အခန်း (၂) ဖောက်သည် ငါးဦး ရှာဖွေခြင်း
[ထောင်ဇီ... သူ့တောင်းဆိုချက်ကို မြန်မြန်သဘောတူလိုက်။ မင်း ပိုက်ဆံရှာဖို့ အခွင့်အရေး ရောက်လာပြီဟ...]
[သားလေး.... မင်း ချက်ချင်း သူဌေးဖြစ်မယ့် အခွင့်အရေး ရောက်လာပြီ.... အမိအရ ဆုပ်ကိုင်လိုက်တော့...]
ကျန်းထောင်သည် မျက်နှာပြင်ပေါ်တွင် အဆက်မပြတ် တက်လာနေသော ထိုမှတ်ချက်များကို ကြည့်ကာ စကားပြောရခက်သွား၏။
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူ အရေအတွက်မှာ ၂၀၀ ခန့်မှ ၅၀၀ သို့ ချက်ချင်း ထိုးတက်သွားပြီး ဆက်လက် မြင့်တက်လာမည့် အရိပ်အယောင်များ ပြသနေသည်ကို တွေ့လိုက်ရချေသည်။
ဒါက လူအများရဲ့ အာရုံစိုက်မှုကို ရယူဖို့ အကောင်းဆုံး အခွင့်အရေးပဲ....
ကျန်းထောင်သည် မှတ်ချက်ကဏ္ဍကို ထပ်ကြည့်လိုက်ရာ အားလုံးက တစ်ညီတစ်ညွတ်တည်း ဖြစ်နေခဲ့ကြသည်။ အရူးလုပ်မခံရစေရန် သတိပေးသည့် တစ်ချက်နှစ်ချက်လောက်သာ ရံဖန်ရံခါ ပေါ်လာသော်လည်း ထိုမှတ်ချက်များမှာ စာရင်းသွင်းကြရန် တိုက်တွန်းနေသူများ၏ အသံများအောက်တွင် အလျင်အမြန် နစ်မြုပ်သွားလေသည်။
[ထောင်ဇီ... မြန်မြန် စာရင်းသွင်းလိုက်ဟ .... ယွမ်တစ်သိန်း မရရင်တောင်မှ ငါတို့ကို ချင်မင်းဆက်ကို မြင်ခွင့်ရအောင် လုပ်ပေးစမ်းပါ... ]
[မြန်မြန်... မြန်မြန်... မြန်မြန်.... မင်း အခုချက်ချင်း စာရင်းမသွင်းရင် ငါတို့ မင်းကို အန်ဖော်လိုး လုပ်တော့မှာနော်...]
ကျန်းထောင်သည် ဤရေပန်းစားမှုကို အဆုံးရှုံးမခံချင်ချေ။
အကယ်၍ တစ်ဖက်လူက လိမ်ညာနေတာဆိုရင်လည်း ဒါက ဗီဒီယိုတစ်ခု လုပ်ဖို့အတွက် အခွင့်အကောင်းပဲမဟုတ်လော။
သူ၏ စိတ်ထဲတွင် အကျိုးအကြောင်း ချိန်ဆပြီးနောက် ကျန်းထောင် ဆုံးဖြတ်ချက် တစ်ခုချလိုက်၏။
“ဘယ်လို စာရင်းသွင်းရမလဲ” ကျန်းထောင်က မေးလိုက်သည်။
ကျန်းယဲ့သည် သူ၏ ကျောပိုးအိတ်ထဲမှ စာချုပ်တစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်ပြီး “ဒါကို ကြည့်ကြည့်ပါ... ပြဿနာ ရှိမရှိ ဆိုတာပေါ့။ ဘာပြဿနာမှ မရှိရင် လက်မှတ်ထိုးလိုက်ပါ”
ကျန်းထောင်သည် ကင်မရာကို စာချုပ်ဆီသို့ ချိန်ရွယ်လိုက်ပြီး သူ့ကိုယ်တိုင်လည်း ဖတ်ရှုနေသလို တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူများလည်း ၎င်း၏ အကြောင်းအရာများကို မြင်တွေ့စေလိုက်သည်။
စာချုပ်ကို ဂရုတစိုက် သုံးသပ်ပြီးနောက် မည်သည့် အမှားအယွင်းမှ မရှိကြောင်း သူ တွေ့ရှိလိုက်ရ၏။
လျော်ကြေးငွေနှင့် ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များကို ရှင်းလင်းစွာ ဖော်ပြထားပြီး ငွေပေးချေပြီးသည်နှင့် လမ်းတစ်ဝက်တွင် နုတ်ထွက်ခွင့် မရှိသလို ခရီးစဉ်စရိတ်ကိုလည်း ပြန်အမ်းပေးမည် မဟုတ်ချေ။
အလားတူပင် တစ်ဖက်လူက ခရီးစဉ်နေရာက လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်က ချင်မင်းဆက် ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပြီး အကယ်၍ ယင်းသို့ မဖြစ်မြောက်ပါက ယွမ် ၁၀၀,၀၀၀ လျော်ကြေးပေးမည်ဟု ဆိုထား၏။
ကျန်းထောင်သည် တကယ်လက်မှတ်ထိုးတော့မည်ကို မြင်သောအခါ စောင့်ကြည့်နေသူအချို့က မနေနိုင်ဘဲ သတိပေးလာကြလေသည်။
“လူငယ်လေး... မင်း သေသေချာချာ စဉ်းစားသင့်တယ်နော်..”
“ဒါက လိမ်လည်မှုတစ်ခုနဲ့ တူတယ်။ အကယ်၍ သူတို့က မင်းကို မြန်မာနိုင်ငံမြောက်ပိုင်းကို သွားဖို့ လှည့်စားလိုက်ရင် မင်း ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး...”
ဘေးနားရှိ လူများ၏ ဖျောင်းဖျမှုကြောင့် ကျန်းထောင်တစ်ယောက် တုံ့ဆိုင်းသွားရသည်။
ကျန်းယဲ့သည် တစ်ခုခု မှားယွင်းနေကြောင်း ရိပ်မိပြီး အလျင်အမြန် ပြောလိုက်လေသည်။ “ကျွန်တော့် မိသားစုက တရားဝင် ခရီးသွားအေဂျင်စီ တစ်ခုကို ဖွင့်ထားတာပါ... လုပ်သက်ကလည်း နှစ်နှစ်ဆယ်ကျော်ပါပြီ။ ကျွန်တော်ကလည်း လိုင်စင်မဲ့ မဟုတ်ဘဲ တရားဝင် လိုင်စင်ရ ခရီးသွားလမ်းညွှန် တစ်ယောက်ပါ။ တရားဝင်ဝဘ်ဆိုက်ရဲ့ ‘Tour Guide Home’ အက်ပ်မှာ ကျွန်တော့်ရဲ့ လမ်းညွှန်လက်မှတ်ကို စစ်ဆေးနိုင်ပါတယ်... အဲဒီမှာ ကျွန်တော့်ရဲ့ အချက်အလက်တွေ အကုန်ရှိပါတယ်ဗျ”
( NT- လိုက်ချင်ရင် ဝဘ်ဆိုက်မှာ စရင်းလာပေးထားကြပါခင်ဗျာ 😉)
ကျန်းထောင်သည် ချက်ချင်း သဘောမတူသေးဘဲ သံသယအချို့ ရှိနေဆဲပင်။ သို့သော် လူပိုများလျှင်တော့ ကွဲပြားသွားချေမည်။
အဘယ်ကြောင့်ဆိုသော် သူတို့က တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်ပြီး တစ်ခုခု မှားယွင်းသွားပါက လူပိုများလျှင် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် သူက ပတ်ဝန်းကျင်ရှိ လူများကို ကြည့်ကာ မေးလိုက်၏။ “အတူတူ စာရင်းသွင်းချင်တဲ့သူ ရှိလား...”
လူအုပ်ထဲတွင် လူလတ်ပိုင်း ဇနီးမောင်နှံတစ်တွဲ ပါဝင်ခေသည်။ သူတို့က ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး ဘောင်းဘီနှင့် အင်္ကျီလက်များတွင် ဆေးသုတ်ထားသော အစွန်းအထင်းများ ရှိကာ တစ်ကိုယ်လုံးတွင်လည်း ဖုန်အလိမ်းလိမ်းကပ်နေသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လာကြောင်း သိသာထင်ရှားလှသည်။
သူတို့က လူအုပ်ထဲတွင် အတော်ကြာအောင် ရပ်နေခဲ့ပြီး ဘာဖြစ်ပျက်နေသည်ကို သိပုံရလေသည်။
ထိုဇနီးမောင်နှံက သင်ပုန်းပေါ်တွင် ပြသထားသော ယွမ် ၁၀၀,၀၀၀ကို တွေဝေစွာ စိုက်ကြည့်နေကြ၏။
ကျန်းထောင်၏ မေးခွန်းကို ကြားသောအခါ လူလတ်ပိုင်းအမျိုးသားက အံကို တင်းတင်းကြိတ်ကာ ရှေ့သို့ထွက်လာပြီး “ကျွန်တော် ပါမယ်” ဟု ပြောလိုက်ချေသည်။
သူ၏ ဘေးတွင် ရပ်နေသော ဇနီးဖြစ်သူက သူ၏ အင်္ကျီလက်ကို အလျင်အမြန် ဆွဲကာ “မသွားပါနဲ့... သူက လိမ်လည်တဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ”
“ကိစ္စမရှိဘူး” လူလတ်ပိုင်းအမျိုးသားဟာ ဇနီးဖြစ်သူ၏ လက်ကို ပုတ်လိုက်လေသည်။ “အကယ်၍ တကယ်ဖြစ်ခဲ့ရင် ငါတို့ ယွမ် တစ်သိန်း ရနိုင်တယ်လေ”
“ဒါဆို ကျွန်မလည်း လိုက်မယ်”
ဇနီးဖြစ်သူ စကားပြောပြီးသည်နှင့် အမျိုးသားဖြစ်သူက ချက်ချင်း တားလိုက်၏။ “မရဘူး... အကယ်၍ သူက တကယ် လိမ်လည်တဲ့သူဆိုရင် ငါတို့ကို လူပြတ်တဲ့နေရာကို ခေါ်သွားပြီး ရောင်းစားလိမ့်မယ်။ အဲဒီအခါကျရင် အိမ်က ကလေးတွေကို စောင့်ရှောက်မယ့်သူ မရှိတော့ဘူး။ ငါတစ်ယောက်တည်း သွားလို့ တစ်ခုခုဖြစ်ခဲ့ရင်တောင် မင်းက မိသားစုအတွက် ရှိနေသေးတာပဲ... ပြီးတော့ ကလေးတွေလည်း အားကိုးစရာ ရှိတာပေါ့”
ကျန်းယဲ့သည် ထိုဇနီးမောင်နှံပြောဆိုနေသော စကားဝိုင်းကို နားထောင်ရင်း တစ်ခုခု ဝင်ပြောချင်စိတ် ပေါက်သွားရလေသည်။
ဟေး ဟေး ဟေး.... မင်းတို့ ငါ့ကို မကောင်းပြောချင်ရင်တောင် ငါ့ရှေ့မှာတော့ မလုပ်ပါနဲ့။ ဒါက ငါ့ကို မြန်မာနိုင်ငံက လူကုန်ကူးသူ တစ်ယောက်လို ဖြစ်သွားစေတယ်ကွ။
“သူက လိမ်လည်တဲ့သူ မဟုတ်ရင် ငါတို့ ယွမ်တစ်သိန်း ရနိုင်တယ်... ပြီးတော့ အာပေါက်အတွက် ဆေးကုသစရိတ်လည်း ရသွားမှာပေါ့”
ထိုဇနီးမောင်နှံ၏ စကားဝိုင်းကို နားထောင်ပြီး သူတို့၏ ဝတ်စားဆင်ယင်မှုကို လေ့လာကြည့်ခြင်းအားဖြင့် ဘေးနားရှိလူများဟာ အသေးစိတ် အချက်အလက်များကို မကြားရဘဲနှင့်ပင် သူတို့၏ အကျပ်အတည်းကို နားလည်သွားကြပြီး သူတို့၏ မျက်လုံးများတွင် ကိုယ်ချင်းစာမှုနှင့် သနားကြင်နာမှုများ ပြည့်နှက်သွားကြရသည်။
ထို့ကြောင့် ကျန်းယဲ့အပေါ် သူတို့၏ အကြည့်များမှာ ထိုမျှလောက် ဖော်ရွေမှု မရှိတော့ချေ။
လီကျန့်ကော်၏ ဇနီးဖြစ်သူဟာ မျက်လုံးများ ချက်ချင်း နီရဲလာလေသည်။ “လောင်လီ...”
လူအုပ်ကြီး၏ မဖော်ရွေသော အကြည့်များနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းယဲ့ဟာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး “အင်း... ကျွန်တော်တို့ စာရင်းမသွင်းတာ ပိုကောင်းမယ်ထင်တယ်”
ခရီးစဉ်စရိတ်က တစ်ဦးကို ယွမ် ၁၀၀၀ ဖြစ်နေသည့်အတွက် သူက စေတနာသက်သက်ဖြင့် အကြံပြုလိုက်ခြင်း ဖြစ်၏။
သို့သော် သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စောင့်ကြည့်နေသူ အများအပြားက သူ့ကို ပိုမို ရန်လိုသော အကြည့်များဖြင့် ကြည့်လာကြချေသည်။
“ကျွန်တော်တို့ သုံးယောက်လည်း စာရင်းသွင်းချင်တယ်”
ထိုစဉ် လူအုပ်ထဲမှ ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
လူအုပ်ကြီးက အသံလာရာသို့ ကြည့်လိုက်ရာ ဖြောင့်မတ်တည်ကြည်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် ရုပ်ရည်ချောမောသော လူငယ်သုံးဦး လူအုပ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရ၏။
ထိုအရှိန်အဝါ... သူတို့သည် ပုံမှန် စစ်တပ်တစ်ခုခုမှ လေ့ကျင့်သင်ကြားထားသူများ သို့မဟုတ် အနည်းဆုံးတော့ လေ့ကျင့်သင်ကြားထားသည့် ကျွမ်းကျင်သူများ ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေချေသည်။
ကျန်းယဲ့ အလွန် ဝမ်းသာသွား၏။
ငါးယောက်အတွက် မစ်ရှင်က ဒီနေ့ပဲ ပြီးစီးသွားလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ချေ။
သေချာတာပေါ့... သူက အရူးမှ မဟုတ်တာ။ သူတို့ သုံးယောက်ကို ကြည့်လိုက်တာနဲ့ လိမ်လည်မှုကို ဖော်ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတာ သူ သိပေသည်။
ပြီးတော့ သူတို့က လူလတ်ပိုင်းအမျိုးသားကို ကာကွယ်ပေးဖို့တောင် ကြိုးစားနေပုံရ၏။
ကံကောင်းတာက သူက လိမ်ညာနေခြင်းမဟုတ်ရာ ဘောက်မဲ့ကြောင့် ကြောက်နေရမည်နည်း။
ကျန်းယဲ့ သူတို့ ငါးယောက်ကို ကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ ဆုံးဖြတ်ပြီးပြီဆိုရင် စာချုပ်မှာ လက်မှတ်ထိုးပြီး ငွေပေးချေလိုက်ရအောင်”
ထိုအချိန်တွင် ကျန်းထောင်က ကင်မရာရှေ့ရှိ အင်တာနက် အသုံးပြုသူများကို ပြောလိုက်သည်။ “အမျိုးတို့ရေ... ကျွန်တော် တကယ်ပဲ စာချုပ်မှာ လက်မှတ်ထိုးရတော့မလား”
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူ အများအပြားက ကျန်းထောင်၏ ကြောက်ရွံ့နေသော ပုံစံကို လှောင်ပြောင် နောက်ပြောင်လာကြသည်။
[ထိုး... ထိုး... သူတို့အားလုံးက ငြိမ်နေကြတယ်]
[သားလေး.... ဒါက ချက်ချင်း သူဌေးဖြစ်ဖို့ သေချာတဲ့ နည်းလမ်းပဲ... အခုပဲ လက်မှတ်ထိုးလိုက်....ဘာကို ကြောက်နေတာလဲ။ တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ ရှိတယ်လေ]
[ငါတို့ တစ်ခုခု မှားယွင်းနေတာတွေ့ရင် ရဲကို ချက်ချင်း ဖုန်းဆက်မယ်။ မင်း ဒုက္ခမရောက်စေရဘူးလို့ အာမခံတယ်။ ပြီးတော့ ယွမ်တစ်သိန်း ရရင် ငါတို့ကို မမေ့နဲ့နော်...]
[ဟေး.... လျှောက်မလုပ်နဲ့ .... တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် မင်း ဒုက္ခရောက်လိမ့်မယ်။ ဘလော့ဂါ.... သေသေချာချာ စဉ်းစားဖို့ အကြံပေးချင်တယ်]
[ဟားဟား... ထောင်ဇီရဲ့ သတ္တိကြောင်နေတဲ့ ပုံကို ကြည့်စမ်းပါအုံး... သူ ကြောက်နေတာလား]
[ထောင်ဇီ... သတ္တိမကြောင်စမ်းပါနဲ့... မြန်မြန် လက်မှတ်ထိုး... ရဲရဲဝံ့ဝံ့သာ လက်မှတ်ထိုးလိုက်ကွ..]
[ယွမ် တစ်သိန်းတောင်... ယူလိုက်တာပဲ ကောင်းပါတယ်]
[မင်း မယူချင်ရင်.... ငါ လာခဲ့မယ်]
...
ကျန်းထောင်သည် လူသုံးဦးကို တစ်ချက်ကြည့်လိုက်ပြီး ထို့နောက် အစဉ်မပြတ် တိုးများလာနေသော တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူ အရေအတွက်ကို ကြည့်ကာ အံကို တင်းတင်းကြိတ်ပြီး စာချုပ်ပေါ်တွင် သူ၏ နာမည်ကို လက်မှတ်ရေးထိုးလိုက်၏။
ထို့နောက် သူက ဘောပင်ကို အခြားသူများထံ ကမ်းပေးလိုက်ရာ လီကျန့်ကော်က ဘောပင်ကို ယူပြီး အခြားစာချုပ်တစ်ခုပေါ်တွင် သူ၏ နာမည်ကို လက်မှတ်ရေးထိုးလိုက်လေသည်။
အခြား သုံးဦးသည်လည်း တုံ့ဆိုင်းမနေဘဲ သက်ဆိုင်ရာ စာချုပ်များပေါ်တွင် သူတို့၏ နာမည်များကို အလျင်အမြန် လက်မှတ်ရေးထိုးလိုက်ကြ၏။
ကျန်းယဲ့က ငွေလက်ခံရန် QRကုဒ်ကို ထိုနေရာတွင် ချထားလိုက်ပြီး လူငါးဦးက အလှည့်ကျ စကင်ဖတ်လိုက်ကြသည်။
ယွမ်ငါးထောင်သည် ချက်ချင်း ဝင်လာသော်လည်း ကျန်းယဲ့သည် တစ်ချက်သာ ကြည့်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ထိုယွမ်ငါးထောင်ကို စနစ်က ယူဆောင်သွားကြောင်း တွေ့လိုက်ရသည်။
သူတို့ ငါးဦးလုံး စာချုပ်တွင် လက်မှတ်ရေးထိုးသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူအချို့က လျော်ကြေးငွေ ပမာဏကို ကြည့်ကာ စိတ်ဝင်စားသွားကြချေသည်။
“ငါ့ကို တစ်ခုပေးပါ... ငါလည်း လက်မှတ်ထိုးမယ်”
ကျန်းယဲ့သည် စားပွဲငယ်လေးကို ခေါက်သိမ်းလိုက်ပြီး ယဉ်ကျေးစွာ ငြင်းဆန်လိုက်၏။ “ကျွန်တော်တို့မှာ နေရာ လုံလောက်နေပါပြီ”
ငြင်းဆန်ခံရသူမှာ မကျေမနပ်ဖြစ်သွားပြီး “ဘာလို့ ပိုက်ဆံ မရှာချင်ရတာလဲ။ ဘာလို့ ငြင်းရတာလဲ” ဟု ပြောလိုက်သည်။
ကျန်းယဲ့သည် တောင်းပန်သည့် အမူအရာဖြင့် ယဉ်ကျေးစွာ ပြောလိုက်ပြန်သည်။ “ထိုင်ခုံ မလုံလောက်တော့လို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ထို့နောက် သူသည် သူ၏ ပစ္စည်းများကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး ထိုလူငါးဦးကို ပြောလိုက်၏။ “ဧည့်သည် ငါးယောက်... ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ကျန်းယဲ့သည် ထိုလူငါးဦးကို ခရီးသွားအေဂျင်စီရှိရာ လမ်းကြားလေးထဲသို့ ခေါ်ဆောင်သွားလေသည်။ ယ
လမ်းကြားမှာ ကျဉ်းမြောင်းလှပြီး နှစ်ဖက်စလုံးတွင် နိမ့်ကျသော လူနေအိမ်တိုက်တန်းများ ရှိကာ နံရံများပေါ်တွင် နွယ်ပင်များ တွယ်တက်နေသဖြင့် အလွန် တိတ်ဆိတ်ငြိမ်သက်နေချေသည်။
လမ်းတစ်လျှောက်တွင် အိမ်နီးချင်းများက ကျန်းယဲ့ကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။
“ရှောင်ယဲ့... ဧည့်သည်တွေ ထပ်ခေါ်လာပြန်ပြီလား” သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးက ပြုံးပြီး မေးလိုက်၏။
“ဟုတ်တယ်ဗျ...”
ဘေးအိမ်မှ ငှက်လှောင်အိမ်ကို ကိုင်ထားသော အဘိုးအိုသည်လည်း ကျန်းယဲ့နောက်တွင် လူငါးဦး လိုက်ပါလာသည်ကို မြင်သောအခါ ပြုံးပြီး မေးလိုက်လေသည်။ “ဟေး ရှောင်ယဲ့... ဒီနေ့ စီးပွားရေး အဆင်ပြေပုံရတယ်”
“အဆင်ပြေရုံပါပဲဗျ”
ဤသည်ကို မြင်သောအခါ ထိုလူငါးဦးသည် ကျန်းယဲ့နှင့် ပတ်သက်၍ ပိုမို တွေဝေသွားကြ၏။
အိမ်နီးချင်းများက သူနှင့် အတော်လေး ရင်းနှီးပုံရသဖြင့် သူက လိမ်လည်သူ တစ်ယောက်နှင့် မတူချေ။
သို့သော် သူတို့ကို ချင်မင်းဆက်ဆီသို့ ခေါ်သွားမည်ဆိုသည့် အတွေးကမူ လုံးဝ အဓိပ္ပာယ်မဲ့လွန်းနေသည်မဟုတ်လော။