အခန်း (၂၇) လူများ ခေါ်ယူခြင်း
ယွင်ရှန်ရှယ်အိမ်ရာမှ အိမ်ပိုင်ရှင်များကို ကျန်းခိုင်က သိကြောင်း တွေ့လိုက်ရသောအခါ ကျန်းယဲ့၏ မျက်လုံးများ တောက်ပသွားရသည်။ ဤလူစုဆောင်းရေး နည်းလမ်းက တကယ်ကို ထိရောက်ချေသည်။
ကျန်းယဲ့- [တတိယအဖွဲ့က မကြာခင် ဖွင့်တော့မယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ယွင်ရှန်ရှယ်က အိမ်ပိုင်ရှင်တွေကိုပဲ စုဆောင်းမှာပါ...]
သတင်းထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဒုတိယအဖွဲ့၏ ဝီချက်ဂရုကလည်း ပေါက်ကွဲသွားလေသည်။
ရှီရှောင်ယွီ- [ဘာလို့လဲ။ အဲဒါ မတရားဘူးလေ.....]
ဖန်ကောင်းချန်- [ဟုတ်တယ်။ ကျွန်တော်တို့က ဝါရင့်အဖွဲ့ဝင်တွေလေဗျာ...]
ကျိန်းချန်- [ဒါရိုက်တာကျန်း... ဒီစည်းမျဉ်းတွေက မတရားဘူး....]
လီလင်- [+1၊ ကျွန်တော်တို့လည်း သွားချင်တယ်]
ဝူရှောင်ရှီ- [ဟုတ်တယ်။ နဂါးဘိုးဘေးကြီးဆီ ပြန်လာခဲ့မယ်လို့ ကျွန်တော်တို့ ကတိပေးထားခဲ့တာ...]
ကျောင်လဲ့- [ဒါရိုက်တာကျန်း... ချွင်းချက်အနေနဲ့ ခွင့်ပြုပေးလို့ မရဘူးလား... ]
လီကျွင်း- [ပိုက်ဆံပိုပေးလို့လည်း ရပါတယ်]
ကျန်းယဲ့- [ဒါက စည်းမျဉ်းပဲ... ဘာမှလုပ်လို့မရဘူး]
သူလည်း တတ်နိုင်မည် မဟုတ်ချေ။
ဂရုချက်ထဲတွင် ချက်ချင်းပင် ညည်းတွားသံများနှင့် ငိုယိုနေသော အီမိုဂျီများဖြင့် ပြည့်နှက်သွားရသည်။
ကျန်းခိုင် ရုတ်တရက် ပေါ်လာ၏။ [@Jiang Ye၊ ကျွန်တော် အခုချက်ချင်း ချောင်ဝမ်ပေါဆီ သွားရှာလိုက်မယ်။ မစ်ရှင်ပြီးမြောက်စေရမယ်လို့ အာမခံတယ်...]
ထိုစာကြောင်းနောက်ဆုံးတွင် မစ်ရှင် ပြီးမြောက်သည်ဟု အဓိပ္ပာယ်ရသော စစ်သားအလေးပြုသည့် အီမိုဂျီတစ်ခု ပါလာလေသည်။
ဖန်ကောင်းချန်က မနာလိုစွာဖြင့် ဝင်ပြောလိုက်၏။ [သူဌေးသားလေးကတော့ ကံကောင်းသွားပြီ...]
ရှီရှောင်ယွီက မနာလိုလွန်းလို့ ရုပ်တောင်ပျက်နေပြီဟု ရေးထားသော အီမိုဂျီတစ်ခုကို ပို့လိုက်၏။
ကျန်းယဲ့သည် ကျန်းခိုင်၏ စိတ်အားထက်သန်မှုကို မြင်ပြီး အနေရခက်သွားရသည်။
ကျန်းယဲ့- [ဒီနေ့က နောက်ကျနေပြီ။ မနက်ဖြန်မှ သွားကြရအောင်။ ဖြစ်နိုင်ရင် နောက်ထပ် လူနည်းနည်းလောက် ခေါ်လာပေးဖို့ မင်းရဲ့ ညီအစ်ကိုကို အကူအညီ တောင်းလိုက်ပါ...]
ကျန်းခိုင်- [ဒီတစ်ခေါက် နေရာဘယ်လောက် ရနိုင်လဲ...]
ကျန်းယဲ့- [ဆယ်နေရာ ရတယ်]
ကျန်းခိုင်- [အိုကေ...]
ကျန်းခိုင်က သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်၏။ မနက် ၁၂နာရီ နှစ်ဆယ့်သုံးမိနစ် ရှိနေပြီဖြစ်ပြီး ညအချိန်တွင် အစည်ကားဆုံး အချိန်ပင်။
ထို့နောက် သူက ချောင်ဝမ်ပေါထံသို့ ဝီချက်မက်ဆေ့ချ် တိုက်ရိုက်ပို့လိုက်၏။
[ဘယ်မှာ ပျော်နေလဲ....]
တစ်ဖက်မှ ချက်ချင်း အကြောင်းပြန်လာလေသည်။ [နိုက်ဘားက VIP3 မှာ။ လာမလား...]
ကျန်းခိုင် ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး သူ့အင်္ကျီကို ဆွဲယူကာ အပြင်သို့ အပြေးအလွှား ထွက်သွားလိုက်သည်။
မိနစ်နှစ်ဆယ်အကြာတွင် တက္ကစီက နီယွန်မီးများဖြင့် တောက်ပနေသော Nightfall ကုန်တိုက်ကြီး၏ အဝင်ပေါက်တွင် စူးရှသောအသံဖြင့် ရပ်တန့်သွား၏။
VIP3 ၏ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် နားကွဲမတတ် ဆူညံနေသော ဂီတသံမျက ချက်ချင်း ရိုက်ခတ်သွားခဲ့သည်။
လွင့်မျောနေသော ဆေးလိပ်ငွေ့များကြားတွင် မိန်းကလေးတစ်ဦးကို ဖက်ထားရင်း အန်စာတုံး ကစားနေသော ချောင်ဝမ်ပေါက ကျန်းခိုင်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ "အိုး... ရှားရှားပါးပါး ဧည့်သည်ပါလား..."
အခန်းထဲရှိ လူငယ် ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့်က လှမ်းကြည့်လိုက်ကြပြီး သူတို့ထဲမှ တစ်ယောက်က လေချွန်လိုက်၏။ “အဲဒါ အစ်ကိုခိုင် မဟုတ်လား။ လာ... လာ... ပြစ်ဒဏ်အနေနဲ့ သုံးခွက် သောက်ရမယ်...”
ချောင်ဝမ်ပေါက ကျန်းခိုင်ကို သူ့ဘေးသို့ ဆွဲခေါ်ကာ Ace of Spades တစ်ခွက် ငဲ့ပြီး ထိုးပေးလိုက်၏။ “သန်းခေါင်ယံကြီး ဘာကိစ္စ ရှိလို့လဲ...”
(NT- ဘားမရောက်ဘူးတော့ ဘာလဲမသိဘူး...)
ကျန်းခိုင်က ခွက်ကို ယူ၍ တစ်ကျိုက်တည်း သောက်ချလိုက်လေသည်။ ထို့နောက် ချောင်ဝမ်ပေါ၏ နားနားသို့ ကပ်ကာ အော်ပြောလိုက်၏။ “အရေးကြီး ကိစ္စရှိတယ်။ အပြင်မှာ စကားပြောရအောင်...”
ချောင်ဝမ်ပေါက မျက်ခုံးတစ်ဖက်ကို ပင့်ကာ ကျန်းခိုင်၏ ပခုံးကို ဖက်ပြီး သီးသန့်အခန်းထဲမှ ယိမ်းယိုင်ကာ ထွက်သွားလေသည်။
စင်္ကြံလမ်းရှိ အသံလုံတံခါးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဂီတသံက တစ်ဝက်ကျော်ခန့် ချက်ချင်း လျော့ကျသွားခဲ့သည်။
“ဘာတွေ အရေးတကြီး ဖြစ်နေတာလဲ.... ” ချောင်ဝမ်ပေါက နံရံကို မှီကာ သူ၏ လက်ချောင်းများကြားတွင် သောက်လက်စ ဆေးပြင်းလိပ်တစ်လိပ်ကို ညှပ်ထားချေသည်။
ကျန်းခိုင်က ပတ်ဝန်းကျင်ကို လျှို့ဝှက်စွာ ကြည့်လိုက်ပြီး လေသံကို နှိမ့်ကာ “အဲဒီနေ့က ငါ မင်းကို ပြောခဲ့တာ မှတ်မိလား။ ချင်မင်းဆက်ကို အချိန်ခရီးသွားတဲ့ကိစ္စလေ...”
ချောင်ဝမ်ပေါက ခေါင်းညိတ်လိုက်၏။ “မှတ်မိတယ်။ ဘာဖြစ်လို့လဲ...”
ကျန်းခိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ “မင်းအတွက် သတင်းကောင်း ရှိတယ်။ ချင်မင်းဆက်ကို အချိန်ခရီးသွားတာကို ကိုယ်တိုင် ခံစားခွင့်ရမယ့် အခွင့်အရေး ရှိတယ်...”
ချောင်ဝမ်ပေါက မျက်လုံးကို လှန်လိုက်သည်။ “မင်း နောက်နေတာကို ရပ်လို့ရမလား။ ငါ မင်းနဲ့ ကစားနေဖို့ အချိန်မရှိဘူး...”
သူက မယုံကြည်သည်ကို မြင်သောအခါ ကျန်းခိုင်မှာ စိုးရိမ်လာချေသည်။ “ငါ အမှန်တိုင်း ပြောနေတာပါဟ..”
ချောင်ဝမ်ပေါက သူ့ကို ဤကိစ္စနှင့် ပတ်သက်၍ လုံးဝ စကားမပြောချင်တော့ချေ။ သူသည် နောက်သို့ လှည့်ကာ ပြန်လျှောက်သွားပြီး သီးသန့်အခန်း၏ တံခါးကို တွန်းဖွင့်လိုက်၏။ ကျန်းခိုင်လည်း သူ့နောက်မှ လိုက်လာခဲ့သည်။
“ဒီတစ်ခါလောက် ငါ့ကို ယုံစမ်းပါ။ ငါ မင်းကို ဘယ်တော့မှ မလိမ်ဘူး...”
အခြားသူများက သူတို့နှစ်ဦး၏ လုပ်ရပ်များကို စိတ်ဝင်စားသွားကြပြီး အချို့က သီးသန့်အခန်းထဲရှိ ဂီတသံကို လျှော့လိုက်ကြ၏။
“မင်းတို့ ဘာဖြစ်နေကြတာလဲ...”
“လိမ်တယ်ဆိုတာက ဘာသဘောလဲ...” သီးသန့်အခန်းထဲရှိ အခြားလူငယ်များက မေးလိုက်ကြသည်။
ချောင်ဝမ်ပေါက သားရေဆိုဖာပေါ်သို့ ပျင်းရိစွာ မှီချလိုက်ပြီး သူ၏ လက်ထဲရှိ ဝိုင်ခွက်ကို လှည့်ကစားနေလေသည်။ “ငါတို့ရဲ့ သခင်လေးကျန်းက သူ ချင်မင်းဆက်ကို အချိန်ခရီးသွားပြီး ချင်ရှီဟွမ်နဲ့ တွေ့ခဲ့တယ်တဲ့ကွာ... ”
သူက စကားလုံးများကို တမင်တကာ ဆွဲငင်ကာ ပြောလိုက်ချေသည်။ “အခု ငါ့ကို လာပြောတာ... ငါလည်း ချင်မင်းဆက်ကို အချိန်ခရီးသွားခွင့် ရမယ်တဲ့လေ...”
သီးသန့်အခန်းထဲတွင် ရယ်သံများ ပေါက်ကွဲထွက်လာချေသည်။
“ဟားဟား... ကျန်းခိုင်... မင်း ငါတို့ကို လာနောက်နေတာ မဟုတ်ဘူးမလား..”
“ချင်မင်းဆက် ဟုတ်လား။ ကောင်းကင်ဘုံကို သွားခဲ့တယ်လို့ပဲ ပြောလိုက်ပါတော့လား...”
“ငါ မင်းကို စိတ်ကျန်းမာရေး ဆေးရုံတစ်ခု ညွှန်းပေးရမလား။ ငါ့ဦးလေး ပိုင်တာလေ...”
ငွေရောင်ဆံပင်ဆိုးထားသော လူငယ်တစ်ဦးက ရယ်မောရင်း သူ၏ ပေါင်ကို ရိုက်လိုက်၏။ “ကျန်းခိုင်... နောက်တစ်ခါ အချိန်ခရီးသွားရင် ရင်းကျန့်ဆီက လက်မှတ်တောင်းခဲ့ဖို့ မမေ့နဲ့နော်”
အခြားတစ်ယောက်က ညစ်ကျယ်ကျယ် ပြုံးကာ သူ၏ ဖုန်းကို ထုတ်လိုက်သည်။ “လာ... ဗီဒီယို ရိုက်ကြရအောင်။ ခိုင်.... ကင်မရာရှေ့မှာ မင်းရဲ့ အချိန်ခရီးသွား အတွေ့အကြုံကို ထပ်ပြောပြပါဦး...”
ကျန်းခိုင်သည် သီးသန့်အခန်း၏ အလယ်တွင် ရပ်နေပြီး သူ၏ မျက်နှာမှာ နီရဲနေကာ ဆပ်ကပ်ထဲမှ မျောက်တစ်ကောင်နှင့် တူနေချေသည်။
နောက်ခံအသံအဖြစ် လေချွန်သံများနှင့် “နောက်တစ်ခေါက် ထပ်ပြောပါဦး”ဟူသော အော်ဟစ်သံများ ထွက်ပေါ်နေခဲ့သည်။ အချို့က သူတို့၏ ဖုန်းဓာတ်မီးများကို ဖွင့်ကာ သူ့ကို အရူးအမူး ဝှေ့ယမ်းပြနေခဲ့ကြသည်။
“ငါ အမှန်တိုင်း ပြောနေတာကွ...” ကျန်းခိုင်က ထိုသူ၏ ဖုန်းကို လုယူလိုက်ပြီး ချောင်ဝမ်ပေါဘက်သို့ လှည့်လိုက်၏။ “ငါတို့ လောင်းကြေးထပ်ကြမလား... ”
“တကယ်လို့ ငါ မင်းကို ချင်မင်းဆက်ဆီ အချိန်ခရီးသွားခွင့်ရအောင် တကယ်လုပ်ပေးနိုင်ရင် မင်းက သုံးလတိတိ ငါ့ရဲ့ နောက်လိုက်လုပ်ရမယ်။ ငါခိုင်းတာမှန်သမျှ လုပ်ရတဲ့ အခိုင်းအစေမျိုးပေါ့။ တကယ်လို့ အဲဒီလို မဖြစ်လာဘူးဆိုရင်တော့ ငါက ခြောက်လတိတိ မင်းရဲ့ နောက်လိုက်လုပ်မယ်။ မင်း အရှေ့သွားဆို အရှေ့... အနောက်သွားဆို အနောက်သွားမယ့်သူမျိုးပေါ့... ဘယ်လိုလဲ”
ချောင်ဝမ်ပေါသည် မတ်မတ်ထိုင်လိုက်ပြီး အံ့အားသင့်စွာ ကြည့်လိုက်၏။ “မင်းက ဒီလောက်ထိတောင် လုပ်မယ်ပေါ့...”
“ဘယ်လိုလဲ... မင်း လောင်းမလား မလောင်းဘူးလား” ဤပွဲတွင် နိုင်မည်ဟု ယုံကြည်နေသောကြောင့် ကျန်းခိုင်မှာ လုံးဝ အရှုံးပေးမည့်ပုံ မပေါ်ချေ။
အခြားသူများက ချက်ချင်းပင် သူ့ကို အားပေးအားမြှောက်ပြုကြပြီး ချောင်ဝမ်ပေါကိုလည်း လိုက်လောင်းရန် တိုက်တွန်းနေခဲ့ကြသည်။
လူအုပ်ကြီး ဝိုင်းရံနေစဉ်တွင် ချောင်ဝမ်ပေါက စားပွဲကို လက်ဖြင့် ရိုက်လိုက်ပြီး ကြေညာလိုက်သည်။ “လောင်းကြေးထပ်မယ်...”
သီးသန့်အခန်းအတွင်းရှိ ဆူညံပွက်လောရိုက်မှုက ပိုမို ကြီးမားလာပြီး လူငယ်အချို့က ရှေ့သို့ ရောက်ရန် တိုးဝှေ့နေကြလေသည်။
“ငါလည်း ပါမယ်” အူဂျာက သူ၏ ဖန်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချလိုက်၏။ “မင်းက ငါ့ရဲ့ Limited Editionအရုပ်ကို အမြဲတမ်း သဘောကျနေတာဆိုတော့ အဲဒါကို လောင်းကြေးထပ်မယ်”
ဖုန်းယီမင်က သူ၏ ဒေါ်လာ တစ်သန်းတန် နာရီကို စားပွဲပေါ် တင်လိုက်ခေသည်။ “ငါ ဒါနဲ့ လောင်းမယ်”
ကျန်းချန်ကလည်း နောက်မကျစေရန် သူ၏ ကားသော့ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ကြေညာလိုက်၏။ “ငါ ဖာရာရီ တစ်စီးနဲ့ လောင်းမယ်”
ကျန်းခိုင်၏ မျက်လုံးများ တောက်ပသွားပြီး သူ၏ အကြည့်များက သူတို့ သုံးဦးအပေါ်သို့ ဖြတ်ဝဲသွားချေသည်။ “မင်းတို့ သုံးယောက်စလုံးက ယွင်ရှန်ရှယ် အိမ်ရာက အိမ်ပိုင်ရှင်တွေ မဟုတ်လား”
“ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ” ထိုမေးခွန်းကြောင့် အူဂျာမှာ တွေဝေသွားရသည်။
“သဘောတူတယ်။ မင်းတို့ သုံးယောက်ပါမယ်” ကျန်းခိုင်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ ပေါင်ကို ရိုက်လိုက်၏။
ငွေရောင်ဆံပင်နှင့် သခင်လေးက ကမန်းကတန်း အော်ပြောလိုက်သည်။ “နေပါဦး။ ငါရော... ငါ့ကို မေးသေးလို့လား။ ဆုံးဖြတ်ပြီးပြီ... ဒီလို ပျော်စရာကောင်းတဲ့ ကိစ္စမျိုးမှာ သခင်လေးကျန်းဖြစ်တဲ့ ငါမပါဘဲ ဘယ်ပြည့်စုံပါ့မလဲ...”
“ဟုတ်တယ် ငါက အပြာရောင် McLaren တစ်စီးနဲ့ လောင်းမယ်”
(NT- တစ်ချို့ဟာတွေက မြန်မာလို ရေးရင် အဆင်မပြေလို့ engလို ထည့်ထားပါတယ်)
“ငါလည်း တစ်ခုထည့်မယ်”
ကျန်းခိုင်မှာ အလွန် သွေးဆောင်ခံနေရသော်လည်း ကံမကောင်းစွာဖြင့် သူတို့က အရည်အချင်း မပြည့်မီချေ။
ကျန်းခိုင်က ခေါင်းခါလိုက်၏။ “ဝူကျဲနဲ့ တခြားနှစ်ယောက်ကတော့ အဆင်ပြေတယ်... ဒါပေမဲ့ မင်းတို့ကတော့ အရည်အချင်း မမီဘူး... ”
အခြားလူငယ်များက ချက်ချင်းပင် ကန့်ကွက်ကြလေသည်။ “ဘာလို့ မမီရမှာလဲ...”
“ဟုတ်တယ်လေ။ သူတို့ကိုယ်သူတို့ ဘယ်သူလို့ ထင်နေကြတာလဲ”
လူအုပ်ကြီး ဝိုင်းရံထားသဖြင့် ကျန်းခိုင်က သူ၏ အသံကို မြှင့်လိုက်ရသည်။ “ငါက ဘက်လိုက်တာ မဟုတ်ဘူး။ အဲဒါက စည်းမျဉ်းပဲ... ယွင်ရှန်ရှယ်အိမ်ရာက အိမ်ပိုင်ရှင်တွေပဲ အရည်အချင်း ပြည့်မီတာ”
“ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စည်းမျဉ်းတွေလဲဟ” ငွေရောင်ဆံပင်နှင့် သခင်လေး ကျန်းထျန်းချန်က ဒေါသတကြီး ပြောလိုက်၏။ “မနက်ဖြန် ယွင်ရှန်ရှယ်မှာ အိမ်တစ်လုံး ဝယ်လိုက်မယ်...”
ချောင်ဝမ်ပေါက ကျန်းခိုင်၏ လည်ပင်းကို ဖမ်းဆွဲကာ ပြောလိုက်လေသည်။ “မင်း လာမနောက်တာ ပိုကောင်းမယ်နော်... မင်း ငါ့ကို လိမ်ရဲရင်တော့...”
သူက မျက်လုံးကို မှေးလိုက်၏။ “ခြောက်လတိတိ တပည့်ခံရမယ်... တစ်ရက်တောင် မလျော့စေနဲ့”
အူဂျာနှင့် သူ၏အဖော်နှစ်ဦးက သူတို့၏ ဖုန်းများကို စိတ်အားထက်သန်စွာ ထုတ်လိုက်ကြသည်။ “ငါတို့ ဘယ်တော့ သွားမှာလဲ။ ဘာတွေ ပြင်ဆင်ဖို့ လိုလဲ...”
“ငါ မသိဘူး... ထွက်ဖို့ အနည်းဆုံး လူဆယ်ယောက် လိုတယ်။ အခုက မင်းတို့ လေးယောက်တည်း ရှိသေးတာ” ကျန်းခိုင်က သူ၏ လက်များကို ဖြန့်ကာ မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားနေချေသည်။ “မင်းတို့ရဲ့ မိသားစုတွေကိုပါ ခေါ်သွားရင်ရော ဘယ်လိုလဲ...”