အခန်း (၂၉) ဖောက်သည်ရှာဖွေရာတွင် ကူညီပေးခြင်း
နောက်တစ်နေ့ နံနက်တွင် ကျန်းယဲ့ စောစောထကာ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် ဖုန်းကို ဖွင့်ကြည့်လိုက်၏။ ကျန်းခိုင်ထံမှ မက်ဆေ့ချ်ကို မြင်လိုက်ရသောအခါ သူ၏မျက်လုံးများ တောက်ပသွားရသည်။
‘ကျန်းခိုင်က တော်တော်လေး အသုံးကျတာပဲ...’
ညတွင်းချင်းပဲ လူလေးယောက်တောင် သူတို့ စုဆောင်းနိုင်ခဲ့ချေသည်။
ကျန်းယဲ့က အစပိုင်းတွင် ဖုန်းပြန်ခေါ်ချင်ခဲ့သော်လည်း အချိန်ကို သတိထားမိသွားခဲ့သည်။ ဤအချိန်ဆိုလျှင် ထိုညငှက်များက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဦးပေမည်။
ထို့ကြောင့် နောက်မှသာ ဖုန်းခေါ်ပြီး ထိုလေးယောက်နှင့် စာချုပ်များကို အမြန်ဆုံး လက်မှတ်ရေးထိုးတော့မည်ဟု ဆုံးဖြတ်လိုက်၏။
ပုံမှန်အတိုင်းပင် ကျန်းယဲ့သည် ရပ်ကွက်ထဲတွင် အပြေးလေ့ကျင့်ခန်းလုပ်ရန် ထွက်လာခဲ့ပြီး သူသိသော အိမ်နီးချင်းအဟောင်း တစ်ဦးနှင့် ဆုံခဲ့ရသည်။
“ရှောင်ယဲ့... မနက်ခင်း ပြေးကြရအောင်”
“ဟုတ်ကဲ့...”
ဘေးအိမ်မှ အဒေါ်ကြီးက ဈေးဝယ်ရာမှ ပြန်လာသောအခါ ကျန်းယဲ့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်၏။
“ရှောင်ယဲ့.. မင်းက ခန္ဓာကိုယ် အချိုးအစား သိပ်လှတာပဲ။ ဘယ်တော့လောက် ကောင်မလေး ခေါ်လာမှာလဲ”
“ဟားဟား... အကြောင်းမပါသေးလို့ပါဗျာ... ” ကျန်းယဲ့သည် အသက်အန္တရာယ်ရှိနိုင်သော ဤခေါင်းစဉ်ကို အမြန်အဆုံးသတ်ကာ ကမန်းကတန်း ထွက်ပြေးလိုက်လေသည်။
အန်တီဝမ်၏ နောက်ထပ်စကားက သူ့ကို ကောင်မလေးတစ်ယောက်နှင့် မိတ်ဆက်ပေးတော့မည်ကို သူ စိုးရိမ်မိသည်။
နှစ်ပတ်ခန့် ပြေးပြီးနောက် ကျန်းယဲ့သည် ရင်းနှီးနေသော အနီရောင်ဆိုင်းဘုတ်နှင့် ပေါက်စီဆိုင်ရှေ့တွင် ရပ်ကာ စပ်ရှရှ တိုဟူးပေါက်စီလေးလုံးနှင့် အရသာရှိသော တိုဟူးပူတင်း တစ်ပန်းကန်ကို မှာလိုက်၏။
ခရီးသွားအေဂျင်စီသို့ ပြန်ရောက်သောအခါ ကျန်းယဲ့က ဆိုဖာပေါ်တွင် မှီထိုင်ရင်း သူ၏ဖုန်းကို ပွတ်ကြည့်နေလေသည်။
‘ကျန်းမင်ဟွေ့ ဘယ်လိုအခြေအနေရှိနေပြီလဲ မသိဘူး...’
လုပ်ငန်းပိုင်းဆိုင်ရာ ဂရုများကို သူ ထပ်မံ ရှာဖွေကြည့်ရာ ယခင်က ယွင်ရှန်ရှယ်အိမ်ရာမှ ဧည့်သည်များကို တစ်စုံတစ်ယောက်က ခေါ်လာဖူးကြောင်း တွေ့ရသော်လည်း ကံမကောင်းစွာဖြင့် ထိုဧည့်သည်များမှာ ထိုနေရာတွင် မနေကြတော့သလို အိမ်ပိုင်ရှင်များလည်း မဟုတ်တော့ချေ။
ခဏတာ ကြည့်ပြီးနောက် အသုံးဝင်သော အချက်အလက် ဘာမှမတွေ့ရသဖြင့် ကျန်းယဲ့ သူ၏ဖုန်းကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်၏။
‘ဟူး... တခြားနည်းလမ်း စဉ်းစားရတော့မယ် ထင်တယ်..’
ဒင်ဒေါင်ဟူသော အသံနှင့်အတူ ကျန်းယဲ့က သူ၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျန်းမင်ဟွေ့၏ မက်ဆေ့ချ်ကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် မတ်မတ် ထိုင်လိုက်သည်။
[ကျွန်တော့်ဦးလေးက ယွင်ရှန်ရှယ်က အိမ်ပိုင်ရှင်တစ်ယောက်ကို သိတယ်။ ကျွန်တော့်ဦးလေးနဲ့ အဲဒီအိမ်ပိုင်ရှင်က ဆက်ဆံရေး ကောင်းကြတယ်။ အဲဒီအိမ်ပိုင်ရှင်နဲ့ တွေ့ဖို့ နောက်မှ ကျွန်တော် ခေါ်သွားပေးမယ်။ ကျွန်တော့်ဦးလေးရဲ့ မျက်နှာနဲ့ သူ သဘောတူကောင်း သဘောတူနိုင်တယ်...]
“ဟိုက်... ကျန်းမင်ဟွေ့က မဆိုးပါလား”
ကျန်းယဲ့က ကျန်းမင်ဟွေ့ထံ ချက်ချင်း မက်ဆေ့ချ်ပြန်ပို့လိုက်ပြီး သူတို့နှစ်ဦးသည် ယွင်ရှန်ရှယ် အိမ်ရာအဝင်ပေါက်တွင် တွေ့ဆုံရန် အချိန်ချိန်းဆိုလိုက်ကြ၏။
မနက် ၉ နာရီတိတိ.... ယွင်ရှန်ရှယ် အိမ်ရာ၏ အဝင်ပေါက်တွင်။
သစ်ကြားပင်အောက်တွင် ရပ်နေသော ကျန်းယဲ့သည် သပ်ရပ်သော ဝတ်စုံဖြင့် လုံခြုံရေးဂိတ်ဆီသို့ လျှောက်သွားနေသော ကျန်းမင်ဟွေ့ကို ကြည့်လိုက်ရာ စီးပွားရေးလောကမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးနှင့် တော်တော်လေး တူနေချေသည်။
“မင်္ဂလာပါ... အမှတ် ၇ အိမ်ရာပိုင်ရှင် မစ္စတာကျန်းဟွိုင်မင်ကို လာရှာတာပါ” ကျန်းမင်ဟွေ့က သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်၏။ “ကျွန်တော်က ဒါရိုက်တာဝမ်ရဲ့ တူပါ။ အထူးလာရောက် လည်ပတ်တာပါ...”
လုံခြုံရေးအစောင့်က စိမ်းသက်နေသော မျက်နှာကို သံသယဖြင့် ကြည့်လိုက်၏။
ထိပ်တန်း ဇိမ်ခံအိမ်ရာတစ်ခုအနေဖြင့် ယွင်ရှန်ရှယ်သည် လာရောက်လည်ပတ်သူများအတွက် တင်းကျပ်သော မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို အမြဲတမ်း ထိန်းသိမ်းထားပေသည်။
“ခဏလေး စောင့်ပါ..”
ထို့နောက် လုံခြုံရေးအစောင့်က လုပ်ထုံးလုပ်နည်းအတိုင်း အိမ်ရှင်၏ ဖုန်းနံပါတ်သို့ ခေါ်လိုက်၏။
အမှတ် ၇ အိမ်ရာ။
မနက်စောစောပိုင်းက ရှင်းပြ၍မရသော ကားပျက်သည့်ကိစ္စနှင့် စစ်ဘက်နယ်မြေမှ အရောင်းအဝယ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ခြင်းတို့ ပေါင်းစပ်သွားရာ မိုးလင်းသည်အထိ သူ အိပ်မပျော်ခဲ့ဘဲ ယခုမှသာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ အိပ်ပျော်ကာစသာ ရှိသေးချိန်တွင် ဖုန်းသံကြောင့် နိုးသွားခဲ့ရသဖြင့် အလွန်အမင်း စိတ်တိုသွားရပြန်သည်။
‘ဒါက အဆုံးမရှိတော့ဘူးလားကွ... လူကို နားချိန်လေးတောင် မပေးတော့ဘူးလားဟ’
“မစ္စတာကျန်း.. တံခါးဝမှာ ဒါရိုက်တာဝမ်ရဲ့ တူပါဆိုတဲ့ လူတစ်ယောက်က ခင်ဗျားကို တွေ့ချင်လို့တဲ့” ဖုန်းထဲမှတစ်ဆင့် လုံခြုံရေးအစောင့်၏ အသံ ထွက်ပေါ်လာလေသည်။
“ဒါရိုက်တာဝမ်” ကျန်းဟွိုင်မင်က အိပ်ချင်မူးတူးဖြင့် ထပ်ပြောလိုက်ပြီးနောက် ရုတ်တရက် လန့်ဖြန့်ကာ မတ်မတ်ထိုင်လိုက်၏။ “နေဦး... ဘယ်က ဒါရိုက်တာဝမ်လဲ”
“ခဏစောင့်ပါ... ကျွန်တော် မေးကြည့်လိုက်ပါ့မယ်” အိမ်ရှင်ကို ဤသို့ပြောပြီးနောက် လုံခြုံရေးအစောင့်က ကျန်းမင်ဟွေ့ဘက်သို့ လှည့်လိုက်သည်။ “ဘယ်က ဒါရိုက်တာဝမ်လဲ... နာမည်အပြည့်အစုံက ဘယ်လိုခေါ်လဲ”
ကျန်းမင်ဟွေ့က နာမည်ကို တိုက်ရိုက် ပြောလိုက်လေသည်။ “ဝမ်ကျန့်ကျွင်းပါ... သူက မန်နေဂျာချုပ်ကျန်းကို နှုတ်ခွန်းဆက်သဖို့နဲ့ ကားက ကောင်းသေးရဲ့လားလို့ မေးခိုင်းလိုက်လို့ပါ...”
လုံခြုံရေးအစောင့်က သူပြောသည့်အတိုင်း ပြန်ပြောပြလိုက်ချေသည်။
ကျန်းဟွိုင်မင်ဟာ တွေဝေမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး ကုတင်ပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားရသည်။ “သူတို့ကို ဝင်ခွင့်ပြုလိုက်ပါ။ အဲ... နေဦး။ ငါကိုယ်တိုင် သွားကြိုမယ်”
လွန်ခဲ့သော ငါးမိနစ်က သူဌေးကျန်းသည် အိပ်ချင်မူးတူး ဖြစ်နေသေးသော်လည်း၊ ယခုအခါတွင်တော့ သူ၏ရှပ်အင်္ကျီကို ရေချိုးဝတ်ရုံထဲသို့ ကမန်းကတန်း ထိုးထည့်နေချေပြီ။
ခြေညှပ်ဖိနပ် ပြောင်းပြန်စီးမိနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ခါးပတ်ကို ပတ်ရင်း အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည်။
မနေ့ညက စစ်တပ်အထက်ပိုင်းမှ ဖုန်းခေါ်ဆိုမှုနှင့် မသင်္ကာဖွယ်ရာ အရောင်းအဝယ် ရုတ်တရက် ဖျက်သိမ်းလိုက်ခြင်းတို့က ဤကိစ္စများ လုံးဝ မရိုးရှင်းကြောင်း သူ့ကို သဘောပေါက်စေခဲ့သည်။
ကျန်းဟွိုင်မင်က ကားမောင်းထွက်လာပြီး ကျန်းမင်ဟွေ့ကို ဖားယားသော အပြုံးဖြင့် နှုတ်ဆက်လိုက်၏။ “မင်းရဲ့ ဦးလေး အဆင်ပြေရဲ့လား...”
“အရမ်းကောင်းပါတယ်... ဦးလေးက နှုတ်ဆက်လိုက်ပါတယ်”
“ဟားဟား... ဒါရိုက်တာဝမ်က အရမ်းသဘောကောင်းတာပဲ။ ကားထဲ မြန်မြန်ဝင်... အိမ်ရောက်မှ စကားပြောကြတာပေါ့” ကျန်းဟွိုင်မင်က ကျန်းမင်ဟွေ့ကို ကားထဲဝင်ရန် လက်ဟန်ပြလိုက်၏။
ကျန်းမင်ဟွေ့က ကျန်းယဲ့ကို ကြည့်လိုက်လေသည်။
ထိုအခါမှသာ ကျန်းယဲ့ ရှိနေသည်ကို ကျန်းဟွိုင်မင် သတိထားမိသွားရသည်။ “ဒါက ဘယ်သူလဲကွဲ့...”
ကျန်းမင်ဟွေ့က ပြုံး၍ မိတ်ဆက်ပေးလိုက်၏။ “ဒါက ကျွန်တော့်သူငယ်ချင်းပါ”
“ကောင်းပြီ... ကောင်းပြီ.. ကားပေါ်တက်ပါ။ ဦးလေးက မင်းတို့အတွက် ဒီနေ့ အရသာရှိတာတွေ ပြင်ဆင်ထားတယ်” ကျန်းဟွိုင်မင်က သူတို့နှစ်ဦးကို ကားထဲ ဖိတ်ခေါ်ပြီးနောက် လမ်းတစ်လျှောက်တွင် အကြောင်းအရာအမျိုးမျိုးကို စိတ်အားထက်သန်စွာ ပြောဆိုလာချေသည်။
အိမ်ရာသို့ ပြန်ရောက်သောအခါ ကျန်းဟွိုင်မင်က အိမ်အကူများကို လက်ဖက်ရည်၊ မုန့်များနှင့် သစ်သီးများ ပြင်ဆင်ရန် အလျင်စလို ညွှန်ကြားလိုက်သည်။
ကျန်းမင်ဟွေ့က လက်ကာပြကာ တားလိုက်၏။ “ဦးလေးကျန်း... ဒုက္ခမခံပါနဲ့။ ကျွန်တော်တို့ ခဏထိုင်ပြီးရင် ပြန်တော့မှာပါ”
ထိုသို့ပြောရင်း သူက သူ၏လက်ဆွဲအိတ်ထဲမှ လှပသေသပ်သော လက်ဆောင်ဘူးတစ်ခုကို ထုတ်ယူလိုက်လေသည်။ “ဒါက ခွန်အားပြန်လည်ပြည့်ဖြိုးဖို့ အကူအညီဖြစ်စေတယ်ဆိုပြီး ဦးလေးက ခင်ဗျားကို ပေးခိုင်းလိုက်တဲ့ တောဂျင်ဆင်းပါ”
ကျန်းဟွိုင်မင်မှာ မြှောက်ထိုးပင့်ကော်လုပ်ခံရသလို ခံစားရပြီး လက်ဆောင်ကို လက်ခံကာ လက်ကို တရစပ် ဝှေ့ယမ်းလိုက်၏။ “ဒါကို ကျွန်တော် လက်မခံရဲပါဘူး... ဒါရိုက်တာဝမ်က အရမ်းကို သဘောကောင်းလွန်းပါတယ်...”
“ဦးလေးက ခင်ဗျား မကြာသေးမီက အလုပ်တွေ အရမ်းပင်ပန်းနေတယ်လို့ ပြောတယ်” ကျန်းမင်ဟွေ့က လက်ဖက်ရည်ကို အဓိပ္ပာယ်ပါပါ တစ်ငုံသောက်လိုက်ခေသည်။ “ဒါကြောင့် ဦးလေး ခရီးပိုထွက်ပြီး အနားယူသင့်တယ်လေ”
ကျန်းဟွိုင်မင် အံ့အားသင့်သွားရသည်။ နက်ရှိုင်းသော အဓိပ္ပာယ်ကို သူ နားမလည်သော်လည်း အလိုက်တသိဖြင့် ပြန်ပြောလိုက်၏။ “ဟုတ်တယ်... ဟုတ်တယ်။ ကျွန်တော်လည်း ဒီတလော အားလပ်ရက် ခရီးစဉ်တစ်ခု စီစဉ်ဖို့ တွေးနေတာ”
“တိုက်ဆိုင်လိုက်တာဗျာ...” ကျန်းမင်ဟွေ့က ရုတ်တရက် ကျန်းယဲ့ကို လက်ညှိုးထိုးပြလိုက်လေသည်။ “ဒီက ကျွန်တော့်သူငယ်ချင်းက အထူးခရီးသွားလုပ်ငန်း လုပ်တာလေ...”
ကျန်းယဲ့ကလည်း အခွင့်ကောင်းယူ၍ သူ၏ လိပ်စာကတ်ကို ကမ်းပေးလိုက်ချေသည်။ “ကျွန်တော်တို့က ယဉ်ကျေးမှု အတွေ့အကြုံကို နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့ ခရီးစဉ်တွေကို အထူးပြုပါတယ်”
ကျန်းဟွိုင်မင် ချက်ချင်း နားလည်သွားရသည်။ “အိုး... ကျွန်တော်တို့ ကုမ္ပဏီက အကြီးတန်း အမှုဆောင်တွေအတွက် ခရီးစဉ်တစ်ခု စီစဉ်တော့မလို့ပဲ...”
ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသကဲ့သို့ သူ၏ပေါင်ကို ရိုက်လိုက်၏။ “မင်းတို့ လာတာ အချိန်ကိုက်ပဲ...”
ကျန်းယဲ့မှာ တိတ်တဆိတ် အံ့အားသင့်သွားရသည်။ ကျန်းမင်ဟွေ့၏ ဦးလေးက အတော်လေး ထူးခြားပုံရချေသည်။
မစ္စတာကျန်း၏ သဘောထားကို ကြည့်ရုံဖြင့် အများကြီး သိနိုင်နေပြီ ဖြစ်၏။
ထင်ရှားသည်မှာ ဤမစ္စတာကျန်းက သူတို့ကို အလုပ်လာတောင်းသည်ဟု ထင်ကာ နားလည်မှုလွဲနေခြင်းပင်။
ကျန်းယဲ့က စကားကို ဖြတ်ပြောလိုက်၏။ “မစ္စတာကျန်း.. ကျွန်တော်တို့ ဒီကိုလာတာက ချင်မင်းဆက်ကို အချိန်ခရီးသွားမယ့် အတွေ့အကြုံခံစားရမယ့် အထူးခရီးသွားအဖွဲ့မှာ ပါဝင်ဖို့ ခင်ဗျားကို ဖိတ်ခေါ်ချင်လို့ပါ...”
“အိုး... ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်ကို ခရီးထွက်ရတာ တော်တော်ကောင်းမှာပဲ” ကျန်းဟွိုင်မင်က ပြုံးလျက် ပြန်ပြောလိုက်သော်လည်း သူက လူလုပ်ထားသော ရှုခင်းများကို လုံးဝ စိတ်မဝင်စားချေ။
အချိန်ခရီးသွားခြင်းဟူသော စကားလုံးကိုမူ “ချင်မင်းဆက်ဆီသို့ အိပ်မက်မက်ခြင်း”ကဲ့သို့ ပရိုမိုးရှင်း လှည့်ကွက်တစ်ခုမျှသာဟု ယူဆကာ လုံးဝ လျစ်လျူရှုလိုက်၏။
ကျန်းမင်ဟွေ့က ပြုံးကာ သူ့ကို ပြင်ပြောလိုက်သည်။ “ဦးလေးကျန်း... ခင်ဗျား နားလည်မှုလွဲနေပြီ။ ဒါရိုက်တာကျန်းရဲ့ အဖွဲ့က ခင်ဗျားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၂၀၀ က ဘီစီ ၂၁၈ ချင်မင်းဆက်ကို ခရီးသွားဖို့ ခေါ်သွားမှာပါ...”
သူက စကားလုံးတစ်လုံးချင်းစီကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။
ထိုစကားကြောင့် လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားသော ကျန်းဟွိုင်မင်၏ လက်က အနည်းငယ် တုန်ယင်သွားရသည်။ သူက ထိုနှစ်ဦးကို အံ့အားသင့်စွာ ကြည့်လိုက်၏။
ကျန်းမင်ဟွေ့၏ တည်ကြည်သော အကြည့်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲရှိ ကြိုးတစ်ချောင်းက ချက်ချင်း တင်းကြပ်သွားရသည်။
သူ မှားကြားလိုက်သည် သို့မဟုတ် အိပ်ရေးပျက်၍ အာရုံချောက်ချားနေသည်ဟုပင် ထင်လိုက်မိလေသည်။
“မင်း...မင်းတို့ ပြောတာက မင်းတို့... ချင်... ချင်မင်းဆက်.... ချင်ရှီဟွမ်ရှိတဲ့ ချင်မင်းဆက်ဆီ ခရီးသွားမယ်ဆိုတာလား” ကျန်းဟွိုင်မင်က မနေနိုင်ဘဲ ထပ်မံ အတည်ပြုလိုက်၏။
“ဟုတ်ပါတယ်...” ကျန်းယဲ့နှင့် ကျန်းမင်ဟွေ့တို့က တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြသည်။
ကျန်းဟွိုင်မင်သည် သဘောပေါက်သွားသည့်အလား ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာမှာ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသော်လည်း သူ၏ရင်ထဲတွင်တော့ ဗြောင်းဆန်နေချေပြီ။