အခန်း (၂၁) နဂါးဘိုးဘေးကြီးအား ချီးကျူးဂုဏ်ပြုခြင်း
လူရှစ်ယောက်အဖွဲ့၏ လက်မှ လွတ်မြောက်လာပြီးနောက် မုန့်ရီသည် ဝင်းတံခါးအပြင်ဘက်တွင် ရပ်ကာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်၏။
သူ၏ မျိုးဆက်များက အလွန်အမင်း စိတ်အားထက်သန်လွန်းနေပြီး သူတို့နှင့် အမီလိုက်နိုင်ရန် သူ့အတွက် ခက်ခဲနေချေသည်။
သူ၏ကျောပြင်က ဝင်းတံခါးအပြင်ဘက်သို့ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဝင်းထဲရှိ လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ကခုန်နေကြလေသည်။
“ဘုရားရေ... အရှင်မင်းကြီးရဲ့ မျက်လုံးတွေကို မြင်လိုက်ကြလား” ဖန်ကောင်းချန်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး မျက်လုံးများက တောက်ပနေခဲ့သည်။ “အဲဒီ အရှိန်အဝါကြီးလေ... ဆယ်မီတာအကွာကနေတောင် ငါ့ခြေထောက်တွေ တုန်နေခဲ့တာဟ..”
ကျန်းခိုင်က သဘောတူစွာဖြင့် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်၏။ “ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်။ သူဆောင်းထားတဲ့ သရဖူရယ်... အနက်ရောင်ဝတ်ရုံနဲ့ နီရဲတဲ့ အောက်ပိုင်းဝတ်စုံတွေက တီဗွီဇာတ်လမ်းတွဲတွေထဲကထက် အဆတစ်ရာလောက် ပိုပြီး ခန့်ညားတယ်ကွ...”
ရှီရှောင်ယွီသည် လုံးဝကို ဖမ်းစားခံထားရပုံ ပေါ်နေလေသည်။ “နဂါးဘိုးဘေးကြီးက မယုံနိုင်လောက်အောင် ချောမောတယ်လို့ နင်တို့ မထင်ကြဘူးလား။ သူက အရမ်းကို ဩဇာလွှမ်းမိုးမှုရှိပြီး ခန့်ညားလိုက်တာ။ အိုကွယ်... သူက လုံးဝကို ဆွဲဆောင်မှု ရှိလွန်းတယ်”
လူတစ်စုသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် အားပေးလိုက်ကြသည်။
လူတိုင်းက ပထမဧကရာဇ်အတွက် သူတို့၏ ချီးမွမ်းစကားများကို စိတ်လှုပ်ရှားစွာ ဖွင့်ဟနေချိန်တွင် အချိန်အခါ မသင့်သော အသံတစ်ခုက ဝင်ရောက်လာခဲ့သည်။
“ရင်းကျန့်က တကယ်ကို တန်ခိုးကြီးပြီး ဩဇာတိက္ကမ ကြီးမားပေမယ့် သူက အရမ်းစောစော ကွယ်လွန်သွားတာကတော့ နှမြောစရာပဲ” လီလင်က ရုတ်တရက် လေသံကို နှိမ့်လိုက်၏။
“သမိုင်းမှတ်တမ်းတွေမှာ သူက ဘီစီ ၂၁၀၊ ပဉ္စမအကြိမ် အရှေ့ပိုင်းခရီးစဉ်မှာ ရှာချိုးဆိုတဲ့နေရာမှာ ကွယ်လွန်ခဲ့တယ်လို့ မှတ်တမ်းတင်ထားတာကို ငါမှတ်မိတယ်။ အခုက ဘီစီ ၂၁၈ ဆိုတော့..... ဆိုလိုတာက...”
“နောက်ထပ် ရှစ်နှစ် ကျန်သေးတယ်” ဟု ကျောက်လဲ့က ပြောလေသည်။
“ပထမဧကရာဇ်က ကျွန်တော်တို့ကို နောင်လာမယ့် ခေတ်ကလူတွေဆိုတာ ယုံကြည်သရွေ့တော့ ဒီပြဿနာကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရနိုင်တယ်...”
သူသည် အသက်တစ်ရာအထိ မနေရလျှင်တောင်မှ အနည်းဆုံးတော့ သက်တမ်းကို နှစ်အနည်းငယ် ပိုရှည်အောင် လုပ်ပေးနိုင်မည်ဖြစ်၏။
ဒါက သူတို့ ဒီကို ရောက်လာခြင်းရဲ့ အကြီးမားဆုံးသော အဓိပ္ပာယ် မဟုတ်ပါလော။
“နဂါးဘိုးဘေးကြီး ငါ့ကို ယုံကြည်တာနဲ့ တစ်ပြိုင်နက် သူ့ကို ချက်ချင်းပြောပြပြီး ဟို ကျောက်ဆိုတဲ့လူကို မြန်မြန်...”
လီလင် စကားမဆုံးမီမှာပင် ကျန်းယဲ့က ဖြတ်ပြောလိုက်၏။ “လေသံတွေ လျှော့ကြစမ်းပါဟ... ဒီဝင်းထဲမှာ သူလျှိုတွေ ရှိနေနိုင်တယ်။ တစ်ယောက်ယောက်က ငါတို့ပြောတာတွေကို ကြားသွားရင် ဘယ်လိုလုပ်မလဲ...”
ဖန်ကောင်းချန်သည် အန္တရာယ်ကို သတိမပြုမိဘဲ ရယ်မောကာ ပြောလိုက်၏။ “ဒီစကားတွေက အရှင်မင်းကြီးရဲ့ နားထဲကို ရောက်သွားရင် ပိုတောင် ကောင်းသေးတာ မဟုတ်ဘူးလား”
အလွန်ရိုးအသော ကျန်းခိုင်ကလည်း ဝင်ထောက်ခံလိုက်ချေသည်။ “ဟုတ်တယ်... ဒီလိုဆိုရင် ကြီးမြတ်တဲ့ နဂါးဘိုးဘေးကြီးတောင် ကြိုတင်ပြင်ဆင်ထားနိုင်ပြီး လှည့်စားတာကို မခံရတော့ဘူးပေါ့”
ကျန်းယဲ့က သက်ပြင်းချလိုက်၏။ “အို ကျေးဇူးရှင်တွေရယ်... ငါပြောတာတွေကိုရော ကြားရဲ့လား”
သူတို့ အခြေအနေကို သိပ်နားမလည်သေးသည်ကို မြင်သောအခါ ကျန်းယဲ့က လေသံကို နှိမ့်ကာ ပြောလိုက်ပြန်သည်။ “မမေ့ကြနဲ့... လူကြီးလူကောင်း တစ်ယောက်နဲ့ ပေါင်းသင်းရတာ လွယ်ပေမယ့် လူယုတ်မာ တစ်ယောက်ကို ကာကွယ်ရတာ ခက်ခဲတယ်”
သူက လူယုတ်မာဟူသော စကားလုံးကို ပြောရာတွင် ထိုငတုံးများ နားမလည်မည်ကို စိုးရိမ်သည့်အလား အထူးတလည် ဖိ၍ ပြောလိုက်၏။
ပထမဧကရာဇ်ကို မြင်တွေ့ရပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် တွေးတောနေကြသော သွေးပူနေသည့် လူငယ်ရှစ်ဦးသည် ဤအကြောင်းကို သတိပေးခံရပြီးနောက်မှ သူတို့၏ အမှားကို ရုတ်တရက် သဘောပေါက်သွားကြချေသည်။
“သောက်ကျိုးနည်း... တကယ်ပဲ” ကျန်းခိုင်သည် သူ၏ နဖူးကို ရိုက်လိုက်လျေသည်။ “ငါ ဒီအကြောင်းကို ဘယ်လိုများ မေ့သွားရတာလဲကွာ...”
“အဲဒီလူက တကယ်ကို ကောက်ကျစ်တာပဲ..” ဝူရှောင်ရှီက အသံကျယ်ကျယ် မပြောရဲတော့ဘဲ လေသံတိုးတိုးဖြင့် ပြောလိုက်ချေသည်။
“ဟုတ်တယ်.. ဟုတ်တယ်... ငါတို့ သတိထားသင့်တယ်။ နံရံတွေမှာ နားတွေ ရှိတယ်” ရှီရှောင်ယွီက ခေါင်းတဆတ်ဆတ် ညိတ်ကာ မသင်္ကာစရာ လူများ ရှိမရှိကို အကဲခတ်ရန် သူမ၏ မျက်လုံးများကို အပြင်ဘက်သို့ ဟိုဟိုဒီဒီ လှည့်ကြည့်လိုက်လေသည်။
“ရှူး... ရှူး... ရှူး...” ဖန်ကောင်းချန်သည် သူ၏ လက်ညှိုးကို နှုတ်ခမ်းပေါ် တင်လိုက်၏။ “အခုကစပြီး ငါတို့ ပထမဧကရာဇ်ကိုပဲ ပြောနိုင်တဲ့ ကိစ္စတချို့ ရှိတယ်။ ကိုယ်ကျိုးရှာလိုတဲ့ ရည်ရွယ်ချက်ရှိသူတွေ ကြားမသွားနိုင်အောင် အတွင်းရေးကိစ္စတွေကို သိပ်မပြောကြရအောင်..”
ယခုအခါ အသိစိတ်ပြန်ဝင်လာသော လူရှစ်ယောက်သည် တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြပေသည်။
အိမ်ထဲရှိ လူတိုင်းက သက်ဝင်လှုပ်ရှားစွာ စကားပြောဆိုနေကြချိန်တွင် ကင်းထောက်နှစ်ဦးက ဝင်းအပြင်ဘက် အရိပ်ထဲရှိ နံရံတွင် ကပ်လျက် ပြတင်းပေါက်တွင် နားကို ကပ်ထားခဲ့ကြသည်။
သူတို့၏ အကြားအာရုံကို အထူးလေ့ကျင့်ထားသဖြင့် အတိုးတိတ်ဆုံး အသံများကိုပင် ကြားနိုင်စွမ်း ရှိပေသည်။
“သက်တမ်း ရှစ်နှစ်...”
“ရှာချိုး...”
ကင်းထောက်နှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားကြသည်။
ဤလူများက အရှင်မင်းကြီးအကြောင်းကို အလွန်အမင်း အထင်ကြီး လေးစားစွာဖြင့် အရူးအမူး ဖြစ်နေသည့်တိုင်အောင် ပြောဆိုနေခဲ့ကြသည်။
ဒါပေမဲ့ အရှင်မင်းကြီးက ရှစ်နှစ်ကြာပြီးနောက် ကွယ်လွန်မယ်လို့ သူတို့က ဘာကြောင့် ဒီလောက် သေချာနေကြသည်နည်း....
“လေသံတွေ လျှော့ကြစမ်းပါ။ ဒီဝင်းထဲမှာ သူလျှိုတွေ ရှိနေနိုင်တယ်...”
ကင်းထောက်နှစ်ဦးသည် လုံးဝ ရှက်ရွံ့သွားပြီး အချင်းချင်း တွေဝေစွာ ကြည့်လိုက်ကြ၏။ သူတို့ကို ခိုးနားထောင်ရန် အမိန့်ပေးထားသော်လည်း အရှင်မင်းကြီးအား အလွန်အမင်း ချီးမွမ်းနေသည့် စကားများကိုသာ ကြားခဲ့ရပြီး ယခုအခါ သူတို့ ရှိနေသည်ကိုပင် သိသွားပုံရသည်။ ဤသည်မှာ သူတို့၏ တာဝန်အတွက် အလွန် အရှက်ရစရာပင်...
သူတို့နှစ်ဦး ထွက်ခွာတော့မည့် ဆဲဆဲတွင် အိမ်ထဲမှ လူများ စကားပြောနေသံကို ကြားလိုက်ရပြန်သည်။
“ဒီစကားတွေက အရှင်မင်းကြီးရဲ့ နားထဲကို ရောက်သွားရင် ပိုတောင် ကောင်းသေးတာ...”
“ကောက်ကျစ်တာပဲ...”
‘ကောက်ကျစ်တယ်ဆိုတာ ဘာလဲ...’
‘ကြက်သူခိုးကို ပြောတာလား’
‘ဒါတွေက အရမ်းကို ထူးဆန်းတဲ့ စကားတွေပဲ’
နောက်ဆုံး အချက်အလက်ကို ကြားပြီးနောက် အခြား တန်ဖိုးရှိသော အရာမရှိတော့ကြောင်း အတည်ပြုလိုက်ကာ သူတို့နှစ်ဦးသည် အသံတိတ် အချက်ပြလိုက်ပြီး တိတ်တဆိတ် ထွက်ပြေးသွားကြချေသည်။
မထွက်ခွာမီ သူတို့ထဲမှ တစ်ယောက်က ဝင်းထဲသို့ နောက်လှည့်မကြည့်ဘဲ မနေနိုင်ခဲ့သလို သူ၏ မျက်နှာပေါ်တွင် မသိစိတ်အရ အပြုံးတစ်ခု ပေါ်လာ၏။
‘ဒီလူတွေက တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ..’
ထို့နောက် ကင်းထောက်နှစ်ဦးသည် ယာယီစင်္ကြံလမ်းကို အလျင်အမြန် ဖြတ်သန်းကာ မုန့်ရီ၏ နေအိမ်သို့ တိုက်ရိုက် ဦးတည်သွားလိုက်ကြသည်။
ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ဒူးတစ်ဖက် ထောက်လိုက်ပြီး ခုနက ကြားခဲ့ရသမျှကို ပြန်လည် တင်ပြလိုက်လေသည်။
“အရှင်မင်းကြီးရဲ့ သက်တမ်း ကုန်ဆုံးတော့မယ်လို့ သူတို့ ပြောလိုက်တယ် ဟုတ်လား” မုန့်ရီသည် သူ၏ လက်ထဲရှိ ဝါးစာလိပ်များကို ဖတ်ကနဲ ပိတ်လိုက်ပြီး မျက်မှောင်ကြုတ်သွားရသည်။
ကင်းထောက်က ခေါင်းငုံ့ထားပြီး မော့မကြည့်ရဲချေ။ “ဟုတ်ပါတယ်။ ရှစ်နှစ်ကြာပြီးနောက်... အရှေ့ပိုင်း ခရီးစဉ်မှာပါ...”
ကင်းထောက်၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားခဲ့သည်။
မုန့်ရီသည် မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်၏။ ဤကိစ္စက အရှင်မင်းကြီး၏ အသက်အန္တရာယ်နှင့် သက်ဆိုင်နေချေသည်။
သူ၏ ထက်မြက်သော မျက်လုံးများက အောက်ဘက်ရှိ လူများကို ဖြတ်ဝဲကြည့်လိုက်၏။ “ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို တစ်ခွန်းမှ အပြင်မထွက်စေနဲ့...”
“နားလည်ပါပြီ” ကင်းထောက်နှစ်ဦးသည် မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ဦးညွတ်လိုက်ကြသည်။
ကင်းထောက်များ ထွက်သွားပြီးနောက် မုန့်ရီသည် သူ၏ ယာယီနေအိမ်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီးနောက် နောက်ဆုံးတွင် တံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်သွားလေသည်။
ညနေစောင်းချိန်တွင် ဖုန်ချန်ရှိ ယာယီနန်းတော်အတွင်း၌ ကြေးဝါမီးအိမ်များကို ထွန်းညှိထားခဲ့ကြသည်။
ရင်းကျန့်သည် တင်ပြစာများကို စစ်ဆေးနေစဉ် ခန်းမအပြင်ဘက်မှ ပုံမှန်မဟုတ်သော အလျင်စလို အသံဖြင့် တွေ့ဆုံခွင့် တောင်းခံနေသည့် မုန့်ရီ၏ အသံကို ရုတ်တရက် ကြားလိုက်ရ၏။
ခွင့်ပြုချက် ရရှိပြီးနောက် မုန့်ရီသည် ခန်းမထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်လာလေသည်။
“အရှင်မင်းကြီး” မုန့်ရီသည် ခန်းမထဲသို့ ဝင်ဝင်ချင်း ဦးညွတ်လိုက်ပြီး ဘေးတွင် ရပ်နေသော ကျောက်ကောင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ “ကျွန်တော်မျိုးမှာ တင်ပြစရာ အရေးကြီးကိစ္စ ရှိပါတယ်”
ရင်းကျန့်က နားလည်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်၏။ “ကျောက်ချင်... နောက်ဆုတ်နေလိုက်ပါ”
ကျောက်ကောင်းက ဦးညွတ်ကာ ထွက်သွားပြီးနောက် နန်းတော်တံခါး ပိတ်သံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် မုန့်ရီက လေသံကို နှိမ့်ကာ ပြောလိုက်၏။ “ကျွန်တော်မျိုး စေလွှတ်လိုက်တဲ့ ကင်းထောက်တွေရဲ့ တင်ပြချက်အရ အရှင်မင်းကြီးအကြောင်း ပြောဆိုနေကြတဲ့ အဲဒီ မျိုးဆက်တွေက အရှင်မင်းကြီးဟာ နောက်ထပ် ရှစ်နှစ်ထက် ပိုမနေရတော့ဘူးလို့ ပြောကြပါတယ်...”
မီးအိမ်တိုင်ပေါ်ရှိ မီးတောက်များက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
စုတ်တံကို ကိုင်ထားသော ရင်းကျန့်၏ လက်သည် လေထဲတွင် ရပ်တန့်သွား၏။ ထို့နောက် အနီရောင် မှင်ရည်တစ်စက်က ဝါးစာလိပ်ပေါ်သို့ ကျဆင်းသွားပြီး သွေးများကဲ့သို့ ပျံ့နှံ့သွားချေသည်။