အခန်း (၃) ချင်မင်းဆက်မှ ကြိုဆိုပါ၏
ခရီးသွားအေဂျင်စီသို့ ရောက်ရှိလာသောအခါ ကျန်းယဲ့သည် တံခါးကို တွန်းဖွင့်လိုက်ပြီး အားလုံးကို ဝင်လာရန် လက်ဟန်ပြလိုက်၏။
ခရီးသွားအေဂျင်စီ၏ အတွင်းပိုင်းမှာ အနည်းငယ် ဟောင်းနွမ်းနေသော်ငြားလည်း နံရံများတွင် ခရီးသွားဆွဲဆောင်ရာ နေရာအသီးသီး၏ ဓာတ်ပုံများကို ချိတ်ဆွဲထားပြီး စားပွဲများပေါ်တွင် ထူထဲသော ခရီးသွားလမ်းညွှန်စာအုပ်အချို့ကို တင်ထားကာ သပ်သပ်ရပ်ရပ် ရှိနေလေသည်။
“အားလုံးပဲ ထိုင်ကြပါ.... ခင်ဗျားတို့အားလုံးအတွက် ခရီးသွားမတော်တဆမှု အာမခံ လုပ်ပေးပါမယ်... ခဏနေရင် ကျွန်တော်တို့ ထွက်ခွာကြမယ်”
ကျန်းယဲ့သည် ကွန်ပျူတာကို စတင်ဖွင့်လှစ်လိုက်ပြီး နောက်ကွယ်စနစ်သို့ ဝင်ရောက်ကာ ထိုလူငါးဦး၏ အချက်အလက်များကို ထည့်သွင်းနေဟန်ဆောင်လိုက်လေသည်။
အမှန်တကယ်တွင်မူ သူတို့ ငွေပေးချေမှု အောင်မြင်သွားသည့် အချိန်မှာပင် စနစ်က သူတို့အတွက် ခရီးသွားမတော်တဆမှု အာမခံ ပေါ်လစီတစ်ခုကို တိုက်ရိုက် ထုတ်ပေးပြီးဖြစ်သည်။
ကျန်းယဲ့ အလုပ်ရှုပ်နေစဉ် ကျန်းထောင်က ကျန်လေးဦးကို ပြောလိုက်၏။ “ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ... ကျွန်တော်က ခရီးသွားနဲ့ အစားအသောက် ဘလော့ဂါတစ်ယောက်ပါ။ ကျွန်တော့်နာမည်က ကျန်းထောင်ပါ”
အမျိုးသားသုံးဦးက တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်လိုက်ကြသည်။ “ကျွန်တော့်နာမည်က ကျန်းမင်ဟွေပါ”
“ဝမ်ဟိုင်ဖုန်း” ဟု အရပ်အရှည်ဆုံးသူက ပြောလိုက်၏။
“လျိုကျန်တုန်း”
သူတို့လေးဦး မိတ်ဆက်ပြီးသွားသောအခါ အားလုံး၏ အကြည့်များက လူလတ်ပိုင်းအမျိုးသားထံသို့ ရောက်သွားကြလေသည်။
“လီကျန့်ကော်” ဟု လီကျန့်ကော်က ရှက်ရွံ့စွာ ပြောလိုက်၏။
ကျန်းထောင်သည် ထိုသုံးဦးကို ကြည့်ကာ စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။ “ခင်ဗျားတို့ သုံးယောက်က တခြားသူတွေနဲ့ မတူဘူး... စစ်တပ်ကလား”
ကျန်းမင်ဟွေက ဆိုသည်။ “ဒီနှစ်ယောက်က ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေပါ... နှစ်ယောက်စလုံးက စစ်မှုထမ်းဟောင်းတွေပါ”
သူတို့၏ မိတ်ဆက်စကားကို ကြားသောအခါ ကျန်းထောင်သည် ဝမ်းသာအားရ ဖြစ်သွားပြီး လီကျန့်ကော်ပင်လျှင် သူတို့ကို ဝမ်းသာကြည်နူးစွာ ကြည့်လိုက်ကာ လုံခြုံမှုရှိသည်ဆိုသော ခံစားချက်ကို ရုတ်တရက် အပြည့်အဝ ခံစားလိုက်ရချေသည်။
ကျန်းထောင်သည် ဉာဏ်ကောင်းသူဖြစ်ရာ အခြားဖုန်းတစ်လုံးကို ထုတ်ယူလိုက်ပြီး “ကျွန်တော်တို့ WeChat မှာ အချင်းချင်း အပ်ထားပြီး ဂရုချက်တစ်ခု ဖွဲ့ရအောင်။ လမ်းမှာ ပြဿနာတစ်ခုခုရှိရင် ဂရုထဲမှာ အချင်းချင်း သတိပေးလို့ရတာပေါ့”
သူ စကားပြောနေစဉ်မှာပင် သူတို့လေးဦးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။
အားလုံး သဘောပေါက်သွားကြလေသည်။
ကျန်းယဲ့သည် အကြားအာရုံ ကောင်းမွန်ချေသည်။ သူတို့က ကျယ်ကျယ်လောင်လောင် မပြောသော်လည်း အများစုကို သူ ကြားလိုက်ရ၏။
ဒါက သူ့ကို စောင့်ကြည့်ဖို့ သူ့ကွယ်ရာမှာ ဖွဲ့ထားတဲ့ ဂရုချက်ပဲ။
သို့သော် သူ ဂရုမစိုက်ချေ။
ယခု သူ မျှော်လင့်နေသည်မှာ ချင်မင်းဆက်သို့ အောင်မြင်စွာ ရောက်ရှိရန်၊ အမြန်ဆုံး ပြန်လာရန်၊ ဆုကြေးငွေ ရယူရန်နှင့် သူ၏ သက်တမ်းကို တိုးမြှင့်ရန်သာ...
ခရီးသွားမတော်တဆမှု အာမခံကို ဝယ်ယူပြီးနောက် ကျန်းယဲ့သည် စာချုပ်ငါးခုကို သိမ်းဆည်းလိုက်၏။
ထိုအလုပ်များ ပြီးစီးသွားသောအခါ အံဆွဲထဲမှ ကားသော့ကို ထုတ်ယူလိုက်သည်။
ထို့နောက် “သွားကြစို့” ဟု ကျန်းယဲ့က လူငါးဦးကို ပြောလိုက်၏။
သူတို့ ငါးဦးက ကျန်းယဲ့နောက်မှ လိုက်ကာ ခရီးသွားအေဂျင်စီမှ ထွက်လာခဲ့ကြလေသည်။
ဒါက နေ့ချင်းပြန် ခရီးစဉ်သာ ဖြစ်သဖြင့် အဝတ်အစား အပိုများ သို့မဟုတ် အခြားပစ္စည်းများ ယူဆောင်လာရန် မလိုအပ်ချေ။ အားလုံးက ပေါ့ပေါ့ပါးပါးသာ လာခဲ့ကြသည်။
ကျန်းယဲ့သည် ကျောပိုးအိတ်တစ်လုံးကို လွယ်ကာ ထိုငါးဦးကို လမ်းကြားအပြင်ဘက်ရှိ ကားပါကင်သို့ ခေါ်ဆောင်သွားလိုက်သည်။
အဝင်ဝတွင် ခုနစ်ယောက်စီး SUV ကားတစ်စီး ရပ်ထားပြီး အားလုံးကို ကားပေါ်တက်ရန် သူက လက်ဟန်ပြလိုက်၏။
ကျန်းထောင်သည် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ ပရိသတ်များနှင့် စတင် စကားပြောလေသည်။
“အမျိုးတို့... ကျွန်တော်တို့ ထွက်ခွာတော့မယ်။ ကျွန်တော်တို့ရဲ့ ခရီးစဉ်ကတော့ ချင်မင်းဆက်ပဲ ဖြစ်ပါတယ်” ဟု ကျန်းထောင်က ပြုံးလျက် ပြောလိုက်ချေသည်။
သူ့စကား ဆုံးသည်နှင့် မျက်နှာပြင်ပေါ်တွင် မှတ်ချက်များ ထပ်မံ ပြည့်နှက်သွားပြန်သည်။
[ထောင်ဇီ... သတိထားနော်]
[အဲဒီ ခရီးသွားလမ်းညွှန်က အစစ်လိုလို ဘာလိုလိုနဲ့ ဟန်ဆောင်နေတာ။ ဟားဟား... အဲဒီလမ်းညွှန် လျော်ကြေးပေးရတာကို မြင်ချင်လှပြီကွာ...]
[ဟားဟား.... ထောင်ဇီ.... မင်း သူဌေးဖြစ်မယ့် အချိန်ကိုသာ စောင့်နေတော့... ချမ်းသာလာရင် ညီအစ်ကိုတွေကို မမေ့နဲ့နော်...]
[ငါ တကယ်သာ အချိန်ခရီးသွားရရင် ငါ့ကီးဘုတ်ကို Live လွှင့်ပြီး စားပြမယ်...]
တိုက်ရိုက်ထုတ်လွှင့်မှုသို့ ယခုမှ ဝင်လာသော ကြည့်ရှုသူအချို့မှာ နားမလည်နိုင် ဖြစ်နေကြသော်လည်း မှတ်ချက်များမှတစ်ဆင့် ဘာဖြစ်နေသည်ကို အလျင်အမြန် သိရှိသွားကြပြီး စပ်စုချင်သော စာများကို စတင် ပေးပို့လာကြသည်။
[သောက်ကျိုးနည်း... ဒါက သေချာပေါက် လိမ်တာပဲ.... အဲဒါကို Streamer က တကယ် ယုံနေတာလားဟ... ]
[သတိထား Streamer ရေ.... ကျောက်ကပ်ထုတ်ဖို့ မြန်မာနယ်စပ်ကို ရောင်းစားခံရနိုင်တယ်]
[ဟားဟား... ဒီ Live လွှင့်တာက အတုမှန်း သိသာကြီးပါ။ Streamer နဲ့ တခြားလူတွေ ပေါင်းပြီး ဇာတ်တိုက်ထားတာ အထင်အရှားကြီးကို... မင်းတို့က တကယ်ကြီး မှတ်နေကြတာပဲ... ]
ကျန်းယဲ့သည် ယာဉ်မောင်းထိုင်ခုံတွင် ထိုင်ပြီးနောက် သူ၏ စိတ်ထဲမှနေ၍ စနစ်ကို အသည်းအသန် ခေါ်လိုက်ချေသည်။
‘စနစ်... အခု ဘယ်ကို မောင်းရမလဲ’
နောက်ခဏ၌ ‘ဒင်..’ ဆိုသော အသံနှင့်အတူ ဖုန်း၏ လမ်းညွှန်မြေပုံ အလိုအလျောက် ပွင့်လာပြီး မောင်းနှင်ရမည့် လမ်းကြောင်း ပေါ်လာလေသည်။
ကျန်းယဲ့က ထိုငါးဦးကို ပြောလိုက်၏။ “ထိုင်ခုံခါးပတ်တွေ ပတ်ထားကြပါ။ ကျွန်တော်တို့ အခု ထွက်တော့မယ်”
သူတို့ ထိုင်ခုံခါးပတ် ပတ်ထားသည်ကို မြင်ပြီးနောက် ကျန်းယဲ့က ကားကို စက်နှိုးကာ သူ၏ ဖုန်းလမ်းညွှန်မြေပုံမှ ညွှန်ကြားချက်များအတိုင်း လမ်းကြားထဲမှ ဖြည်းညှင်းစွာ မောင်းထွက်လာလေသည်။
ကားသည် ဆက်လက် မောင်းနှင်သွားပြီး တဖြည်းဖြည်း မြို့ပြင်သို့ ထွက်ကာ အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်ရှိသွားခဲ့သည်။
မြို့ပတ်အဝေးပြေးလမ်းမကြီးမှ ထွက်ခွာပြီးနောက် ကားသည် အနောက်ဘက်သို့ ဦးတည်သွား၏။
ကားပေါ်ရှိ လူငါးဦးက ကားသွားနေသော ဦးတည်ချက်ကို အကဲခတ်နေကြပြီး အထူးသဖြင့် ကျန်းမင်ဟွေနှင့် အခြားနှစ်ဦးမှာ လမ်းတစ်လျှောက်လုံး လမ်းကြောင်းကို မှတ်သားနေကြလေသည်။
ကားသည် ကျဲ့ကျန်းပြည်နယ် အနောက်ပိုင်းသို့ ဦးတည်မောင်းနှင်နေချေသည်။ မြေပြန့်ဒေသများကို ဖြတ်ကျော်ပြီးနောက် တောင်တန်းများဆီသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီး အဝေးပြေးလမ်းမကြီး တစ်လျှောက်ရှိ ဥမင်လှိုဏ်ခေါင်း အရေအတွက်မှာလည်း တဖြည်းဖြည်း များပြားလာပေသည်။
ကျန်းယဲ့က ကားပေါ်ရှိ လူငါးဦးကို ပြောလိုက်၏။ “ကားပေါ်မှာ ရေသန့်ဘူးတွေ ရှိပါတယ်။ ရေဆာရင် ယူသောက်ကြပါဗျ”
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကားပေါ်ရှိ လူငါးဦးဟာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီး စကားတစ်ခွန်းမှ မဆိုဘဲ အချင်းချင်း နားလည်သွားကြချေသည်။
ကျန်းထောင်က ပြုံးကာ သဘောတူလိုက်၏ “ကောင်းပါပြီ... ကောင်းပါပြီ”
အခြားသူများကလည်း ထောက်ခံလိုက်ကြသော်လည်း မည်သူကမျှ ရေသွားမယူကြပေ။
ကျန်းထောင်က ပြုံးလျက် မေးလိုက်သည်။ “ဒါရိုက်တာကျန်း... ကျွန်တော့်ရဲ့ ပရိသတ်တွေ အားလုံးက ချင်မင်းဆက်ကို ဘယ်တော့ရောက်မလဲလို့ မေးနေကြတယ်”
“အင်း……”
ချီး ငါ့ကို ဒီလောက် နက်နဲတဲ့ မေးခွန်းတွေ လာမမေးနဲ့...
ငါလည်း မသိဘူး....
“မကြာခင် ရောက်တော့မှာပါ... စိတ်မပူပါနဲ့” ဟု ကျန်းယဲ့က သူ အမြဲသုံးနေကျ စကားဖြင့် ပြောလိုက်၏။
ထိုစဉ် ကားသည် ပိုင်ထန်ဝူ ဥမင်လှိုဏ်ခေါင်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားခဲ့သည်။
ကားပေါ်ရှိ လူများက ပုံမှန်မဟုတ်သည်ကို သတိမထားမိကြသော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျန်းမင်ဟွေနှင့် အခြားနှစ်ဦးမှာ တစ်ခုခု မှားယွင်းနေကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြချေသည်။
“ဘာလို့ ဥမင်ထဲက မထွက်သေးတာလဲ” ဟု ကျန်းမင်ဟွေက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
လီကျန့်ကော်ကလည်း ဝင်ပြောလေသည်။ “ဒီဥမင်က တော်တော်ရှည်တာပဲ”
“ပိုင်ထန်ဝူ ဥမင်က တော်တော်လေး ရှည်တယ်... သူ့အရှည်က ၄.၂ ကီလိုမီတာ ရှိတယ်လို့ ကျွန်တော် ခုနကပဲ တွေ့လိုက်တယ်” ဟု ကျန်းထောင်က ပြောလိုက်၏။
သူသည် ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေသဖြင့် ဆိုင်းဘုတ်များကို အခြားသူများထက် ပိုမို လွယ်ကူ ရှင်းလင်းစွာ မြင်ရချေသည်။
“မဟုတ်ဘူး... ဥမင်ထဲ ဝင်လာကတည်းက ကျွန်တော်တို့ မောင်းနေတာ ဆယ်မိနစ်လောက် ရှိနေပြီ”
တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မောင်းနှင်ပါက ဥမင်ထဲမှ ပြန်ထွက်ရန် သုံးမိနစ်ပင် မကြာသင့်ချေ။
သို့သော် သူတို့မှာ ဆယ်မိနစ်ကြာနေပြီ ဖြစ်၏။
ကျန်းထောင်က ရုတ်တရက် အော်ပြောလိုက်သည်။ “ကျွန်တော့်ဖုန်း လိုင်းမမိတော့ဘူး”
Live လွှင့်နေသည့် ဖုန်းက ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားပြီး လိုင်းမမိတော့ချေ။
အခြားသူများလည်း သူတို့၏ ဖုန်းများကို ထုတ်ကြည့်လိုက်ရာ လိုင်းမမိတော့ကြောင်း တွေ့လိုက်ရပေသည်။
သူတို့ ကားပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ရာ အရင်က စည်ကားနေခဲ့သော လမ်းမကြီးက ယခုအခါ လုံးဝ လူသူကင်းမဲ့နေချေပြီ။
“ဒါရိုက်တာကျန်း” ကျန်းထောင်၏ အသံမှာ အနည်းငယ် တုန်ယင်နေလျက် ကျန်းယဲ့ကို ခေါ်လိုက်၏။
ကျန်းယဲ့ တုံ့ပြန်ရန် အချိန်မရလိုက်မီ ကားရှေ့ရှိ ဥမင်လှိုဏ်ခေါင်းအဆုံးတွင် မျက်စိကျိန်းလောက်အောင် စူးရှသော အလင်းဖြူတစ်ခု ရုတ်တရက် ပေါ်လာလေသည်။
ကျန်းယဲ့သည် အလိုအလျောက် မျက်လုံးမှိတ်လိုက်မိပြီး ကားအရှိန်မှာလည်း သူ့အလိုလို လျော့ကျသွားခဲ့သည်။
“အဲဒါ ဘာကြီးလဲ” ကျန်းထောင်သည် သူ့ရှေ့တွင်ရှိသော အရာကို မျက်လုံးပြူးကာ ကြည့်နေချေသည်။
လီကျန့်ကော်၊ ကျန်းမင်ဟွေနှင့် အခြားနှစ်ဦးမှာ သတိထားလျက် မတ်မတ်ထိုင်လိုက်ကြပြီး သူတို့၏ မျက်လုံးများက စူးရှသော အလင်းဖြူ ထွက်ပေါ်လာသည့် ရှေ့သို့ စိုက်ကြည့်နေခဲ့ကြသည်။
ကားသည် အလင်းဖြူဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားလေသည်။ နီးကပ်လာသည်နှင့်အမျှ အလင်းရောင်မှာ ပိုမို စူးရှလာပြီး မျက်စိကန်းလုနီးပါး ဖြစ်လာရသည်။
ရုတ်တရက် မမြင်ရသော အတားအဆီးတစ်ခုကို ဖြတ်သန်းသွားသကဲ့သို့ ကားက ပြင်းထန်စွာ ဆောင့်တက်သွား၏။
နောက်တစ်စက္ကန့်တွင် မျက်စိကျိန်းလောက်အောင် စူးရှသော အလင်းဖြူ ပျောက်ကွယ်သွားချေသည်။
ကားပေါ်ရှိ လူအားလုံး အံ့အားသင့်သွားကြရသည်။
ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားပေပြီ။
မှောင်မိုက်နေသော ဥမင်လှိုဏ်ခေါင်း မဟုတ်တော့ဘဲ ကျယ်ပြောလှသော ကွင်းပြင်ကြီး ဖြစ်နေလေသည်။
အဝေးတွင် တောင်တန်းများ သွယ်တန်းနေပြီး ကောင်းကင်တွင်မူ တိမ်ဖြူအနည်းငယ် လွင့်မျောနေကာ လေထုထဲတွင် မြေသင်းနံ့များ ပြည့်နှက်နေ၏။
“ဘယ်... ဘယ်နေရာလဲ ဒါက” ကျန်းထောင်သည် မယုံကြည်နိုင်စွာဖြင့် ပြတင်းပေါက်မှ အပြင်သို့ မျက်လုံးပြူးကာ ကြည့်နေခဲ့သည်။
‘ဒင်... လက်ခံသူသည် ချင်မင်းဆက်သို့ အောင်မြင်စွာ ရောက်ရှိလာပြီး အဲဒီမှာ ဆယ့်နှစ်နာရီကြာ လည်ပတ်ရမှာ ဖြစ်ပါတယ်။ ပြန်လည်ရောက်ရှိပါက မစ်ရှင် ပြီးဆုံးပါမယ်’
စက်သံဆန်ဆန် အေးစက်စက်လေသံဖြင့် စနစ်၏ အသံမှာ နောက်ဆုံးတွင် ထွက်ပေါ်လာ၏။
လီကျန့်ကော်၊ ကျန်းမင်ဟွေနှင့် အခြားနှစ်ဦးမှာလည်း ပြတင်းပေါက်အပြင်ဘက်ရှိ အရာအားလုံးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။
ဥမင်လှိုဏ်ခေါင်းထဲမှ ထွက်လာချိန်တွင် အဝေးပြေးလမ်းမကြီး ဖြစ်နေသင့်သော်လည်း အမှန်တကယ်တွင်မူ သဘာဝအတိုင်း ရှိနေသော ကျေးလက်ရှုခင်းသာ ဖြစ်နေချေသည်။
ကျန်းယဲ့သည် ကားပေါ်ရှိ လူငါးဦးဘက်သို့ လှည့်ကာ ပြုံးလျက် “ချင်မင်းဆက်ကနေ ကြိုဆိုပါတယ်ခင်ဗျာ”
သူတို့ ငါးဦးလုံး လုံးဝ ဆွံ့အ မှင်တက်သွားကြရလေတော့သည်။