အခန်း (၃၀) သူက ကျေးဇူးရှင်ပဲ
ကျန်းဟွိုင်မင်က သူ၏ရင်ထဲမှ အံ့အားသင့်မှုကို ဖိနှိပ်ရင်း အသက်ပြင်းပြင်း ရှူလိုက်၏။ “ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ ခရီးစဉ်ကို ငါ သေချာပေါက် သွားကြည့်ချင်တယ်။ ဘယ်လို စာရင်းပေးရမလဲ..”
“ဒါက စာချုပ်ပါ... ဖတ်ကြည့်လိုက်ပါဦး.... ပြဿနာမရှိရင် လက်မှတ်ထိုးလိုက်ရုံပါပဲ” ကျန်းယဲ့က သူ၏ ကျောပိုးအိတ်ထဲမှ စာချုပ်ကို အမြန်ထုတ်ကာ ကျန်းဟွိုင်မင်ကို ကမ်းပေးလိုက်လေသည်။
ကျန်းဟွိုင်မင်က ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်ပြီးနောက် ပြတ်ပြတ်သားသားပင် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်၏။
“ခရီးစဉ်စရိတ်က ယွမ်လေးထောင်ပါ...” ကျန်းယဲ့က ငွေပေးချေရန် QR ကုဒ်ကို ထုတ်ပြလိုက်သည်။
ကျန်းဟွိုင်မင်က ချက်ချင်းပင် စားပွဲပေါ်မှ သူ၏ဖုန်းကို ကောက်ကိုင်ကာ QR ကုဒ်ကို စကင်ဖတ်၍ ငွေချေလိုက်လေသည်။
လုပ်ငန်းစဉ်တစ်ခုလုံးက ချောမွေ့မြန်ဆန်ပြီး မလိုအပ်သော ကြန့်ကြာမှုမျိုး လုံးဝမရှိခဲ့ချေ။
‘နောက်ထပ် တစ်နေရာ ရသွားပြီဆိုတော့ ငါးနေရာပဲ ကျန်တော့တယ်’
ကျန်းယဲ့က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်၏။ “ဦးလေးကျန်း... အိမ်ရာထဲက တခြားအိမ်ပိုင်ရှင်တွေများ ချင်မင်းဆက်ကို နှစ်ရက်တာ ခရီးသွားဖို့ စိတ်ဝင်စားမလားဆိုတာလေး မေးပေးလို့ရမလား”
“ဘယ်နှနေရာ လိုသေးလို့လဲ” ကျန်းဟွိုင်မင်က အဓိကအချက်ကို လျင်မြန်စွာ ဖမ်းဆုပ်မိသွားလေသည်။
“ဦးလေးအပါအဝင် ငါးယောက်ရှိသွားပြီ။ နောက်ထပ် ငါးယောက် လိုသေးတယ်” ကျန်းယဲ့က အမှန်အတိုင်း ပြောလိုက်၏။
ကျန်းဟွိုင်မင်၏ မျက်လုံးများ အရောင်လက်သွားလေသည်။ “ကွက်တိပဲ.. ငါ့မိန်းမနဲ့ သား...”
[ဒင်... စနစ် အသိပေးချက် - အိမ်ပိုင်ရှင်တစ်ဦးလျှင် တစ်နေရာသာ ကန့်သတ်ထားပါသည်]
ကျန်းယဲ့က စနစ်၏ အေးစက်စက် အသိပေးသံကို ကြားလိုက်ရသဖြင့် အမြန် လက်ကာပြလိုက်ရသည်။ “ဆောရီးပါ ဦးလေးကျန်း... ဒီခရီးစဉ်ရဲ့ စည်းကမ်းချက်တွေအရ မိသားစုတစ်စုကို တစ်နေရာပဲ ရပါမယ်”
ဒီအခြေအနေထိရောက်နေတာတောင် ကျန်းဟွိုင်မင်က ဒီလျှို့ဝှက်ချက်ကို သဘောမပေါက်နိုင်သေးဘူးဆိုရင် သူ ဒီအသက်အရွယ်ရောက်တဲ့အထိ အလကား အသက်ရှင်နေခဲ့တာပဲ ဖြစ်ချေလိမ့်မည်။
စစ်ဘက်နယ်မြေက ညတွင်းချင်း အိမ်တွေကို လိုက်ဝယ်နေတာ အံ့သြစရာတော့ မဟုတ်တော့ချေ။
ဒါက သာမန်ခရီးစဉ်မဟုတ်ဘဲ တစ်သက်မှာ တစ်ခါသာရနိုင်မယ့် အချိန်ခရီးသွားဖို့ အခွင့်အရေးပဲ။
အထက်လူကြီးတွေက နေရာဆယ်နေရာလုံးကို ယူချင်ခဲ့ကြပေမဲ့ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် အရောင်းအဝယ် ပျက်သွားခဲ့တာပဲ။
ထိုအချိန်က ကျန်းယဲ့ကို ကြည့်နေသော ကျန်းဟွိုင်မင်၏ အကြည့်မျက သူ၏ကိုယ်ပိုင်သားကို ကြည့်သည်ထက်ပင် ပို၍ ချစ်ခင်မြတ်နိုးမှု အပြည့်ရှိနေချေသည်။
သူက ဒီလူငယ်လေးနဲ့ မိတ်ဆွေဖွဲ့ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏။
‘သူက ကြီးမားတဲ့ ကြွယ်ဝချမ်းသာမှု... မဟုတ်ဘူး... ကြီးမားတဲ့ အခွင့်အရေးကြီးကို ပိုင်ဆိုင်ထားတာပဲ’
‘သူ့အထက်က လူတွေကတောင် သူ့ကို တိတ်တဆိတ် ကူညီပေးနေတယ်ဆိုကတည်းက သူက သာမန်လူမဟုတ်ဘူးဆိုတာ ပြနေတာပဲ’
ကျန်းဟွိုင်မင်က သူ၏ရင်ဘတ်ကို ယုံကြည်မှုရှိရှိ ပုတ်လိုက်ပြီး အာမခံလိုက်၏။ “ကျန်တဲ့ ငါးနေရာကို ဦးလေးကိုသာ လွှဲထားလိုက်. ပြည့်အောင်ရှာပေးမယ်လို့ ဦးလေး အာမခံတယ်”
ကျန်းယဲ့ အလွန်ဝမ်းသာသွားရသည်။ “အရမ်းကျေးဇူးတင်ပါတယ်ဗျာ... ဦးလေးကို နောက်မှ ထမင်းဝယ်ကျွေးပါ့မယ်”
“အိုး... ဒါက ဘာမှမဟုတ်ပါဘူးကွာ..”
‘ဒါက သူ့ကို ကူညီပေးနေတာ မဟုတ်ဘူး... သူ့ဆီက မျက်နှာသာရဖို့ အခွင့်အရေးပဲ’
‘သူက နှစ်ဖက်စလုံးက မျက်နှာသာရထားတာ... သူက ဘဝမှာ အမှန်တကယ် အောင်နိုင်သူပဲ’
မွန်းတည့်ချိန်တွင် ကျန်းဟွိုင်မင်သည် သူတို့နှစ်ဦးကို အိမ်ရာ၏ ထမင်းစားခန်းထဲတွင် ဧည့်ခံကျွေးမွေးခဲ့သည်။ ပုံဆောင်ခဲ မီးပန်းဆိုင်းအောက်ရှိ မဟော်ဂနီ သစ်သားစားပွဲဝိုင်းကြီးပေါ်တွင် သြစတြေးလျ ကျောက်ပုစွန်မှက ထရက်ဖဲလ်မှို စွပ်ပြုတ်အထိ ပါဝင်သော အထူးဟင်းလျာ ဆယ့်နှစ်ပွဲ အပြည့်ရှိနေပြီး အလွန်အမင်း ဇိမ်ကျကျ နေထိုင်ကြောင်း ပြသနေချေသည်။
“လာ လာ... ဒီ တောဝါးငါးလေးကို မြည်းကြည့်ပါဦး” ကျန်းဟွိုင်မင်က ကျန်းယဲ့ကို ကိုယ်တိုင်ကိုယ်ကျ ဟင်းခပ်ထည့်ပေးလိုက်လေသည်။ “ဒါက ဒီမနက်မှ အရှေ့တရုတ်ပင်လယ်ကနေ သယ်လာတာ”
အရက် အနည်းငယ် သောက်ပြီးနောက် ကျန်းဟွိုင်မင်က ကျန်းယဲ့ကို ပြောလိုက်၏။ “ရှောင်ယဲ့... စာချုပ်ကို ထားခဲ့ပြီး ငွေချေမယ့် QR ကုဒ်ကို ဦးလေးဆီ ပို့ပေးထားလိုက်။ ဦးလေးက သူတို့ကို တိုက်ရိုက် လက်မှတ်ထိုးခိုင်းလိုက်မယ်... ဒါဆို မင်း ဟိုဟိုဒီဒီ သွားနေရတဲ့ ဒုက္ခက သက်သာတာပေါ့ကွ... ”
တစ်ဖက်လူက မည်မျှ စာနာတွေးတောပေးကြောင်း မြင်လိုက်ရသဖြင့် ကျန်းယဲ့မှာ ဘာညည်းညူစရာမျှ မရှိတော့ဘဲ အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ချေသည်။ “ကျေးဇူးတင်ပါတယ် ဦးလေးကျန်း...”
“ငါနဲ့ကို ဘာတွေ ဒီလောက် အားနာနေတာလဲ” ကျန်းဟွိုင်မင်က ကျန်းယဲ့၏ ပခုံးကို ပုတ်ကာ ရိုးသားစွာ ပြောလိုက်၏။ “ဒီကိစ္စကို ဦးလေးကိုသာ လွှဲထားလိုက်... ဒီညမတိုင်ခင် အပြီးပြတ်စေရမယ်လို့ အာမခံတယ်”
ကျန်းယဲ့က ခေါင်းတဆတ်ဆတ် ညိတ်လိုက်လေသည်။
ကျန်းဟွိုင်မင်က အစပိုင်းတွင် ကျန်းယဲ့နှင့် နောက်တစ်ယောက်ကို ဆက်နေစေချင်ခဲ့သော်လည်း ကျန်းယဲ့က ကျန်းခိုင်နှင့် ကြိုတင် စကားပြောထားပြီးဖြစ်ကာ အခြားလူလေးယောက်အတွက် စာချုပ်ချုပ်ရန် သူ့ကို ယွင်ရှန်ရှယ်အိမ်ရာသို့ နောက်ပိုင်း သွားခေါ်ရမည် ဖြစ်၏။
“ကျွန်တော့်သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်လည်း ဒီမှာနေတယ်။ သူ့မှာလည်း ဒီခရီးသွားအဖွဲ့ကို စိတ်ဝင်စားတဲ့ သူငယ်ချင်း လေးယောက် ရှိနေတယ်။ ကျွန်တော် အရင်ဆုံး အဲဒီကိုသွားပြီး စာချုပ်ကိစ္စ ဖြတ်ရဦးမယ်”
ဘယ်အိမ်ထောင်စု လေးစုကများ ကံကောင်းပြီး ဒီလောက်ကောင်းတဲ့ အခွင့်အရေးကြီးကို ရသွားတာလဲဟု တွေးရင်း ကျန်းဟွိုင်မင် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
“ကောင်းပြီလေ။ သွားစရာရှိတာ သွားလုပ်လိုက်ပါ” ကျန်းဟွိုင်မင်က သူတို့ကို တံခါးဝအထိ လိုက်ပို့ပေးပြီး မထွက်ခွာမီတွင် သတိပေးရန် မမေ့ခဲ့ချေ။ “ရှောင်ယဲ့... နောင်မှာ တစ်ခုခုဖြစ်လာခဲ့ရင် ဦးလေးကို သေချာပေါက် ပြောရမယ်နော်။ ဦးလေးဆီမှာ အဆက်အသွယ်တွေ ရှိပါသေးတယ်...”
ကျန်းယဲ့က ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။ “ဦးလေးကျန်း... လိုက်မပို့ပါနဲ့တော့။ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”
သူတို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းဟွိုင်မင်က ခြံတံခါးဝတွင် ရပ်လျက် ထွက်ခွာသွားသော သူတို့၏ ကျောပြင်များကို ငေးကြည့်နေခဲ့သည်။
မစ္စတာကျန်း၏ ဇနီးက အိမ်ထဲမှ ထွက်လာပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်၏။ “လူတွေလည်း သွားကုန်ပြီ... ဘာတွေ ရပ်ကြည့်နေတာလဲ”
ကျန်းဟွိုင်မင်က နှုတ်ဆိတ်နေချေသည်။
“အဘိုးကြီးကျန်း... သူတို့က တကယ်တော့ ဘယ်သူတွေလဲ။ ဘာလို့ သူတို့ဆီက မျက်နှာသာရဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ။ ကျွန်မထင်တာတော့ ကျန်းယဲ့က ခရီးသွားအေဂျင်စီငယ်လေးတစ်ခုရဲ့ ပိုင်ရှင်ပါပဲ။ ဘာလို့ သူ့ကို ဒီလောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေရတာလဲ” မစ္စတာကျန်း၏ ဇနီးမှာ အလွန်ပင် ဇဝေဇဝါ ဖြစ်နေရလေသည်။
ထမင်းစားပွဲတွင် သူမ၏ ခင်ပွန်းဖြစ်သူထံမှ တစ်ခုခု မှားယွင်းနေကြောင်း သူမ သတိထားမိခဲ့သည်။ သူမအနေဖြင့် သံသယဝင်နေသော်လည်း သူမ၏ ခင်ပွန်းဖြစ်သူ နောက်သို့လိုက်ကာ ထိုလူနှစ်ဦး.... အထူးသဖြင့် သာမန်မိသားစုမှ ဆင်းသက်လာပုံရသော ထိုလူငယ်လေးကို နွေးထွေးစွာ ဧည့်ခံပေးခဲ့လေသည်။
ကျန်းဟွိုင်မင်က အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ၏ လှပသော ဇနီးဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်၏။ “မင်းက ဘာသိလို့လဲ။ ငါပြောပြမယ်... နောင်မှာ ငါတို့မိသားစု နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းနိုင်မလားဆိုတာက ရှောင်ယဲ့အပေါ်မှာ မူတည်နေတယ်”
သူက လက်ကိုမြှောက်ကာ လက်သီးဆုပ်ပြလိုက်သည်။ “ငါတို့တွေ ဒီထက်ပိုပြီး နီးစပ်ခွင့်ရမလားဆိုတာကလည်း ရှောင်ယဲ့အပေါ်မှာပဲ မူတည်နေတယ်”
လင်ဖန်ဖေးက ထိုအမူအရာ၏ အဓိပ္ပာယ်ကို သဘာဝကျကျပင် နားလည်သွားပြီး အလွန်အံ့အားသင့်သွားရသည်။ “ဒါ... ဒါက... သူက တကယ်ပဲ အဲဒီလောက် စွမ်းဆောင်နိုင်လို့လား”
ကျန်းဟွိုင်မင်က အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ “မနက်စောစောက ဖြစ်ခဲ့တဲ့ကိစ္စကို မင်း မှတ်မိသေးလား”
လင်ဖန်ဖေးက ခေါင်းညိတ်လိုက်ချေသည်။
“အဲဒါတွေ အကုန်လုံးက ရှောင်ယဲ့ကနေ စခဲ့တာပဲ”
စကားတစ်ခွန်းကြောင့် သူ၏ဇနီးဖြစ်သူ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားရသည်။ “ဒါဆိုရင် ကျွန်မတို့ သူ့ကို သေချာပေါက် မိတ်ဆွေဖွဲ့ထားမှ ဖြစ်မယ်”
“မင်း နားလည်တာ ကောင်းတယ်။ အခုကစပြီး သူ့ရဲ့လုပ်ငန်းကို ပံ့ပိုးပေးပြီး အားလပ်ရက်တွေမှာ သူ့ဆီ လက်ဆောင်တွေ ပို့ပေးလိုက်နော် ကြားလား” ကျန်းဟွိုင်မင်က သူမကို သတိပေးလိုက်၏။
လင်ဖန်ဖေးက သူ့ကို မျက်စောင်းထိုးလိုက်လေသည်။ “လူမှုဆက်ဆံရေးနဲ့ ပတ်သက်လာရင် ရှင် စိတ်ပျက်အောင် ကျွန်မ ဘယ်တုန်းက လုပ်ဖူးလို့လဲ...”
ကျန်းဟွိုင်မင်က ဤအတွက် အလွန်ကျေနပ်သွားရသည်။
‘သူမရဲ့ အရည်အချင်းတွေကြောင့် သူမကို ငါ လက်ထပ်ခဲ့တာပဲ။ သူမ လှလို့သက်သက်ဆိုရင်တော့ ငါ ဘယ်သူ့ကို လက်ထပ်လက်ထပ် အရေးမကြီးဘူး...’
သူတို့ရဲ့ အဆင့်အတန်းမျိုးရှိတဲ့ သူတစ်ယောက်အတွက် လှပတဲ့ မိန်းမတစ်ယောက်က ဟင်းခတ်အမွှေးအကြိုင်မျှသာဖြစ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့ ဇနီးတစ်ယောက်ကသာ အစစ်အမှန် လမ်းကြောင်းပင်။
တစ်ချိန်တည်းမှာပင် ကျန်းယဲ့သည် သူဌေးကျန်း၏ အိမ်ရာမှ ထွက်ခွာလာပြီးနောက် ကျန်းခိုင် ပြောထားသော အမှတ် ၂ အိမ်ရာဆီသို့ ချက်ချင်း ထွက်လာခဲ့သည်။
ကျန်းယဲ့ ရောက်ရောက်ချင်းပင် အိမ်ရာအဝင်ပေါက်တွင် စောင့်နေသော ကျန်းခိုင်ကို ချက်ချင်း မြင်လိုက်ရချေသည်။
ကျန်းခိုင်က အဝေးမှ ကျန်းယဲ့ကို မြင်လိုက်သောအခါ သူ့ထံသို့ လက်ကို တရစပ် ဝှေ့ယမ်းပြလိုက်၏။ “ဒါရိုက်တာကျန်း... ဒီဘက်မှာ”
အနီးသို့ ရောက်သောအခါ ကျန်းယဲ့က ကျန်းမင်ဟွေ့ကို မိတ်ဆက်ပေးလိုက်လေသည်။ “ဒါက ကျွန်တော့်သူငယ်ချင်း ကျန်းမင်ဟွေ့ပါ.. သူကလည်း ပထမဆုံး ခရီးစဉ်မှာ ပါခဲ့တဲ့သူပါပဲ”
ကျန်းခိုင်က အစပိုင်းတွင် ဂရုမစိုက်ခဲ့သော်လည်း တစ်ဖက်လူက ပထမဆုံး ခရီးသွားအဖွဲ့တွင် ပါဝင်ခဲ့ကြောင်း ကြားလိုက်ရသောအခါ သူ အံ့သြဝမ်းသာ ဖြစ်သွားရသည်။
“တွေ့ရတာ ဝမ်းသာပါတယ်ဗျာ” ကျန်းခိုင်က ကျန်းမင်ဟွေ့နှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကို နွေးထွေးစွာ ကမ်းပေးလိုက်၏။ “အစ်ကိုကျန်း... ကျွန်တော့်နာမည်က ကျန်းခိုင်ပါ။ ဒါရိုက်တာကျန်းရဲ့ ဒုတိယမြောက် ခရီးသွားအဖွဲ့မှာ ပါဝင်ခဲ့သူပါ။ ခင်ဗျားက ကျွန်တော် လှမ်းမမီနိုင်တဲ့ ဝါရင့် ပုဂ္ဂိုလ်ကြီးပါပဲ..”
ကျန်းမင်ဟွေ့က ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ချေသည်။
ထို့နောက် ကျန်းခိုင်က သူတို့နှစ်ဦးကို အိမ်ရာထဲသို့ ဝင်ရန် လက်ဟန်ပြလိုက်၏။ “ကျွန်တော့် သူငယ်ချင်း လေးယောက်စလုံး အထဲမှာ ရှိတယ်။ သူတို့နဲ့ အသေးစိတ် ပြောပြီးသွားပြီ။ အထဲရောက်ရင် စာချုပ်ချုပ်ဖို့ သူတို့ဆီ တန်းသွားလိုက်ရုံပဲ”
“မင်းကို နောက်မှ ထမင်းဝယ်ကျွေးမယ်” ကျန်းယဲ့က ကျန်းခိုင်၏ ပခုံးပေါ်သို့ လက်တင်လိုက်၏။
“ထမင်းစားတာက နေပါစေတော့။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင် ကျွန်တော့်အတွက် နေရာတစ်နေရာတော့ သေချာပေါက် ချန်ပေးထားရမယ်နော်... ”
“အိုကေ... ပြဿနာမရှိဘူး”
စနစ်က စည်းမျဉ်းများကို ဖြေလျှော့ပေးပြီး သဘောကျ လူစုခွင့်ပြုသရွေ့ သူ့အတွက် နေရာတစ်နေရာ ချန်ထားပေးမည်ဟု အာမခံနိုင်ချေသည်။
ထို့နောက် အိမ်ရာထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ဖဲကစားနေသော စည်းကမ်းမဲ့ လူငယ်လေးယောက်ကို တွေ့လိုက်ရ၏။