အခန်း (၂၈) ဝယ်ယူမှု မအောင်မြင်ခြင်း
“ကျစ်.. ချီးလိုပဲ...” ကန်ချန်းက ကျန်းခိုင်ကို လက်သီးဖြင့် ထိုးလိုက်သည်။ “ငါ့ကို ဒုက္ခရောက်အောင် မလုပ်စမ်းနဲ့... ငါတစ်ယောက်တည်းဆို မင်းနဲ့ လိုက်ပြီး လျှောက်လုပ်လို့ရပေမဲ့ ငါ့ညီမကိုပါ ခေါ်သွားရင် မိဘတွေ သိသွားပြီး ငါ့ရဲ့ မုန့်ဖိုးတွေ အဖြတ်ခံရလိမ့်မယ်”
ဝူကျဲနှင့် ဖုန်းယီမင်တို့ကလည်း ခေါင်းတဆတ်ဆတ် ညိတ်ကြပြီး အခြားမည်သူ့ကိုမျှ ခေါ်လာမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောလိုက်ကြသည်။
ဒီသုံးယောက်က အခုအချိန်မှာ ဒီလောက်တောင် ပြတ်သားနေကြပေမဲ့ နောက်ပိုင်းမှာ သူတို့မိသားစုတွေ သိသွားရင်လည်း အရိုက်ခံရမှာပင်။
ကျန်းခိုင်က ပခုံးတွန့်လိုက်၏။ “ကောင်းပြီလေ”
သူက သတင်းကောင်းကို ကျန်းယဲ့ထံ ချက်ချင်း မျှဝေလိုက်၏။
ထိုအချိန်တွင် ကျန်းယဲ့မှာ အိပ်ပျော်နေပြီ ဖြစ်၏။
ကျန်းခိုင် အလုပ်များနေချိန်တွင် ကျန်းမင်ဟွေ့နှင့် အခြားနှစ်ယောက်ကလည်း အားမနေကြချေ။
ညဉ့်နက်ပိုင်းအချိန် J တပ်ဖွဲ့ရုံးခန်းတွင် မီးများ လင်းနေဆဲဖြစ်သည်။
ကျန်းမင်ဟွေ့သည် သူ၏ အထက်လူကြီး စားပွဲရှေ့တွင် မတ်တပ်ရပ်ကာ စနစ်တကျ အလေးပြုလိုက်၏။ “အထက်လူကြီးကို အစီရင်ခံပါတယ်။ တတိယအကြိမ်မြောက် ချင်မင်းဆက် အချိန်ခရီးသွားအဖွဲ့အတွက် စည်းကမ်းချက်တွေကို အတည်ပြုပြီးပါပြီ။ သူတို့က ယွင်ရှန်ရှယ်အိမ်ရာက အိမ်ပိုင်ရှင်တွေ ဖြစ်ရမှာဖြစ်ပြီး နေရာဆယ်နေရာ ရနိုင်ပါတယ်”
ဗိုလ်ချုပ်ကျန်းမှာ ရပ်တန့်သွားပြီး သူ၏ဘောပင်မှာလည်း ငြိမ်သက်သွားကာ စူးရှသောအကြည့်က သူ၏ မျက်မှန်အပေါ်မှနေ၍ ထိုးဖောက်လာခဲ့သည်။ “သတင်းက ခိုင်လုံရဲ့လား...”
ပြီးခဲ့သည့်တစ်ခေါက်က သူတို့ ခြေတစ်လှမ်း နောက်ကျခဲ့သော်လည်း ဤတစ်ကြိမ်တွင်တော့ ထပ်ပြီး နောက်ကျခံ၍ မဖြစ်နိုင်ချေ။
“လုံးဝ အမှန်ပါပဲ” ကျန်းမင်ဟွေ့က လေသံကို နှိမ့်လိုက်၏။ “ကျန်းယဲ့ ကိုယ်တိုင် ဂရုချက်ထဲမှာ ပြောခဲ့တာပါ”
ဝါရင့်တပ်မှူး J သည် မျက်မှန်ကို ချွတ်လိုက်ပြီး သစ်သားစားပွဲပေါ်သို့ လက်ချောင်းဖြင့် သုံးချက်မျှ ဖွဖွလေး ခေါက်လိုက်၏။
ရုတ်တရက် သူသည် အတွင်းလိုင်းဖုန်းကို ကောက်ကိုင်လိုက်လေသည်။ “ထောက်ပံ့ရေးဌာနက ဒါရိုက်တာဝမ်နဲ့ ဆက်ပေးပါ... ”
ဖုန်းဝင်သွားပြီးနောက် ဗိုလ်ချုပ်ကျန်းက စကားတစ်ခွန်းတည်းသာ ပြောလိုက်၏။ “မနက်ဖြန်မနက် ရှစ်နာရီမထိုးခင် ဟန်ကျိုးက ယွင်ရှန်ရှယ်အိမ်ရာ ဆယ်လုံးကို ဝယ်ယူလိုက်ပါ...”
ဖုန်းချပြီးနောက် ဝါရင့်တပ်မှူး J သည် မျက်မှန်ကို ပြန်တပ်လိုက်ပြီး ကျန်းမင်ဟွေ့ကို ညွှန်ကြားလိုက်ချေသည်။ “သူ့ကို သေချာစောင့်ရှောက်ထားပါ။ မထိန်းချုပ်နိုင်တဲ့ ပြဿနာတစ်ခုခုဖြစ်လာရင် ချက်ချင်း အစီရင်ခံပါ။ သူ အန္တရာယ်ကြုံလာရင်တော့ အခြေအနေအရ လုပ်ဆောင်ပါ”
“ဟုတ်ကဲ့ပါ” ကျန်းမင်ဟွေ့က အလေးပြုလိုက်၏။
မနက် သုံးနာရီအချိန်တွင် ယွင်ရှန်ရှယ်အိမ်ရာမှ အိမ်ပိုင်ရှင်များက ဖုန်းမြည်သံများကြောင့် တဖြည်းဖြည်း နိုးလာကြ၏။
“ဟယ်လို... ကျွန်တော်က XX J တပ်ဖွဲ့ ထောက်ပံ့ရေးဌာနက ဝမ်ကျန့်ကျွင်းပါ။” တစ်ဖက်မှ အသံမှာ တည်ငြိမ်ပြီး ပြတ်သားနေလေသည်။ “ဒီလောက် ညဉ့်နက်နေမှ အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ J တပ်ဖွဲ့က ခင်ဗျားရဲ့ အိမ်ရာကို အရေးပေါ် ဝယ်ယူဖို့ လိုအပ်နေလို့ပါ”
အိပ်ချင်မူးတူးဖြစ်နေသော အိမ်ပိုင်ရှင်များမှာ ချက်ချင်းပင် နိုးကြားသွားကြရသည်။
“J... J တပ်ဖွဲ့” အမှတ် ၃ အိမ်ရာပိုင်ရှင် ပရော်ဖက်ဆာလျိုမှာ တုန်ရီသွားပြီး သူ၏ မျက်မှန်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ “ဆိုလိုတာက... ကျွန်တော့်အိမ်ကို ဝယ်ချင်တာလား”
“ပေါက်ဈေးထက် ၂၀% ပိုပေးပါ့မယ်... ငွေအပြည့်ချေပါမယ်” ဒါရိုက်တာဝမ်၏ အသံမှာ ငြင်းဆန်ခွင့် လုံးဝမပေးချေ။ “စာရွက်စာတမ်း ကိစ္စတွေကို မိုးမလင်းခင် အပြီးလုပ်ရပါမယ်...”
ပရော်ဖက်ဆာလျိုက ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။ “ဟုတ်ကဲ့... ပြဿနာမရှိပါဘူး။ အခုချက်ချင်း ထွက်လာခဲ့ပါ့မယ်”
ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် အမှတ် ၇ အိမ်ရာပိုင်ရှင် ကျောက်မျက်ရတနာကုန်သည် မစ္စတာကျန်းမှာလည်း အလားတူ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
မစ္စတာကျန်းသည် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မီးဖွင့်လိုက်၏။ လျှို့ဝှက်နံပါတ်ကို ကြည့်ပြီး အစပိုင်းတွင် သူ ဖုန်းမကိုင်ချင်ခဲ့သော်လည်း ကောက်ကိုင်လိုက်မိလေသည်။
“ဘယ်သူလဲကွ... ညသန်းခေါင်ကြီး အိပ်ရေးလာဖျက်နေတာ”
နောက်တစ်စက္ကန့်တွင် တစ်ဖက်လူ၏ မည်သူမည်ဝါဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် မစ္စတာကျန်း၏ အိပ်ချင်စိတ်များ အားလုံး လွင့်စင်သွားပြီး အလွန်စိတ်လှုပ်ရှားသွားသဖြင့် စကားပင် ထစ်အသွားရသည်။ “ခင်ဗျားက အရမ်းသဘောကောင်းတာပဲ။ ဒီအိမ်ကို တစ်ဝက်ဈေးနဲ့ ပေးပါ့မယ်...”
“မလိုပါဘူး” ဒါရိုက်တာဝမ်က ပြတ်သားစွာ ဖြတ်ပြောလိုက်၏။ “J တပ်ဖွဲ့က မတရားတဲ့ အခွင့်အရေးယူတာမျိုး မလုပ်ပါဘူး”
မစ္စတာကျန်း ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် အိပ်ချင်မူးတူးဖြစ်နေသေးသော သူ၏ ဇနီးက မေးလိုက်၏။ “ဘယ်သူလဲ..”
မစ္စတာကျန်းက အပေါ်သို့ လက်ညှိုးထိုးပြလိုက်လေသည်။ “အထက်ပိုင်းက လူတွေ ငါတို့အိမ်ကို ဝယ်ချင်နေတာ...”
“ဟင်” မစ္စတာကျန်း၏ ဇနီးက အံ့အားသင့်စွာ ရေရွတ်လိုက်၏။ “ဘာဖြစ်လို့လဲ...”
“ငါက ဘယ်လိုလုပ် သိမှာလဲ..”
မစ္စတာကျန်း၏ ဇနီးက တွေးတောမှန်းဆလိုက်လေသည်။ “ကျွန်မတို့ ရပ်ကွက်မှာ ထူးခြားတာ တစ်ခုခုများ ရှိနေလို့လား”
“ငါ မသိဘူးလေ။ သူတို့က တောင်းဆိုလာမှတော့ ငါတို့က ချက်ချင်း ဖယ်ပေးရမှာပဲ” မစ္စတာကျန်းက ဇနီးဖြစ်သူအား ပြောလိုက်သည်။ “မင်း အရင်အိပ်နှင့်တော့... ငါ ခဏလောက် အပြင်ထွက်လိုက်ဦးမယ်”
“ဒီလောက် နောက်ကျနေပြီကို ဘယ်သွားမလို့လဲ”
“သူတို့ အရေးပေါ် လိုအပ်နေတာ.. အခု သွားပို့ရမယ်”
မစ္စတာကျန်း သူ၏ဇနီးနှင့် စကားပြောနေချိန်တွင် အမှတ် ၁၂ အိမ်ရာပိုင်ရှင် နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုး မစ္စလင်မှာ ဖုန်းကို ကိုင်ထားရင်း လက်များ အနည်းငယ် တုန်ယင်နေချေသည်။ “နိုင်ငံတော်အတွက် အကျိုးပြုရတာ ကျွန်မရဲ့ ဂုဏ်ယူစရာပါ။ အခုချက်ချင်း အိမ်ပိုင်ဆိုင်မှု စာချုပ်ကို သွားယူလိုက်ပါ့မယ်..”
တစ်နာရီအတွင်း အိမ်ဆယ်လုံးစလုံးကို အတည်ပြုနိုင်ခဲ့ပြီး နောက်ဆုံး ပိုင်ဆိုင်မှုလွှဲပြောင်းရန် အဆင်သင့်ဖြစ်နေချေပြီ။
မနက် ၄ နာရီ ၁၅ မိနစ်တွင် ဒါရိုက်တာဝမ်၏ ဖုန်းက ပထမဆုံးအကြိမ် မြည်လာခဲ့သည်။
“ဒါရိုက်တာကို အစီရင်ခံပါတယ်...” တစ်ဖက်မှအသံမှာ အရေးပေါ်ဖြစ်နေလေသည်။ “အမှတ် ၃ အိမ်ရာက ပရော်ဖက်ဆာလျိုရဲ့ ကားက မြို့ပတ်လမ်းမှာ အနောက်ကနေ ဝင်တိုက်ခံရပါတယ်။ သူ သတိလစ်သွားပြီး ဆေးစစ်ဖို့အတွက် လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့လိုက်ရပါတယ်..”
ဒါရိုက်တာဝမ် မျက်မှောင်ကြုတ်လိုက်၏။ “ဆေးရုံကို လူတစ်ယောက်လွှတ်ပြီး စောင့်ကြည့်ခိုင်းထားပါ။ အိမ်ပိုင်ဆိုင်မှုစာချုပ်ကို အမြန်ဆုံးရအောင် သေချာလုပ်ပါ...”
သူ ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ဖုန်းက ထပ်မံ တုန်ခါလာပြန်ခဲ့သည်။
“ဒါရိုက်တာ။ ဟယ်လို... ကျွန်တော်က အမှတ် ၇ အိမ်ရာပိုင်ရှင် မစ္စတာကျန်းပါ။ ကျွန်တော့်ကားက လမ်းမှာ ပျက်သွားလို့ တက္ကစီဌားဖို့ ကြိုးစားနေပါတယ်။ နည်းနည်း နောက်ကျကောင်း နောက်ကျနိုင်ပါတယ်” မစ္စတာကျန်းက တောင်းပန်သည့်လေသံဖြင့် ပြောလိုက်၏။
ဤသို့ဖြစ်လာမည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
နေ့ခင်းဘက်က အကောင်းကြီး ရှိနေသေးပြီး ရုတ်တရက်ကြီး ပျက်သွားရသည်လေ။
‘တကယ့်ကို ကံဆိုးတာပဲ’
ဒါရိုက်တာဝမ်၏ နားထင်ကြောများ တဆစ်ဆစ် ထိုးကိုက်လာ၏။ “မစ္စတာကျန်း... စိတ်မပူပါနဲ့... ခင်ဗျားကို လာကြိုဖို့ ကားတစ်စီး အခုချက်ချင်း လွှတ်လိုက်ပါ့မယ်...”
“အဲဒီလောက် ဒုက္ခခံစရာ မလိုပါဘူး။ ကျွန်တော့်ဘာသာပဲ တက္ကစီစီးလာခဲ့ပါ့မယ်”
“သန်းခေါင်ယံအချိန် တက္ကစီစီးဖို့က အဆင်မပြေပါဘူး။ ကျွန်တော့်လူတွေ မကြာခင် ရောက်လာပါလိမ့်မယ်”
“ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်” မစ္စတာကျန်းက ယဉ်ကျေးစွာဖြင့် ဖုန်းချလိုက်လေသည်။
တတိယမြောက် ဖုန်းဝင်လာချိန်တွင် ဒါရိုက်တာဝမ်မှာ မှတ်စုတစ်ခုကို အတည်ပြုနေခြင်း ဖြစ်သည်။
“ဟယ်လို... ကျွန်မက အမှတ် ၁၂ အိမ်ရာပိုင်ရှင် မစ္စလင်ရဲ့ အိမ်အကူပါ။ သူမရဲ့ကားက အိမ်ရာအဝင်ပေါက်က ပန်းခုံကို ဝင်တိုက်မိသွားလို့ပါ။ လေအိတ်တွေ ပွင့်ထွက်သွားတယ်။ သူ အခု ဆေးရုံကို သွားနေပါပြီ... ဒါပေမဲ့ အချိန်နည်းနည်းတော့ ကြာနိုင်ပါတယ်”
ဒါရိုက်တာဝမ်က ဘောပင်ကို ဖြည်းညင်းစွာ ချလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားချေသည်။
ထိုအချိန်တွင်ပင် စတုတ္ထမြောက် ဖုန်းဝင်လာခဲ့၏။
ဤတစ်ကြိမ်တွင် အမှတ် ၉ အိမ်ရာပိုင်ရှင် မစ္စတာကျိုးထံမှ ဖုန်းခေါ်ဆိုမှုပင်။ “ဒါရိုက်တာဝမ်... တကယ်ကို တောင်းပန်ပါတယ်။ ကျွန်တော် အခုလေးတင် အပြင်ထွက်လာတာ... ကျွန်တော့်ခွေးက ဘာအကြောင်းကြောင့်မှန်းမသိဘဲ ရုတ်တရက် ကိုက်လိုက်လို့ပါ။ အခု ခွေးရူးပြန်ကာကွယ်ဆေးသွားထိုးဖို့ ဆေးရုံကို သွားရတော့မယ်။ စိတ်မပူပါနဲ့... အိမ်ပိုင်ဆိုင်မှုစာချုပ်ကို ကျွန်တော့်မိသားစုကို ပို့ခိုင်းလိုက်ပါ့မယ်... အချိန်နည်းနည်းလေးပဲ ကြာမှာပါ”
အိမ်ပိုင်ရှင်များ တစ်ယောက်ပြီးတစ်ယောက် လာရာလမ်းတွင် မမျှော်လင့်ထားသော အဖြစ်အပျက် အမျိုးမျိုးနှင့် ကြုံတွေ့နေရသောကြောင့် ဒါရိုက်တာဝမ်ပင်လျှင် တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွား၏။
ထို့နောက် သူက နောက်သို့လှည့်ကာ အနီရောင် အထူးဖုန်းကို ဆွဲယူပြီး နံပါတ်နှိပ်လိုက်လေသည်။
“အထက်လူကြီး” ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် ဒါရိုက်တာဝမ်၏ အသံမှာ တင်းမာသွားရသည်။ “ကိစ္စတစ်ခု ဖြစ်သွားပြီ။ ယွင်ရှန်ရှယ်အိမ်ရာက အိမ်ပိုင်ရှင်တွေ ဒီကိုလာတဲ့လမ်းမှာ မတော်တဆမှုတွေတစ်ခုပြီးတစ်ခု ကြုံနေရတယ်။ သူတို့ထဲက ဘယ်သူမှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရပေမဲ့...”
သူက တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။ “ဒါပေမဲ့ မိုးမလင်းခင် အိမ်ပိုင်ဆိုင်မှုစာချုပ်တွေ အကုန်လုံးကို စုဆောင်းနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်”
ဖုန်းတစ်ဖက်ခြမ်းတွင် သုံးစက္ကန့်မျှ တိတ်ဆိတ်သွားချေသည်။
“နားလည်ပြီ” ဗိုလ်ချုပ်ကျန်း၏ အသံမှာ ပုံမှန်မဟုတ်ဘဲ တည်ငြိမ်နေခဲ့သည်။
သူက မျက်မှန်ကို ဖြည်းညင်းစွာ ချွတ်လိုက်ရာ မှန်ဘီလူးနောက်ကွယ်မှ သူ၏ အကြည့်များမှာ ဓားတစ်လက်ကဲ့သို့ စူးရှနေလေသည်။
ရှည်လျားသော တိတ်ဆိတ်မှုအပြီးတွင် သူက လက်ထဲရှိ ဘောပင်ကို ရုတ်တရက် ဆောင့်ချလိုက်၏။
ကျန်းယဲ့၏ ခန္ဓာကိုယ်ပေါ်တွင်...
ဗိုလ်ချုပ်ကျန်းက စားပွဲကို လက်ချောင်းထိပ်များဖြင့် ဖွဖွလေး ခေါက်လိုက်ရာ သူ၏ စူးရှသော မျက်လုံးများက ထိုးဖောက်နိုင်စွမ်းရှိသော အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။
ယုတ္တိတန်မှုအပြင်ဘက်က အရာတစ်ခုခုက ဝင်ရောက်စွက်ဖက်နေသည်။
ဒါက သူတို့ကို အလွန်အကျွံ ဝင်မစွက်ဖက်ဖို့ သတိပေးလိုက်တာလည်း ဖြစ်သည်။
ရုံးခန်းတစ်ခုလုံးတွင် ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားရသည်။
အဝေးမှ ကြားနေရသော မနက်ခင်း လေ့ကျင့်ရေး ခရာမှုတ်သံက အခန်းကို ပို၍ပင် တိတ်ဆိတ်သွားသကဲ့သို့ ထင်ရစေပေသည်။
“အရောင်းအဝယ်ကို ဖျက်သိမ်းလိုက်ပြီဆိုတဲ့အကြောင်း အိမ်ပိုင်ရှင်အားလုံးကို အကြောင်းကြားလိုက်ပါ... ” သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ရာ သူ၏ ယူနီဖောင်းပေါ်ရှိ ကြယ်ပွင့်က မနက်ခင်း အလင်းရောင်အောက်တွင် တောက်ပနေခဲ့သည်။ “ဒီကိစ္စ... ဘယ်တုန်းကမှ မဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ပါ...”
ဒါရိုက်တာဝမ်မှာ အံ့အားသင့်သွားရသည်။ “ဟုတ်ကဲ့ပါ...”
အာဏာပိုင်တွေက ဘာကြောင့် ယွင်ရှန်ရှယ်ရဲ့ အိမ်ရာတွေကို သိမ်းယူဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေကြမှန်း သူ မသိပေမဲ့ ဒီအိမ်ပိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ဒုက္ခရောက်နေကြတဲ့ လက္ခဏာတွေထဲမှာ ထူးခြားတာ တစ်ခုခုကိုတော့ သူ ခံစားမိနေပေသည်။
ဒီနေရာမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ပုန်းကွယ်နေတာ သေချာပေမဲ့ အဲဒါက ဘာလဲဆိုတာကို ရှာဖွေဖို့က သူသိနိုင်တဲ့ အဆင့်ထက် ကျော်လွန်နေ၏။