အခန်း (၂၅) အားလုံးက မယုံကြည်ကြခြင်း
“လုပ်မနေပါနဲ့” ချောင်ဝမ်ပေါက သစ်သီးဖျော်ရည်တစ်ငုံ သောက်ရင်း အေးဆေးစွာ ပြောလိုက်၏။ “မင်းတို့က ငါ့ကို လာနောက်နေတာလား။ တကယ်လို့ အချိန်ခရီးသွားခဲ့တယ်ဆိုရင်တောင် သက်သေပြစရာ တစ်ခုခု ပါလာလို့လား...”
“ပါတာပေါ့” ကျန်းခိုင်က နောက်သို့လှည့်ကာ သူ၏ ကျောပိုးအိတ်ထဲမှ ကြမ်းတမ်းသော ကောက်ရိုးဖိနပ်တစ်ရန်ကို ဆွဲထုတ်လိုက်လေသည်။ “ကြည့်စမ်း။ ချင်မင်းဆက်က ကောက်ရိုးဖိနပ်အစစ်ကွ... ချင်မင်းဆက် ဖန်ချန်ဈေးကနေ ဝယ်လာတာ”
ချောင်ဝမ်ပေါက ခဏလောက် မျက်လုံးမှေးကြည့်ပြီး မေးလိုက်လေသည်။ “ထောင်ပေကနေ ၉.၉ ယွမ်နဲ့ အခမဲ့ ပို့ပေးတဲ့ဟာ မဟုတ်လား”
( NT- foodpanda လိုဟာထင်တယ် )
“နမ်းကြည့်လိုက်စမ်း...” ကျန်းခိုင်က ကောက်ရိုးဖိနပ်ကို ဖုန်းကင်မရာရှေ့သို့ ထိုးပေးလိုက်၏။ “ဒီ သဘာဝစစ်စစ် လက်လုပ် မြက်နံ့ကို... ဒီ အစွန်းအထင်းတွေကို... ခေတ်သစ်စက်ရုံတွေက ဒီလို အသွင်အပြင်မျိုး ထုတ်ပေးနိုင်လို့လားကွ... ”
“သွားစမ်းပါ....” ချောင်ဝမ်ပေါက ရွံရှာသော အမူအရာဖြင့် နောက်သို့ ဆုတ်လိုက်၏။ “မင်းက ဖန်သားပြင်ကနေ ဖိနပ်ကို နမ်းခိုင်းနေတာလား... ရူးနေလားဟ”
ဖန်ကောင်းချန်က ကင်မရာဘောင်ထဲသို့ ချက်ချင်း တိုးဝင်လာလေသည်။ “အစ်ကိုချောင်... ခရီးသွား ဘလော့ဂါတစ်ယောက်ကို သိလား။ သူ့နာမည်က ကျန်းထောင်တဲ့.. ကမ္ဘာပတ်ပြီး စားသောက်နေတဲ့သူလေ။ သူက ချင်မင်းဆက်ကို ပထမဆုံး အချိန်ခရီးသွားခဲ့တဲ့ သူတွေထဲက တစ်ယောက်ပဲ။ မယုံရင် သူ့ဗီဒီယိုတွေကို သွားကြည့်လို့ရတယ်...”
“အဲဒီ ခရီးသွားဘလော့ဂါက ကျန်းယဲ့နဲ့ အတူသွားခဲ့တာ။ ကျွန်တော်တို့ ရှစ်ယောက်ကလည်း လမ်းပြကျန်းနဲ့ အတူသွားခဲ့တာပဲ...”
သူတို့ စကားပြောလေလေ ပိုပြီး ယုံနိုင်စရာ မရှိလေလေ ဖြစ်လာသဖြင့် ချောင်ဝမ်ပေါက သူတို့ ရူးသွားပြီဟု ထင်လိုက်၏။
“မင်းတို့နဲ့ စကားမပြောချင်တော့ဘူး။ ပြောစမ်း.. မင်းတို့ ငါ့ဆီက ဘာလိမ်တောင်းချင်နေတာလဲ” ချောင်ဝမ်ပေါက သူ၏ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ထိုလူအုပ်ကို စကားမပြောနိုင်တော့လောက်အောင် ကြည့်နေလိုက်သည်။
ထိုအခြေအနေကို မြင်သောအခါ ကျန်းခိုင်က မျက်လုံးကို လှန်လိုက်ပြီး ပြောလိုက်ချေသည်။ “ယုံယုံ မယုံယုံ သဘောပဲ... နောက်မှ နောင်တမရနဲ့”
သူတို့ နှစ်ဖက်စလုံး ဗီဒီယိုကောလ်ကို ချလိုက်ကြလေသည်။
ချောင်ဝမ်ပေါက ပြတ်တောက်သွားသော ဗီဒီယိုကောလ်ကို ကြောင်ငေးကြည့်နေလိုက်၏။ ‘ဒီ အရူးတွေ...’
အခြားတစ်ဖက်တွင် ဝူရှောင်ရှီက သူ၏ မိသားစုထံ စိတ်လှုပ်ရှားစွာ ဗီဒီယိုကောလ်ခေါ်လိုက်ပြီး မိဘများ စကားပင် မပြောရသေးမီ သူက စိတ်မရှည်စွာ အော်လိုက်ချေသည်။ “အဖေနဲ့ အမေ... သား ချင်မင်းဆက်ကို အချိန်ခရီးသွားခဲ့တယ်ဗျ.. ပြီးတော့ ချင်ရှီဟွမ်နဲ့တောင် တွေ့ခဲ့သေးတယ်”
ဖန်သားပြင်ထဲတွင် ထမင်းစားနေသော မိဘနှစ်ပါးဟာ တစ်ပြိုင်နက်တည်း အစားစားခြင်းကို ရပ်တန့်သွားကြရသည်။
အဖေဖြစ်သူက မျက်မှန်ကို ပင့်တင်လိုက်၏။ “နောက်တစ်ခေါက် ပြန်ပြောစမ်း...”
“တကယ်ပြောတာ” ဝူရှောင်ရှီက ကောက်ရိုးဖိနပ်တစ်ရန်ကို မြှောက်ပြလိုက်သည်။ “ကြည့်ပါအုံး.... ဒါက ချင်မင်းဆက်တုန်းက ဝယ်လာတာ”
“ဒိုင်း...” အမေဖြစ်သူက စားပွဲပေါ်သို့ တူကို ဆောင့်ချလိုက်လေသည်။ “ဒီကောင်လေး... နင်က လိမ်ပြောတတ်နေပြီပေါ့လေ။ ပြီးခဲ့တဲ့လက ကားအက်ဆီးဒင့် ဖြစ်တယ်ဆိုပြီး လိမ်ထားတာကိုတောင် ငါ ရှင်းရသေးတာ မဟုတ်ဘူးနော်...”
“မဟုတ်ဘူး အမေ.... သား ရှင်းပြပါရစေ။ ဒီတစ်ခါ တကယ်ပါ။ သား တကယ် မလိမ်ပါဘူး” ဝူရှောင်ရှီက ဖုန်းထဲမှ ဓာတ်ပုံကို ချဲ့ပြလိုက်၏။ “ကြည့်... ဒါ မုန့်ရီလေ..”
အဖေဖြစ်သူက ၎င်းကို သုံးစက္ကန့်ခန့် မျက်လုံးမှေးကြည့်ပြီးနောက် ရုတ်တရက် ကြက်မွေးတံမြက်စည်းကို ဆွဲယူကာ ကင်မရာရှေ့သို့ ချိန်လိုက်ချေသည်။ “ဒီငတုံး... ဒါ ဟန်တျန်း ရုပ်ရှင်စတူဒီယိုကြီး မဟုတ်ဘူးလား။ ပြီးခဲ့တဲ့နှစ်ကတောင် ငါ အဲဒီကို အလည်သွားခဲ့သေးတယ်... ”
“ဖန်ကောင်းချန်နဲ့ တခြားသူတွေ သက်သေခံပေးနိုင်တယ်...”
သူက သူ၏ ပျော်ရွှင်မှုကို မိဘများကို စိတ်လှုပ်ရှားစွာ ဝေမျှခဲ့သော်လည်း သူတို့က လုံးဝ မယုံကြည်ကြချေ။
“သက်သေခံတာတွေ လာမလုပ်နဲ့” အမေဖြစ်သူမှာ ဒေါသကြောင့် တုန်ယင်နေခဲ့ရသည်။ “နင် အချိန်ရှိသရွေ့ အဲဒီ လူလိမ်တွေနဲ့ပဲ သွားရှုပ်နေတာ။ အခုတော့ မိဘတွေကိုတောင် လာလိမ်ရဲနေပြီပေါ့လေ။ နင် ပြန်လာတာကိုသာ စောင့်နေ... နင့်ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်”
ဗီဒီယိုကောလ်မှာ ရုတ်တရက် ပြတ်တောက်သွားပြီး ဝူရှောင်ရှီက သူ၏ ဖုန်းကို ကိုင်ထားရင်း ငိုချင်စိတ်ပေါက်လာလေသည်။
ဧည့်ခန်းထဲရှိ အခြားလူခုနစ်ယောက်မှာ ရယ်ချင်စိတ်ကို ထိန်းထားရသဖြင့် မျက်နှာများ နီရဲနေခဲ့ကြသည်။ ဖန်ကောင်းချန်က ညစ်ကျယ်ကျယ် အပြုံးဖြင့် ရှေ့သို့တိုးလာပြီး မေးလိုက်၏။ “ဘယ်လိုလဲ... မင်းအဖေ ယုံသွားလား”
“ချီးပဲ... သွားစမ်းပါ” ဝူရှောင်ရှီက ကောက်ရိုးဖိနပ်ဖြင့် ပစ်ပေါက်လိုက်သည်။
ဝူရှောင်ရှီ၏ ချင်မင်းဆက်သို့ အချိန်ခရီးသွားခဲ့သည်ဆိုသော စကားကို မည်သူမှ မယုံကြည်ရုံသာမက အခြားလူများအားလုံးမှာလည်း ထိုနည်းတူပင်။ မည်သူကမျှ သူတို့ ပြောနေသည်များကို မယုံကြည်ကြချေ။
လူရှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်လောကလုံး မူးနေချိန်မှာ မိမိတို့သာ အမူးပြေနေတဲ့ ပညာရှိများကဲ့သို့ ခံစားလိုက်ရ၏။
ဖန်ကောင်းချန် အိမ်ပြန်ရောက်သည်နှင့် ဖုန်းထဲမှ ဗီဒီယိုကို တည်းဖြတ်ပြီး အင်တာနက်ပေါ်သို့ တင်ရန် မစောင့်နိုင်အောင် ဖြစ်နေခဲ့သည်။
ခေါင်းစဉ်က အထူးသဖြင့် ဆွဲဆောင်မှုရှိနေပေသည်။
အစစ်အမှန် ရိုက်ကူးမှု- ချင်မင်းဆက်သို့ အချိန်ခရီးသွားခြင်း။
ပထမဧကရာဇ် ရင်းကျန့်ကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရခြင်း။
သူက ပို့စ်ထဲတွင် ကျန်းထောင်ကို အထူးတလည် မန်းရှင်းခေါ်ထားလေသည်။ “ပြီးခဲ့တဲ့အကြိမ်က လမ်းစရှာပေးခဲ့တဲ့ @ZhangTao ကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ ရှစ်ယောက်အဖွဲ့က ဧကရာဇ်မင်းနဲ့ အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့ပါတယ်”
( NT-သွားရှာကြည်ပါ... တကယ်တင်ထားပါတယ် 😁)
ဗီဒီယိုတင်ပြီး နာရီဝက်အတွင်း မှတ်ချက်ပေးသည့် နေရာတွင် ပွက်လောရိုက်သွားလေသည်။
[ကျန်းထောင်ရဲ့ နာမည်ကြီးမှုကို အခွင့်ကောင်းယူပြီး နာမည်ကြီးချင်တဲ့ နောက်တစ်ယောက်လား။ သူတို့တွေ ဒီလောက်နဲ့ မလုံလောက်ကြသေးဘူးလား...]
[ရယ်ရတယ်။ အထူးပြုလုပ်ချက်တွေက ပြီးခဲ့တဲ့တစ်ခေါက် ကျန်းထောင် တင်ခဲ့တဲ့ ဗီဒီယိုထက်တောင် ပိုဆိုးနေသေးတယ်...]
[အခုခေတ်မှာ အကောင့်လုပ်ရတဲ့ ကုန်ကျစရိတ်က အဲဒီလောက်တောင် နည်းနေပြီလား။ တောင်ပိုင်းကနေ အဝတ်အစားတစ်ခု ဝယ်ဝတ်ပြီး အချိန်ခရီးသွားတဲ့ ဇာတ်လမ်းလို့ ပြောလို့ရနေပြီလား...]
ဖန်ကောင်းချန်မှာ လျင်မြန်စွာ တိုးပွားလာနေသော အပျက်သဘောဆောင်သည့် မှတ်ချက်များကို ကြည့်ရင်း စိတ်ပူလာကာ ခေါင်းကို ဆက်တိုက် ကုတ်နေမိချေသည်။
သူက မုန့်ရီနှင့် တွဲရိုက်ထားသော ဓာတ်ပုံစခရင်ရှော့ကို မှတ်ချက်ပေးသည့်နေရာတွင် အမြန်တင်လိုက်၏။ “ကြည့်... ဒါ မုန့်ရီလေ... အစစ်ကြီးပါဆို”
သို့သော် ဤလုပ်ရပ်က ပိုမိုလှောင်ပြောင်မှုကိုသာ ရရှိစေခဲ့ချေသည်။
[မင်းရဲ့ ဖိုတိုရှော့ပ်လုပ်တဲ့ အရည်အချင်းက ကောင်းပါတယ်။ ဒါပေမဲ့ နောက်တစ်ခါ မလုပ်ပါနဲ့တော့... ]
[အဲဒီ သံချပ်ကာမျိုးကို တောင်ပိုင်းမှာ ငါ မြင်ဖူးတယ်။ လျှော့ဈေးနဲ့ဆို ၂၉၉ ယွမ်ပဲ... ပြီးတော့ အခမဲ့တောင် ပို့ပေးသေးတယ်..]
[နောက်တစ်ခါ အချိန်ခရီးသွားရင် အရှင်မင်းကြီးဆီ ကိုကာကိုလာ တစ်ဗူး ယူသွားပေးဖို့ မမေ့နဲ့။ ဒါမှ ပိုယုံစရာကောင်းမှာ...]
ဖန်ကောင်းချန်မှာ ဒေါသထွက်လွန်း၍ ဖုန်းကို ပစ်ပေါက်မတတ် ဖြစ်သွားရသည်။ ဘာကြောင့် ဒီအင်တာနက် အသုံးပြုသူတွေက သူ့ကို မယုံကြည်ကြသည်နည်း.....
သူက အံကြိတ်လိုက်ပြီး ကောက်ရိုးဖိနပ်များကို ဆွဲထုတ်ကာ အနီးကပ် ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်သို့ တင်လိုက်၏။ “သေချာကြည့်... ဒါ ချင်မင်းဆက်က ကောက်ရိုးဖိနပ်အစစ်တွေ”
မှတ်ချက်ပေးသည့် နေရာတွင် ပို၍ပင် ရယ်စရာကောင်းသွားလေသည်။
[ရီပို့ထုပြီးပြီ။ ကျေးဇူးတင်စရာ မလိုဘူး... ]
[နောက်တစ်ခါ အချိန်ခရီးသွားရင် လိုက်ဖ်လွှင့်ဖို့ မမေ့နဲ့ဦး...]
[ဒီနှစ်က တော်တော်ကို ရယ်စရာကောင်းတာပဲဟ... လူလိမ်တွေရဲ့ လှည့်ကွက်တွေက ပိုပိုပြီး ဆိုးလာတယ်...]
[ငါ့အဖွားတောင် ဒီကောက်ရိုးဖိနပ်တွေကို ရက်တတ်တယ်..]
ဟန်ကျိုးမြို့ရှိ ကြယ်ပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုတွင် ကျန်းထောင်သည် နောက်တစ်နေ့၌ ရှီးဟူရေကန်မှ ရှာလကာရည်ဆော့စ်ဖြင့် ချက်ထားသော ငါးဟင်းလျာ ရိုက်ကူးရေးအတွက် ဇာတ်ညွှန်းကို ပြတင်းပေါက်တွင် မှီ၍ လေ့လာနေချေသည်။
ထိုအချိန၌ သူ၏ ဖုန်းထဲတွင် ရုတ်တရက် အသိပေးချက်တစ်ခု ပေါ်လာလေသည်။
ဖန်ကောင်းချန်၏ "ချင်မင်းဆက် အချိန်ခရီးသွား ဗီဒီယို" ၏ နာမည်ကြီးမှုက တက်လာနေသည်။
“ခေတ်စားနေတာကို အခွင့်ကောင်းယူဖို့ ကြိုးစားနေပြန်ပြီ...”
မနေ့က သူ၏ ချင်မင်းဆက်သို့ အချိန်ခရီးသွားခဲ့သည့် ဇာတ်လမ်း နာမည်ကြီးသွားပြီးကတည်းက အခွင့်ကောင်းယူချင်သော ဘလော့ဂါတစ်စုသည် ချင်မင်းဆက် အဝတ်အစားများကို ဝတ်ဆင်ကာ အချိန်ခရီးသွားသည့်အကြောင်း သရော်စာ ဗီဒီယိုများကို ဖန်တီး၍ လိုက်လုပ်လာကြလေသည်။
ဒီကောင်က တော်တော် ရဲတင်းတာပဲ.... သူ့ကိုတောင် မန်းရှင်းခေါ်ရဲသေးတယ်။
သိချင်စိတ်ကြောင့် ကျန်းထောင်သည် ထိုဗီဒီယိုကို နှိပ်ကြည့်လိုက်သော်လည်း ပထမဆုံး မြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူသည် ချက်ချင်း မတ်မတ် ထိုင်လိုက်မိ၏။
မြေသားများကို ကျစ်လစ်အောင် ရိုက်နှိပ်ထားသည့် မြို့ရိုးနံရံများ၏ အသွင်အပြင်.... လမ်းပေါ်ရှိ သာမန်လူများ ဝတ်ဆင်ထားသော အဝတ်အစားများ၏ အသေးစိတ် အချက်အလက်များ...
ဒါက ရှင်းရှင်းလင်းလင်းကို ချင်မင်းဆက်ရဲ့ ဗိသုကာလက်ရာ စတိုင်လ်ပဲ။
သူက ချင်မင်းဆက် ခရီးသွားအဖွဲ့ဝင်ငါးဦး ဝီချက်ဂရုကို ချက်ချင်း ဖွင့်လိုက်၏။
[@Jiang Ye ဒါရိုက်တာကျန်း... တစ်ယောက်ယောက်က ချင်မင်းဆက်ကို အချိန်ခရီးသွားထားတဲ့ ဗီဒီယိုတစ်ခုကို ကျွန်တော် မြင်လိုက်တယ်။ ဒါက ဒုတိယအကြိမ် ချင်မင်းဆက် ခရီးစဉ်ရဲ့ အစလား... ]
[ဝါး... ဒါရိုက်တာကျန်း.... ခင်ဗျား ကျွန်တော်တို့ကို မေ့သွားပြီလား]
[ဒါရိုက်တာကျန်း... အဲဒါ မတရားဘူးလေ။ နောက်တစ်ခေါက် ချင်မင်းဆက်ကို သွားမယ့် ခရီးစဉ်ရှိရင် ကျွန်တော်တို့ကို ဖိတ်မယ်လို့ ကတိပေးထားတာလေဗျာ... ]
စာပို့လိုက်သည်နှင့် တစ်ပြိုင်နက် တိတ်ဆိတ်နေသော ဂရုချက်ထဲတွင် ပွက်လောရိုက်သွားချေသည်။
ဝမ်ဟိုင်ဖုန်း- [@Jiang Ye ဘာ... ဒါရိုက်တာကျန်းက အဖွဲ့အသစ်ကို ဦးဆောင်နေတာလား...]
ကျန်းမင်ဟွေ့- [@Jiang Ye သောက်ကျိုးနည်း... တကယ်လား]
လျိုကျန်းတုန်း- [@Jiang Ye ဒါရိုက်တာကျန်း... ခင်ဗျား ဘက်လိုက်လို့ မရဘူးနော်။ ကျွန်တော်တို့ ပထမအသုတ်က ဝါရင့်အဖွဲ့ဝင်တွေကရော...]
ဂရုထဲတွင် စကားပြောခဲသော လီကျန်းကော်ပင် အွန်လိုင်းတက်လာပြီး ကျန်းယဲ့ကို မန်းရှင်းခေါ်လိုက်လေသည်။
လီကျန်းကော်- [@Jiang Ye အဖွဲ့လိုက် ဝယ်ယူမှု နောက်တစ်ခု စနေပြီလား.... ဘယ်တုန်းကလဲ]
မနေ့က သူ၏ ချင်မင်းဆက်သို့ အချိန်ခရီးသွားခဲ့သည့်အကြောင်း ဗီဒီယိုကို တင်ပြီးနောက် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီးကတည်းက သူ၏ ပရိသတ်အင်အားမှာ သိသိသာသာ တိုးပွားလာပြီး ကြည့်ရှုသူ အရေအတွက်များလည်း အဆမတန် မြင့်တက်လာခဲ့သည်။
အခြားသော streamer များ၏ အားပေးမှုနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ကြည့်ရှုသူများနှင့် ဆဲဆိုမှုများကို လှိုင်းလုံးများအလား ဆက်တိုက် လက်ခံရရှိနေခဲ့လေသည်။
( NT- အခြား streamerတွေက အားပေးတာဆိုတာထက် လှောင်နေတာပါ😁)
ဝါရင့် လိုက်ဖ်လွှင့်သူ တစ်ဦးအနေဖြင့် ကျန်းထောင်သည် သူ၏ ဆန္ဒကို ထုတ်ဖော်ပြသ၏။
သူသည် ဤနာမည်ကြီးမှုကို အခွင့်ကောင်းယူပြီး ချင်မင်းဆက်သို့ သွားရောက်စူးစမ်းကာ ဤဗီဒီယိုကို ဇာတ်လမ်းတွဲတစ်ခုအဖြစ် ဖန်တီးရန်လည်း စီစဉ်ထားလေသည်။
ရလဒ်အနေဖြင့် သူသည် ဒုတိယအကြိမ် ချင်မင်းဆက်သို့ အချိန်ခရီးသွားရန် မည်သည့် အကြောင်းအရာကိုမျှ မရှာဖွေနိုင်ခဲ့ဘဲ အခြားသူများက သူ့ထက် လက်ဦးသွားသဖြင့် သူ့ကို အလွန်အမင်း စိတ်ပျက်သွားစေခဲ့သည်။
အခု တခြားသူတွေ သွားနေတာကို မြင်ရတော့ သူက မနာလိုလည်း ဖြစ်သလို မကျေမနပ်လည်း ဖြစ်မိသွားရသည်။
ကျန်းထောင်က နောက်ထပ် စာတစ်စောင် ထပ်ပို့လိုက်၏။ [@Jiang Ye ဒါရိုက်တာကျန်း... ကျွန်တော်တို့ ပထမအသုတ်က ဝါရင့်အဖွဲ့ဝင်တွေ အားလုံး နောက်တစ်ခေါက် သွားဖို့ စောင့်နေကြတယ်နော်.... ]
ထိုစာကြောင်း၏ ချစ်စရာကောင်းသော စောင့်ဆိုင်းနေသည့် အီမိုဂျီတစ်ခု ပါရှိလေသည်.....