အခန်း (၂၆) မစ်ရှင် အခက်အခဲ တိုးလာခြင်း
ရိယဲ့ ခရီးသွားအေဂျင်စီ။
ကျန်းယဲ့သည် မွန်းလွဲပိုင်းတွင် ခရီးသွားအေဂျင်စီသို့ ပြန်ရောက်လာခဲ့သည်။
“စနစ်... ပြီးမြောက်မှုအတွက် ရှင်းတမ်းထုတ်ပေး”
[အဓိကမစ်ရှင် ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုကြေး- သက်တမ်း တစ်လခွဲနဲ့ အပိုဆုကြေး ၂၀၀,၀၀၀။]
[ပေးအပ်ပြီးပါပြီ..]
စက်သံ ပျောက်ကွယ်သွားသည်နှင့်အမျှ လဝက်သာ ရှိသေးသည့်အတွက် သူ့သက်တမ်း တိုးလာသည်ကို မခံစားရသော်လည်း ဘဏ်၏ ငွေဝင်ကြောင်း အသိပေးချက်ကတော့ ငြင်းမရနိုင်အောင် အမှန်ပင်။
သူ့အကောင့်ထဲသို့ နောက်ထပ် ယွမ် ၂၀၀,၀၀၀ ဝင်လာသည်ကို မြင်သောအခါ ကျန်းယဲ့သည် အလွန်ဝမ်းသာသွား၏။
[ခရီးသွားမစ်ရှင် ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်...]
[ဆုကြေး - ခြေလှမ်းတစ်ရာအကွာ... မြားတစ်စင်းဖြင့် မိုးမခရွက်ကို ဖောက်ထွင်းနိုင်ခြင်း]
[လဲလှယ်မလား...]
စွမ်းရည်တွေရထားပြီး မလဲလှယ်ဘူးဆိုလျှင် ဆုကြေးတွေကို အလဟဿ ဖြစ်သွာမှာပေါ့.....
ထို့ကြောင့် ဘာမှများများစားစား ပြောနေစရာမလိုဘဲ လဲလှယ်လိုက်ရုံသာဖြစ်သည်။
“လဲလှယ်မယ်...”
အောင်မြင်စွာ လဲလှယ်ပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းယဲ့၏ စိတ်ထဲတွင် လေးပစ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ ချက်ချင်း ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် သူသည် ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သော ဝါရင့်လေးသမားတစ်ဦးကဲ့သို့ ခံစားလိုက်ရပြီး သူ့ဘေးတွင် လေးတစ်လက် မရှိသည်ကိုသာ နှမြောနေမိချေသည်။
နောက်ခဏ၌ သူ့အကြည့်က ထောင့်တွင်ရှိသော မြှားပစ်ဒိုင်းဆီသို့ ကျရောက်သွားခဲ့သည်။ သူသည် မြှားတစ်စင်းကို ကောက်ကိုင်လိုက်ပြီး ခြေတစ်လှမ်းချင်း နောက်ဆုတ်သွားကာ ခရီးသွားအေဂျင်စီ၏ အဝင်ပေါက်နှင့် နီးကပ်လာသောအခါ သူ၏ မျက်လုံးများကို အနည်းငယ် မှေးလိုက်ရာ မျက်လုံးထဲတွင် စူးရှသော အရိပ်အယောင်တစ်ခု ပေါ်လွင်လာလေသည်။
ထို့နောက် သူက မြှားကို ပစ်လွှတ်လိုက်ရာ ၎င်းက ဒိုင်း၏ အလယ်ဗဟိုသို့ တည့်မတ်စွာ ကျရောက်သွားချေသည်။
အိုး... ဘုရားရေ....
ဒီခံစားချက်က မြှားစစ်စစ်တွေနဲ့ဆိုရင် ပိုတောင် ကောင်းဦးမယ်။
ထိုအချိန်၌ ကျန်းယဲ့၏ ဖုန်းက ရုတ်တရက် တုန်ခါသွားခဲ့သည်။ သူက ဝီချက်ဂရုကို ဖွင့်ကြည့်လိုက်ရာ သူ့ကို မန်းရှင်းခေါ်ထားသည့် စာများဖြင့် ပြည့်လျှံနေလေသည်။
[@Director Jiang Ye.....]
[@Jiang Ye၊ ကျွန်တော်တို့လည်း သွားချင်တယ်....]
[@Jiang Ye၊ ခင်ဗျား ဘက်လိုက်လို့ မရဘူးနော်....]
ကျန်းယဲ့က မတတ်သာသည့်အဆုံး ပြန်စာပို့လိုက်၏။ [မင်းတို့က တစ်ခေါက် ရောက်ပြီးသားဆိုတော့ လောလောဆယ် အရည်အချင်း မပြည့်မီသေးဘူး..]
စာပို့လိုက်သည်နှင့် တစ်ပြိုင်နက် ဂရုချက်တစ်ခုလုံး ပွက်လောရိုက်သွားချေသည်။
ကျန်းမင်ဟွေ့- [ဘာ... အကြိမ်အရေအတွက် ကန့်သတ်ချက် ရှိတာလား]
ဝမ်ဟိုင်ဖုန်း- [ဒါရိုက်တာကျန်း... ကျွန်တော်တို့က ပထမဆုံးအသုတ်က ဝါရင့်အဖွဲ့ဝင်တွေလေဗျာ...]
လျိုကျန်းတုန်း- [ဒီဟာက cooldown တောင် ရှိသေးတာလား...]
လီကျန်းကော်- [ကျွန်တော် ဘယ်တော့ အရည်အချင်းပြည့်မီမှာလဲ။ နောက်လလား... နောက်နှစ်လလား]
ကျန်းထောင်က ဒူးထောက်တောင်းပန်နေသည့် အီမိုဂျီတစ်ခုကို တင်လိုက်၏။ [ဒါရိုက်တာကျန်း... ကျွန်တော်တို့ ပြီးခဲ့တဲ့တစ်ခေါက်က ချင်ရှီဟွမ်ကို မမြင်ခဲ့ရတဲ့အပြင် မုန့်ရီနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ အခွင့်အရေးတောင် မရခဲ့ဘူး။ ဒါ မတရားဘူး.... ဘာလို့ သူတို့က ချင်ရှီဟွမ်ကို မြင်ရပြီး မုန့်ရီနဲ့ ဓာတ်ပုံတွဲရိုက်ခွင့် ရတာလဲ.... ]
ဝမ်ဟိုင်ဖုန်းက စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။ [ကျွန်တော်တို့ ပြီးမြောက်ဖို့ လိုအပ်တဲ့ မစ်ရှင်တစ်ခုခု ရှိလား။ ဒါရိုက်တာကျန်း... သာပြောလိုက်ပါ။ ကျွန်တော်က မီးပင်လယ်ဖြစ်ဖြစ် ရေပင်လယ်ဖြစ်ဖြစ် ဖြတ်ကျော်ဖို့ အဆင်သင့်ပဲ...]
လျိုကျန်းတုန်းကလည်း ချက်ချင်း ဝင်ပြောလိုက်လေသည်။ [အရည်အချင်းပြည့်မီဖို့အတွက် ဘာမဆို လုပ်ပါ့မယ်...]
ကျန်းယဲ့သည် စာများဖြင့် ပြည့်လျှံနေသော ဂရုချက်ကို ကြည့်ရင်း ရယ်ချင်စိတ်ရော ဒေါသထွက်စိတ်ပါ ဖြစ်ပေါ်လာရသည်။
ဒီလူတွေက ချင်မင်းဆက်ကို ပြန်သွားဖို့ တကယ်ကို စိတ်အားထက်သန်နေကြတာပဲ။
စနစ်က နောက်ထပ် ဘယ်လိုစည်းမျဉ်းတွေ ချမှတ်လာမလဲဆိုတာ ငါ တကယ် မသိဘူးလေ။
သူက [နောက်ထပ် အကြောင်းကြားစာကို စောင့်ပါ] ဟုသာ ပြန်ပြောနိုင်ခဲ့သည်။
စာတစ်ကြောင်းတည်းက တစ်ဂရုလုံးကို ချက်ချင်းပင် စိတ်ပျက်လက်ပျက် အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာစေလေသည်။
ခရီးသွားအေဂျင်စီအတွင်း၌ ကျန်းယဲ့သည် အဝင်ပေါက်တွင် ယာယီပိတ်ထားသည်ဟု ရေးထားသော ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူ၏ လက်ဝယ်တွင် စနစ်ရှိနေသဖြင့် တံခါးပေါက်သို့ အလိုအလျောက် လာရောက်သော ဖောက်သည်များကို ဝန်ဆောင်မှုပေးရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
‘ဒီည စနစ်က မစ်ရှင်တွေ ဆက်ပေးမလား မသိဘူး’
သို့သော် ကျန်းယဲ့က သန်းခေါင်ယံအထိ စောင့်နေခဲ့သော်လည်း စနစ်က မစ်ရှင်မပေးခဲ့ချေ။
‘ကောင်းပြီ... အိပ်လိုက်တော့မယ်’
နောက်နေ့မနက်တွင် ကျန်းယဲ့သည် ကွန်ပျူတာကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူဟာ ဂရုချက်တစ်ခုထဲသို့ ထည့်သွင်းခံထားရကြောင်း တွေ့လိုက်ရ၏။
ဂရုနာမည်- [ချင်မင်းဆက် ခရီးသွားအဖွဲ့ ၂]
ကောင်လေးတစ်စုသည် မနက် ၂ နာရီအထိ စကားပြောပြီးမှ နောက်ဆုံးတွင် ရပ်သွားကြလေသည်။
သူ ဖုန်းပိတ်ပြီး အိပ်လိုက်တာ တော်သေးတာပေါ့.....
မျက်နှာသစ်ပြီးနောက် ကျန်းယဲ့သည် ရပ်ကွက်ထဲတွင် မနက်ခင်း ပြေးလွှားလေ့ကျင့်ခန်း လုပ်ခဲ့သည်။ အပြန်လမ်းတွင် နံနက်စာရောင်းသော ဆိုင်တစ်ဆိုင်တွင် ဝင်ကာ စပ်သော တို့ဟူးပေါက်စီ လေးလုံးနှင့် အရသာရှိသော တို့ဟူးပူတင်း တစ်ပန်းကန်ကို စားခဲ့လေသည်။
သူသည် ခရီးသွားအေဂျင်စီသို့ မပြန်မီ ဗိုက်ဝသွားခဲ့ချေသည်။
ထို့နောက် ကျန်းယဲ့သည် မွန်းလွဲပိုင်းအထိ စောင့်နေခဲ့သော်လည်း စနစ်ထံမှ မည်သည့်အသံမျှ မကြားရသေးချေ။
“ထူးဆန်းတယ်... မစ်ရှင်က တစ်နေ့ကို တစ်ခါ ပေးရမှာ မဟုတ်ဘူးလား”
ညဉ့်နက်ပိုင်းတွင် အိပ်ပျော်လုနီးပါး ဖြစ်နေသော ကျန်းယဲ့ဟာ နောက်ဆုံး၌ စနစ်၏ သာယာသော အသံကို ကြားလိုက်ရ၏။
[ဒင်... ဘီစီ ၂၁၈ ချင်မင်းဆက်သို့ နှစ်ရက်တာခရီးစဉ်အတွက် ယွင်ရှန်ရှယ်မှ ခရီးသွားဆယ်ဦးကို တစ်ဦးလျှင် ယွမ် ၄,၀၀၀ ဖြင့် စုဆောင်းပေးပါ။ မှတ်ချက်- ခရီးသွားများသည် ယွင်ရှန်ရှယ်ရှိ အိမ်ပိုင်ရှင်များ ဖြစ်ရမည်။ စုဆောင်းရန် ကာလ- သန်းခေါင်ယံမှစ၍ ၄၈ နာရီ။]
[မစ်ရှင်ဆုကြေး - အပိုသက်တမ်း တစ်လ၊ ငွေသား ၄၀၀,၀၀၀]
ခရီးသွားများကို ဆွဲဆောင်ရန် စုဆောင်းရမည့် ပစ်မှတ်အုပ်စုကို သေချာမြင်လိုက်ရပြီးနောက် ကျန်းယဲ့၏ မျက်စိရှေ့တွင် မှောင်မိုက်သွား၏။
ယွင်ရှန်ရှယ်သည် ဟန်ကျိုးမြို့ရှိ နာမည်ကြီး အဆင့်မြင့်အိမ်ရာတစ်ခုဖြစ်ပြီး ထိုနေရာတွင် နေထိုင်သူများအားလုံးမှာ သူဌေးများသာ ဖြစ်ကြသည်။
သူ့မိဘများက ခရီးသွားအေဂျင်စီကို နှစ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့သော်လည်း ထိုရပ်ကွက်မှ ဧည့်သည်များကို တစ်ခါမျှ ဝန်ဆောင်မှု မပေးခဲ့ဖူးချေ။
သူတို့သည် အမြဲတမ်း သီးသန့် စိတ်ကြိုက်ခရီးစဉ်များနှင့် အဆင့်မြင့် ခရီးသွားအစီအစဉ်များကိုသာ ရွေးချယ်လေ့ရှိကြပေသည်။
သူ့ခရီးစဉ်က ချင်မင်းဆက် ဖြစ်နေသည်ကို မပြောနှင့်ဦး... ဒီနေရာမှာ နေတဲ့သူတွေက သူ့အေဂျင်စီနဲ့ ဘယ်လိုလုပ် လိုက်နိုင်မည်နည်း။
ကျန်းယဲ့က စဉ်းစားကြည့်ရာ ဖောက်သည်များကို ဆွဲဆောင်ရန် သူသုံးခဲ့သော လှည့်ကွက်များက ယွင်ရှန်ရှယ် လူနေအိမ်ရာတွင် အလုပ်ဖြစ်မည်မဟုတ်ကြောင်း သဘောပေါက်သွားချေသည်။
သူသည် ယွင်ရှန်ရှယ် အိမ်ရာတွင် နေထိုင်သူ မည်သူ့ကိုမျှ မသိသော်လည်း သူ၏ လူမှုအသိုင်းအဝိုင်းထဲမှ တစ်ယောက်ယောက်ကတော့ သိကောင်း သိနိုင်ပေသည်။
ကျန်းယဲ့က သူ၏ ဝီချက် မိုးမန့်စ်တွင် စာတစ်ကြောင်း တင်လိုက်၏။ [ယွင်ရှန်ရှယ်မှာ နေတဲ့သူ တစ်ယောက်ယောက်ကို သိတဲ့သူ ရှိလား။ အရေးတကြီး အကူအညီ လိုနေလို့ပါ...]
ဝီချက်မိုးမန့်စ်တွင် အခြေအနေ အပ်ဒိတ်များ တင်ရုံဖြင့်တော့ လုံးဝ မလုံလောက်ချေ။ ကျန်းယဲ့တွင် ခရီးသွားလုပ်ငန်းမှ လုပ်ဖော်ကိုင်ဖက် တော်တော်များများကို သိပြီး သူတို့အတွက် ဝီချက်ဂရု မြောက်မြားစွာ ရှိလေသည်။
သူသည် လုပ်ဖော်ကိုင်ဖက်များ၏ ဝီချက်ဂရု အားလုံးသို့ ထိုစာကို ပို့လိုက်ပြီး ချင်မင်းဆက် ခရီးသွားအဖွဲ့၏ ဝီချက်ဂရု နှစ်ခုသို့လည်း ပို့လိုက်၏။
ဝီချက်ဂရု အားလုံးကို တန်းတူညီမျှ သဘောထားရမည်မဟုတ်လော။
ကျန်းယဲ့သည် ဝီချက်ဂရု နှစ်ခုသို့ တစ်ပြိုင်နက်တည်း စာပို့လိုက်၏။
“ယွင်ရှန်ရှယ် အိမ်ရာမှာ နေတဲ့သူ တစ်ယောက်ယောက်ကို သိတဲ့သူ ရှိလား”
ချင်မင်းဆက် ခရီးသွားအဖွဲ့ ၁ (၅ ဦး)
ကျန်းယဲ့ စာတင်လိုက်သည်နှင့် တစ်ပြိုင်နက် ဂရုထဲရှိ လူတိုင်း ချက်ချင်း အွန်လိုင်းပေါ် ရောက်လာကြလေသည်။
ကျန်းမင်ဟွေ့- [ကျွန်တော် မသိဘူး... ဒါရိုက်တာကျန်း ဘာဖြစ်လို့လဲ]
ဝမ်ဟိုင်ဖုန်း- [အဲဒါက သူဌေးတွေ နေတဲ့နေရာ မဟုတ်ဘူးလား။ ကျွန်တော်က အဲဒါကို သိဖို့ ထိုက်တန်တယ်လို့ ခင်ဗျား ထင်နေတာလား...]
လျိုကျန်းတုန်း- [ကျွန်တော် ဒီက ဘယ်သူ့ကိုမှ မသိဘူး...]
ကျန်းထောင်- [ကျွန်တော့် ပရိသတ်တွေထဲမှာတော့ ရှိကောင်းရှိနိုင်တယ်။ သူတို့ကို မေးပေးရမလား...]
လီကျန်းကော်- [ကျွန်တော် မသိဘူး...]
ကျန်းယဲ့က ကျန်းထောင်ကို တိုက်ရိုက် အကြောင်းပြန်လိုက်၏။ [ကျွန်တော့်အတွက် စုံစမ်းပေးပါဦး...]
ကျန်းမင်ဟွေ့- [ဒါရိုက်တာကျန်း.... ကိစ္စတစ်ခုခု ရှိလို့လား]
ကျန်းယဲ့က စကားကို လှည့်ပတ်မနေတော့ဘဲ သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောလိုက်၏။ [ချင်မင်းဆက် တတိယအဖွဲ့က မကြာခင် ဖွင့်တော့မယ်။ ကြိုတင်လိုအပ်ချက်က ယွင်ရှန်ရှယ် အိမ်ရာမှာ နေထိုင်သူ ဖြစ်ရမယ်...]
ထိုစာကို မြင်ပြီးနောက် လူငါးယောက်စလုံး ပွက်လောရိုက်သွားချေသည်။
ထိုလူငါးယောက်သည် အထက်ပါ အချက်အလက်များကို မြင်သောအခါ နောက်ဆက်တွဲပါလာသည့် စည်းကမ်းချက်များကို လုံးဝ လျစ်လျူရှုလိုက်ကြ၏။
ကျန်းထောင်- [ကျွန်တော် စာရင်းပေးချင်တယ်... စာရင်းပေးချင်တယ်...]
လီကျန်းကော်- [ဒါရိုက်တာကျန်း... ကျွန်တော့် မိန်းမနဲ့ ကလေးကို ခေါ်သွားချင်တယ်...]
ကျန်းယဲ့က သူတို့ကို သတိပေးလိုက်၏။ [ခင်ဗျားတို့က ယွင်ရှန်ရှယ်မှာ နေတဲ့သူဆိုရင်တော့ ရပါတယ်။ ညီအစ်ကိုတို့.... ယွင်ရှန်ရှယ်မှာ နေတဲ့သူ တစ်ယောက်ယောက်ကို သိတဲ့သူ ရှိမရှိ စုံစမ်းပေးကြပါဦး။ ခင်ဗျားတို့ ခေါ်လာတဲ့ လူတစ်ယောက်ချင်းစီအတွက် အကျိုးဆောင်ခ ပေးပါ့မယ်]
ကျန်းထောင်- [အား.... ဘာလို့ ယွင်ရှန်ရှယ်က အိမ်ပိုင်ရှင် ဖြစ်ရတာလဲ..]
ကျန်းမင်ဟွေ့- [ဒါရိုက်တာကျန်း... ခင်ဗျားအတွက် ကျွန်တော် မေးပေးပါ့မယ်]
လျိုကျန်းတုန်း- [ကျွန်တော်လည်း ခင်ဗျားအတွက် မေးပေးမယ်...]
...
ချင်မင်းဆက် ခရီးသွားအဖွဲ့ ၂ (၈ ဦး)
ဂရုထဲရှိ လူရှစ်ယောက်စလုံးမှာ ညဉ့်ငှက်များ ဖြစ်ကြသဖြင့် သဘာဝကျကျပင် ဤအချိန်၌ မည်သူမျှ မအိပ်ကြသေးချေ။
ကျန်းယဲ့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းက အနံ့ခံမိသကဲ့သို့ ချက်ချင်း ရောက်လာကြသည်။
ဖန်ကောင်းချန်- [ဒီနာမည်က ကြားဖူးသလိုပဲ။ ဒီမှာ ဘယ်သူနေလဲဆိုတာ ငါ မှတ်မိနေသလားလို့...]
ရှီရှောင်ယွီ- [ဟူး... ကျွန်မတို့ မိသားစုကတော့ အဲဒီမှာ နေနိုင်ဖို့ မတတ်နိုင်ဘူး...]
ကျိန်းချန်- [အဲဒီအိမ်ရာရဲ့ ပင်မတံခါးက ဘယ်ဘက်ကို လှည့်နေမှန်းတောင် ငါ မသိဘူး...]
လီလင်- [+1]
ဝူရှောင်ရှီ- [+1]
ကျောင်လဲ့- [+1]
လီကျွင်း- [+1]
ကျန်းခိုင်က ရုတ်တရက် ဝင်ပြောလိုက်၏။ [ငါ့သူငယ်ချင်း ချောင်ဝမ်ပေါ အဲဒီမှာ နေတယ်လေ။ သူဌေးကြီးကွ... ဒါရိုက်တာကျန်း... ဘာကိစ္စရှိလို့လဲ]
ကျန်းခိုင် စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် အခြားသူများအားလုံးကလည်း အလားတူအချက်ကို သဘောပေါက်သွားကြလေသည်။
သူတို့ချက်ချင်း သတိမရတာလည်း အံ့သြစရာတော့ မဟုတ်ချေ။ သူတို့က ချောင်ဝမ်ပေါကို ကျန်းခိုင်ကြောင့် အကြိမ်အနည်းငယ် တွေ့ဖူးရုံမျှသာ သိကျွမ်းခြင်းဖြစ်ပြီး သူတို့၏ ဆက်ဆံရေးမှာ သိပ်မနက်ရှိုင်းပေ။