အခန်း (၂၂) ကား ပေါ်လာခြင်း
“ဆက်ပြောစမ်း...” ဧကရာဇ်၏ အသံမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေခဲ့သည်။
“အရှင်မင်းကြီးက ပဉ္စမအကြိမ် အရှေ့ပိုင်း ခရီးစဉ်အတွင်း ရှာချိုးမှာ ရောဂါနဲ့ ကွယ်လွန်သွားလိမ့်မယ်လို့ သူတို့ အတည်ပြုပြောဆိုနေကြပါတယ်...” မုန့်ရီက ဘာကိုမျှ ဖုံးကွယ်မထားရဲဘဲ ထုတ်ဖော်ပြောလိုက်၏။
နန်းတော်အပြင်ဘက်တွင်တော့ ဝင်လုဆဲဆဲ နေမင်း၏ နောက်ဆုံးရောင်ခြည်တန်းများကို တိမ်မည်းများက ဝါးမျိုသွားချေပြီ။
ကြေးဝါမီးအိမ်က ရင်းကျန့်၏ အရိပ်ကို နံရံပေါ်သို့ ထင်ဟပ်စေပြီး ထိုအရိပ်က ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများ၏ ဗိုက်ထဲမှ ဆာလောင်သံများ မြည်လာခဲ့ကြသည်။
ဖန်ကောင်းချန်က သူ၏ဗိုက်ကို ပွတ်ကာ ညည်းညူလိုက်၏။ “ဘာလို့ အစားအသောက်တွေ လာမပို့သေးတာလဲ..”
သူစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အစေခံမလေးများစွာက ယွန်းသုတ်ထားသော သစ်သားအစားအသောက်ဗန်းများကို ကိုင်ဆောင်ကာ တန်းစီဝင်ရောက်လာကြသည်။
စားပွဲပေါ်တွင် ချင်မင်းဆက် မှူးမတ်များ၏ စံနှုန်းအတိုင်း ပြင်ဆင်ထားသော အစားအစာများဖြင့် ပြည့်နှက်နေချေသည်။
ရွှေရောင်သန်းနေသော ပေါင်းထားသည့် နှံစားပြောင်းထမင်း၊ နူးညံ့အိစက်နေသော သိုးသားစွပ်ပြုတ်၊ ရာသီပေါ် တောဟင်းရွက်အချို့၊ အမည်းရောင် ဆော့စ်တစ်ခွက်နှင့် နွေးနေသော ဆန်အရက်တစ်အိုးတို့ ပါဝင်လေသည်။
“နောက်ဆုံးတော့ စားရတော့မယ်...” ကျန်းခိုင်က စိတ်လှုပ်ရှားစွာဖြင့် လက်ကိုပွတ်လိုက်ပြီး အစားအသောက်များဆီသို့ ပထမဆုံး အပြေးအလွှား သွားရောက်လိုက်သည်။
လူတိုင်းက အစားအစာများကို စိတ်အားထက်သန်စွာ ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ကြချိန်တွင် သူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် အေးခဲသွားကြရလေသည်။
“ဒါ... ဒါက အရမ်းကို ပေါ့လွန်းတယ်...” ရှီရှောင်ယွီက တောဟင်းရွက်တစ်လုတ်ကို ခက်ခဲစွာ မျိုချလိုက်ပြီး သူမ၏ မျက်နှာလေးမှာ ရှုံ့မဲ့သွားချေသည်။ “ဆားလေးနည်းနည်းတောင် မထည့်ပေးနိုင်ကြဘူးလား...”
လီကျွင်းက သူ၏ တူဖြင့် ပြောင်းဆန်ယာဂုကို ထိုးမွှေလိုက်၏။ “ဒါက ဘာဆန်အမျိုးအစားလဲ။ ဝါကြန့်ကြန့်နဲ့... နှံစားပြောင်းလား”
“ဒါက နှံစားပြောင်းလေ။ ရှေးခေတ်လူတွေအတွက် အဓိက အစားအစာပဲ” ကျန်းယဲ့က ရှင်းပြလိုက်သည်။
“အရသာအရဆိုရင်တော့ ခေတ်သစ်က တိုးတက်လာတဲ့ ဆန်တွေနဲ့ မယှဉ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အာဟာရတန်ဖိုးတော့ မြင့်တယ်... ဖြစ်သလိုလေးသာ စားလိုက်ကြပါ”
အားလုံးက နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ကျိန်းချန်က သိုးသားတစ်တုံးကို တူဖြင့် ကောက်ယူလိုက်ရာ ပါးစပ်ထဲရောက်သည်နှင့် တစ်ပြိုင်နက် နီးပါး ပြန်ထွေးထုတ်မလို ဖြစ်သွားရသည်။ “ကျစ်... ဒီသိုးသားက ညှီနံ့ အရမ်းပြင်းတာပဲ”
ထိုသို့ပြောရင်း သူက ဘေးရှိ ဆန်အရက်ကို ကောက်ကိုင်ကာ ပါးစပ်ထဲမှ ညှီစော်နံသော အရသာကို ဖယ်ရှားရန် တစ်ငုံကြီး သောက်ချလိုက်လေသည်။
“သူတို့က ညှီနံ့ပျောက်အောင် မလုပ်ကြဘူးလား”
ကျန်းယဲ့က သက်ပြင်းချလိုက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။ “ချင်မင်းဆက်မှာ ဟင်းခတ်အမွှေးအကြိုင်တွေက ရှားပါးတယ်။ မှူးမတ်တွေက ဟင်းခတ်ဖို့အတွက် ဆီးသီး၊ အသားဆော့စ်နဲ့ ဆားကြမ်းတွေကိုပဲ အဓိကသုံးကြတာဆိုတော့ ခေတ်သစ်နဲ့ ယှဉ်လို့မရဘူးလေ...”
ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးဖြင့် ချက်ပြုတ်ထားသော ခေတ်သစ်အစားအစာများနှင့် အသားကျနေသူများအဖို့ ဤကဲ့သို့ သဘာဝစစ်စစ် အစားအစာများ၏ အရသာကို ရုတ်တရက် မြည်းစမ်းရသောအခါ အများစုအတွက် မျိုချရန် ခက်ခဲနေဆချသည်။
လူရှစ်ယောက်၏ မျက်နှာပေါ်ရှိ အခက်တွေ့နေသော အမူအရာများကို မြင်သောအခါ ကျန်းယဲ့က ပြုံးလျက် ပြောလိုက်၏။ “ခင်ဗျားတို့ ရောင့်ရဲသင့်ပါတယ်။ ဒါက မှူးမတ်တွေအတွက် အခွင့်ထူးတစ်ခု ဖြစ်နေပြီ။ သာမန်လူတွေဆိုရင် သူတို့ တစ်သက်လုံး ဒီလို အစားအသောက်မျိုး စားနိုင်မှာတောင် မဟုတ်ဘူး”
“ဒါပေမဲ့ ဒါကတော့ လွန်လွန်းပါတယ်...” ကျိန်းချန်က ခါးသီးသော မျက်နှာဖြင့် ပြုတ်ထားသော သိုးသားကို ဘေးသို့ တွန်းဖယ်လိုက်၏။
“နေ့လယ်တုန်းက စားခဲ့ရတဲ့ ပေါင်မုန့်ပြားတွေကို လွမ်းလိုက်တာ... မာကြောပြီး စားမကောင်းပေမယ့် ဝါးလေ ဝါးလေ ပိုမွှေးလေပဲ” ရှီရှောင်ယွီက သက်ပြင်းချလိုက်ချေသည်။
(NT- ချင်မင်းဆက်မှာ ဖန်ပင်းလို့ခေါ်ကျတယ် အဲ့မုန့်ကို )
လူရှစ်ယောက်သည် စားပွဲအပြည့်ရှိသော ဟင်းလျာများကို ရင်ဆိုင်ရင်း အားလုံးက တစ်သဘောတည်း ခေါက်ဆွဲပြုတ်၏ အရသာကို တောင့်တနေခဲ့ကြသည်။
“ရှိတာလေးပဲ ဖြစ်သလို စားလိုက်ကြပါ...”
နောက်တစ်နေ့ နံနက်တွင် အဖွဲ့သားများဟာ သူတို့၏ အကြိုက်နှင့် မကိုက်ညီသော ချဉ်ဖတ်များနှင့် ဆန်ပြုတ်အချို့ကို စားသောက်ခဲ့ကြပြီး ဗိုက်ပြည့်ရုံမျှသာ စားခဲ့ကြရသည်။
သူတို့ စားသောက်ပြီးခါစတွင် ဝင်းတံခါးကို ခပ်ဖွဖွ ခေါက်သံတစ်ခု ထွက်ပေါ်လာလေသည်။
ကျန်းယဲ့က တံခါးကို ဖွင့်လိုက်ရာ အနက်ရောင်ဝတ်ရုံဖြင့် လှေကားထစ်အောက်တွင် ရပ်နေသော မုန့်ရီကို မြင်လိုက်ရ၏။ သူ၏ ပခုံးများပေါ်တွင် နံနက်ခင်း နှင်းပေါက်လေးများ တွယ်ကပ်နေဆဲပင်။
“မင်္ဂလာနံနက်ခင်းပါ အမတ်ကြီးမုန့်..”
မုန့်ရီက ခေါင်းအနည်းငယ် ညိတ်ပြပြီး အပြုံးဖြင့် မေးလိုက်သည်။ “အားလုံးပဲ ကောင်းကောင်း အိပ်ပျော်ကြရဲ့လား...”
“မဆိုးပါဘူး...”
“အဆင်ပြေပါတယ်...”
...
သူတို့ ထိုသို့ ပြောခဲ့သော်လည်း တကယ်တမ်းတွင် သူတို့မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ညဉ့်နက်သည်အထိ အိပ်မပျော်ခဲ့ကြချေ။
ဒီနေ့မနက်တွင် ကျန်းယဲ့က သူတို့ကို စောစောစီးစီး နှိုးခဲ့သဖြင့် အားလုံးမှာ ငိုက်မျဉ်းနေကြဆဲဖြစ်၏။
“အရှင်မင်းကြီးက မနက် ၉ နာရီမှာ ခေါ်တော်မူတယ်” မုန့်ရီ၏ အကြည့်များက ဝင်းထဲရှိ လူများကို ဖြတ်ဝဲကြည့်လိုက်လေသည်။ “အားလုံး အဆင်သင့် ဖြစ်ကြပြီလား”
“ကျေးဇူးပြုပြီး လမ်းပြပေးပါ အမတ်ကြီး...”
မုန့်ရီက ရှေ့မှ လျှောက်သွားပြီး ကျန်းယဲ့က အနီးကပ် လိုက်ပါသွားကာ ကျန်းခိုင်နှင့် အခြားသူများကမူ ခြေလှမ်းအနည်းငယ် နောက်ကျကျန်ခဲ့ပြီး အချင်းချင်း တီးတိုးပြောဆိုနေခဲ့ကြသည်။
“ငါတို့ ၉ နာရီ ၃၀ မိနစ်မှာ ထွက်မှာ။ ပထမဧကရာဇ်နဲ့ ဓာတ်ပုံတွဲရိုက်ဖို့ အခွင့်အရေး ရမယ်လို့ မင်းတို့ ထင်လား...” ကျန်းခိုင်၏ မျက်လုံးများက စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေ၏။
“နည်းနည်းတော့ ခက်မယ်ထင်တယ်...”
“ရင်းကျန့်ကို သတ်ချင်တဲ့သူတွေ အများကြီးရှိတာပဲ။ သူတို့က ဘယ်သူ့ကိုမှ သူ့အနား အလွယ်တကူ ကပ်ခွင့်ပေးမှာ မဟုတ်ဘူး။ သူနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ဆိုတာကတော့...” လီကျွင်းသည် ရင်းကျန့်နှင့် ဓာတ်ပုံတွဲရိုက်ချင်သော်လည်း အခြေအနေကို အကောင်းမြင်မနေချေ။
သို့သော် လီလင်က ထိုသို့မထင်... “ငါတို့မှာ မျှော်လင့်ချက် ရှိသေးတယ်လို့ ထင်တယ်။ သူက ငါတို့ကို နှစ်ပေါင်း နှစ်ထောင်အကြာက လူတွေလို့ ယုံကြည်ရင် ငါတို့ရဲ့ တောင်းဆိုချက်ကို သဘောတူကောင်း သဘောတူနိုင်တယ်...”
ရှီရှောင်ယွီက ဝင်ပြောလိုက်၏။ “ခဏစောင့်ဦး... အခြေအနေ ဘယ်လိုလာမလဲ ကြည့်ရသေးတာပေါ့။ အဆင်ပြေရင်တော့ အကောင်းဆုံးပဲ။ အဆင်မပြေရင်လည်း လက်လျှော့လိုက်ရုံပဲပေါ့..”
အားလုံးက ခေါင်းညိတ်လိုက်ကြလေသည်။
သူတို့သည် ယခင်နေ့က ယာယီနန်းတော်သို့ နောက်တစ်ဖန် ရောက်ရှိလာခဲ့ကြပြန်သည်။ ဤတစ်ကြိမ်တွင်မူ ရင်းကျန့်က တံခါးအပြင်ဘက်တွင် ရပ်နေသဖြင့် ခန္ဓာကိုယ် ရှာဖွေစစ်ဆေးခြင်း မရှိတော့ချေ။
“ဂါရဝပြုပါတယ် အရှင်မင်းကြီး...” ကျန်းယဲ့က အဖွဲ့ကို ဦးဆောင်ကာ ရိုသေစွာ ဦးညွတ်လိုက်၏။
ရင်းကျန့်သည် လှေကားထစ်များပေါ်တွင် လက်နောက်ပစ်လျက် ရပ်နေပြီး သူ၏ အနက်ရောင် နဂါးဝတ်ရုံက နံနက်ခင်း လေပြေတွင် အနည်းငယ် လွင့်ဝဲနေချေသည်။
သူက လူအုပ်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး...”
ကျန်းယဲ့သည် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်ခေသည်။ “အရှင်မင်းကြီး... ကိုယ်တော်က တစ်ကြိမ်လောက် ကြည့်ရုံပဲ ကြည့်ချင်တာလား... ဒါမှမဟုတ် သရုပ်ပြစေချင်တာလား။ အကယ်၍ ကားရဲ့ အမြန်နှုန်းကို သရုပ်ပြချင်တယ်ဆိုရင်တော့ နေရာကျယ်ကျယ်တစ်ခု ရှာဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ မောင်းနှင်ဖို့အတွက် ရှည်လျားဖြောင့်တန်းတဲ့ လမ်းတစ်လမ်း ရှိသင့်ပါတယ်...”
ပထမဧကရာဇ်အား သရုပ်ပြရန် ငါးမိနစ်ဆိုသော အချိန်က လုံလောက်ချေသည်။
ရင်းကျန့်က မျက်ခုံးတစ်ဖက်ကို ပင့်ကာ မုန့်ရီကို ကြည့်လိုက်၏။
မုန့်ရီက ချက်ချင်း နားလည်သွားလေသည်။ “မြို့အနောက်ဘက်က သိုင်းပညာလေ့ကျင့်ရေးကွင်းက အလျား ကျန်း ၃၀၀၊ အနံ ၅၀ ရှိပြီး မြင့်မားတဲ့ နံရံတွေ ဝန်းရံထားပါတယ်..”
“ကောင်းပြီလေ” ရင်းကျန့်က ခေါင်းညိတ်လိုက်၏။
မကြာမီမှာပင် တော်ဝင်သက်တော်စောင့်တပ်တစ်တပ်က လမ်းရှင်းပေးခဲ့ပြီး အဖွဲ့ဟာ လေ့ကျင့်ရေးကွင်းသို့ ရွှေ့ပြောင်းသွားကြသည်။
လမ်းတစ်လျှောက်တွင် ကင်းစောင့်များကို ချထားပြီး အနက်ရောင် သံချပ်ကာဝတ် အစောင့်များက လက်နက်များကို ကိုင်ဆောင်ကာ ထိုနေရာတစ်ဝိုက်ကို အပြည့်အဝ ဝန်းရံထားခဲ့ကြသည်။
ကွင်းထဲရှိ မြေဝါများမှာ သိပ်သည်းကျစ်လစ်နေပြီး နှစ်ဖက်စလုံးရှိ လက်နက်စင်များကိုလည်း ကြိုတင် ရှင်းလင်းထားပြီးဖြစ်ရာ ယာဉ်များကို စမ်းသပ်ရန် အမှန်တကယ်ပင် နေရာကောင်းတစ်ခု ဖြစ်နေချေသည်။
ကျန်းယဲ့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ “ဒီနေရာက အရမ်းကောင်းပါတယ်”
ထို့နောက် သူက ရင်းကျန့်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး ခဏလောက် စောင့်ပေးပါ။ ၁ နာရီ ၄၅ မိနစ်မှာ ရောက်ပါလိမ့်မယ်”
၁ နာရီ ၄၅ မိနစ်တွင် နေမင်းက ကောင်းကင်ယံ၌ မြင့်မားစွာ တည်ရှိနေလေသည်။
ရင်းကျန့်က ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကျောက်ကောင်းက နားလည်စွာဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး... အချိန်ကျရောက်ပါပြီ”
ရင်းကျန့်က ကျန်းယဲ့နှင့် သူ၏အဖွဲ့သားများကို ငုံ့ကြည့်လိုက်လေသည်။
ကျောက်ကောင်းက ဝင်ပြောလိုက်၏။ “မိတ်ဆွေလေး ကျန်း.. အချိန်ကျပါပြီ”
အဓိပ္ပာယ်မှာ ရှင်းလင်းနေချေသည်။ လှုပ်ရှားရမည့် အချိန်ကျရောက်ပြီ ဖြစ်သည်။
ကျန်းခိုင်နှင့် အခြားသူများက ကျန်းယဲ့ထံသို့ အကြည့်များ ပြောင်းသွားကြပြီး ထိုအချိန်တွင် သူတို့ ရှစ်ယောက်စလုံး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြတော့ချေ။
အကယ်၍ တစ်ခုခု ချို့ယွင်းသွားပါက အသက်အန္တရာယ် ရှိနိုင်သည်မဟုတ်လော။
ကျန်းယဲ့သည် လေ့ကျင့်ရေးကွင်း၏ အလယ်ဗဟိုတွင် တည်ငြိမ်စွာ ရပ်နေပြီး စနစ်မျက်နှာပြင်ပေါ်ရှိ သော့ဖွင့်သည့် ခလုတ်ကို အသံမထွက်စေဘဲ နှိပ်လိုက်လေသည်။
ခဏချင်းအတွင်းမှာပင် ရေပြင်ကဲ့သို့ လေထဲတွင် လှိုင်းဂယက်များ ပျံ့နှံ့သွားပြီး မျက်စိကျိန်းမတတ် အဖြူရောင်အလင်းတန်းတစ်ခုက လေဟာပြင်ထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။
“ဝုန်း...”
နက်ရှိုင်းသော ဟိန်းဟောက်သံနှင့်အတူ ဂျင်းဝါရောင် တစ်ကိုယ်လုံး ဆေးခြယ်ထားသည့် တစ်ဆယ့်ရှစ်ယောက်စီး Coaster ဗင်ကားတစ်စီးသည် ဧရာမ သားရဲကြီးတစ်ကောင်ကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာချေသည်။
ချောမွေ့သော ကိုယ်ထည်က မျက်စိကျိန်းမတတ် နေရောင်ခြည်ကို ရောင်ပြန်ဟပ်နေပြီး အလွိုင်းဘီးများက အေးစက်သော သတ္တုရောင်ဖြင့် တောက်ပနေကာ ရှေ့လေကာမှန်က မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေပြီး ပတ်ဝန်းကျင်ရှိ ထိတ်လန့်နေသော မျက်နှာများကို ရောင်ပြန်ဟပ်နေစေခဲ့သည်။
“ဒါ.. ဒါက...” ကျောက်ကောင်းက အံ့အားသင့်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်၏။
အစောင့်များသည်လည်း သူတို့၏ လက်နက်များကို ဆူညံသံများနှင့်အတူ ဆွဲထုတ်လိုက်ကြပြီး ရုတ်တရက် ပေါ်လာသော ဧရာမ သတ္တဝါကြီးကို သတိထားမှု၊ ကြောက်ရွံ့မှုတို့ ရောယှက်နေသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။
ကြည့်ရှုသည့် စင်မြင့်ပေါ်တွင် ရင်းကျန့်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူ၏ သရဖူမှ ကြိုးတန်းများနှင့် ကျောက်စိမ်းပုတီးစေ့များ ပြင်းထန်စွာ လှုပ်ရမ်းသွားသော်လည်း သူ၏ မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသော တုန်လှုပ်မှုကိုမူ ဖုံးကွယ်မထားနိုင်ခဲ့ချေ။
ကျယ်ပြောလှသော လေ့ကျင့်ရေးကွင်းကြီးမှာ လုံးဝ တိတ်ဆိတ်သွားပြီး အင်ဂျင်၏ မြည်သံများသာ လေထဲတွင် ပဲ့တင်ထပ်နေချေသည်။
ဤသံမဏိ ဧရာမသတ္တဝါကြီးက ချင်မင်းဆက်၏ နယ်မြေပေါ်တွင် နတ်ဘုရားများ၏ ဖန်ဆင်းမှုကဲ့သို့ မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ပေါ်ပေါက်လာခဲ့ပေသည်။