ နှုတ်ဆက်ထွက်ခွာလာခဲ့လိုက်သည်။
ကျန်းခိုင်က အစပိုင်းတွင် သူတို့ကို လိုက်ပို့ချင်ခဲ့သော်လည်း ကျန်းယဲ့က တားလိုက်၏။ မည်သို့ပင်ဖြစ်စေ ယွင်ရှန်ရှယ်အိမ်ရာမှ လုံခြုံရေးအစောင့်များက သူတို့ကို အကြိုအပို့လုပ်ရန် လျှပ်စစ်လည်ပတ်ရေးကားများကို ယူဆောင်လာမည်ဖြစ်ရာ သူတို့ ခြံတံခါးဝအထိ လမ်းလျှောက်ရန် မလိုအပ်ချေ။
အမှတ် ၇ အိမ်ရာ။
ကျန်းဟွိုင်မင်သည် သူ၏ စာကြည့်ခန်းထဲတွင် ထိုင်ရင်း လက်ချောင်းထိပ်များဖြင့် မဟော်ဂနီစားပွဲပေါ်သို့ ဖွဖွလေး ခေါက်နေခဲ့သည်။ ချောင်မိသားစု (အမှတ် ၂)၊ ဝူမိသားစု (အမှတ် ၁၀)၊ ဖုန်းမိသားစု (အမှတ် ၁၈) နှင့် ကန်မိသားစု (အမှတ် ၂၂) တို့ကို ရွေးချယ်ပြီးပြီဖြစ်ကြောင်း ကျန်းယဲ့ထံမှ မက်ဆေ့ချ် ရောက်လာသဖြင့် သူ၏ ဖုန်းစခရင်မှာ လင်းလက်သွားခဲ့သည်။
သူက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး နှုတ်ခမ်းကို နှစ်ချက်မျှ စုပ်သပ်ကာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ “သူတို့ တကယ်ကို ကံကောင်းတာပဲ..”
ထိုအချိန်တွင် အိမ်တော်ထိန်းက တံခါးခေါက်ကာ ဝင်လာပြီး တိုးညင်းသောအသံဖြင့် ပြောလိုက်၏။ “မစ္စတာကျန်း... မနေ့ညက အိမ်ရာထဲက အိမ်ထောင်စု ကိုးစု အသေးစား မတော်တဆမှုတွေ ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် အခုလေးတင် သိရပါတယ်။ အဲဒါတွေကတော့ အမှတ် ၃၊ ၁၂ နဲ့ ၉ က အိမ်ရှင်တွေပါပဲ... ဘယ်သူမှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရလိုက်လို့ သီသီလေး လွတ်သွားတာပါ”
ကျန်းဟွိုင်မင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စာရင်းကို လက်ညှိုးဖြင့် ခေါက်လိုက်၏။ “အမှတ် ၉ က သူဌေးကျိုးလား။ အမှတ် ၁၂ က မစ္စလင်လား”
အိမ်တော်ထိန်း ခေါင်းညိတ်သည်ကို မြင်လိုက်ရသောအခါ သူ၏အကြည့်များ မှောင်မိုက်သွားရသည်။
ဤလူများအားလုံးက သူနှင့် ဆက်ဆံရေးကောင်းမွန်သော အိမ်နီးချင်းများ ဖြစ်ကြသည်။ အထက်လူကြီးများ၏ ရွေးချယ်ခြင်းခံရလောက်အောင် သူတို့ ကံကောင်းမည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
သူ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ဖုန်းကို ကောက်ကိုင်ကာ အိမ်ပိုင်ရှင်များ၏ အဆက်အသွယ် စာရင်းထဲမှ နာမည်အချို့ကို အမြန်ရွေးချယ်လိုက်လေသည်။
သူဌေးကျိုး (အမှတ် ၉)၊ မန်နေဂျာချုပ်ကျန်း (အမှတ် ၁၁)၊ မစ္စလင် (အမှတ် ၁၂)၊ မန်နေဂျာချုပ်လီ (အမှတ် ၁၃) နှင့် မန်နေဂျာချုပ်ကျောက် (အမှတ် ၁၇)။
ထို့နောက် သူက ရိုးရှင်းပြီး တိုက်ရိုက်ကျသော နာမည်ဖြင့် ဂရုအသစ်တစ်ခုကို ဖန်တီးလိုက်ပြန်သည်။ [ချင်မင်းဆက်ဆီသို့ ခရီးသွားခြင်း]
မက်ဆေ့ချ် ပို့လိုက်သည်နှင့် တစ်ပြိုင်နက် အမှတ် ၁၁ မှ မန်နေဂျာချုပ်ကျန်းက ချက်ချင်း ပြန်စာပို့လိုက်၏။ “အဘိုးကြီးကျန်း...ဘာတွေဖြစ်နေတာလဲ”
ကျန်းဟွိုင်မင်က မက်ဆေ့ချ်ကို တိုက်ရိုက် ရိုက်ထည့်လိုက်သည်။ “အခု တစ်သက်မှာ တစ်ခါရခဲတဲ့ အခွင့်အရေးကြီးတစ်ခု ခင်ဗျားတို့ရှေ့ကို ရောက်လာပြီ။ အချိန်ခရီးသွားတဲ့ အတွေ့အကြုံကို ခံစားကြည့်ဖို့ စိတ်ဝင်စားလား။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်က ချင်မင်းဆက်ဆီကို အချိန်ခရီးသွားမှာနော်။ အဲဒါက တကယ့်ကို အချိန်ခရီးသွားတာပဲ...”
ကျန်းဟွိုင်မင် ပြောသည်ကို မြင်ပြီးနောက် ဂရုထဲရှိ လူတိုင်းမှာ မေးခွန်းများဖြင့် ပြည့်နှက်သွားကြရသည်။
အမှတ် ၁၁ အိမ်ပိုင်ရှင်ကျန်းက မျက်နှာကို လက်ဖြင့် အုပ်ထားသော အီမိုဂျီတစ်ခုကို ပို့လိုက်၏။ “အဘိုးကြီးကျန်း... ခင်ဗျားအကောင့် ဟက်ခံရတာ မဟုတ်လား။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ဆီကို အချိန်ခရီးသွားမယ် ဟုတ်လား။ ခင်ဗျားကလေး ဖုန်းယူကစားနေတာလား”
အမှတ် ၁၃ မစ္စတာလီကလည်း အနီးကပ် လိုက်ပါလာခဲ့သည်။ “မစ္စတာကျန်း... နေ့ခင်းကြောင်တောင်ကြီး နောက်မနေပါနဲ့ဗျာ။ ကုမ္ပဏီက ရှုပ်ပွနေတဲ့ စာရင်းတွေကိုတောင် ရှင်းလို့ အခုလေးတင် ပြီးတာဗျ”
အမှတ် ၁၇ မန်နေဂျာချုပ်ကျောက်က နောက်ခံတွင် မာဂျောက်ကစားနေသော အသံများပါသည့် အသံဖိုင်တစ်ခုကို ပို့လိုက်၏။ “အဘိုးကြီးကျန်း... ခင်ဗျား အရက်တွေ အများကြီး သောက်ထားရင် စောစောသွားအိပ်လိုက်။ မနက်ဖြန် အဘိုးကြီးကျိုးနဲ့ ဂေါက်ရိုက်ဖို့ ချိန်းထားသေးတယ်...”
ဂရုထဲတွင် မေးခွန်းထုတ်သည့် မက်ဆေ့ချ်များ တသီတတန်းကြီး တက်လာသည်ကို မြင်လိုက်ရသောအခါ ကျန်းဟွိုင်မင်သည် ခြောက်ယောက်ပါ ဗီဒီယိုခေါ်ဆိုမှုကို ချက်ချင်း စတင်လိုက်၏။
လေးထောင့်ကွက်ငယ်ငါးခု တစ်ခုပြီးတစ်ခု လင်းလာသည်နှင့်အမျှ စခရင်ပေါ်ရှိ မျက်နှာများအားလုံးမှာ အံ့အားသင့်နေပုံရလေသည်။
ကုတ်အင်္ကျီနှင့် နက်တိုင် ဝတ်ဆင်ထားသော မန်နေဂျာချုပ်ကျန်းသည် လက်ထဲတွင် ဘဏ္ဍာရေး အစီရင်ခံစာကို ကိုင်လျက် စားပွဲတွင် ထိုင်နေခဲ့သည်။
မျက်ကွင်းညိုနေသော မန်နေဂျာချုပ်လီက စာရွက်စာတမ်းများကို စီစဉ်နေရင်း ပင်ပန်းနွမ်းနယ်နေပုံရသည်။ မန်နေဂျာချုပ်ကျောက်ကမူ သူ၏ရှေ့တွင် မာဂျောက်စားပွဲနှင့်အတူ အပန်းဖြေနေလေသည်။
“အခုရော ယုံပြီလား...” ကျန်းဟွိုင်မင်က စာကြည့်ခန်းတစ်ခုလုံးကို ပြသရန် ဖုန်းကင်မရာကို လှည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏ကိုယ်ပိုင်မျက်နှာကို အာရုံစိုက်လိုက်၏။
ဖုန်းကိုင်ထားသူမှာ ကျန်းဟွိုင်မင် ကိုယ်တိုင်ဖြစ်ကြောင်း သက်သေပြနိုင်လျှင်တောင်မှ သူတို့သည် ချင်မင်းဆက်သို့ အချိန်ခရီးသွားမည့် ဇာတ်လမ်းကို ယုံကြည်ကြဦးမည် မဟုတ်ချေ။
ဤမျှလောက် အဓိပ္ပာယ်မရှိသော အရာတစ်ခုကို မည်သူကမျှ ယုံကြည်နိုင်မည်နည်း....
အမှတ် ၁၂ မှ မစ္စလင်က ဝင်ပြောလိုက်သည်။ “အဘိုးကြီးကျန်း... ဒီတလော ဖိအားတွေ အရမ်းများနေလို့လား...”
ဒီလူတွေ နားလည်မှုလွဲနေပြီဆိုတာကို ကျန်းဟွိုင်မင် သိသဖြင့် တိုက်ရိုက်ပင် ပြောလိုက်၏။ “အဘိုးကြီးကျိုး... ညီမလေးလင်... ငါ မင်းတို့ကို တစ်ခုလောက်ပဲ မေးချင်တယ်။ မနေ့ညက မင်းတို့အိမ်ရာရဲ့ ပိုင်ဆိုင်မှုကို လွှဲပြောင်းဖို့ J တပ်ဖွဲ့က အလောတကြီး ဖြစ်နေခဲ့တာလား”
“ဟုတ်တယ်” ကျိုးရှင်းဖူက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
လင်ရူကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်လေသည်။ “အဲဒါ တကယ်ပါပဲ...”
ကျန်းရိကျွင်း၊ ကျောက်ဟုန်နှင့် လီချင်းယီ သူဌေးသုံးဦးမှာ ဤအကြောင်းကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားကြရသည်။
သူတို့က ဤအကြောင်းနှင့် ပတ်သက်၍ တစ်ခွန်းမှ မကြားရသေးချေ။
“မနေ့ညက အဲဒီလိုမျိုး ဖြစ်ခဲ့တာလား...” ကျန်းရိကျွင်းမှာ အံ့သြသွားချေသည်။
“ဘာဖြစ်ခဲ့လို့လဲ” ကျောက်ဟုန်က တစ်ခုခု မှားယွင်းနေကြောင်း ထက်မြက်စွာ ခံစားမိလိုက်၏။ ကျန်းဟွိုင်မင်က အမှန်တရားကို ပြောနေခြင်း ဖြစ်နိုင်သည်ဟု သူ ခံစားလိုက်ရပေသည်။
လီချင်းယီက မျက်မှောင်ကြုတ်လိုက်၏။ “ဒါက အချိန်ခရီးသွားတာနဲ့ ပတ်သက်နေတာများလား”
ကျန်းဟွိုင်မင်က ခေါင်းညိတ်လိုက်သည်။ “ရိုးရိုးသားသား ပြောရရင် ဒီနေ့ မွန်းလွဲပိုင်းက J တပ်ဖွဲ့ဘက်က လူတချို့က လူငယ်တစ်ယောက်နဲ့အတူ ငါ့ဆီလာပြီး ချင်မင်းဆက်ကို ခရီးသွားဖို့ ကမ်းလှမ်းခဲ့တယ်။ ငါသိရသလောက်တော့ ဒီခရီးသွားအဖွဲ့မှာ နေရာဆယ်နေရာ ရနိုင်တယ်။ ပြီးတော့ မနေ့ညက ငါတို့အိမ်ရာက အိမ်ပိုင်ရှင်ဆယ်ယောက်က သူတို့ရဲ့ အိမ်ပိုင်ဆိုင်မှုကို လွှဲပြောင်းပေးဖို့ အထက်လူကြီးတွေဆီကနေ တောင်းဆိုချက်တွေ လက်ခံရရှိခဲ့တယ်”
“ငါ ထပ်ပြောဖို့ မလိုတော့ဘူး မဟုတ်လား။ ဘာလို့များ ငါတို့အိမ်ရာရဲ့ ပိုင်ဆိုင်မှုကို လွှဲပြောင်းဖို့ အထက်လူကြီးတွေက ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ...”
တကယ်တော့ ကျန်းဟွိုင်မင်က အသေးစိတ် မရှင်းပြလျှင်တောင်မှ ဂရုထဲရှိ လူများမှာ ယုံကြည်နေကြပြီ ဖြစ်၏။
“အထက်လူကြီးတွေက အစက ဆယ်နေရာလုံးကို ယူချင်ခဲ့တာ... ဒါပေမဲ့ မမျှော်လင့်ထားတာ တစ်ခုခု ဖြစ်သွားလို့ အဲဒီအစီအစဉ်ကို ရပ်ဆိုင်းလိုက်ရတယ်”
“ကြိုပြောထားရရင်... J တပ်ဖွဲ့က ငါတို့ရဲ့ ဧည့်လမ်းညွှန်ကျန်းယဲ့ကို သူတို့ရဲ့ အစစ်အမှန် ကိုယ်ပိုင်လက္ခဏာကို အသိပေးမထားဘူး ထင်တယ်”
ကျန်းဟွိုင်မင်က ဆက်ပြော၏။ “လူကြီးမင်းတို့... အခွင့်အရေးက ဒီမှာပဲ ရှိနေတယ်။ သွားချင်တယ်၊ မသွားချင်ဘူးဆိုတာ ခင်ဗျားတို့ သဘောပဲ။ ဘယ်သူမဆို မသွားချင်ရင် တခြားတစ်ယောက်ကို ငါ ရှာလိုက်မယ်...”