အခန်း (၂၀) မုန့်ရီနှင့် ဓာတ်ပုံရိုက်ခြင်း
ကျောက်ကောင်းသည် အေးစက်နေသော ဖန်သားပြင်ပေါ်တွင် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ရင်းကျန့်ကို ကွယ်ရန် ဘေးသို့ဆုတ်လိုက်ကာ ဖန်သားပြင်အလယ်သို့ သူ၏လက်မဖြင့် ခပ်ပြင်းပြင်း ဖိနှိပ်လိုက်၏။
ထိုခဏမှာပင် မျက်စိကျိန်းမတတ် မြင်ကွင်းတစ်ခု ပေါ်လာချေသည်။ ချန်အန်းရိပ်သာလမ်း၏ နီယွန်မီးရောင်များက နဂါးငွေ့တန်းဂလက်ဆီတစ်ခုကဲ့သို့ စီးဆင်းနေပြီး အရှေ့တိုင်းပုလဲရဲတိုက်ကြီးက ညအချိန်တွင် တောက်ပစွာ လင်းလက်နေခဲ့သည်။
ကျည်ဆန်ရထားများက တောင်တန်းများကို ငွေရောင်နဂါးများကဲ့သို့ ဖြတ်သန်းသွားကာ လေယာဉ်ပျံများက တိမ်တိုက်များကို ခွင်း၍ အဖြူရောင်အလင်းတန်းများ ချန်ရစ်ခဲ့၏။
“ဒါ...”
ရင်းကျန့်သည် သူ၏ထိုင်ခုံမှ ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူ၏သရဖူပေါ်ရှိ ကျောက်စိမ်းပုတီးစေ့များက ပြင်းထန်စွာ လှုပ်ခါသွားချေသည်။
သူ၏အကြည့်များက မျက်နှာပြင်ပေါ်တွင် ပုရွက်ဆိတ်များကဲ့သို့ ဟိုဟိုဒီဒီ ပြေးလွှားနေသော သံမဏိယာဉ်များနှင့် ယန်ဇီမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် ခမ်းနားထည်ဝါသော တံတားကြီးပေါ်တွင် စူးစိုက်နေချေသည်။
ရုတ်တရက် မြင်ကွင်းက ပြောင်းလဲသွားပြီး ညကောင်းကင်ယံအောက်ရှိ ကြယ်များကဲ့သို့ တောက်ပနေသော မြို့ပြမီးရောင်များက တစ်ညလုံး နေ့ခင်းလို လင်းထိန်နေစေခဲ့သည်။
အနက်ရောင် အင်္ကျီလက်ပွပွအောက်ရှိ လက်ချောင်းများက မသိစိတ်အရ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသဖြင့် လက်ဆစ်များမှာ ပြာနှမ်းဖြူရော်သွားရသည်။
‘ဒီမိုးမျှော်တိုက်ကြီးတွေ... မြင်းတွေဆွဲစရာမလိုတဲ့ ဒီယာဉ်တွေ... ဒါ... ဒါက သိသိသာသာကို နတ်ပြည်ပဲ’
‘ဒါပေမဲ့ သူတို့ပြောတာ မှန်တယ်ဆိုရင်တော့ ဒါဟာ နှစ်ပေါင်း နှစ်ထောင်အကြာ အနာဂတ်က တရုတ်ပြည်ပဲ..’
ရုတ်တရက် ဗီဒီယိုထဲမှ အပေါ်စီးမြင်ကွင်းတစ်ခုသည် မိုင်ပေါင်းများစွာ ရှည်လျားသော အဆောက်အအုံအုပ်စုကြီးတစ်ခုကို ဖြတ်ဝဲပြသသွားခဲ့သည်။
မှန်နံရံများမှ ရောင်ပြန်ဟပ်နေသော နေရောင်ခြည်က ကျောက်ကောင်း၏ မျက်စိကို ကျိန်းစေရုံသာမက သူ၏စိတ်ကိုပါ ပို၍ မှင်သက်သွားစေချေသည်။
မုန့်ရီသည် အရှင်မင်းကြီး၏ မျက်နှာတွင် ပုံမှန်မဟုတ်သော ငေးမောမှုမျိုး ဖြစ်ပေါ်နေပြီး ကျောက်ကောင်း၏ မျက်နှာအမူအရာမှာလည်း သူ၏ ပုံမှန်တည်ငြိမ်မှုမျိုး မဟုတ်ဘဲ ပုံမှန်မဟုတ်ဖြစ်နေသည်ကို သတိပြုမိလိုက်၏။
(NT- သေချာမကြည့်မိလိုက်လို့ဗျ အမှန်တကယ်က မုန့်ရီပါ မုန်းရီမဟုတ်ပါဘူး 😁)
ထိုအရာက မုန့်ရီကို သူတို့ကြည့်နေသည့် ထိုမြင်ကွင်းကို အလွန်အမင်း စပ်စုချင်စိတ် ဖြစ်ပေါ်စေချေသည်။
‘သူတို့ ဘာတွေမြင်လိုက်ရလို့ ဒီလိုတုံ့ပြန်သွားကြတာလဲ..’
“အရှင်မင်းကြီး... လမ်းတွေပေါ်မှာ အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ သတ္တုသေတ္တာတွေကို မော်တော်ကားလို့ ခေါ်ပါတယ်” ကျန်းယဲ့က အခါအခွင့်သင့်ချိန်တွင် ရှင်းပြလိုက်၏။ “သူတို့က မြင်းတွေမလိုဘဲ တစ်ရက်ကို မိုင်တစ်ထောင် အလွယ်လေး သွားနိုင်ပါတယ်”
ရင်းကျန့်၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျဉ်းမြောင်းသွားသော်လည်း သူ၏အကြည့်များက မျက်နှာပြင်ပေါ်ရှိ အဆုံးမရှိသော ကားတန်းကြီးပေါ်တွင်သာ စူးစိုက်နေဆဲဖြစ်သည်။
“ကောင်းကင်မှာ ပျံသန်းနေတာတွေကိုတော့ လေယာဉ်ပျံလို့ ခေါ်ပြီး တစ်ရက်ကို မိုင်ထောင်ချီ ခရီးနှင်နိုင်ပါတယ်” ကျန်းယဲ့က ဆက်ပြော၏။ “ရှန်းယန်ကနေ တောင်တရုတ်ပင်လယ်အထိကို တစ်နာရီခွဲပဲ ကြာပါတယ်..”
‘ဘာ...’
‘ရှန်းယန်ကနေ တောင်တရုတ်ပင်လယ်အထိကို တစ်နာရီခွဲပဲ ကြာတယ်တဲ့လား...’
‘ဒါက ရိုးရိုးရှင်းရှင်းကို အံ့ဖွယ်တစ်ခုပဲ’
ကျန်းယဲ့၏ ရှင်းပြချက်ကို ကြားသောအခါ မုန့်ရီ၏ ပါးစပ်မှာ အံ့သြမှုကြောင့် ဟသွားပြီး သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားချေသည်။
“ပြီးတော့ သံလမ်းတွေပေါ်မှာ ပြေးဆွဲနေတဲ့ ကျည်ဆန်ရထားတွေလည်း ရှိပါသေးတယ်။ သူတို့က တစ်နာရီကို လီ ၁,၂၀၀ ကျော် သွားနိုင်ပါတယ်”
“အဲဒီ မိုးမျှော်တိုက်ကြီးတွေက ပေရာချီ မြင့်ပြီး အထပ် ခုနစ်ဆယ် ရှစ်ဆယ်ဆိုတာကလည်း မဆန်းပါဘူး..”
ကျန်းယဲ့က တစ်ဆင့်ချင်း ရှင်းပြနေစဉ် ခန်းမထဲရှိ လူသုံးယောက်မှာ အထပ်ထပ်အခါခါ တုန်လှုပ်သွားကြပြီး ထိုမျှ ယုံနိုင်စရာမရှိသော အရာကို လက်ခံနိုင်ရန် အစွမ်းကုန် ကြိုးစားနေကြရလေသည်။
ရင်းကျန့်သည် သူ၏လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး သူ၏ လက်ချောင်းထိပ်လေးများက မျက်နှာပြင်ကို မထိတထိဖြင့် ရပ်တန့်နေခဲ့သည်။
ဗီဒီယိုထဲတွင် ဖူရှင်းကျည်ဆန်ရထားကြီးက မြင့်မားသော တောင်တန်းများကို ဖြတ်သန်းသွားပြီး ၎င်း၏ ချောမွေ့သော ရှေ့ပိုင်းက တိမ်တိုက်များကို ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ခွဲထုတ်သွားသည်ကို ပြသနေ၏။
ကျန်းယဲ့က ရိုသေစွာ ဦးညွတ်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်လေသည်။ “အရှင်မင်းကြီးက ကျွန်တော့်ကို မယုံကြည်ဘူးဆိုရင် မနက်ဖြန် မနက် ၉ နာရီ ၄၅ မိနစ်မှာ ကားဆိုတာကို မျက်မြင်ကိုယ်တွေ့ မြင်ရမှာပါ”
ရင်းကျန့်၏ မျက်လုံးများတွင် ထက်မြက်သော အလင်းရောင်တစ်ချက် လက်သွားပြီး သူ၏ သရဖူပေါ်ရှိ ကျောက်စိမ်းပုတီးစေ့များက ရှင်းလင်းသော အသံတစ်ခုဖြင့် တချွင်ချွင် မြည်သွားခဲ့သည်။
ထို့နောက် သူဟာ ခန်းမထိပ်မှနေ၍ ဖြည်းညင်းစွာ ဆင်းလာခဲ့ရာ သူ၏ အနက်ရောင် နဂါးပုံစံဖိနပ်များက ရွှေရောင်အုတ်ချပ်များပေါ်တွင် တုံးတိတိ ခြေသံများကို ထွက်ပေါ်စေပြီး ထိုအသံက တိတ်ဆိတ်နေသော ခန်းမထဲတွင် အထူးပင် ရှင်းလင်းနေချေသည်။
“တကယ်လား..” ရင်းကျန့်သည် သူ၏ခံစားချက်များကို အလွန်ရှားပါးစွာ ပြသလေ့ရှိသူဖြစ်ချေသည်။
“ကျွန်တော် လိမ်ညာ မပြောဝံ့ပါဘူး” ကျန်းယဲ့က တည်ကြည်စွာ ပြောလိုက်၏။
“ကောင်းပြီ။ ဒီနှစ်ပေါင်း နှစ်ထောင်ကျော်တဲ့ အံ့ဖွယ်အရာကို မျက်မြင်ကိုယ်တွေ့ ကြည့်ဖို့ မနက်ဖြန် ငါကိုယ်တော် မင်းတို့ကို စောင့်နေမယ်... ငါ့ရဲ့ မျိုးဆက်တို့”
ထို့နောက် ရင်းကျန့်၏ ထက်မြက်သော အကြည့်များက မုန့်ရီအပေါ်သို့ ကျရောက်သွားခဲ့သည်။ “အမတ်ကြီးမုန့်... နောင်လာမယ့် ခေတ်ကနေ ရောက်လာတဲ့ ငါတို့ရဲ့ ဧည့်သည်တွေကို ကောင်းကောင်းမွန်မွန် ဧည့်ခံလိုက်ပါ...”
“အမိန့်တော်အတိုင်းပါ” မုန့်ရီက ဦးညွတ်ကာ အမိန့်ကို လက်ခံလိုက်ပြီးနောက် ကျန်းယဲ့နှင့် အခြားသူများဘက်သို့ လှည့်ကာ သူ့နောက်သို့ လိုက်ရန် အချက်ပြလိုက်၏။
လူကိုးယောက်သည် ပင်မခန်းမဆောင်ကြီးထဲမှ မုန့်ရီနောက်သို့ မလိုက်မီ အလျင်အမြန် ထပ်မံ၍ ဦးညွတ်လိုက်ကြပြန်သည်။
မထွက်ခွာမီ ဖန်ကောင်းချန်က နောက်သို့ လှည့်မကြည့်ဘဲ မနေနိုင်ခဲ့သော်လည်း တံခါးခုံကို ခလုတ်တိုက်မိပြီး ယိုင်သွားခဲ့ရသည်။ ကျန်းခိုင်က သူ မှောက်ရက်လဲမကျသွားစေရန် သူ၏ကော်လာနောက်ဘက်မှ လှမ်းဆွဲလိုက်ရလေသည်။
မုန့်ရီက ကျန်းယဲ့နှင့် ကျန်လူကိုးယောက်ကို ခန်းမထဲမှ ခေါ်ထုတ်သွားပြီးနောက် ရင်းကျန့်၏ အကြည့်များက အနည်းငယ် ယိမ်းနွဲ့နေသော လိုက်ကာများပေါ်တွင်သာ စူးစိုက်နေဆဲဖြစ်၏။
“ကျောက်ကောင်း..” သူက လေသံကို နှိမ့်ကာ ရုတ်တရက် ပြောလိုက်၏။ “ဒီနောင်လာမယ့် ခေတ်ကလူတွေရဲ့ စကားက ဘယ်လောက်အထိ ယုံကြည်ရနိုင်လဲ..”
ကျောက်ကောင်းက ခေတ္တရပ်သွားပြီး သူ၏မျက်လုံးများ ဟိုဟိုဒီဒီ ရွေ့လျားသွားကာ စကားလုံးများကို ဂရုတစိုက် ရွေးချယ်လိုက်၏။ “အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ အမြင်အရတော့ အဲဒီအရာတွေက တကယ်ပဲ ဒီကမ္ဘာက မဟုတ်ပါဘူး။ ဒါပေမဲ့...”
သူက စားပွဲပေါ်ရှိ ဖုန်းကို ခိုးကြည့်လိုက်၏။ “ဒါက နှစ်ပေါင်း နှစ်ထောင်အကြာ အနာဂတ်ကနေ တကယ်လာတာဆိုရင်...”
ရင်းကျန့် လှည့်လာပြီး သရဖူအောက်ရှိ သူ၏မျက်လုံးများသည် ဓားများကဲ့သို့ ထက်မြက်နေချေသည်။ “ဆက်ပြောစမ်း..”
“အရှင်မင်းကြီး... ကျွန်တော်မျိုး အလျင်စလို ကောက်ချက်မချရဲပါဘူး” ကျောက်ကောင်းက ပြောလိုက်ရာ သူ၏နဖူးတွင် ချွေးစေးများ ထွက်လာလေသည်။ “ဒါပေမဲ့ သူတို့ပြောတာ မှန်တယ်ဆိုရင်တော့ အရှင်မင်းကြီးအတွက် ကြီးမားတဲ့ ကောင်းချီးတစ်ခု ဖြစ်လာမှာပါ။ အနာဂတ်မျိုးဆက်တွေရဲ့ အကူအညီနဲ့ဆိုရင် အရှင်မင်းကြီးရဲ့ မသေနိုင်ခြင်း လမ်းစဉ်က...”
စကားမှာ ထိုနေရာတွင်ပင် ရပ်တန့်သွားပြီး နောက်ထပ် စကားလုံးများ မလိုအပ်တော့ချေ။
ရင်းကျန့်၏ မျက်လုံးများ မှောင်မိုက်သွားပြီး သူ၏လက်ချောင်းများက မသိစိတ်အရ ကျောက်စိမ်းစားပွဲစွန်းကို ပွတ်သပ်နေမိချေသည်။
တစ်ဖက်တွင်တော့ မုန့်ရီက အားလုံးကို တိတ်ဆိတ်သော ဝင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာတွင် စိမ်းလန်းသော ဝါးပင်အနည်းငယ်က အစိမ်းရောင် အုတ်ခဲများနှင့် မီးခိုးရောင် အမိုးကြွပ်များကြားတွင် ပေါက်ရောက်နေလေသည်။
သူက ကျန်းယဲ့ဘက်သို့ လှည့်ကာ ပြောလိုက်၏။ “လောလောဆယ် ဒီမှာ နားကြပါ။ ဝင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ တစ်ခုခု လိုအပ်ရင် ဒီအစေခံမလေးတွေကို အချိန်မရွေး ပြောပါ...”
ကျန်းခိုင်သည် ချက်ချင်းပင် ရှေ့သို့ထွက်လာလေသည်။ “သခင်ကြီးမုန့်... ကျွန်တော် ခင်ဗျားကို အကူအညီတောင်းစရာလေး တစ်ခုရှိတယ်။ ပြီးတော့ ခင်ဗျားမှ လုပ်ပေးနိုင်မှာ...”
“ဘာကိစ္စလဲ” မုန့်ရီက မေးလိုက်၏။
“သခင်ကြီးမုန့်... ကျွန်တော် ခင်ဗျားနဲ့ ဓာတ်ပုံ တွဲရိုက်လို့ ရမလား...”
ကျန်းယဲ့က ကျန်းခိုင်ကို သူ၏ဖုန်း ကမ်းပေးလိုက်ပြီး ကျန်းခိုင်က ကင်မရာကို အလျင်အမြန် ဖွင့်လိုက်လေသည်။ “ရိုးရိုး အတူတူ ပုံရိုက်တာလား...”
မုန်းရီသည် အုပ်စုလိုက်ဓာတ်ပုံရိုက်ခြင်းဆိုသည်မှာ ဘာကို ဆိုလိုကြောင်း နားလည်သော်လည်း သူတို့က သူ့ကို သခင်ကြီးဟု အဘယ်ကြောင့် အတင်းခေါ်နေကြသည်ကို သူ နားမလည်နိုင်သေးချေ။
အုပ်စုလိုက် ဓာတ်ပုံရိုက်ခြင်းဆိုသည်မှာ မိမိကိုယ်တိုင်နှင့် သူ့ကို ဖရိန်တစ်ခုတည်းတွင် အတူတကွ ရှိနေစေရန် ဖြစ်၏။
မုန့်ရီက ဤတောင်းဆိုမှုကို သဘာဝကျကျ ငြင်းပယ်မည် မဟုတ်သဖြင့် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ “ကောင်းပြီလေ..”
မုန့်ရီ သဘောတူသည်ကို မြင်သောအခါ ကျန်းခိုင်ဟာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တိုးသွားလေသည်။
“ကျွန်တော်ရောပဲ..” ဖန်ကောင်းချန်သည် ခြေလှမ်းကျဲကြီးဖြင့် ပြေးလာရာ ကျန်းခိုင်ကို ဘေးသို့ တွန်းထုတ်မိလုနီးပါး ဖြစ်သွားချေသည်။
လီကျွင်းက နောက်ထပ် ဖုန်းတစ်လုံးကို ချက်ချင်း ထုတ်လိုက်၏။ “ကျွန်တော့်ဟာ သုံး... အရည်အသွေး ပိုကောင်းတယ်”
မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ရီသည် လူရှစ်ယောက်၏ ဝန်းရံခြင်းကို ခံလိုက်ရလေသည်။
ရှီရှောင်ယွီသည် ခြေဖျားထောက်ကာ သူမ၏ဖုန်းကို အမြင့်သို့ မြှောက်ထားလိုက်၏။ “ကင်မရာကို ကြည့်နော် လူကြီးမင်းတို့.. ဟုတ်ပြီ.. အဲဒီလိုပဲ... မလှုပ်နဲ့နော်”
ရှပ်တာနှိပ်သံများက ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
မုန့်ရီသည် နေရာတွင် အေးခဲနေပြီး လူအုပ်ကြီးက သူ့ကို ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ထိန်းချုပ်နေခဲ့ကြသည်။
တစ်ခဏတွင် သူ့ကို ဓားရိုးပေါ် လက်တင်ထားပြီး ခန့်ညားသောပုံစံ နေခိုင်းကာ နောက်တစ်ခဏတွင် သူ၏လက်မောင်းကို ဖန်ကောင်းချန်၏ ပခုံးပေါ် တင်ရန် ဆွဲခေါ်ခံရပြန်ချေသည်။
လီလင်သည် တစ်နေရာရာမှ ချင်လေး တစ်လက်ကို ရှာတွေ့လာပြီး သူ၏လက်ထဲသို့ ထည့်ပေးလိုက်၏။ “ဒီဟာနဲ့ဆို ပိုပြီး ခန့်ညားသွားပြီ...”
အစေခံမလေးများက အမိုးစွန်းအောက်တွင် ပုန်းကာ အချင်းချင်း တိုးတိုးလေး ပြောဆိုနေကြလေသည်။ မုန့်ရှန်းချင်အား နောက်ခံတစ်ခုကဲ့သို့ အသုံးပြုခံရသည်ကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။
ပို၍ ထူးဆန်းသည်မှာ ဤလူများက နားလည်ရန် မဖြစ်နိုင်သော ထူးဆန်းသည့် စကားများကို ပြောနေကြခြင်းဖြစ်၏။
သူတို့လက်ထဲတွင် ကိုင်ထားသောအရာများနှင့် ပတ်သက်၍လည်း ၎င်းမှာ သူတို့ တစ်ခါမျှ မမြင်ဖူးသော ပို၍ဆန်းသစ်သည့် အရာတစ်ခု ဖြစ်နေချေသည်။
အုပ်စုလိုက် ဓာတ်ပုံများ လုံလောက်စွာ ရိုက်ပြီးနောက် ကျန်းခိုင်က အားလုံးကို အကြံပြုလိုက်၏။ “အားလုံးစုပြီး ဓာတ်ပုံကြီး တစ်ပုံ ရိုက်ကြရအောင်..”
“အကြံကောင်းပဲ...”
ကျန်းခိုင်က ကျန်းယဲ့ကို လက်ဝှေ့ယမ်းပြလိုက်လေသည်။ “ဒါရိုက်တာကျန်း... မြန်မြန်လာကူပါဦး”
ကျန်းယဲ့သည် ဖုန်းကို ယူလိုက်ပြီး ရယ်လည်းရယ်ချင် စိတ်လည်းရှုပ်မိကာ မုန့်ရီကို လူရှစ်ယောက် ဝိုင်းရံထားသည်ကို ကြည့်နေလိုက်သည်။
စစ်ဗျူဟာမှူး မုန့်ရှန်းချင်သည် ဝံပုလွေအုပ်ထဲ ရောက်သွားသော သိုးတစ်ကောင်ကဲ့သို့ တွေဝေကာ အကူအညီမဲ့နေပုံရလေသည်။
“သခင်ကြီး... လာ ပြုံးလိုက်ပါဦး” ရှီရှောင်ယွီက မုန့်ရီ၏ အင်္ကျီလက်ကို ဆွဲလိုက်၏။ “ခရမ်းသီးလို့ ပြောလိုက်”
ခရမ်းသီးဆိုသည်မှာ ဘာမှန်းမသိသော်လည်း မုန့်ရီက လိုက်လုပ်ပေးခဲ့လေသည်။
“ခရမ်းသီး” မုန်းရီက တောင့်တင်းစွာ လိုက်ပြောလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များတွင် တောင့်တင်းသော အပြုံးတစ်ခု ပေါ်လာချေသည်။
“ချလပ်...”
ထိုအခိုက်အတန့်တွင် ပုံရိပ်လေး ငြိမ်သက်သွားလေသည်။
မုန့်ရီနှင့် လူကိုးယောက်ပါ ချင်မင်းဆက် ခရီးသွားအဖွဲ့သည် နှစ်ပေါင်း နှစ်ထောင်ကို ဖြတ်ကျော်ကာ အုပ်စုလိုက် ဓာတ်ပုံတစ်ပုံကို ရိုက်ကူးခဲ့ကြ၏။
( NT- မုန့်ရှန်းချင်က မုန့်က လူနာမည်... ရှန်းချင်က အဆင့်မြင့် အမတ်ကြီးရာထူးပါ... လူနာမည်နဲ့ဘွဲ့နာမည်ကို တွဲခေါ်ပြီး မုန့်ရှန်းချင်ဆိုပြီး ဖြစ်တာပါ)